Hein Htet's Blogs

Hein Htet's Blogs U can freely share my posts .
(317)

06/11/2025

ဌာနေပြန် ဓားတစ်လက်

အပိုင်း (၁၂၈) {စာစဉ် ၉ - အပိုင်း(၈)}

‘လှပသောရေ၊ အဆင့်မြင့်သောလေလှိုင်း’ ဟူသည့် ဆိုင်းပုတ်ချိတ်ထားသော စံအိမ်ရှေ့တွင်...

သေခြင်းတရားက လက်တစ်ကမ်းအလိုကို ရောက်လာသည်ဟု ခံစားမိနေသည့်အတွက် မျက်မမြင်တာအိုဘုန်းတော်ကြီးက ရုတ်တရက် ရူးသွပ်သွားခဲ့ပြီး အဓိပ္ပာယ်မရှိသောစကားများ စတင်ပြောဆိုလာခဲ့သည်။

လင်းရှို့ယီကတော့ လက်တစ်ဖက်ဆီတွင် အဆောင်တစ်ခုဆီကို ကိုင်ထားခဲ့၏။ ထိုအရာကတော့ ‘ပန်ကန်းပြားပေါ်မှ ပုလဲလုံး’ အဆောင်နှင့် ‘မီးလျှံမိုး’အဆောင်တို့ ဖြစ်ကြသည်။ သူက အတတ်နိုင်ဆုံး ကြိုးစားမည်ဖြစ်ပြီး ကျန်ရှိနေသည်မှာတော့ ကောင်းကင်ဘုံ၏ဆန္ဒအပေါ်သာ မူတည်ပါလိမ့်မည်။

သူ့ဘေးတွင်တော့ ချန်းပင်အန်းက သူ၏ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားသွားလာနေသော နဂါးတစ်ကောင်ကဲ့သို့ ချီစွမ်းအားအမျှင်လေးကို တိတ်တဆိတ် ထိန်းချုပ်နေခဲ့သည်။ သူက ဓားချီစွမ်းအင် အမျှင်လေးများရှိမရှိ အတည်ပြုရန် ထိုသွေးကြောမှတ်(၂)ခုဆီသို့ လှည့်ပတ်ခဲ့သည်။

သူက ထိုအရာကို မည်သို့သေချာသိနိုင်သနည်း။ ထိုအရာကလည်း အလွန်ရိုးရှင်းလှသည်။ သူ၏သွေးကြောများထဲတွင် နွေးထွေးမှု ပေးနိုင်သော မီးနဂါးလေးက ထိုသွေးကြောမှတ်များ၏ရှေ့တွင် မရပ်ရဲပေ။ ထိုသို့ဆိုလျှင် အလွန့်အလွန်သေးငယ်သော ဓားချီစွမ်းအင်အမျှင်လေး(၂)ခုက သေချာပေါက် ရှိနေကြောင်း ပြသနေခဲ့၏။

ယခုတစ်ကြိမ်တော့ မင်္ဂလာဝတ်စုံ ဝတ်ထားသော သရဲမကိုသတ်ရန် ဓားချီစွမ်းအင် အမျှင်လေး(၁)ခုတည်းကပင် မလုံလောက်ကြောင်း ချန်းပင်အန်းက ခံစားမိနေခဲ့၏။ ထိုသို့ဆိုလျှင် သူက ဓားချီစွမ်းအင်အမျှင်(၂)ခုလုံးကို သုံးရပါလိမ့်မည်။

ထိုအရာကို စဉ်းစားကြည့်လိုက်ပြီးနောက် သူ့ရင်ထဲတွင် နာကျင်သွားခဲ့သည်။ သို့သော် သေခြင်းတရားထက်တော့ ပို၍ကောင်းနေပါသေး၏။ ချန်းပင်အန်းက ဓားချီစွမ်းအင် အမျှင်(၁)ခုကို မသုံးမီအချိန်ကပင် ရင်ထဲ၌ နာကျင်ခဲ့ရသည်။ ထို့ကြောင့် သနားစရာကောင်းသော လူငယ်လေး၏အမူအရာက အနည်းငယ်တင်းကြပ်နေခဲ့၏။ ထိုနေရာတွင် အလွန်အစွမ်းထက်သော သတ်ဖြတ်ချင်စိတ်တစ်ခုလည်း ရှိနေသေးသည်။

