HARRY ကျတော်ရေးဖြစ်ခဲ့တဲ့ ရသစာလေးတွေ

မင်္ဂလာပါ Harry’s page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ နှစ်သစ်မှာ စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်...
04/14/2025

မင်္ဂလာပါ Harry’s page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။

နှစ်သစ်မှာ စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပြီး ရန်သူမျိုးငါးပါး အစရှိတဲ့ ဘေးဘယာတွေ ကင်းစင်ပါစေလို့ ပဏာမ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။

ဟိုအရင်သကြင်္န်ရက်များ

လွမ်းမောစွာတမ်းတ နေရတဲ့အချိန်တွေမှာ ဟိုးအရင်က သကြင်္န်ရက်တွေက ထိပ်ဆုံးကပါတယ်။ ခံစားမှု့နဲ့ပါတ်သက်ရင်တော့ ရာသီဥတုက ပူလောင်အိုက်စပ်နေတဲ့ ဟိုးဆယ်စုနှစ် တစ်ချို့အလွန်က နွေရာသီတွေမှာဆိုရင် …. သကြင်္န်မရောက်ခင် တစ်ပါတ်လောက်ကတည်းက သကြင်္န်ပိုး လို့ ခေါ်တဲ့ စိတ်ခံစားမှု့ peak(အထွက်အထိပ်) ကာလ တွေလို့ပြောလို့ရတယ်။ ကျားမ လူကြီးလူငယ် မရွေး သကြင်္န်အတွက်ကို တစ်လ အကြိုလောက်ကတည်းက ရင်ခုန်ပြီး ကြိုတင်ပြင်ဆင်ကြလေ့ရှိတယ်။

လူပျိုတွေက ဂျစ်ကားအမိုးပွင့်တွေ ကြိုငှါး၊ လူစုလေ့ရှိပြီး အပျိုတွေကတော့ ဘယ်မဏ္ဏပ်ထိုင်ကြမလဲ၊ ဘယ်လို ဖက်ရှင်တွေ ဝတ်ကြမလဲ ဆိုတာတွေကို တီးတိုးတိုင်ပင်နေကြတဲ့အချိန်မှာ ကလေးတစ်သိုက်ကတော့ အုန်းလက်မဏ္ဏပ်ထိုးဖို့၊ ရေပြွတ်လှလှလေး ဝယ်ဖို့ တာစူနေကြတယ်။ လူကြီးတွေကတော့ ဘယ်နေ့မှာ ဘာ စတုဒီသာကျွေးမယ်၊ ဘယ်ဘုန်းကြီးကျောင်းမှာ သီလ ယူကြမယ် စသဖြင့် စီမံခန့်ခွဲနေကြလေ့ရှိတယ်။

“သင်္ကြန်နွေဦး တူးပို့တူးပို့ ........🎶🎶🎶
🎵🎵နှစ်တိုင်းလိုပဲ ငွေငန်းအရောက်လာမည် .....

သကြင်္န်ရက်တွေဟာ သိပ်ကိုပျော်စရာ ကောင်းခဲ့ပါတယ် မဏ္ဠပ် ဆိုတာ အုန်းလက်မဏ္ဠပ် ၊ အဖေက အိမ်မှ အုန်းပင်မှ အုန်းလက်များ ခုတ်ပေးကာ ကျောက်စည် ၂ စည် ချပေးထားသည် ။ ကျွန်တော်တို့တွေက အိမ်ရှေ့မှာ လာသမျှလူကို ပက်ကြသည် ။

လက်ဘက်ရည်ဆိုင်က ဖွင့်တဲ့ ရွှေမန်းမာလာ၊ နှစ်သစ်မင်္ဂလာ ၁၊၂၊၃၊၄ စတဲ့ vcd copy ခွေတွေက ရောင်းမလောက်အောင် ဖြစ်ခဲ့ကြဖူးတယ်။ သကြင်္န် မရောက်သေးခင် ကာလ တွေက ကျတော်တို့ မြန်မာပြည်သူ ပြည်သားတွေရဲ့ အလုပ်အရှုပ်ဆုံး ကာလ တွေ ရင် အခုန်ရဆုံးသော ကာလတွေ ဖြစ်ခဲ့ကြတယ်။ ရုံးသမားတွေက ပိတ်ရက်ရှည် နယ်ပြန်ကြဖို့၊ မိဘဆွေမျိုးတွေအတွက် လက်ဆောင်တွေ ဝယ်သွားဖို့ စီစဉ်နေကြသလို နယ်က မိဘတွေကလည်း သိကြားမင်းကို ကြိုဆိုဖို့ အတာအိုးတွေ ဝယ်ယူနေကြတဲ့အချိန်ပေါ့။

သကြင်္န်ကျတော့မယ် ဆိုတာနဲ့ လမ်းဘေးဝဲယာမှာ ရှိနေတဲ့ ငုဝါ ပန်းတွေက ပင်လုံးကျွတ်မျှ ပွင့်ကြတာကလည်း သကြင်္န်ရဲ့ သင်္ကေတ ပေလား။ မိုးလေး တစ်ဖြောက်နှစ်ဖြောက်လောက်ကျပြီ ဆိုတာနဲ့ အိမ်ရှေ့က ပိတောက်ပင်ကြီးက ရွှေဝါရောင် အလှဆုံး ပိတောက် ပန်းပွင့်တွေ က သကြင်္န်ရဲ့ signature အဖြစ် မွှေးပျံ့ကြိုင်လှောက်နေလေ့ရှိတယ်။ သကြင်္န်ရဲ့မင်းသားကြီး ဖြစ်တဲ့ ပိတောက်က ပျိုပျိုအိုအို အမျိုးသမီးတွေရဲ့ ခေါင်းတွေပေါ်မှာ တင့်တယ်စွာ နေရာယူထားလေ့ရှိသလို ဘုရားတန်ဆောင်း ဘုန်းကြီးကျောင်းတွေမှာလည်း ဘုရားကျောင်းဆောင် တစ်ခုလုံး ရွှေဝါရောင်ရနံ့တွေ နဲ့ မွှေးပျံ့နေလေတယ်။

ဒီလိုနဲ့ ကျတော်တို့ အားလုံး ရင်ခုန်စွာ မျှော်လင့်စောင့်စား ခဲ့ရတဲ့ သကြင်္န်အကြိုနေ့မနက်ခင်းကို ရောက်ခဲ့ပြန်ချေပြီ။ မနက်အစောကြီးကတည်းက ဖွင့်နေတဲ့ လက်ဘက်ရည်ဆိုင်က တူးပို့တူးပို့တေးသံ နဲ့အတူ အားလုံးက စိတ်လှုပ်ရှားစွာ နိုးလာတတ်ကြတယ်။

ကလေးတွေကတော့ မနက်အစောကြီးကတည်းက စျေးသွားတဲ့ လူတွေ၊ လမ်းသွားလမ်းလာတွေကို ရေပက် ဖို့ စောင့်နေကြတယ်။ ရေမစို ချင်သေးပေမယ့် ကလေးတွေ ပက်တာ မို့လို့ ခွင့်လွှတ် ပေးတတ်ကြတဲ့ မြန်မာတို့ရဲ့ ချစ်စဖွယ် ဓလေ့ကိုလည်း စတင်မြင်နိုင်ကြပါတယ်။

မြို့ပြရဲ့ မနက်ပိုင်း တစ်ဖြတ်ရေပက်တာပြီးတဲ့အချိန် လူပျိုကာလသားတွေရဲ့ ရေပက်ခံကားတွေကို စိတ်လှုပ်ရှားစွာ ရေပက်ဖို့ စောင့်နေတဲ့ သကြင်္န်မဏ္ဏပ်က လှပျိုဖြူလေးတွေ ရဲ့ ခန္တာကိုယ်တွေဟာလည်း မဏ္ဏပ်က
စီးချက်နဲ့အတူ ယိမ်းနွဲ့လှုပ်ရှားနေတာပေါ့။
“ဒီသကြင်္န် ဒိုးလေး ဒိုးလေး ဒိုးလေး မြူးကြွ
ရေနန်းဗဟိုရ် “

ရွာဘက်မှာတော့ မနက်ဆိုရင် လူကြီးသူမတွေက ဘုန်းကြီးကျောင်းကို ဆွမ်းအုပ်လေးတွေ ထမင်းချိုင့်လေးတွေ ကိုယ်စီနဲ့ တရားနာယူဖို့ သွားကြတယ်။ ရွာတွေမှာ ဆိုင်ကယ်တွေ မခေတ်စားခင်က လှည်းယဉ်ကျော့လေး တွေနဲ့ သကြင်္န်လည်လေ့ရှိကြတယ်။ လှည်းယဉ်ကျော့ ဆိုတာ နွားညီနောင်ကို သပြေခက်တွေ ပန်ပေး၊ ခြူလှလှတွေ ဆွဲပေးပြီး လှည်းယဉ်ကို ပိတောက်ပန်းတွေ သကြင်္န်ပန်းကုံးတွေနဲ့ အလှဆင်ထားတာကို ပြောတာပါ။ လှည်းယဉ်တွေပေါ်မှာတော့ သကြင်္န်ယိမ်းသမလေးတွေက ရွာလည်က မဏ္ဏပ်ကို သွားနေကြတယ်၊ ကိုလူပျို ကာလသားတွေက ရေဖလားတွေနဲ့ ဝိုင်းပက်လေ့ရှိကြတဲ့ ချစ်စရာ မြန်မာ့ ဓလေ့လေး တွေကို စိတ်မျက်စိမှာ မြင်ယောင်နေတုန်းပဲ။

သကြင်္န်မှာ အုန်းလက်မဏ္ဠပ်လာသမျှလူကို စတုဒီသာ ကျွေးခြင်း ၊ သင်္ကြန်အစားအစာများ ဖြစ်တဲ့ သင်္ကြန်ထမင်း ၊ မုန့်လုံးရေပေါ် ၊ ရွှေရင်အေး အစရှိတဲ့ စတုဒီသာများကို လာသူ အယုတ်အလတ်အမြတ်မရွေး ကျွေးမွေး ဧည့်ခံသော ချစ်စရာ မြန်မာ့ရိုးရာ ဓလေ့ပင်။
ပြီးလျှင် သနပ်ခါးကျောက်ပြင် တစ်ခု နှင့် သနပ်ခါး ဒိုင်ခံသွေးသူ အမျိုးသမီး တစ်ယောက်က စတုဒီသာ လာစားသူများကို သနပ်ခါး လိမ်းပေးခြင်းကလည်း တစ်ယောက်နဲ့ တစ်ယောက်ကို ပိုမို ရင်းနှီးခွင့်ရသယောင် ။

မန္တလေးမှာဆိုရင် ညဘက် မြို့မအလှပြငွေငန်း ယဉ်ကြီးပေါ်မှာ လှပတဲ့ မန်းပျိုဖြူတွေက ယိမ်းတွေကို ကပြလေ့ရှိတယ်။ မြို့မ နဲ့ ငွေငန်းနဲ့ မန္တလေးဆိုတာ ခွဲခြားလို့ မရအောင် ကို ပနံရလွန်းပါတယ်ဗျာ။ ငွေငန်းပဲလားဆိုတော့ မဟုတ်သေးဘူး၊ ရေနန်းဗဟိုရ် ၊ စျေးချိုသူ စတဲ့ ယိမ်းကားကြီးတွေက မြို့အနှံ့လျှောက်ပြီး ကပြလေ့ရှိတယ်။ ယိမ်းကားကြီးတွေ မြို့ထဲလှည့်ပြီဆိုရင် အသက်ရှူမှားအောင်ကို ပျော်ခဲ့ကြဖူးတဲ့ ဟိုးအရင် သကြင်္န်ရက်များပါလား။

🎵ပြန်ပါဦးမယ် ပြန်ဦးမယ် နှုတ်ခွန်းဆက်ပါတယ် ......🎼 သီချင်းနဲ့အတူ
ပျော်ရွှင်စွာ ပြီးဆုံးသွားခဲ့သော သကြင်္န်ကာလ များသည် ကျွန်တော် တို့ စိတ်မျက်စိတွင် အခုတိုင် ထင်ဟပ်နေဆဲပါ။

