05/07/2026
အရမ်းသတိရတယ်… အရမ်းလွမ်းတယ်လို့ ရိုးရိုးလေးပဲ ပြောလိုက်ပါရစေ အမေ။
အမေ့လက်ရာ ဟင်းလျာလေးတွေကို အငမ်းမရ စားခဲ့တဲ့နေ့တွေက အခုဆို အတော်ကြာခဲ့ပါပြီ။ အမေ့ရဲ့ နွေးထွေးတဲ့ အပြုံး၊ အမေ့ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ အမေ့ရဲ့ ချစ်ခြင်းမေတ္တာတွေကို သတိရတိုင်း ရင်ထဲမှာ လွမ်းဆွတ်မှုတွေက ပြည့်နှက်နေတတ်ပါတယ်။
တို့အမေ ဘယ်လောက်တောင် အထီးကျန်နေရှာလိုက်မလဲကွာ။ သားသမီးတွေ ပြန်လာမယ့်ရက်ကို လက်ချိုးရေရင်း စောင့်မျှော်ခဲ့တဲ့ နေ့ရက်တွေက အမေ့ဆံပင်တွေကို ဖြူစေခဲ့သလို မျက်နှာပေါ်က အရေးအကြောင်းတွေကိုလည်း ပိုမိုနက်ရှိုင်းစေခဲ့မှာပေါ့။ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တဲ့ တို့အမေရဲ့ ထမင်းဝိုင်းလေးကလည်း နေ့ညမပြတ် အထီးကျန်စွာနဲ့ အမြဲအဆုံးသတ်နေခဲ့ရမှာပါ။
မလိမ္မာတဲ့ သားတို့က အမေ့အနားမှာ မရှိပေးနိုင်သလို လုပ်အားခလေးတောင် အမေ့ဆီ ပုံမှန်မပို့ပေးနိုင်ကြဘူး။ ဘဝရဲ့ ရုန်းကန်မှုတွေကြားမှာ အမေ့ကို စိတ်ချမ်းသာအောင် မထားနိုင်ခဲ့တဲ့အတွက် တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုတောင် အားမလိုအားမရ ဖြစ်မိတယ်။
ဒါပေမယ့် အမေ… သားတို့ ဘယ်လောက်ပဲ ဝေးနေပါစေ၊ အမေ့ကို ချစ်တဲ့စိတ်၊ အမေ့ကို ကျေးဇူးတင်တဲ့စိတ်၊ အမေ့ကို သတိရလွမ်းဆွတ်တဲ့စိတ်တွေကတော့ ဘယ်တော့မှ မလျော့သွားပါဘူး။ သားတို့ရဲ့ ရုန်းကန်မှုတိုင်းဟာ အမေ့ကို ပိုကောင်းတဲ့ဘဝတစ်ခု ပေးနိုင်ဖို့အတွက်ပါပဲ။
အမေ ကျန်းကျန်းမာမာနဲ့ ရှိပေးပါ။ သားတို့ ပြန်လာမယ့်နေ့၊ အမေ့လက်ရာ ထမင်းဟင်းတွေကို ဝိုင်းဖွဲ့စားရမယ့်နေ့၊ အမေ့ကို တင်းတင်းကြပ်ကြပ် ဖက်ပြီး “သား ပြန်ရောက်ပြီ အမေ” လို့ ပြောရမယ့်နေ့ကို သားလည်း မျှော်လင့်စောင့်စားနေပါတယ်။
အမေ… သား အရမ်းသတိရတယ်။ အရမ်းလည်း လွမ်းတယ်။ ❤️