ရုတ်တရက်ဆိုသလို အနားတွင်ရှိနေသော မြည်းဖြူလေးက မြေပေါ်တွင် အားနှင့် ကဆုန်ပေါက်နေကြောင်း လီဟွိုင်က ရုတ်တရက် တွေ့လိုက်ရသည်။ မနက်ခင်းတွင် ဒေါသထွက်နေပြီး မသက်မသာ ဖြစ်နေသောပုံစံနှင့် ယှဉ်လိုက်မည်ဆိုလျှင် လက်ရှိအချိန်တွင် ထိုမြည်းဖြူလေးက အနည်းငယ်ဝမ်းသာပြီး ပျော်ရွှင်နေပုံရသည်။

စံအိမ်၏အရှေ့ဘက် လှေကားထစ်ပေါ်၌ သရဲမ ပေါ်လာသည့်အချိန်တွင်ပင် မြည်းဖြူလေးကတော့ ကဆုန်ပေါက်နေခြင်းကို အနည်းငယ်လေးသာ နှေးကွေးသွားခဲ့သည်။

သရဲမက နေရာတော်တော်များများတွင် စုတ်ပြဲပျက်စီးနေသော အနီရောင်မင်္ဂလာဝတ်စုံကို ငုံ့ကြည့်လိုက်သည်။ သူမက ဒေါသများကို ထိန်းချုပ်ပြီး သူ့ရှေ့တွင် ရှိနေသော ကလေးငယ်များကို လှည့်ကြည့်လိုက်၏။ သူမက လေထဲမှနေ၍ လှပစွာ ဆင်းသက်လာခဲ့သည်။

ထို့နောက် သရဲမက ရိုးရှင်းစွာပြန်လှည့်လာပြီး အသံတိုးတိုးနှင့် သိမ်မွေ့စွာ ပြောလိုက်၏။

“ငါ့ရဲ့စံအိမ်ကနေ ကြိုဆိုပါတယ် အထူးဧည့်သည်တို့။ မင်းတို့က ငါ့ကို မိန်းကလေးချူးလို့ ခေါ်နိုင်တယ်။ ငါ့ယောက်ျားက ခရီးကနေ ပြန်မလာသေးတဲ့အတွက် ငါ ကိုယ်တိုင်ထွက်လာပြီး ဧည့်ခံရတာပေါ့…”

…………….

သွားစားပွဲတောင်ထဲတွင်…

ဝင်္ကပါနှင့် ဖုံးကွယ်ထားသော ဝါးသစ်တောထဲ၌ တောင်တန်းနတ်ဘုရား အဆင့်အတန်းကို ပြန်ရခဲ့သော ဝေ့ပိုက သူ့ရှေ့တွင် ဖြတ်ထားသော ဝါးချောင်းများကို စိုက်ကြည့်နေခဲ့သည်။ ထိုဝါးချောင်းများက အိုက်လျန်၏ ဓားချက်တစ်ချက်တည်းကြောင့် လဲကျသွားခဲ့သော ဝါးများလည်းဖြစ်၏။

ထိုပြဿနာ ဖြစ်စဉ်အတောအတွင်း ဝေ့ပိုက ဆုံးရှုံးသွားသည့်အရာထက် အဆပေါင်းများစွာ ပို၍အကျိုးအမြတ် ရခဲ့သော်လည်း သွားစားပွဲတောင်၏ စွမ်းအားများကို နှစ်ပေါင်း(၁၀၀၀)ကျော် စုဆောင်းလာခဲ့သော ထိုအစိမ်းရောင်ဝါးပင်များက သူ့ရှေ့၌ လဲနေသည်ကို မြင်လိုက်ရသည့်အချိန်တွင် မိန်းမလှလေးတစ်ယောက်ကို ခါးမှ ခုတ်ပိုင်းခံထားရသလိုပုံစံမျိုး ခံစားနေရသည်။ သူက မနေနိုင်တော့ဘဲ သက်ပြင်းချလိုက်မိ၏။