အကြို အကျ အကြတ် အတက် ဆိုတဲ့ သကြင်္န် ၄ ရက် ကမြန်လွန်းလို့ ရက်တွေ ပိုတိုးပါစေလို့ ဆုတောင်းရင်း တစ်ချို့သော ရက်ထပ်နှစ်တွေမှာ အကြတ်နေ့ ၂ ခါ ထပ်ခဲ့ရင် အပျော်ဆုံးဖြစ်ခဲ့သော အခိုက်အတံ့တွေကို မြင်ယောင် လွမ်းမိပါတယ်။

နှစ်ဆန်းတစ်ရက်နေ့ဆိုရင် အဝတ်အစားအသစ်တွေ ဝတ်ပြီး ရပ်ကွက်ထဲက နှစ်ဦးတရားပွဲတွေမှာ မန်ကျည်းဖျော်ရည်၊ ကျောက်ကျော၊ သံပုရာရည်၊ ဘာလီ စတဲ့ အချိုရည်တွေ စတုဒီသာ ကျွေးလေ့ရှိတယ်။

အခုဆို ထိုင်းသကြင်္န်ဆုန်ခါရမ် က အရမ်း ခေတ်မှီတိုးတက်ပြီး ခေတ်စားနေပေမယ့် ကျွန်တော်တို့ မဟာသကြင်္န်ရဲ့ အငွေ့အသက်တွေကလည်း တကယ့်ကို မြတ်နိုးစရာကောင်းပါတယ်။ ယဉ်ကျေးမှု့ အမွေအနှစ်တွေကို ပြန်လည်ထိန်းသိမ်းနိုင်မယ့် မဝေးတဲ့တစ်နေ့ကို မျှော်လင့်ရင်း

- ရေဝယ်ပက်စရာမလိုတဲ့ သကြင်္န်
- ဘယ်သူစစနောက်နောက် စိတ်မဆိုးကြတဲ့ သကြင်္န်
- သကြင်္န်မှာတွေ့ဆုံပြီး တစ်သက်စာပေါင်းဖက်သွားကြတဲ့ သကြင်္န်ဖူးစာ
- စတုဒီသာမဏ္ဏပ်တွေဆိုတာ မိုးဦးကျမှာ အလုအယက် ပေါက်လာတဲ့ မှိုကျင်းတွေလို နေရာအနှံ့မှာ တွေ့နိုင်ပြီး တွေ့တဲ့ဘယ်နေရာ ဝင်စားစား ရတဲ့ ချစ်စရာမြန်မာ့ဓလေ့
- တွေကို မြန်မာနဲ့သကြင်္န် ခွဲခြားမရအောင် ယဉ်ကျေးမှု့တွေ ပြန်လည် ထိမ်းသိမ်း နိုင်ပါစေလို့ ဆန္ဒပြုရင်း

ချစ်ခင်စွာဖြင့်
ကိုဟယ်ရီ

1990 အလွန် VCD ခေတ် သီချင်းကောင်းများ (Vol - 1)အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ Harry’s page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ စာမ...
09/09/2024

1990 အလွန် VCD ခေတ် သီချင်းကောင်းများ (Vol - 1)

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ Harry’s page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ စာမရေးဖြစ်တာကြာပြီဆိုတော့ …. စာဖတ်သူတွေနဲ့ မဆုံဖြစ်တာကြာပြီ ၊ အားလုံးပဲ နေကောင်း ကျန်းမာပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

ကျွန်တော် ဒီနေ့မှာတော့ ၁၉၉၀ ပြည့်နှစ်အလွန်ကာလများ မှာ ဖြတ်သန်းခဲ့ဖူးတဲ့ VCD ခေတ် သီချင်းကောင်းများ ဆိုတဲ့ အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်နဲ့ ရင်ဘတ်ချင်းတူတဲ့ သူငယ်ချင်းမိတ်ဆွေများ လည်း နားထောင်ဖူးခဲ့တဲ့ VCD ခေတ် သီချင်းလေးတွေအကြောင်း comment box လေးမှာ ပြောသွားပေးရင်း အပြန်အလှန် စကားစမြည်ပြောကြရအောင်လားဗျာ…..

၁၉၉၀ ကျော်လွန်နှစ်ကာလ ၂၀၀၀ ခုနှစ်အစောပိုင်းတွေမှာ VCD/DVD ခေတ် ဆိုတာကို ကျွန်တော်တို့ ကြုံခဲ့ဖူးတယ်။ အဲ့ဒီ့အချိန်တွေတုန်းက အိမ်တိုင်းမှာ TV မရှိသလို၊ VCD စက်ဆိုတာလည်း အိမ်တိုင်းမှာ မရှိကြဘူး။

၂၀၀၀ ပြည့်နှစ် ရပ်ကွက်လမ်းတွေပေါ်မှာ ကလေးတွေ ပြေးလွှားဆော့နေကြတုန်း၊ တိမ်တွေကလည်း အရောင်တောက်လို့ကောင်းနေတုန်းပေါ့။ ရပ်ကွက်ထဲက အိမ်တစ်အိမ်မှာ VCD စက် ဝယ်ပြီဆိုရင် ကလေးတွေက ဝိုင်းလို့ပေါ့၊ စူးစမ်းကြတယ်၊ အခွေ ထိုးပြပြီ ဆိုရင် ပျော်ကြတယ်။

VCD ဓါတ်ပြား အငှါးဆိုင်တွေကလည်း ရပ်ကွက်ထဲမှာ ရှိကြတော့ ညဆိုရင် ရပ်ကွက်ထဲကလူတွေ ပိုက်ဆံစုပြီး VCD အခွေငှါးပြီး ကြည့်ကြ၊ သရဲကားပြတဲ့ ည ဆိုရင် အိမ်မပြန်ရဲတော့ အဖေ့ကို လာခေါ်ခိုင်းရတယ်။ 👻

ဒီလိုနဲ့ အိမ်မှာ VCD စက်လေးတစ်လုံး ဝယ်ဖြစ်တယ် ဆိုပါတော့။ ကလေးသဘာဝ ပျော်လို့ အိပ်လို့တောင် မပျော်ခဲ့ပါဘူး။ ငယ်ငယ်ကတည်းက သီချင်းကြိုက်တဲ့ ဗီဇ ကြောင့်လားတော့မသိ၊ သီချင်း နားထောင်ရတာကို ကြိုက်ပြီး၊ နားထောင်နေရရင် အလိုလိုပျော်နေရော။ ကျွန်တော်တို့ ငယ်ငယ်တုန်းက မှတ်မှတ်ရရ VCD စက်ဝယ်ရင်း ပထမဦးဆုံး နားထောင်ခဲ့ရတဲ့ အခွေက ဒွေးနဲ့ ထွန်းအိန္ဒြာဘိုလ်ရဲ့ “မုန်းလို့မရတဲ့ချစ်သူတွေ” သိပ်ကို နားထောင်လို့ကောင်းတာ။ မခိုင်ကြီးရဲ့ “ဒါဏ်ရာများနဲ့အသည်ရက လွမ်းတာပါ “…. ဆိုတဲ့ တိုးတိတ်တမ်းတ၊ ကိုသားကြီးရဲ့ … တယ်လီဖုန်းလေးထဲမှာ စကားတွေပြောမယ်၊ တယ်လီဖုန်းလေးထဲမှာ တို့တွေတွေ့မယ် ဆိုတဲ့ ခဏလောက်ဝေးဝေးနေမယ် သီချင်းတွေကတော့ master piece တွေပေါ့ဗျာ။ 😊

ထွန်းအိန္ဒြာဘိုရဲ့ 1999 album ထွက်တော့ ကျောင်းကပွဲတွေမှာ ကောင်မလေးတွေက 💃💃💃 “ခါးလေး လှုပ်ခါ လမ်းလျှောက်သွားရင် ကောင်လေးတွေကြည့်တယ်… မျက်လုံးလေးတစ်ဖက်ကို မှိတ်ပြလိုက်ရင် တစ်ပုံကြီး ပါလာတယ်” ဆိုတာကို မျက်စိတစ်ဖက်မှိတ် ၊ ခါးကိုကော့ ၊ ဖင်ကိုပစ်ပြီး တေးသရုပ်ဖော် နေကြချိန်မှာ ကျွန်တော်တို့ ယောက်ျားလေး အုပ်စုတွေက “နိုင်တီနိုင်တီးနိုင် ….. ကိုကိုရေ လင်ငယ်နေမယ်” ဆိုပြီး အော်ဟစ် ဗရုတ်ကျ နေချိန်ပေါ့ဗျာ။ 🤣

အဲ့ကနေတစ်ဆင့် ဇော်ပိုင်ရဲ့ မြို့အဝင်ည၊ တစ်ခွေလုံး ကျော်စရာမရှိအောင် ကောင်းလွန်းတာ။ “နေဝင်ပြီဆိုရင် မြို့ဟောင်းလေးရဲ့ လမ်းတစ်ချို့မှာ လမ်းမီးများလင်းလက်ချိန် သီချင်းလေးကတော့ ရောက်နှင့်တယ် “ …. အခု နားထောင် အခု နယ်ကအိမ်လေးကို ပြန်ချင်တယ်။ 🥹

ဇော်ပိုင်ထက်စောတာက ဝိုင်ဝိုင်း … နေဆယ်စင်း၊ ကြိုးမဲ့စွန်၊ သမင်လည်ပြန် တွေက အစောဆုံး ထွက်ခဲ့တဲ့ VCD တွေ ထင်ပါရဲ့။ သရုပ်ဆောင်တွေ ဆိုရင်လည်း အခုပြန်ကြည့်ရင်တော့ ကြောင်တောင်တောင်ကြီးတွေ ထင်ရပေမယ့် ငယ်ငယ်တုန်းကတော့ ကြည့်လို့ကို မဝခဲ့ပါဘူး။
စိုးမြတ်နန္ဒာ ခေတ်ဆိုရင် ရပ်ကွက်ထဲမှာ စိုးမြတ်နန္ဒာတွေ အများကြီး၊ အဲ့ဆံပင်ကေတွေ လိုက်ညှပ်ကြတာ။ ပြီးတော့ ဇော်ပိုင် ရဲ့ သီချင်းတွေထဲကသရုပ်ဆောင် ဂန္ဓဝင် ခေတ်ဆိုရင် ရပ်ကွက်ထဲမှာ ဂန္ဓဝင်တွေ အများကြီးပေါ့ဗျာ။ 🥴

လေးဖြူ၊အငဲ၊ မျိုးကြီး တို့ရဲ့ တစ်ကိုယ်တော် သီချင်း VCD တွေက လက်ဖက်ရည်ဆိုင်တိုင်းမှာလိုလို ကြားရတယ်။ ညဘက်ဆိုရင် ကာလသား အကိုကြီးတွေရဲ့ ဂီတာတီးရင်း တေးသံသာ လက်စွမ်းပြလို့ ကောင်းတဲ့ သီချင်းတွေပေါ့။ 😊

အဲ့ဒီ့နောက်ပိုင်းမှာ Live show တွေခေတ်စားလာကြတော့ “နှောင်ကြိုးလေးတစ်မျှင်” ၊ “ဖိုးချို အမှတ်တရ” ၊ စိုးလွင်လွင် အမှတ်တရ” ၊ သီချင်းတွေ ပေါ်လာပြန်တယ်။ သီချင်းနှစ်သက် သူ မို့လို့လားမသိ နားထောင်လို့ကို မ ဝ ဘူးဗျာ။
ရင်ဂိုရဲ့ အရံလူ၊ ဘိုလိုရဲ့ နှောင်ကြိုးလေးတစ်မျှင်၊ တင်ဇာမော်ရဲ့ ဘာမဆိုဖြစ်နိုင်တယ်၊ ချောစုခင်ရဲ့ ကိုယ့်အတွက် အိမ်မက် မင်းမက်လား ၊ ဆုန်သင်းပါရ် ရဲ့ “ဒမ်… ဒီး ဒီး … ဟိုင်း ရီး … ဒမ် ဒီးဒီ ဟေး မင်းဘယ်မှာလဲ အချစ်လဲ” တွေက Masterpiece ထင်ပါရဲ့။

