04/14/2025
မင်္ဂလာပါ Harry’s page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။
နှစ်သစ်မှာ စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပြီး ရန်သူမျိုးငါးပါး အစရှိတဲ့ ဘေးဘယာတွေ ကင်းစင်ပါစေလို့ ပဏာမ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။
ဟိုအရင်သကြင်္န်ရက်များ
လွမ်းမောစွာတမ်းတ နေရတဲ့အချိန်တွေမှာ ဟိုးအရင်က သကြင်္န်ရက်တွေက ထိပ်ဆုံးကပါတယ်။ ခံစားမှု့နဲ့ပါတ်သက်ရင်တော့ ရာသီဥတုက ပူလောင်အိုက်စပ်နေတဲ့ ဟိုးဆယ်စုနှစ် တစ်ချို့အလွန်က နွေရာသီတွေမှာဆိုရင် …. သကြင်္န်မရောက်ခင် တစ်ပါတ်လောက်ကတည်းက သကြင်္န်ပိုး လို့ ခေါ်တဲ့ စိတ်ခံစားမှု့ peak(အထွက်အထိပ်) ကာလ တွေလို့ပြောလို့ရတယ်။ ကျားမ လူကြီးလူငယ် မရွေး သကြင်္န်အတွက်ကို တစ်လ အကြိုလောက်ကတည်းက ရင်ခုန်ပြီး ကြိုတင်ပြင်ဆင်ကြလေ့ရှိတယ်။
လူပျိုတွေက ဂျစ်ကားအမိုးပွင့်တွေ ကြိုငှါး၊ လူစုလေ့ရှိပြီး အပျိုတွေကတော့ ဘယ်မဏ္ဏပ်ထိုင်ကြမလဲ၊ ဘယ်လို ဖက်ရှင်တွေ ဝတ်ကြမလဲ ဆိုတာတွေကို တီးတိုးတိုင်ပင်နေကြတဲ့အချိန်မှာ ကလေးတစ်သိုက်ကတော့ အုန်းလက်မဏ္ဏပ်ထိုးဖို့၊ ရေပြွတ်လှလှလေး ဝယ်ဖို့ တာစူနေကြတယ်။ လူကြီးတွေကတော့ ဘယ်နေ့မှာ ဘာ စတုဒီသာကျွေးမယ်၊ ဘယ်ဘုန်းကြီးကျောင်းမှာ သီလ ယူကြမယ် စသဖြင့် စီမံခန့်ခွဲနေကြလေ့ရှိတယ်။
“သင်္ကြန်နွေဦး တူးပို့တူးပို့ ........🎶🎶🎶
🎵🎵နှစ်တိုင်းလိုပဲ ငွေငန်းအရောက်လာမည် .....
သကြင်္န်ရက်တွေဟာ သိပ်ကိုပျော်စရာ ကောင်းခဲ့ပါတယ် မဏ္ဠပ် ဆိုတာ အုန်းလက်မဏ္ဠပ် ၊ အဖေက အိမ်မှ အုန်းပင်မှ အုန်းလက်များ ခုတ်ပေးကာ ကျောက်စည် ၂ စည် ချပေးထားသည် ။ ကျွန်တော်တို့တွေက အိမ်ရှေ့မှာ လာသမျှလူကို ပက်ကြသည် ။
လက်ဘက်ရည်ဆိုင်က ဖွင့်တဲ့ ရွှေမန်းမာလာ၊ နှစ်သစ်မင်္ဂလာ ၁၊၂၊၃၊၄ စတဲ့ vcd copy ခွေတွေက ရောင်းမလောက်အောင် ဖြစ်ခဲ့ကြဖူးတယ်။ သကြင်္န် မရောက်သေးခင် ကာလ တွေက ကျတော်တို့ မြန်မာပြည်သူ ပြည်သားတွေရဲ့ အလုပ်အရှုပ်ဆုံး ကာလ တွေ ရင် အခုန်ရဆုံးသော ကာလတွေ ဖြစ်ခဲ့ကြတယ်။ ရုံးသမားတွေက ပိတ်ရက်ရှည် နယ်ပြန်ကြဖို့၊ မိဘဆွေမျိုးတွေအတွက် လက်ဆောင်တွေ ဝယ်သွားဖို့ စီစဉ်နေကြသလို နယ်က မိဘတွေကလည်း သိကြားမင်းကို ကြိုဆိုဖို့ အတာအိုးတွေ ဝယ်ယူနေကြတဲ့အချိန်ပေါ့။
