29/04/2025
ဘာလုပ်ရမှာလဲ
ယုံကြည်မှုတွေမရှိတော့လည်း
ဒဏ်ရာတွေတော့ကျန်နေသေးတယ်။
လူတယောက်ကို အိတ်ကပ်ထဲထည့်ပြီး
နောက်လူတယောက်ကို လက်ကဆွဲထားတယ်။
စကားတွေသိပ်တတ်ပြီး
အဓိပ္ပာယ်မရှိတဲ့ဆင်ခြေတွေက
အတိတ်ကို အခါခါသွားပြန်သတ်တယ်။
စာအုပ်ကိုနောက်တခါပြန်လှန်ပြီး
ဘယ်တခန်းက ငါနဲ့သက်ဆိုင်ခဲ့သလဲ
ဒဏ်ရာတွေပိုက်ပြီး ထပ်ခါ ထပ်ခါ
ပြန်ရှာခဲ့တယ်။
တယောက်အတွက် အထူးတလည်ဆိုခဲ့ဦးတော့
နောက်တယောက်ရောက်လာခဲ့လည်း
ဒါဟာ အထူးတလည်ပဲ။
ရွေးချယ်လို့ရတဲ့ဆက်ဆံရေးမို့ မရွေးချယ်ခဲ့တာပါ
ဒါကလည်း ဘယ်နှခါတွက်တွက် ရနေတဲ့အဖြေပဲ။
ဩဂုတ်လမရောက်ခင်တိုင်း
အဲဒီ ကျဆုံးတဲ့ ဩဂုတ်မိုးညနေများ ဆိုတာပဲ
ပြန်ပြန်ရောက်လာတယ်။
အထူးတလည် ဩဂုတ်လဟာလည်း
နောက်တယောက်အတွက် အထူးတလည်ပါပဲ။
မချစ်ရင် မုန်းပစ်လိုက်ဖို့မလိုဘူး၊
အခါခါသေအောင်လုပ်ဖို့ပဲလိုတယ်
အဲဒီစိတ်ကိုလေ။
ရထားလမ်းတွေ
တောင်တန်းတွေ
လူဖြူတွေ
ဆေးလိပ်နံ့တွေ
စက်ဆုပ်စရာကောင်းလောက်အောင်
အကြိမ်ကြိမ်တူးဆွနေတယ်။
ဒါတွေဟာသေရာပါဖြစ်ပေမယ့်
လေသံမမာခဲ့ပါဘူး။
အထူးတလည်ရှာနေတဲ့ တရားတွေ တွေ့ပါစေ။
မကြိုးစားခဲ့တဲ့ အားစိုက်ထုတ်မှုတွေနဲ့ ဒီလက်တွေမြဲပါစေ။
လူတွေကို နာပေမယ့် မမုန်းနိုင်ခဲ့သူမို့
စိတ်ကူးမိတိုင်း ဆုတောင်းပေးခဲ့ပါတယ်
ရရှိသမျှ စိတ်ရင်းအတိုင်း ကောင်းကောင်းမွန်မွန်
အဓွန့်ရှည်ပါစေ။
နောက်တခေါက် မရှိတော့တာမို့ ဒီတခေါက်နဲ့တင် လုံလောက်ပါတယ်။
အဲဒီညနေမိုးစက်တွေ
ရထားသံလမ်းတွေ
တယုတယကြည့်နေကြတဲ့သူတွေ
တွေ့မိရင် လှည့်မကြည့်မိပါစေနဲ့လေ။
၂၉ ဧပြီ၊ ၂၀၂၅။
စကားမောင်