အဲ့အချိန်မှာ boy band , girl band တွေ စပေါ်လာပြီ။ Examplez အဖွဲ့က ထွန်းထွန်း၊ သက်အောင်၊ ထူးကျော်၊ ဖြိုးမောင်မောင် တို့ရဲ့ တမ်းတမ်းတတ ချစ်မိလို့ ၊ Examplez live show တွေက ကျွန်တော်တို့ရဲ့ rapper ဖြစ်ချင်တဲ့ ဆယ်ကျော်သက် အိမ်မက်တွေပါ။ တီရှပ်ပွပွကြီးဝတ်၊ ဘောင်းဘီပွပွကြီးဝတ်ပြီး လျှာထိုးဦးထုပ် နောက်ပြန်ဆောင်းပြီး မညီမညာ rap တွေရွတ်ရင်း အညာနွေပူပူမှာ အရူးထခဲ့ကြသေးတာပဲ။😁

မိန်းကလေးတွေကလည်း ဘယ်ခေမလဲ…. No အဖွဲ့က ပေါ်ကာစ ဆိုတော့ first album ဖြစ်တဲ့ “ဘာလိုသေးလဲ” master ခွေကို တစ်ထောင်ကျော် ပေးပြီး ဝယ်ခဲ့ကြတယ်။ အခွေကာဗာက အဝါရောင်နဲ့ အနက်ရောင်ကို များများ သုံးထားပြီး သဇင်၊ရည်မွန်၊ရတနာ ဆိုတဲ့ ကောင်မလေးချောချောလေး ၃ ယောက် ရဲ့ ပိုစတာလှလှလေးတွေ ရယ် သီချင်းချိုချ်ုလေးတွေကို သံပြိုင်ဆိုထားတော့ လိုချင်စဖွယ် Album လေးတစ်ခုပေါ့။
“မင်းတစ်ယောက်တည်းကိုပဲ ရင်တွေကွဲအောင်ချစ်ခဲ့ပြီးပြီပဲ….. ဘာလိုသေးလဲ”
“အချိန်တွေကလည်းပြောင်းပြီ…. ရင်ခုန်သံလည်းဟောင်းပြီ… မင်းအတွက်နဲ့ ငါ့ရင်မှာ ဘာမှမရှိ” ဆိုတဲ့ ရိုးရိုးလေးပဲ စဉ်းစားကြည့် ဆိုတဲံ သီချင်းတွေက ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ ငယ်ဘဝလေးတွေ ထင်ပါရဲ့ဗျာ……

Rapper ဘိုးအေကြီး စိုင်းစိုင်းခမ်းလှိုင် ရဲ့ ရှေ့က “ချောကလက်ရောင်ရေခဲမြစ်” ကိုတော့ အခွေမဝယ်ဖူးပေမယ့်…. Sai Sai Live Show မှာတော့ တောရောမြို့ပါမကျန် ပေါက်ခဲ့တာလေ။
အနဂ္ဂ နဲ့ တွဲဆိုတဲ့ “သေပြီဆရာ”၊ မို့မို့နဲ့ ဆိုတဲ့ “ဝမ်းနည်းမှတ်တမ်း”၊ နန္ဒစိုင်း ရဲ့” ဝေးဝေးပြေးတဲ့အချစ်ကို စွဲလမ်းလွန်းလို့”… ဆိုတဲ့ နွေရာသီလမ်းခွဲ တို့အပြင် …. “ကောင်မလေး ငါ့ကို ကြိုက်တယ်ခိုက်တယ်…. ဆိုပြီးတော့ “ ဆိုတဲ့ သီချင်းကို ဂျပိုးဦးထုပ်အနီလေးဆောင်းပြီး မျက်နှာလေး ဆူပုတ်ပြီး ဆိုသွားတဲ့ ၉ တန်းကျောင်းသူ ကြိုးကြာလေး ကိုလည်း ပွဲထုတ်သွားခဲ့သေးတယ်။ နောက်ပိုင်း ကြိုးကြာရဲ့ အောင်မြင်မှု့တွေကလည်း ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလ တွေကို လွှမ်းမိုးထားပြန်တယ်လေ။

“ဆု” ဆိုတဲ့ Album လည်း ထွက်လာတယ်။ အဆိုတော်ကြီးတွေ ရဲ့ collection ဆိုပေမယ့်
သိပ်ကို နားထောင်လို့ကောင်းတာ။ ပလေးဘွိုင်းသန်းနိုင်ရဲ့ “စိတ်မဆိုရနဲ့…. ခွင့်လွှတ်ပါ…. ကွယ်” ဆိုတဲ့သီချင်းကို နားထောင်နေတုန်းက “အဲ့လူကြီးက လျှာ တို နေတာလားလို့ ငယ်စိတ်နဲ့ တွေးမိသေးတယ်”၊ ဗစ်တာခင်ညိုရဲ့ “အနေခက်တာမျိုး မင်းလေးသိစေချင်” မှာ ရာဇာနေဝင်း၊ ပုလဲဝင်း၊ ဇင်ဇင်ဇော်မြင့်၊ ခင်လေးနွယ် ၊ဆုရွှန်းလဲ့တို့ သရုပ်ဆောင်တော့ မဆီမဆိုင် ရာဇာနေဝင်းအစား ရှက်နေမိသေးတာ။

နော်လီဇာရဲ့ မာလာဆောင်မောင်မလာ သီချင်းမှာ တက္ကသိုလ်ကျောင်းသူတွေ ဖီးလ်လို့ကောင်းပေါ့ဗျာ။ အဲ့အချိန်မှာ အာဇာနည်က တစ်ဖြတ်သရုပ်ဆောင်ထားသေးတယ်။ အာဇာနည်ခေတ်ပေါ့ဗျာ….. ရပ်ကွက်ထဲမှာ ဂျင်းဝမ်းဆက်နဲ့ ဆံပင်အရှည် နှုတ်ခမ်းမွှေးစစနဲ့ အာကြီးတွေလည်း အများသား။

အဲ့အချိန်ရဲ့ခေတ်ပြိုင်အဆိုတော်တွေက R ဇာနည်၊ ဆုန်သင်းပါရ်၊ ခင်ဘုဏ်း၊ ရွှေထိုက်၊ ယုဇန၊ ရှင်ဘုန်း၊ ရေဗက္ကာဝင်း၊ မေစံပါယ်ညို …. တကယ်ကို ကောင်းမွန်တဲ့ အဆိုတော်တွေပါ။

ဆက်ရန် …….

ဟယ်ရီ

“မြစ်ဧရာ နဒီကြောမှာ…..”စာဖတ်သူတွေနဲ့ အဆက်ပြတ်နေသလောက် ဖြစ်အောင် စာတွေမတင်ဖြစ်ပေမယ့် တကယ်ကို သတိတရရှိနေမိပါတယ်။ နောက်ကို ...
02/19/2023

“မြစ်ဧရာ နဒီကြောမှာ…..”

စာဖတ်သူတွေနဲ့ အဆက်ပြတ်နေသလောက် ဖြစ်အောင် စာတွေမတင်ဖြစ်ပေမယ့် တကယ်ကို သတိတရရှိနေမိပါတယ်။
နောက်ကို ဆက်ပြီး ဖတ်နိုင်အောင် စာတွေ offline ရေးထားတာတွေရှိပါတယ်။

ဒီတစ်ပါတ်မှာတော့ ကျတော်တို့ ငယ်ငယ် ၁၉၉၀ ပြည့်နှစ် အလွန်ပိုင်း နွေဦးကာလတွေအကြောင်း ပြောပြပေးချင်တယ်။

ဆောင်းအကုန်နွေအကူး ဒီအချိန်လောက်ဆို ကျတော်တို့ နယ်ဘက်တွေမှာ အပင်တွေ ရွက်နုကတော့ထိုး ပြီး ဥဩတွေက ထနောင်းပင်ပေါ်ကနေ နွေဦးတေးကို ကြိုနေကြလောက်ပြီ။

အရောင် အနံ့တွေနဲ့ နွေဦး….
နွေဦးရဲ့ အရောင်က မနက်ခင်းဘက် နေသာပေမယ့် ဆောင်းတွင်းလက်ကျန် မြူတစ်ချို့နဲ့ ရောပြီး ဧရာဝတီ မြစ်ကမ်းတစ်လျှောက် ဝါကျင့်ကျင့် နဲ့ လွမ်းချင်စရာ retro ဆန်နေတယ်။

တမာပင်တွေက ရွက်ဟောင်းတွေကြွေပြီး ရွက်နုတွေ ကတော့ ထိုး ကာစ ဆိုတော့ တမာရွက် နုနုအနံ့လေးက ကျတော့်အတွက်တော့ နွေဦး ရဲ့ အနံ့လေးလိုစိတ်ထဲ မှတ်ထင်နေမိတယ်။

အဲ့ဒီလို နွေဦးရောက်ပြီဆိုရင် ကျတော်တို့ ကလေးတွေ အတန်းတင် စာမေးပွဲပြီးလို့ ရပ်ကွက်ထဲ လမ်းသလား နေကြပြီ။ ဆော့နည်းပေါင်းစုံနဲ့ မမောနိုင် မပမ်းနိုင် ဆော့နေကြတုန်းမှာ အမေနဲ့အမက စောင်တွေ ခြင်ထောင်တွေကို အဝတ်လျှော်ဇလားထဲထည့် ပြီး ဆပ်ပြာတောင်းတွေပြင်နေပြီဆို ကျတော်တို့ ညီအကိုတွေ ဆော့နေလက်စတွေ အကုန်ချထားပြီး အိမ်ကို အသားကုန်ပြေးတော့တာပါပဲ။

အကြောင်းကတော့ နွေရာသီ မြစ်ရေကျတော့ ရေပေးစက်က (ရေနိမ့်ရာကို လိုက်မရွှေ့ရသေးခင်) အိမ်မှာရေမလာတော့ဘူး။ ရေမလာတော့
မြစ်ဆိပ်ကို အဝတ်လျှော်၊ ရေချိုးဆင်းရတော့မယ်လေ။ အဖေက လွှတစ်လက်နဲ့ အလုပ်ရှုပ်နေတာကို အတင်းဆွဲခေါ်ပြီး စက်ဘီးလေးတွေနဲ့ မြစ်ဆိပ်ကို တစ်မိသားစုလုံး ရေချိုးဆင်းဖို့ ပြင်ကြလေတော့တယ်။ အိမ်နဲ့ မြစ်ကမ်းပါးနဲ့ သိပ်မဝေးလေတော့ အမေနဲ့ အမက အဝတ်ဇလားတွေ ကိုယ်စီနဲ့ ရှေ့က သွားနှင့်လေတယ်။ ကျတော်နဲ့ အဖေနဲ့ ညီလေးနဲ့က စက်ဘီးနှစ်စီးနဲ့ နောက်က လိုက်သွားတယ်။

ကမ်းပါးက တော်တော် မတ်တော့ ဖြေးဖြေးချင်းထိိမ်းဆင်းရပေမယ့် နေက ထန်းတစ်ဖျား မရောက်ခင်ဆိုတော့ မြစ်ကမ်းပါး ဝန်းကျင်တစ်ခိုက ဆောင်းအကြွင်း နှင်းအကျန် မြူတစ်ချို့နဲ့ လှချင်တိုင်းလှနေလေတယ်။

ရေမလာ လို့ ရေဆင်းချိုးကြတဲ့ ရပ်ကွက်ထဲက အိမ်နီးနားချင်း တွေအသံနဲ့ ဟိုးအဝေးက ဥဩဆွဲလာတဲ့ သင်္ဘောကြီး ရဲ့ အသံက မြစ်ကမ်းတစ်လျှောက် ရောနှောကာ ပဲ့တင်ထပ်နေတယ်။

ကျတော် နဲ့ ညီလေးကတော့ မြစ်ရေချိုးရတော့မှာကို အပျော်ကြီး ပျော်နေကာ ရေခပ်တိမ်တိမ်ထဲ
ဒိုင်ပင်ပစ်လိုက်ကြတယ်။
မြစ်ရေက အေးနေမယ် ထင်ပေမယ့် ခပ်နွေးနွေး ရှိလှတယ်။