သကြင်္န်ကျတော့မယ် ဆိုတာနဲ့ လမ်းဘေးဝဲယာမှာ ရှိနေတဲ့ ငုဝါ ပန်းတွေက ပင်လုံးကျွတ်မျှ ပွင့်ကြတာကလည်း သကြင်္န်ရဲ့ သင်္ကေတ ပေလား။ မိုးလေး တစ်ဖြောက်နှစ်ဖြောက်လောက်ကျပြီ ဆိုတာနဲ့ အိမ်ရှေ့က ပိတောက်ပင်ကြီးက ရွှေဝါရောင် အလှဆုံး ပိတောက် ပန်းပွင့်တွေ က သကြင်္န်ရဲ့ signature အဖြစ် မွှေးပျံ့ကြိုင်လှောက်နေလေ့ရှိတယ်။ သကြင်္န်ရဲ့မင်းသားကြီး ဖြစ်တဲ့ ပိတောက်က ပျိုပျိုအိုအို အမျိုးသမီးတွေရဲ့ ခေါင်းတွေပေါ်မှာ တင့်တယ်စွာ နေရာယူထားလေ့ရှိသလို ဘုရားတန်ဆောင်း ဘုန်းကြီးကျောင်းတွေမှာလည်း ဘုရားကျောင်းဆောင် တစ်ခုလုံး ရွှေဝါရောင်ရနံ့တွေ နဲ့ မွှေးပျံ့နေလေတယ်။
ဒီလိုနဲ့ ကျတော်တို့ အားလုံး ရင်ခုန်စွာ မျှော်လင့်စောင့်စား ခဲ့ရတဲ့ သကြင်္န်အကြိုနေ့မနက်ခင်းကို ရောက်ခဲ့ပြန်ချေပြီ။ မနက်အစောကြီးကတည်းက ဖွင့်နေတဲ့ လက်ဘက်ရည်ဆိုင်က တူးပို့တူးပို့တေးသံ နဲ့အတူ အားလုံးက စိတ်လှုပ်ရှားစွာ နိုးလာတတ်ကြတယ်။
ကလေးတွေကတော့ မနက်အစောကြီးကတည်းက စျေးသွားတဲ့ လူတွေ၊ လမ်းသွားလမ်းလာတွေကို ရေပက် ဖို့ စောင့်နေကြတယ်။ ရေမစို ချင်သေးပေမယ့် ကလေးတွေ ပက်တာ မို့လို့ ခွင့်လွှတ် ပေးတတ်ကြတဲ့ မြန်မာတို့ရဲ့ ချစ်စဖွယ် ဓလေ့ကိုလည်း စတင်မြင်နိုင်ကြပါတယ်။
မြို့ပြရဲ့ မနက်ပိုင်း တစ်ဖြတ်ရေပက်တာပြီးတဲ့အချိန် လူပျိုကာလသားတွေရဲ့ ရေပက်ခံကားတွေကို စိတ်လှုပ်ရှားစွာ ရေပက်ဖို့ စောင့်နေတဲ့ သကြင်္န်မဏ္ဏပ်က လှပျိုဖြူလေးတွေ ရဲ့ ခန္တာကိုယ်တွေဟာလည်း မဏ္ဏပ်က
စီးချက်နဲ့အတူ ယိမ်းနွဲ့လှုပ်ရှားနေတာပေါ့။
“ဒီသကြင်္န် ဒိုးလေး ဒိုးလေး ဒိုးလေး မြူးကြွ
ရေနန်းဗဟိုရ် “
ရွာဘက်မှာတော့ မနက်ဆိုရင် လူကြီးသူမတွေက ဘုန်းကြီးကျောင်းကို ဆွမ်းအုပ်လေးတွေ ထမင်းချိုင့်လေးတွေ ကိုယ်စီနဲ့ တရားနာယူဖို့ သွားကြတယ်။ ရွာတွေမှာ ဆိုင်ကယ်တွေ မခေတ်စားခင်က လှည်းယဉ်ကျော့လေး တွေနဲ့ သကြင်္န်လည်လေ့ရှိကြတယ်။ လှည်းယဉ်ကျော့ ဆိုတာ နွားညီနောင်ကို သပြေခက်တွေ ပန်ပေး၊ ခြူလှလှတွေ ဆွဲပေးပြီး လှည်းယဉ်ကို ပိတောက်ပန်းတွေ သကြင်္န်ပန်းကုံးတွေနဲ့ အလှဆင်ထားတာကို ပြောတာပါ။ လှည်းယဉ်တွေပေါ်မှာတော့ သကြင်္န်ယိမ်းသမလေးတွေက ရွာလည်က မဏ္ဏပ်ကို သွားနေကြတယ်၊ ကိုလူပျို ကာလသားတွေက ရေဖလားတွေနဲ့ ဝိုင်းပက်လေ့ရှိကြတဲ့ ချစ်စရာ မြန်မာ့ ဓလေ့လေး တွေကို စိတ်မျက်စိမှာ မြင်ယောင်နေတုန်းပဲ။
သကြင်္န်မှာ အုန်းလက်မဏ္ဠပ်လာသမျှလူကို စတုဒီသာ ကျွေးခြင်း ၊ သင်္ကြန်အစားအစာများ ဖြစ်တဲ့ သင်္ကြန်ထမင်း ၊ မုန့်လုံးရေပေါ် ၊ ရွှေရင်အေး အစရှိတဲ့ စတုဒီသာများကို လာသူ အယုတ်အလတ်အမြတ်မရွေး ကျွေးမွေး ဧည့်ခံသော ချစ်စရာ မြန်မာ့ရိုးရာ ဓလေ့ပင်။