အမေနဲ့အမက စောင်တွေကို ရေနဲ့စိမ်ကာ ဆပ်ပြာတွေနဲ့ စလျှော်တယ်။ ဆပ်ပြာပူပေါင်းတွေကို ရေထဲကနေလိုက်ဖမ်းကာ ညီလေးနဲ့ အတွင်းအားပြိုင်နေတုန်းမှာ ဦးဝင်းဦးရဲ့ ရေချိုးဆိပ်သီချင်းကို သတိရမိသေးတယ်။

“ကမ်းဆိပ်ရိပ်သာ … သီတာရေယဉ်… ဧရာခွေဝန်း သောင်ထွန်းတယ် တစ်ဖက်ကျွန်းဆွယ်”
အိပွဲ့အိပွဲ့ ငှက်သမ္ဗာန်ခပ်သွားတယ် ကြည့်ကွဲ ကြည့်ကွဲ့ ညည်းလူဟာကြောင်လွန်းတယ်”
တစ်စုတစ်ဝေးလုံမငယ် ကြိတ်ပုန်းစားကြတယ်
ရေချိုးနေရင်းကွယ် လှောင်ပြုံးပြုံးကြတယ်
ကုန်းပေါ်က လူပျိုလေးရယ် ဘာကိုငေးတယ် သိနိုင်ပြီဘူးကွယ် “

ဆပ်ပြာမေ့ခဲ့တဲ့ အိမ်နီးချင်း အမကြီးရဲ့ ဆပ်ပြာ နည်းနည်း တောင်းနေသံ ကြားရတယ်။ အဝတ်ရိုက်တုတ်နဲ့ အညာစောင်ထူထူကြီးတွေ ရိုက်ပြီး လျှော်နေသံက သောသောညံနေလေတယ်။
မြစ်ထဲမှာ ရေချိုးရတာ စိတ်ကို လန်းဆန်းစေတယ်။
ပျော်ရွှင်စေတယ်။ အဲ့တာကြောင့် ညီလေးနဲဘကျတော်က မြစ်ဆိပ်ရေချိုးဆင်းရမယ်ဆို သိပ်ပျော်ကြတာ။

ရေချိုးလို့ အနည်းငယ် ဝပြီဆိုလျှင်ဖြင့် ကမ်းပေါ်တက်က အကျီလေးပြေးဝတ်ပြီး ကျတော် တို့ ရဲ့ တံငါသည် လုပ်ငန်း စလေတော့တယ်။

မြစ်ကျိုးအင်း …. မြစ်ချောင်းတခုဟာ မြေပြန့်ဒေသတွေကို ဖြတ်သန်းစီးဆင်းရတဲ့ အခါ ရေစီးနှုန်း နှေးကွေးသွားပြီး အနည်ပို့ချမှု များပြားလာကာ မြစ်ကြောင်းများ ပိုမိုကောက်ကွေ့လာပြီး မြင်းခွါပုံစံ မြစ်ကျိုးအင်းများကို ဖြစ်ပေါ် ကျန်ရစ်စေပါတယ်။ မြစ်တစ်ခု ကျိုးပြတ်ပြီး အင်းတခုအဖြစ် ကျန်ရှိနေခဲ့တဲ့အတွက် မြစ်ကျိုးအင်းလို့ ဆိုလိုတာပါ။

ဧရာဝတီ မြစ်ကမ်းပါးတစ်လျှောက်မှာတော့ အဲ့လို မြစ်ကျိုးအင်း အသေးအကြီး မျိုးစုံ အများကြီးရှိနေတဲ့ အထဲက အင်းအသေးလေးတွေမှာ ကျတော်တို့ ညီအကိုက အသင့်ယူလာတဲ့ ဇကာခုံးတွေနဲ့ ငါးတွေ လိုက်ဖမ်းကြတာပါပဲ။

ရလာတဲ့ ငါးတွေကို ကော်ရေပုံးထဲ ထည့်ပြီး မြစ်ထဲပြန်လွှတ်ကြတာပါ။ ငသလဲထိုး၊ ငါးသန်ချိတ်၊
ငါးစင်ရိုင်း၊ ငါးထိပ်ဖြူ၊ ဗုံးငါး စသဖြင့် အမျိုးစုံလှပါတယ်။

နွေနေရင့်လို့ ရေခမ်းကုန်လျှင် ငါးတွေသေကုန်မည့် အဖြစ်ကို တွေးမိသောကြောင့် ဖမ်းရသမျှငါးတွေအကုန် မြစ်ရေပြင်ကျယ်ထဲ ပြန်လွှတ်ပေးခဲ့ကြတာပါပဲ။

ဪ… အလိုနည်းသော ငယ်ဘဝများပါလား။

ဟိုး အဝေး မြစ်အလယ် မှာတော့ ဧရာနဒီကြောတစ်လျှောက် ဒိုက်ပုံတွေ မျောနေလေရဲ့။ ဒိုက်ပုံဆိုပေသိ ဗေဒါပင်အုပ်တွေ၊ ရေမှော်အုပ်တွေပါ ရောနှောပါလေတော့ အဲ့ဒီ့ ဒိုက်ပုံတွေ အလယ်မှာတော့ ငှက်ကြီး ဝန်ပိုတစ်ချို့က ရေစီးနဲ့အတူ မျောလိုက်နေတာကို ခပ်ဝါးဝါး လှမ်းမြင်ရတယ်။
“အဖေ့ အဖေ့ ငှက်ကြီးတွေက ကြီးလိုက်တာဗျာ “ ညီလေးရဲ့ မေးခွန်းသံ အဆုံးမှာ အဖေက ဝန်ပိုငှက်ကြီးတွေ ငါးဖမ်းတဲ့ အကြောင်းကို ရှင်းပြနေသံကြားရတယ်။

ကျတော်တို့ လေးတန်းတုန်းက ကဗျာလေးအတိုင်း ထပ်တူကျတဲ့ မြင်ကွင်းမျိုးကို ကျတော်တို့ ဧရာဝတီမြစ်ကမ်းဘေးက လူတွေပဲ မြင်ခဲ့ဖူးကြသလိုပဲ။

“မြသားငယ်တဲ့ ရေယမုံ
ငွေလှိုင်းတွေ ဖြူစွာနဲ့
မြစ်ဧရာနဒီကြောမှာ မျောကြဒိုက်ပုံ
ကျူဝါးရုံ တူစုံကွဲ့ဖော်နှော
ဘုံမတီးရယ်နဲ့ ငှက်ကြီးရွှေဝန်ပိုတို့
ဝဲခိုလို့မျော” ….

အမေနဲ့အမက အဝတ်တွေလျှော်လို့အပြီး ရေချိုးလို့အပြီးမှာ ကျတော်တို့ရဲ့ ငါးလွှတ်ပွဲကလည်း ကွက်တိပြီးနေတတ်တယ်။ ဟိုး ခပ်ဝေးဝေးကို ရေကူးသွားနေတဲ့ အဖေ့ကို ပြန်မလာမှာကြောက်စိတ်နဲ့ အသံကုန်အောင် အော်ခေါ်ခဲ့ဖူးတယ်။
အိမ်အပြန်မှာတော့ မြစ်ဧရာ ကဗျာလေးကို ညီလေးနဲ့အတူ သံပြိုင်ဆိုရင်း တစ်မိသားစုလုံး အိမ်ကို ပြန်လာခဲ့ကြတော့တယ်။ မနက်ကတည်းက အမ ချက်ထားခဲ့တဲ့ ငါးလေးအိုးကပ်ဟင်း၊ ဘူးသီးချဉ်​ဟင်း ကို ဆူးပန်းရွက် စမြိတ်ရွက် အုပ်ထားတဲ့ ဟင်းကို မြင်ယောင်လာရင်း တံတွေးတစ်ချက် မြိုချမိတဲ့ အခိုက်မှာ အိမ်အဝင် လမ်းထိပ် တမာပင်ပေါ်က ဥဩလေးက “ ဆွဲဆွဲငင်ငင် “ အော်မြည်လိုက်တော့တယ်။

ချစ်ခြင်းများစွာဖြင့်
ကိုဟယ်ရီ

(ထုံးစံအတိုင်း comment မှာ စာဖတ်သူ မိဘတွေရဲ့ ရေချိုးဆိပ်အတွေ့အကြုံလေးတေဠ ဖလှယ်ကြရအောင်လားဗျာ)

စိတ်သဆိုင်(သို့) ဆံသဆိုင်မင်္ဂလာပါ Harry’s page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ စာမရေးဖြစ်တာကြာလို့ စာဖတ်သူမိဘများကို အသေအ...
12/18/2022

စိတ်သဆိုင်(သို့) ဆံသဆိုင်

မင်္ဂလာပါ Harry’s page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

စာမရေးဖြစ်တာကြာလို့ စာဖတ်သူမိဘများကို အသေအချာတောင်းပန်မိပါတယ်ခင်ဗျာ 🙏

ဆယ်ကျော်သက်အရွယ်ရဲ့ အစိတ်အပိုင်းတော်တော် များများ ကို နိုင်ငံရပ်ခြားမှာနေရသူတွေအဖို့ ဆံပင်ညှပ်ဆိုင်ကောင်းရှာရတာ ပြသနာတစ်ခု ပဲလို့ထင်မိတယ်။ အခုရက်ပိုင်း ဆံပင်ညှပ်ရတာ ညှပ်နေကျ ဆိုင်ကို မသွားဖြစ်တာနဲ့ နီးရာ ကြုံရာ ညှပ်ရင်း စိတ်တိုင်းမကျရတာတွေကြုံရတယ်။
အမှန်တော့ ရွေးချယ်စရာတွေ များလာတဲ့ အပေါ်မှာ စိတ်ကနေဖြစ်လာတဲ့ မကျေနပ်မှု့တွေ၊ အလိုမပြည့်မှု့တွေပါပဲ။

ကျတော်တို့ငယ်ငယ်က ရွေးချယ်စရာတွေသိပ်မများလှတဲ့ ၁၉၉၀ ပြည့်နှစ်အလွန်ကာလတွေများမှာတော့ ………..
စိတ်သဆိုင် (သို့) ဆံသဆိုင် လေးတွေဆိုတာ ရှိခဲ့ဖူးတယ်။
စိတ်သဆိုင်ဆိုတဲ့ နာမည် အဆန်းလေးက ညှပ်ပြီးလျှင် ကျတော်တို့ရဲ့ ညစ်ညူးနေတဲ့စိတ်တွေကို ကြည်လင်သွားအောင်သန့်စင်ပေးသွားသလို အဓိပ္ပါယ်သက်ရောက်တယ်။ ကျတော်တို့တွေ စိတ်ညစ်လာလျှင် အကြောင်းပြချက်မဲ့စွာ ဆံပင်ညှပ်၊ ဆေးဆိုးလုပ်ကြလေ့ရှိတယ် မဟုတ်လား?

အမျိုးသားဆံသ ဆိုင်ဆိုတာ တစ်မြို့လုံးမှာ လက်ချိုးရေတွက်လို့ရလောက်တဲ့ ပမာဏ ပဲ ရှိခဲ့တယ်။ ငယ်ငယ်ကတည်းက ကျတော့်ဆံပင်က အရမ်းသန်တဲ့အထဲပါတယ်။ အဲ့တော့ မကြာခဏ ဆံပင်ညှပ်ဆိုင်ကို သွားရတယ်။ ဘာရယ်မသိ ငယ်ငယ်ကတော့ ဆံပင်ညှပ်ဆိုင်သွားရတဲ့အချိန်တွေဆိုရင် စိတ်
အပင်ပန်းရဆုံး အချိန်တွေပဲ ။ အဖေက ဆံပင်လိုက်ညှပ်ပေးတယ်၊
အဖေ : ဆျာရေ … အဲ့ကောင်ကို စလုံးကေညှပ်ပေးလိုက်ပါ။ (မှတ်ချက် : စင်ကာပူ ခေါ် စလုံးကေ လို့မမှတ်စေလိုပါ) 😑
Harry : 🫤
ဆံပင်ကေကို ကြည့်လိုက်ပါ။
ဦးခေါင်းအပေါ်ပိုင်းကို အုန်းမှုတ်ခွက်စွပ်ပြီး နားထင်ခြေမှစပြီး ဦးခေါင်းတစ်ဝက်လောက်အထိ အပြောင်ရိတ်ထားသော ဂရင်းနစ်စံချိန်တင်နိုင်သည့် ကမ္ဘာ့အလှဆုံး ကေ ။ ငယ်ငယ်ကတော့ သိပ်ပြသနာမရှိပါဘူး ၊ အာပြဲအောင်ငိုတာက လွဲလို့ပေါ့။

အဖေကတော့ ပြောရှာပါရဲ့ …. ငါ့သားကြီးက ဒီကေနဲ့ သိပ်ချောတာကွတဲ့။(ပထမဆုံးစားခဲ့ရသော ဂျင်း)
အဖေတို့တုန်းကဆို မင့်ဖွားဖွားကြီးက ထားခိုင်းလို့ အလယ်တန်းအထိ ဘဲမြီးနဲ့နေရတာကွတဲ့။ ဘဲမြီးဆိုသည်မှာ ရှေ့တွင် ဦးစမှုတ် တစ်လက်မခန့်ထားက အနောက်ကတော့ အပြောင်ရိတ်ထားသော “ရှေ့တစ်လက်မ နောက်ပြောင်ကေ” ဖြစ်သည်။ (မိဘကျေးဇူး ကြီးလေစွ….. ငယ်ငယ်က ထို”ကြောက်မက်ဖွယ်” ဆံပင်ကေဖြင့် မကြီးပျင်းခဲ့ရသောကြောင့်
ထပ်မံကျေးဇူးတင်မိသည်) 🥴

ဆံသဆရာရဲ့ ဆိုင်အပြင်အဆင်က လန်းလှသည်။
ဆံသဆရာ ဦးစိုးဝင်းမောင်က သူ့ခြံထဲမှာရှိတဲ့ ပုန္နရိတ်ပင်အုပ်အောက်မှာ တည်ခင်းထားတဲ့ အောက်ခြေပိုင်း သံချေးတက်နေသော ဆုံလည်ကုလားထိုင်၊ အပေါ်ပိုင်းက သစ်သားကုလားထိုင်အဟောင်းကို ဟောင်းနွမ်းနေသော ခြုံထည်အပြာတစ်ခုက ဖုံးထားသည်။ ကလေးတွေလာရင်တော့ ခွေးခြေဟောင်းတစ်ခုကို ထိုဆုံလည်ကုလားထိုင်ပေါ်မှာ ထပ်ဆင့်ပေးထားသည်။ သစ်သားပျဉ်ထောင်အိမ်ရဲ့ နံရံပေါ်မှာ
နိုင်ငံခြားသား ဆံပင်ဒီဇိုင်းတွေပါတဲ့ ပြက္ခဒိန် အဟောင်းတွေက အစီအရီ ။
မှန်ဟောင်း တစ်ချပ်၊ သစ်သားခုံစင်အမြင့်လေးပေါ်မှာ ဘူးတစ်ခုရှိတယ်၊ အဲ့ဘူးထဲမှာတော့ ဝိုင်အိုလက်ပေါင်ဒါနဲ့တို့ပတ်တစ်ခုထည့်ထားတယ်။
ဘေးနားက ခြင်းတစ်ခုထဲမှာတော့ သွေးထားတဲ့ ကပ်ကြေးထက်ထက်တစ်လက် ဘီးစိတ်၊ ဘီးကျဲ( ps: ဘဲကြီးလို့မဖတ်ရ) နှင့် ကျတော် အကြောက်ဆုံး လက်နက်တစ်ခုရှိသည်။ 😱😰

ကျတော်အကြောက်ဆုံးလက်နက် က
နျူကလီးယားလည်းမဟုတ် ရေစိမ်ထားတဲ့
ထားဝယ်ကြိမ်လုံးလည်းမဟုတ်တဲ့ …..
စက်ကပ်ကြေး (or) hair clippers (or)
ခေါင်းဖြတ်စက်(ကျတော်ပေးထားတဲ့နာမည်) ဖြစ်ပါတယ်။ ထိုအချိန်က မြဝတီရုပ်သံမှ ပေါင်ချိန်ကားက ခေတ်စားနေစအချိန်ဆိုတော့ စက်ကပ်ကြေးသည် ခေါင်းဖြတ်နေသလားတောင် မှတ်နေမိသည်ထင့်။

အကြောင်းကတော့ စက်ကပ်ကြေးဟုသာခေါ်သည် ဆံသဆရာက ဆံပင်ကို လက်ဖြင့်ညှပ်/ဆွဲနှုတ်နေသောကြောင့်ဖြစ်သည်။ root cause ကတော့ စက်ကပ်ကြေး အသွားတုံးနေခြင်းဖြစ်သည်။ စက်ကပ်ကြေး ဓါးအသွားသွေးလိုလျှင် ရန်ကုန်သို့ပို့ရသည်ဟု ကြားဖူးသည်။ ထို့ကြောင့် စက်ကပ်ကြေးအသွားတွေက တုံးနေသည်က များသည်။ 😖

ဆံသဆရာက ခေါင်းကိုကိုင်၍ညှပ်လျှင် ဆံပင်
ညှပ်နေသည်ဆိုသည်ထက် ဆံပင်ကို တဗြုတ်ဗြုတ် ဆွဲနှုတ်နေသလို
ခံစားရသည်။ အောက်ကကောင်က ငိုပေါ့ တဗြဲဗြဲနဲ့ ။
😭
ဆရာကြီး(အဖေ) နဲ့ ဆိုရင် သိပ်တော့ မပြောပေမယ့် ၊ မမဌေး(အမေ) လိုက်ပို့လျှင်တော့ တုတ်တစ်ချောင်းနဲ့ စောင့်နေလေသည်။ ခုံအောက်ကတုတ်ကြောက်ရမည်လား၊ ဆံသဆရာ ရဲ့ ခေါင်းဖြတ်စက် ကိုကြောက်ရမည်လား လမ်းတွေပျောက်။ 🤪

ခုံပေါ်ကဆင်းလျှင် မလှမှာကြောက်၍မဟုတ် ခေါင်းတွေပူ၍ နာနေခြင်းကြောင့် မူးနောက်နေလေတယ်။
နောက်နှစ်များကြာလာတော့ လူက လေးတန်းလောက်ရှိလာပြီ ဒွေးကလည်းပေါ်နေပြီ၊
တရုတ်မင်းသား လုရီကလည်းပေါ်နေပြီ ။
ဟယ်ရီ့ကို စလုံးကေ(ခေါ်) ဂျာရစ်ကေ ညှပ်ပေးလို့မရတော့ချေ။ အဲ့တော့လည်း ….ဒွေးကေပေါ့ဗျာ ။စိတ်တိုင်းကျ ညှပ်ပြီး ပြန်လာလျှင် လူက လေးထောင့်စက္ကူပုံး ခေါင်းစွပ်ထားသလိုပဲ။ ဒါပေမယ့် လာမပြောနဲ့
ကျွန်ုပ်သည်သာ အချောဆုံး…. Lol အဲ့ကတည်းက (confident level is so high)။ 😎

ညီလေးမွေးပြီးတော့ အိမ်အနားမှာတော့ ဆံသဆိုင်တစ်ဆိုင် ပေါ်လာလေတယ်။ နာမည်က သာစွဆံသ ဆိုပေသိ စကားမပီသော ညီလေးကတော့ “ကာကွကံက” လို့သာ ခေါ်လေသည်။ အဲ့တော့ တစ်ရပ်ကွက်လုံးကလည်း “ကာကွကံက”ပေါ့ ။ ရာသီတွေအလီလီ ပြောင်းသွားကြလို့ နာမည်တွေသာ အသီးသီး ပြောင်းသွားကြတယ် ဆိုပေသိ မပြောင်းလဲတဲ့
အချက်တစ်ခုကတော့ ခေါင်းဖြတ်စက် ခေါ် စက်ကပ်ကြေးများ အသွားတုံးနေခြင်းပါပဲ။
အဲ့ကျတော့ ကျတော့်ညီလေးပါ ငိုယိုပြီးပြန်လာပေါ့။ 😂

အလယ်တန်းရောက်တော့ အွန်စော၊ဂျွန်စော၊ ထယ်စောက် က ခေတ်စားလာတော့ ….. ဒီကောင်တွေက ညှပ်ပြီလေ… ထယ်စောက်ကေ …… ဆံပင်တွေကို မိုးထိအောင်ထောင်လို့ရတဲ့ hair gel တွေက ပေါ်လာတယ်ဆိုပေသိ ကျတော်တို့ နယ်မှာတော့ အနီ၊အဝါ၊အစိမ်း ရောင်စုံအိတ်တွေနဲ့ရောင်းတဲ့ တရုတ်ပြည်ကနေလာတဲ့ Fruity gel တွေ လိမ်းကြတာပေါ့။ gel ဆိုပေမယ့် ကော်တွေ ဆိုတော့ ဆံပင်တစ်ချက်သပ်လိုက်ရင် အနားမှာ “နှင်းဝေတဲ့ဆောင်း” ဖြစ်သွားတယ်။ ဆရာမဆီ စာပြန်ရင် စာထစ်နေပြီဆို ခေါင်း ကုတ်သလိုနဲ့ ဆံပင်တစ်ချက်လောက်သပ်လိုက်ရင် ဆရာမက အေးအေးသွားတော့ ဆိုပြီး ပြန်လွှတ်ရှာတယ်။ ကျတော်တို့ squad ရဲ့ နောက်ဆုံးလက်နက်ပေါ့။

ဘယ်လိုဒီဇိုင်းတွေ ခေတ်စားပါစေ၊ နွေရာသီဆိုရင်တော့ ဂတုံးဖက်ရှင်က trending အဖြစ်ဆုံးပါပဲ။

ဆံပင်ဒီဇိုင်းတွေသည် ခေတ်နဲ့ရာသီအလိုက်ပြောင်းရတဲ့ ခေတ်ကာလလေးတွေဆီက ဖြတ်တိုက်လာတဲ့ အလွမ်းလေညှင်းလေး …..
အခုတော့ ခေတ်မှီဆံသဆိုင်လေးတွေ အလျိုလျို ပေါ်လာသည်နှင့်အမျှ ရွေးချယ်စရာလေးတွေ ပေါများလာတယ်။ သို့ပေသိ ဟိုးအရင်ခေတ်က ဆံသဆိုင် လို့ခေါ်တဲ့ စိတ်သဆိုင် လေးတွေကို လွမ်းမိတယ်။ ရုတ်တရက် You tube က လာတဲ့သီချင်းလေးတစ်ပုဒ်….”ကိုယ်ဟာ တိမ်တွေလိုပဲ လွင့်တော့မလို …. ဘယ်ဆီဘယ်ဝယ်မသေချာတော့ဘူးပေါ့….
ရက်စက်တယ်နှစ်လအချိန်တွေရယ် တစစပိုဝေးကွာအချစ်ဆုံးနဲ့ ” …. ရေဗက္ကာဝင်းနဲ့ အောင်ကောင်းထက်ရဲ့ အသံလေးတွေက ကျတော့်စိတ်တွေကို ၁၉၉၀ အလွန်ကာလတွေကို ဆွဲခေါ်သွားနေသလို ………

ထုံးစံအတိုင်း စာဖတ်သူ မိဘပြည်သူများရဲ့ ငယ်စဉ်က ဆံပင်ညှပ်ဆိုင်၊ ဆံသဆိုင် ၊ စိတ်သဆိုင်လေးတွေမှာ ကြုံခဲ့ရတဲ့ အမှတ်တရ အလွဲလေးတွေကို comment မှာ ရေးပေးသွားကြပါလားခင်ဗျ။ စာရေးသူနဲ့ စာဖတ်သူ ကြားမှာ အတွေ့အကြံုလေးတွေ ဖလှယ်ရင်း Engagement ပိုရတာပေါ့ဗျာ ။