ပြီးလျှင် သနပ်ခါးကျောက်ပြင် တစ်ခု နှင့် သနပ်ခါး ဒိုင်ခံသွေးသူ အမျိုးသမီး တစ်ယောက်က စတုဒီသာ လာစားသူများကို သနပ်ခါး လိမ်းပေးခြင်းကလည်း တစ်ယောက်နဲ့ တစ်ယောက်ကို ပိုမို ရင်းနှီးခွင့်ရသယောင် ။
မန္တလေးမှာဆိုရင် ညဘက် မြို့မအလှပြငွေငန်း ယဉ်ကြီးပေါ်မှာ လှပတဲ့ မန်းပျိုဖြူတွေက ယိမ်းတွေကို ကပြလေ့ရှိတယ်။ မြို့မ နဲ့ ငွေငန်းနဲ့ မန္တလေးဆိုတာ ခွဲခြားလို့ မရအောင် ကို ပနံရလွန်းပါတယ်ဗျာ။ ငွေငန်းပဲလားဆိုတော့ မဟုတ်သေးဘူး၊ ရေနန်းဗဟိုရ် ၊ စျေးချိုသူ စတဲ့ ယိမ်းကားကြီးတွေက မြို့အနှံ့လျှောက်ပြီး ကပြလေ့ရှိတယ်။ ယိမ်းကားကြီးတွေ မြို့ထဲလှည့်ပြီဆိုရင် အသက်ရှူမှားအောင်ကို ပျော်ခဲ့ကြဖူးတဲ့ ဟိုးအရင် သကြင်္န်ရက်များပါလား။
🎵ပြန်ပါဦးမယ် ပြန်ဦးမယ် နှုတ်ခွန်းဆက်ပါတယ် ......🎼 သီချင်းနဲ့အတူ
ပျော်ရွှင်စွာ ပြီးဆုံးသွားခဲ့သော သကြင်္န်ကာလ များသည် ကျွန်တော် တို့ စိတ်မျက်စိတွင် အခုတိုင် ထင်ဟပ်နေဆဲပါ။
အကြို အကျ အကြတ် အတက် ဆိုတဲ့ သကြင်္န် ၄ ရက် ကမြန်လွန်းလို့ ရက်တွေ ပိုတိုးပါစေလို့ ဆုတောင်းရင်း တစ်ချို့သော ရက်ထပ်နှစ်တွေမှာ အကြတ်နေ့ ၂ ခါ ထပ်ခဲ့ရင် အပျော်ဆုံးဖြစ်ခဲ့သော အခိုက်အတံ့တွေကို မြင်ယောင် လွမ်းမိပါတယ်။
နှစ်ဆန်းတစ်ရက်နေ့ဆိုရင် အဝတ်အစားအသစ်တွေ ဝတ်ပြီး ရပ်ကွက်ထဲက နှစ်ဦးတရားပွဲတွေမှာ မန်ကျည်းဖျော်ရည်၊ ကျောက်ကျော၊ သံပုရာရည်၊ ဘာလီ စတဲ့ အချိုရည်တွေ စတုဒီသာ ကျွေးလေ့ရှိတယ်။
အခုဆို ထိုင်းသကြင်္န်ဆုန်ခါရမ် က အရမ်း ခေတ်မှီတိုးတက်ပြီး ခေတ်စားနေပေမယ့် ကျွန်တော်တို့ မဟာသကြင်္န်ရဲ့ အငွေ့အသက်တွေကလည်း တကယ့်ကို မြတ်နိုးစရာကောင်းပါတယ်။ ယဉ်ကျေးမှု့ အမွေအနှစ်တွေကို ပြန်လည်ထိန်းသိမ်းနိုင်မယ့် မဝေးတဲ့တစ်နေ့ကို မျှော်လင့်ရင်း
- ရေဝယ်ပက်စရာမလိုတဲ့ သကြင်္န်
- ဘယ်သူစစနောက်နောက် စိတ်မဆိုးကြတဲ့ သကြင်္န်
- သကြင်္န်မှာတွေ့ဆုံပြီး တစ်သက်စာပေါင်းဖက်သွားကြတဲ့ သကြင်္န်ဖူးစာ
- စတုဒီသာမဏ္ဏပ်တွေဆိုတာ မိုးဦးကျမှာ အလုအယက် ပေါက်လာတဲ့ မှိုကျင်းတွေလို နေရာအနှံ့မှာ တွေ့နိုင်ပြီး တွေ့တဲ့ဘယ်နေရာ ဝင်စားစား ရတဲ့ ချစ်စရာမြန်မာ့ဓလေ့
- တွေကို မြန်မာနဲ့သကြင်္န် ခွဲခြားမရအောင် ယဉ်ကျေးမှု့တွေ ပြန်လည် ထိမ်းသိမ်း နိုင်ပါစေလို့ ဆန္ဒပြုရင်း
ချစ်ခင်စွာဖြင့်
ကိုဟယ်ရီ