မေတ္တာများစွာဖြင့်
ကိုဟယ်ရီ
Photo credit

အားလုံးပဲ မင်္ဂလာပါ၊ Harry’s page က တစ်ဖန်ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ ထုံးစံအတိုင်းပဲ ၁၉၉၀ ပြည့်နှစ်လွန်ပိုင်းကာလတွေ ...
09/18/2022

အားလုံးပဲ မင်္ဂလာပါ၊ Harry’s page က တစ်ဖန်ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီနေ့ ထုံးစံအတိုင်းပဲ ၁၉၉၀ ပြည့်နှစ်လွန်ပိုင်းကာလတွေ ဒါမှမဟုတ် ကိုဟယ်ရီတို့ ငယ်ငယ်တုန်းက အကြောင်းလေးတွေပြောပြမယ်။

ငယ်ငယ်တုန်းကဆို အခုလောက် အစားအသောက်တွေ မပေါခဲ့ဘူး။ အထူးသဖြင့် နယ်ဘက်တွေမှာဆို ထမင်းဟင်းကလွဲလို့ အပို သွားရည်စာ စားသောက်စရာသိပ်မရှိခဲ့ဘူး။ ငယ်ငယ်ကဆို မနက်ဖက် ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ စားတော်ပဲပေါင်းတွေက အသက် ဖြစ်ခဲ့သလို၊ နေ့လည်ဘက် ဆိုရင် မုန့်စိမ်းပေါင်း၊ ပဲနီစေ့ပြုတ်ပြောင်းစေ့ပြုတ်သည်၊ မန်းမရွေးသည်တွေ ကလွဲလို့ စားစရာ သိပ်မရှိခဲ့ဘူး။ နောက်ပိုင်းမှသာ ရွှေရင်အေး ၊ မုန့်လက်ဆောင်းသည်တွေ၊
ရေခဲခြစ်သည်တွေ မန်ကျည်းဖျော်ရည်သည်တွေ အလျိုလျိုပေါ်ပေါက်လာတာ။ ဒါပေသိ လွမ်းစရာကောင်းတဲ့ နွေရာသီနေ့လည်ခင်းများပါပဲ။

မုန့်ပဲသွားရည်စာ ရှားတယ်ဆိုသည့်တိုင်အောင် အသီးအနှံတွေကတော့ ပေါပါတယ်။
ရေလည်ကျွန်းတွေမှာစိုက်တဲ့ ဖရဲခင်း သခွါးခင်းတွေက ရတဲ့ ဖရဲသီး တွေကို ကြိုးနဲ့ဆွဲပြီး နောက်ဖေးက စမ်းချောင်းထဲမှာ စိမ်၊ တအောင့်နေပြီးမှ ခွဲစား။ ရေခဲသေတ္တာမလိုပါဘူးကွာ။ ချိုအေးမွှေးနေတာ။ သခွါးသီးမှည့်ဆိုရင်လည်း အဲ့လိုပဲ ၊ အချိုနည်းနည်းပေါ့ရင် သကြားဖြူဖြူလေး နှစ်စွန်းလောက်ထည့်ပြီး စားလိုက် သိပ်ကိုအရသာရှိသော ချိုအေးမွှေးလေးတွေပါ။ ပန်းသီး လိမ္မော်သီးကတော့
အဖေရန်ကုန်သွားမှ တစ်ခါတစ်လေ စားရတယ်။ မှတ်မိပါသေးတယ်၊ အဖေ့ကျေးဇူးတွေကို။ အဖေက ရုံးဝန်ထမ်းဆိုပေသိ မကြာမကြာ ရန်ကုန်ကို ခရီးထွက်ရတယ်။ အဲ့တုန်းက express ဆိုတာကြီးတွေ မပေါ်သေးဘူး။ ဧရာအရှေ့ ဆိုတဲ့ bus ကားကြီးတွေနဲ့ ရန်ကုန်သွားတယ်။ အဖေရန်ကုန်သွားမယ့်ညဆိုရင် အိမ်ရှေ့က ဧရာအရှေ့ကားကြီး ရန်ကုန်ကို ခရီးထွက်သွားတာကိုတွေ့ရင် “ဧရာအရှေ့ ကားကြီးရေ …. သားကို လိမ္မော်သီးတွေ ၊ ပန်းသီးတွေ အများကြီး ဝယ်ခဲ့ပေးပါလို့” အိမ်ပေါ်ထပ်ကနေ လှမ်းအော်ခဲ့ဖူးတယ်။ အဖေ ရန်ကုန်က ပြန်လာတဲ့ ညတွေဆို မနက်စောစော အဖေ့ ခရီးဆောင်အိတ်တွေထဲ ထပြီးမွှေရတဲ့ အချိန်တွေကို အောက်မေ့မိပါတယ်။ ကစားစရာပါလာပြီဆို အရမ်းတွေပျော်တာပေါ့။ စားစရာပါလည်းပျော်တာပဲ။ အဖေက ဘယ်ကို ခရီးသွားသွား၊ အိမ်အတွက် သားတွေအတွက် ၊ သူ့မိန်းမအတွက် ကောင်းနိုးရာရာလေးတွေ အမြဲဝယ်လာပေးတယ်။ ကျန်တာတော့ သိပ်ကပ်စေးနည်းတယ်။ အခု အသက်ကြီးလာတော့ ပိုပြီးကပ်စေးနည်းနေကြလို့ အတော်အသင့်တော့ သုံးပါလို့ မနည်းပြောယူရပါတယ်။

ငယ်ငယ်တုန်းက ကျတော်တို့ခြံထဲမှာ သရက်ပင်ကြီးတွေရှိတယ်။ အဲ့သရက်ပင်က သရက်သီးတွေကလည်း အရမ်းချိုတာ၊ မိုးဦးကျပြီဆိုကတည်းက သရက်ပင်အောက်မှာ သရက်သီးအကင်းလေးတွေ အပြေးအလွှားကောက်၊ ငပိချက်လေးနဲ့ တို့ပြီးစား၊ အရမ်းပေါ့ သဲလေးရယ် ဆိုတာမျိုး။
မှည့်သွားရင်လည်း အချိုပွဲလုပ်စား၊ အသီးမှာ သရက်ဆိုသလို သရက်သီးရဲ့ ပင်ကိုယ်အချိုကို ဘယ်အသီးမှ လိုက်မမှီပါဘူး။ အခုတော့ သရက်ပင်ကြီးလည်း မရှိတော့သလို သရက်ပင်စိုက်ခဲ့တဲ့အဖွားလည်း မရှိခဲ့တော့ဘူး။

အဖွားက ခြံထဲမှာ သီးပင်စားပင်မျိုးစုံကို စိုက်ပေးခဲ့တာ။ ဗူးပင် ဆို ဗူးစင်နဲ့။ (တစ်ခါကတော့ ကိုဟယ်ရီ ငယ်ငယ်လေးတုန်းက ကျန်ကျောင်းစိတ်ဝင်ပြီး
ဗူးညွန့်တွေကို ဝါးခြမ်းပြားနဲ့ ဆော်ထည့်တာ၊ ဗူးညွန့်တွေ ပြားပြားကြေကုန်လို့ ၊ အဖွားက ဒေါသတွေထွက်ခဲ့သေးတယ်။ နောက်ပိုင်းမှ ကြေသွားတဲ့ ဗူးညွန့်က အတက် ၃ တက်ထွက်ပြီး သီးလိုက်တဲ့ ဘူးသီးတွေ စားမကုန်ခဲ့ဘူးတဲ့) ၊ ခရမ်းသီးပင်တွေ၊ ခရမ်းချဉ်ပင်တွေ၊ မာလကာသီးပင်တွေ၊ သူ့အတန်းနဲ့သူ ညီနေအောင်စိုက်ထားတာ ၊ Organic စစ်စစ်ဆိုတော့ သိပ်ကို အရသာကောင်းတယ်လို့ ပြောကြတာ ကြားခဲ့ဖူးတယ်။ အသက်ကြီးလာရင်တော့ ခြံကျယ်ကျယ်မှာ သီးပင်စားပင်တွေပဲစိုက်ချင်တဲ့ ရည်ရွယ်ချက်ကတော့ အဲ့ကတည်းက စခဲ့တာလား မသိတော့ပါဘူး။

ဒီလိုနဲ့ နယ်မြို့လေးတွေရဲ့ လိမ္မော်ရောင်တောက်နေတဲ့ ညနေခင်းတွေမှာဆိုရင် ရပ်ကွက်ထဲမှာ အကြော်ဆိုင်လေးတွေ အလျိုလျို ပေါ်လာကြတယ်။ အဲ့အချိန်မှာ မေဆွိရဲ့ “ လမ်းဘေးနားက အကြော်ဆိုင် နားမှာမထိုင်ချင်ဘူး၊ ဝမ်းတီးတူးတီး ကော်ဖီဆိုင်မှာ မသောက်ချင်ဘူး” ဆိုတဲ့သီချင်းလေးက ခေတ်စားကာစ ဆိုပေမယ့် ….. ကိုဟယ်ရီတို့လို နယ်မှာ ကြီးပြင်းခဲ့ကြတဲ့လူတွေကတော့ အကြော်ဆိုင်လေးတွေက စားသောက်ဆိုင်တစ်ဆိုင်ပမာ တခုတ်တရရှိလှပါတယ်။ မနက်စောစောဆိုရင် တန်းစီပြီးမှဝယ်ရတဲ့အကြော်ဆိုင်တွေရှိသလို၊ ညနေဘက်မှာတန်းစီပြီး ဝယ်ရတဲ့ အကြော်ဆိုင်တွေရှိတယ်။

အကြော်ဆိုင်ဆိုလို့ ဆိုင်ကြီးကန္နားကြီး မဟုတ်ဘူး။ မျက်လုံးထဲ မြင်အောင်ပြောပြမယ်။ ကုက္ကိုလ်ပင်လို၊ မန်ကျည်းပင်လို ထနောင်းပင်၊တမာပင် လို အပင်ကြီးကြီးအရိပ်ကောင်းကောင်း အပင်ကြီး တစ်ပင်ပင်ရဲ့အောက်မှာ သက်ငယ်မိုး ဝါးလေးချောင်းကာထားတဲ့ တစ်ဖက်ရပ်တဲငယ်လေးတွေပါပဲ။ ဆိုင်ရဲ့ အပြင်အဆင်ကိုလည်းမေးဦး၊ မုန့်နှစ်တွေကို အရည်ဖျော်ထားတဲ့ စဉ့်အိုးကတစ်လုံး၊ ဘူးသီးနုနုတွေကိုပါးပါးလှီးထားတဲ့ ဗန်း၊ ကြက်သွန်နီတွေပါးပါးလှီးပြီး ဖြန့်ထားတဲ့ဗန်း၊ ပဲတွေခြေထားပြီး မုန့်နှစ်နဲ့ရောထားတဲ့ဗန်းကတစ်ဗန်း၊ အသီးအနှံ အရွက်အစုံကို ရေဆေးပြီး တောင်းတစ်လုံးနဲ့ချထား။ ထင်းမီးဖိုတစ်ဖို၊ ရေနွေးအိုးတစ်အိုး၊ ဆီထည့်ထားတဲ့ ဒယ်အိုး၊ ယောင်းမနဲ့ စကာခုံးတစ်ခု။ that’s all

အဲ့လိုအကြော်ဆိုင်လေးတွေက ၁၉၉၀ ပြည့်နှစ်လွန်ပိုင်းကာလတွေရဲ့ အမှတ်သညာတစ်ခုဖြစ်ရုံသာမက အခုခေတ်အထိပါ မတိမ်မြုပ်သေးတဲ့ အမှတ်သညာတစ်ခုဖြစ်လာခဲ့တာကိုတွေ့ရတယ်။ အကြော်ဆိုင်မှာ ဘာတွေရနိုင်သလဲဆိုတော့ ဘူးသီးကြော်၊ ဗယာကြော်၊ ကြက်သွန်ကြော်၊ အာလူးကြော်၊
မတ်ပဲကွင်းကြော်၊ ပဲကပ်ကြော် တွေအပြင် အခုနောက်ပိုင်း ပုဇွန်ကြော် ၊ ငါးကြော်လို အကြော်မျိုးတွေ ရုံးပတီသီးကြော်၊ ဆူးပုတ်ရွက်ကြော်၊ ပုဇွန်စာရွက်ကြော်၊ စတဲ့ အရွက်ကြော်တွေပါရတတ်တယ်။

အချဉ်ကတော့ မန်ကျည်းသီးအနှစ်ကို ထန်းလျက်ရည်နဲ့ကျိုပြီး ပူစီနံရွက်များများ၊ ငရုတ်သီးစိမ်းကြက်သွန်ဖြူများများ ထောင်းထည့်ထားတဲ့ အချဉ်ပါပဲ။ အရမ်းမွှေးပြီး အကြော်နဲ့ လိုက်ဖက်တယ်လို့ပြောလို့ရပါတယ်။

အဲ့အချိန်တုန်းက မီးခိုတအူအူ နဲ့ ညနေခင်းတွေဟာ ပိုပြီး အရောင်တောက်တယ်လို့ ထင်မိတယ်။ ကလေးတွေရဲ့ စာအံသံတွေဟာလည်း ပိုကျယ်သလိုပဲ။ နွေဟာ အခုလောက်မပူသေးဘူး။

မနက်စောစောမှာ ထမင်းပူပူနဲ့ အကြော်ပူပူနဲ့ကို
ငပိဖုတ်နဲ့ လွေးပြီးမှ လုပ်ငန်းခွင်၊ ကျောင်းခွင် ဝင်ကြရတဲ့ ငယ်ဘဝလေးတွေက အခုအချိန်ထိ အောက်မေ့စရာတွေပါ။ မုန့်ဟင်းခါး နဲ့ ခေါက်ဆွဲဆိုတာကို နေ့တိုင်းမစားနိုင်တဲ့ လူလတ်တန်းစား ဝန်ထမ်းမိသားစုတွေအတွက် အကြော်ဆိုင်ကလေးတွေက တစ်ထောင့်တစ်နေရာက အကျိုးပြုနေသလိုပါပဲ။

ညနေဘက်ဆို ဟင်းမဝယ်ဖြစ်တဲ့နေ့တွေဆိုရင်
ထမင်းတစ်အိုးချက်ပြီး အကြော်လေးကိုဝယ်၊ ဂေါ်ဖီပါးပါးလှီး မန်ကျည်းချဉ်လေးထည့် ပူစီနံရွက်ကလေးတွေ ညှပ်ထည့် အိမ်ရှေ့က မိုးမျှော် ငရုတ်တောင့်လေးတွေရေဆေးပြီးညှပ်ထည့် ၊ ပဲမှုန့်စီးစီးလေးနဲ့ ရောနယ်လိုက်ရင် အကြော်သုပ်တစ်ပွဲဖြစ်သွားပြီး တစ်အိမ်လုံး မျှတ စားလိုက်လေ့ရှိကြတယ်။ နောက်ထပ် ငပိချက်တစ်ခွက်ချက်ပြီး မျှတစားရတယ်ဆိုပေမယ့် အဲ့ထမင်းဝိုင်းမှာ မိသားစုရဲ့ နွေးထွေးမှု့တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ခြိုးခြံချွေတာခြင်းတွေ အထင်းသားမြင်နေရတဲ့ နွေလယ်ညနေခင်းများပါပဲ။

အဲ့ဒီ့လိုပဲ ၁၉၉၀ ပြည့်နှစ်လွန်ပိုင်းကာလတွေရဲ့ လိမ္မော်ရောင်ညနေခင်း၊ ပုစဉ်းတွေနဲ့ စက္ကူစွန်ငယ်လေးတွေ ကောင်းကင်မှာ ဖြတ်ပျံနေကြတဲ့အချိန်၊ ဗီဒီယိုရုံက အသံချဲ့စက်အသံတွေ၊ အဝေးက ဘုန်းကြီးကျောင်းဆီက ဝတ်ရွတ်သံပြိုင်တွေ၊ လမ်းပေါ်ကပြေးတမ်းလိုက်တမ်းဆော့ကြတဲ့ ကလေးတွေရဲ့ အသံတွေဟာ ….. ထနောင်းပင်အရိပ်အောက်
အကြော်ဆိုင်တွေက ထွက်လာတဲ့ မီးခိုးငွေ့တွေနဲ့အတူ လေနှင်ရာများ လွင့်ပါခဲ့လေသလားလို့ တွေးမိနေသေးပါတယ်……
ဪ ….. လွမ်းစရာ ငယ်ဘဝတွေပါလား။

ထုံးစံအတိုင်း comment တွေမှာ စာဖတ်ပေးသူမိဘတွေရဲ့ ငယ်ဘဝအကြောင်းလေးတွေ ဆွေးနွေးပေးသွားကြပါလား၊ အတွေ့အကြုံလေးတွေ ဖလှယ်ကြရင်း ကျတော်တို့ဟာ တူညီတဲ့ ခေတ်တစ်ခေတ်ကို ဖြတ်သန်းခဲ့ကြဖူးတယ်ဆိုတဲ့အကြောင်းလေး ဆွေးနွေးကြရအောင်လားဗျာ။

မေတ္တာများဖြင့်
ကိုဟယ်ရီ

အားလုံးပဲ မင်္ဂလာညချမ်းလေးပါ ခင်ဗျာ။ Harry’s page ကနေ ပြန် လည်ကြိုဆိုလိုက်ပါတယ်။စာဖတ်သူတွေနဲ့ အလှမ်းဝေးနေတာက အလုပ်တွေမျာ...
06/04/2022

အားလုံးပဲ မင်္ဂလာညချမ်းလေးပါ ခင်ဗျာ။ Harry’s page ကနေ ပြန် လည်ကြိုဆိုလိုက်ပါတယ်။

စာဖတ်သူတွေနဲ့ အလှမ်းဝေးနေတာက အလုပ်တွေများပြီး စာရေးကြဲနေတာ ဖြစ်တဲ့အတွက်
စိတ်မရှိကြပါနဲ့ခင်ဗျာ။

ဒီနေ့တော့ နည်းနည်း creepy ဖြစ်တဲ့
ကိုဟယ်ရီတို့ တက္ကသိုလ် တက်ခဲ့တုန်းက ကြုံခဲ့ရတဲ့ ပရလောက က တစုံတရာတွေ အကြောင်းပြောပြမယ်။

ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော် အချိန်ကာလအားဖြင့် ၂၀၀၆ -၂၀၀၇ ခုနှစ်ကပေါ့။
ကျတော်က နယ်ကဆိုတော့ တက္ကသိုလ်ကို မကွေးနဲ့ ပြည်တစ်ခုခုတက်ရမှာ ဆိုပေမယ့် မိဘတွေက ရန်ကုန်က ဒဂုံတက္ကသိုလ်မှာ သွားတက်စေတယ်။
နေဖို့အတွက်ကတော့
ဒဂုံတက္ကသိုလ်ရဲ့ ရှေ့မှာ တက္ကသိုလ်ရိပ်မွန်ဥယျာဉ်ဆိုတဲ့ ရိပ်မွန်ကြီးတစ်ခု ရှိတယ်။
ဒဂုံတက္ကသိုလ်ဖွင့်စ ကတော့ ကြီးကျယ်ခမ်းနားတဲ့ ရိပ်မွန်ကြီး တစ်ခု ဖြစ်ခဲ့ပုံရပေမယ့် ကျတော် ရောက်သွားတဲ့အချိန်တုန်းကတော့ လူမနေတဲ့ အိမ်အလွတ်တွေ၊ မြက်ရိုင်းရှည်တွေပေါက်နေတဲ့ ခြံအလွတ်တွေကများ ပြီး ခြောက်ခြားဖွယ့် ဖြစ်နေခဲ့ပါတယ်။ မိဘတွေက သူတို့သား မလည်မဝယ် ကောင်လေးကို အဆောင်ထားရမှာ စိတ်မချဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရိပ်မွန်ရဲ့ အလည် လောက်မှာရှိတဲ့ ၂ ထပ်တိုက်ဟောင်းတစ်ခုစီမှာ 1st semester အတွက် အခန်းငှါးပေးခဲ့တယ်။

ရိပ်မွန်မှာ လမ်းသွယ်တွေရဲ့ နာမည်တွေကို ပန်းနာမည်တွေ အသီးသီးပေးထားပါတယ်၊ ကျတော်နေမယ့် တိုက်ခန်းရှိတဲ့လမ်းကတော့ ဇီဇဝါလမ်း လို့ အမည်ရတယ်။ ဘေးနားမှာ လည်း ပုံစံတူ ၂ ထပ်တိုက်တွေရှိပေမယ့် မြက်ရိုင်းတောတွေက ဖုံးအုပ်ထားကြတာများတော့ လူမနေတာကြာမှန်း သိသာပါတယ်။
တိုက်ခန်းခတွေချေပြီးတော့ ကျတော်နေမယ့် တိုက်ခန်းက ၂ ထပ်လုံးချင်းတိုက်ရဲ့ အပေါ်ထပ် ဝရံတာပါတဲ့အခန်းပါ။ အပေါ်ထပ်မှာ အခန်း ၂ ခန်း နဲ့ ရေချိုးခန်းတစ်ခန်းပါရှိတယ်။
ကျတော်ကတော့ ဝရံတာပါတဲ့အခန်းကို ယူဖြစ်တော့ ဘေးအခန်းကို ပင့်ကူမျှင်တွေ ဒင်းကြမ်းတက်နေတဲ့ သော့ခလောက်အဟောင်းတစ်ခုနဲ့ ခတ်ထားတာ တွေ့ရတယ်။ အိမ်ကို စောင့်ရှောက်တဲ့ လူတွေပြောပုံအရဆိုရင်တော့ စတိုခန်းသဘောမျိုးနဲ့ လူမနေပါဘူးတဲ့။
ရေချိုးခန်းကရှိပေမယ့် ရေစက်မော်တာကို လူခိုးသွားလို့ သုံးလို့မရပါဘူးတဲ့။ အဲ့တော့ ရေချိုးခန်း အိမ်သာ သွားရင် အောက်ထပ်မှာ ဆင်းပြီး သွားရပါတယ်။ အောက်ထပ်မှာတော့ အိမ်ကိုစောင့်ရှောက်တဲ့ အဖွား တစ်ယောက်နဲ့ သူ့သား အရက်သမားတစ်ယောက်က ညဆိုရင် လာအိပ်ပေးတယ်။

အိမ်အပေါ်ထပ်မှာ ကျတော် တစ်ယောက်တည်းပေါ့။
စရောက်ခါစနေ့များကတော့ သိပ်ပြီး မထူးခြားပါဘူး။ ကိုယ်ကလည်း တက္ကသိုလ်တက်ရမယ့်လူဆိုတော့ စိတ်တွေခုန်ပြီး ပျော်နေတာ တစ်ခုပါပဲ။
ဒါပေမယ့် နေပြီးလို့ ၂ ပါတ်လောက်ကြာတော့ ကျတော် ကျောင်းကပြန်လာတော့ ညနေစောင်းနေပြီ ။ အိမ်အပေါ်ထပ် ဝရံတာမှာ နောက်ကျောပေးနေတဲ့ လူလိုလို အရိပ်တစ်ခုကို မျက်လုံးထောင့်ထဲမှာ တွေ့လိုက်ရတယ်။ ကျတော်က မကြောက်တတ်တဲ့လူဆိုတော့ “ဪ … ငါမျက်စိမှားတာ နေမှာပါ လို့ပဲ “ တွေးလိုက်တယ်။ ညဘက် စာတွေဘာတွေ လုပ်ပြီးတော့ ဘုရားရှိခိုးပြီး အိပ်လိုက်တော့တယ်။ ညရောက်တော့ ရင်ဘက်ပေါ်ကို တစ်ယောက်ယောက်က တက်ဖိ ထားသလို ခံစားရတယ်။ သိတော့ သိလိုက်ရတယ် ဒါက အများပြောတဲ့ ဘီလူးစီးတဲ့ သဘောမျိုးပါဆိုပြီး အတင်းရုန်းကန်တော့မှ ထလို့ရတယ်။ မကြောက်ပေမယ့် ချွေးစေးတွေပြန် ပြီးတော့ နိုးလာခဲ့တယ်။ နောက်ပိုင်းရက်တွေတော့ ကျတော် ပက်လက်လှန်ပြီး မအိပ်ဖြစ်တော့ဘူး။ ဒါပေမယ့် ကျတော့်ရဲ့ ခြင်ထောင်ဘေးကနေ လူတစ်ယောက်လမ်းလျှောက်နေသလို ခြေသံတွေကြားရတယ်၊ ကျတော်က မကြောက်တဲ့ အတွက်နောက်ပိုင်းတော့ ခြေသံတွေက ရိုးသွားခဲ့ပါတယ်။

နောက်ရက်ညတွေမှာ ရေမတင်ရလို့ အသုံးမပြုတဲ့ ရေချိုးခန်းထဲကနေ ရေချိုးနေတဲ့ ရေပန်းသံတွေကြားရတော့ ရထားတွဲပုံစံ မီးအိမ်လေးနဲ့ အထဲဝင်ကြည့်လိုက်တော့ ရေချိုးခန်းကြမ်းပြင်မှာ ဘာရေစက်မှ မရှိတာကို တွေ့ရတယ်။ ဒါပေမယ့်တံခါးကိုပိတ်လိုက်တာနဲ့ ရေတွေ တဝေါဝေါ ချိုးနေသံကို ပြန်ကြားရတယ်။ ပြန်ဖွင့်ကြည့်လိုက်ရင် ဘာမှ ရှိမနေပဲ တံခါးပိတ်လိုက်တာနဲ့ ရေကျသံတွေ တောက်လျှောက်ပြန်ကြားရတယ်။ ကျတော်က ငယ်သေးတဲ့အရွယ်၊ ပြီးတော့ ရွတ်တဲ့လူဆိုတော့ “ဪ ဒီကောင်လည်း ပူလို့ရေချိုးတာ ဖြစါမှာပေါ့” လို့ပဲ ရွှတ်နောက်နောက်တွေးလိုက်တယ်။

ဒီလိုနဲ့ ကျတော်လည်းကျောင်းမှာ သူငယ်ချင်းတွေဘာတွေရပြီး ကျတော့်သူငယ်ချင်းတွေတစ်ချို့ အခန်းထဲမှာ စာလာလုပ်ကြပြီး လာနေကြတယ်။ သူတို့ကတော့ အဆောင်တွေကို ပြောင်းနေပါလို့ အကြံပေးတယ်။ မင်းက မကြောက်ပေမယ့် ဒီမှာ မင်းကို စိတ်မချဘူးလို့ပြောကြတယ် ။ ကျတော်လည်း “ အိုကေပေါ့… နောက် semester ကျရင်တော့ အဆောင်ပြောင်းနေမယ်လို့ ပဲ တွေးထားလိုက်မိတယ်။

ဒီလိုနဲ့ စာမေးပွဲတွေဖြေရတဲ့အချိန်ရောက်လာတယ်။ ညဘက် ကျတော် စာကျက်နေတော့ poetry မှာ English poem တစ်ခု နာမည်က someone တဲ့။
ဘာသာပြန်ပြီး ကျက်နေတော့ “ဇာတ်လမ်းအကျဉ်းက စာရေးသူတစ်ယောက်တည်း ရှိနေစဉ် တစ်စုံတစ်ယောက်က တံခါးလာခေါက်တယ်။ စာရေးသူ ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ မှောင်မဲတိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကလွဲလို့ ဘာမှ မတွေ့ရဘူး” ဆိုတဲ့အကြောင်းပေါ့။ ညလယ် ၂ နာရီလောက်ရောက်တဲ့အခါ ကျတော့် အခန်းတံခါးကို လာခေါက်တယ်။ ဒေါက် ဒေါက် ဒေါက် ဆိုပြီး …. ကျတော် ဖွင့်ကြည့်လိုက်တော့ poetry ထဲကလို မှောင်မဲနေတဲ့ ပါတ်ဝန်းကျင်က လွဲလို့ ဘာမှ မတွေ့ရဘူး။ အဲ့တာနဲ့ အခန်းတံခါး ကို ပိတ်ပြီး ပြန်ဝင်လာတော့ မှန်ပြတင်းပေါက် ၆ ခုလုံးကို လက်ဝါးနဲ့ ရိုက်သွားတာကို ရုတ်တရက် တွေ့ရတယ်။

ကျတော်လည်း အမြန် တံခါးဖွင့်ပြီး ပြတင်းပေါက်က ကြည့်လိုက်တော့ မှန်ပြတင်းနဲ့ မြေပြင်နဲ့ဆို အနည်းဆုံး ပေ ၂၀ လောက်ကွာနေတာ တွေ့ရတယ်။ အဲ့အချိန်မှာတော့ လူကနည်းနည်းလေးတော့ ဖြုံသွားတယ်။
တကယ်လို့ လူသာ ပြတင်းပေါက်ကို
ပုတ်သွားတယ်ဆို အဲ့လူရဲ့ အရပ်က ပေ ၂၀ ကျော် ရှိရမယ်လေ။ လက်ဖဝါးအရိပ် နဲ့ မှန် ပြတင်း ခြောက်ခုလုံးကို တစ်ချိန်တည်း ပုတ်သွားတာကို မြင်လိုက်ရတဲ့အတွက် လူတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးလို့ တွေးမိလိုက်တယ်။ အကယ်၍ လူမဟုတ်ဘူးဆိုလျှင် အဆိုပါမကောင်းဆိုးဝါးသည် ပေ၂၀ ရှိသော အကောင်ဖြစ်ပေလိမ့်မည်။ ဘာပဲပြောပြော ကျတော် လည်း အဆောင်ကို ပြောင်းတော့မှာဆိုတော့ စိတ်ကို ဒုန်းဒုန်းချပြီး ကျောချမ်းချမ်းနဲ့ အိပ်လိုက်တော့တယ်။

ဒီလိုနဲ့ စာမေးပွဲနောက်ဆုံးနေ့ရောက်လာတော့ အတော်ကို ထိတ်လန့်စရာကောင်းတဲ့ တစ်စုံတစ်ရာကို အဲ့ဒီ့အိမ်မှာ ကြုံခဲ့ရပါတော့တယ်။
အဲ့နေ့တုန်းက အိမ်မှာ အစောင့်အဖွားရဲ့ သားသမီးမြေးတွေ နေပြည်တော်ကရောက်လာတော့ အိမ်အောက်ထပ်မှာ ဆူဆူကြီးညံနေတာပေါ့။ ဒီလိုနဲ့
အချိန်က ညနေ နေဝင်ရီတရောအချိန်၊ မီးပျက်နေတော့ ကျတော်လည်း စောစောစားသောက်ပြီးလို့ အခန်းထဲမှာ မီးအိမ်လေးနဲ့ စာလုပ်နေတဲ့အချိန်ရောက်တော့ အော်သံကြားလို့ပြေးကြည့်တော့ ၊
လှေခါးတစ်ဆစ်ချိုးမှာ အဖွားက ပက်လက်လန်လဲ ပြီး ဘေးမှာလည်း ဖယောင်းတိုင် အတိုတစ်တိုင်နဲ့ လက်ဖက်သုပ်ပန်းကန်က ပြန့်ကျဲနေတယ်။ ကျတော့်စိတ်ထဲ မသိုးမသန့်တော့ ခံစားလိုက်ရပေမယ့် အဖွားကို သွားထူပေးပြီး ဆရာဝန်တွေဘာတွေ ပြပေးလိုက်ရတယ်။
အဖွားက အမှန်တော့ လန့်ပြီး မေ့လဲသွားတာ။

နောက်နေ့ကျ ကျတော်လည်း စာမေးပွဲဖြေပြီး အိမ်ပြန်ဖို့ အထုပ်တွေ ဘာတွေသိမ်းပြီး အဖွားကို လူနာသွားမေးတော့ အဖွားက ပြောပြတယ်။

မနေ့တုန်းက လူလေး ကို အဖွားက လက်ဖက်သုပ်လာပို့တာ ဖယောင်းတိုင်လေးကိုင်ပြီး။ အဲ့တာလှေခါး တစ်ဆစ်ချိုးကနေတက်လာပြီး လူလေးအခန်းဝမှာ လူတစ်ယောက်သဏ္ဠာန်က လူလေးအခန်းထဲကို ချောင်းကြည့်သလို ကုန်းကွကွ နဲ့ လုပ်နေတော့ အဖွားက လူလေးထင်ပြီး “ ဟဲ့ လူလေး… မှောင်ကြီးမဲမဲ အခန်းထဲမဝင်ပဲ ဘာလုပ်နေတာလဲ” လို့ ဖယောင်းတိုင်လေး မပြီး မေးလိုက်တော့ အဲ့လူက အဖွားရှိတဲ့ ဘက်ကို ကိုယ်လုံးလှည့်လာတယ် ။ အဲ့မှာ အဖွားက လန့်ပြီး ခြေချော်ကျတာ လို့ပြောရှာတယ်။
အဖွားတွေ့လိုက်ရတဲ့ တစ်စုံတစ်ရာက ကိုယ်လုံးလှည့်လာပေမယ့် ခေါင်းပါမလာဘူး၊ ပြီးတော့ တစ်ကိုယ်လုံးမှာ အမွှေးအမှင်တွေဖုံးထားတဲ့ မဲမဲလုံးလုံးသဏ္ဠာန်ကြီးက အဖွားရှိတဲ့ဘက်လှည့်လာပြီးနောက် သော့ခတ်ထားတဲ့ တစ်ဖက်ကစတိုခန်းဘက် ဝင်ရောက်ပျောက်ကွယ်သွားတယ်လို့ ပြောတယ်။

အဖွားခမျာလည်း မသေကောင်းမပျောက်ကောင်း။
ကျတော်လည်း အိမ်ပြန်ပြီးရော အဖွားကိုလည်း သူ့သားသမီးတွေက နေပြည်တော်ပြန်ခေါ်သွားတယ်လို့ကြားလိုက်ပါတယ်။ အဲ့အိမ်ကြီးကိုတော့ အခုအထိ သော့ပိတ်ထားတုန်းလို့ နောက်ဆုံးကြားခဲ့ရပါတယ်။

ကျတော် စဉ်းစားကြည့်မိတော့ အဲ့တစ်စုံတစ်ရာက ကျတော်တို့ မလာခင်ကတည်းက အိမ်မှာ ရှိနေပုံရပါတယ်။ အခန်းထဲမဝင်သာတော့ အပြင်ဘက်ကနေ ပတ်ပြီး ချောင်းနေပုံရပါတယ်။ တကယ်တော့ ပရလောက ဆိုတာ ယုံဖို့လည်း ခက်၊ မယုံလို့လည်း မရတာတော့ အမှန်ပါပဲ။
တချို့ တစုံတရာတွေကတော့ မိတ်ဖွဲ့ချင်တာ၊ အမျှအတန်း လိုချင်တာတွေရှိသလို သူတို့ရဲ့ ပုံပန်းသဏ္ဠာန်တွေကတော့ လူမြင်လို့ မသင့်တော်ပဲ ကံနိမ့်နေတဲ့ လူတွေမှသာ ကြုံတတ်ကြသလားဆိုတာ အခုထိ အဖြေရှာမရတဲ့ ပုစ္ဆာ တစ်ပုဒ်လိုပါပဲ။

စာဖတ်သူတို့လည်း ပရလောက က တစုံတရာတွေနဲ့ကြုံခဲ့ဖူးတယ်ဆိုရင် ထုံးစံအတိုင်း comment မှာ အပြန်အလှန် ဆွေးနွေးပြောဆိုကြတာပေါ့ဗျာ။

စာဖတ်သူများ စိတ်၏ချမ်းသာခြင်း ၊
ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ရင်ထဲက ဆုတောင်းပေးလိုက်ပါတယ်။

ခင်မင်စွာဖြင့်
ဟယ်ရီ

Address

New York, NY

Website

Alerts

Be the first to know and let us send you an email when HARRY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to HARRY:

Share

Category