ဝေ့ပိုက ရွှေနားကွင်း၏အစွမ်းကို သုံးထားခဲ့သည့်အတွက် သူ၏ပိုင်နက်ထဲ၌ အစစ်အမှန်ခန္ဓာကိုယ်ကို ပြသလိုက်မည်ဆိုလျှင်ပင် တခြားသူများက သူ့ကို စစ်ဆေးကြည့်နိုင်တော့မည် မဟုတ်ချေ။ ထိုအရာက အနက်ရောင်စပါးအုံးမြွေလည်း အတူတူသာ ဖြစ်သည်။

သူက လက်ချောင်းလေးများကို အနည်းငယ် လှုပ်ရှားလိုက်ရာ မြေပေါ်တွင် ရှိနေသော ဝါးပင်များက တစ်ချောင်းပြီးတစ်ချောင်း ပျောက်ကွယ်သွားခဲ့သည်။ ထိုအရာများအားလုံးကို စုစည်းလိုက်ပြီးနောက် ဝေ့ပိုက ဝါးတောထဲမှ ထွက်လာသည့် အချိန်တွင် အနက်ရောင်စပါးအုံးမြွေက အနားတွင် တုန်လှုပ်စွာ ခွေနေကြောင်း မြင်လိုက်ရသည်။

သူ့အနားတွင်တော့ ခါးတွင် ဓား ချိတ်ထားသော လူငယ်ဓားသမားတစ်ယောက် ရပ်နေခဲ့သည်။ သူ့ဘေးတွင်တော့ ရင်းနှီးသော လူတစ်ယောက်ရှိနေပြီး သူက ခေါင်းငုံ့၍ အရက်သောက်နေခဲ့၏။ ထိုအရာကတော့ အိုက်လျန်ကြောင့် သွားစားပွဲတောင်ပေါ်တွင် နောက်ပြန်လွင့်သွားခဲ့သော အစွမ်းထက်ကျင့်ကြံသူ ဖြစ်သည်။ သူက လျှိုမျိုးရိုးဖြစ်ကြောင်းကိုသာ ဝေ့ပိုက သိနေခဲ့၏။ အဆုံးတွင်တော့ သူ့ကို ထိုဓားသမားက သယ်ဆောင်သွားခဲ့ရသည်။

ဝေ့ပိုက အနည်းငယ် ဇဝေဇဝါဖြစ်နေခဲ့၏။ မကြာသေးခင်အချိန်တွင် ထိုလူက သေလုမျောပါး အခြေအနေကို ရောက်ခဲ့သည်။ ယခုတော့ သူက အနည်းငယ် တောင့်တင်းနေသေးပုံရသော်လည်း အချိန်တိုလေးအတွင်း ပြန်ကောင်းလာခဲ့သည်။ သို့သော် ထိပ်တန်းခန္ဓာသန့်စင်ရေး လျှို့ဝှက်ကျင့်စဉ်များ လေ့ကျင့်ထားသူများကပင် ထိုမျှလျင်မြန်စွာ ပြန်ကောင်းလာနိုင်ခြင်း မရှိချေ။

အလယ်ဘုံ(၅)ဆင့်၏ နောက်ဆုံး(၂)ဆင့်ကို ရောက်နေသောလူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ၊ ဝှက်ဖဲများ ရှိနေကြသည်။ ထို့ကြောင့် ဝေ့ပိုက ထိုအရာနှင့် ပတ်သက်ပြီး သူ့ကို မမေးခဲ့ပေ။ ဗုဒ္ဓဘုန်းတော်ကြီးများကို ဘွဲ့အမည် မမေးသင့်သလို တာအိုဘုန်းတော်ကြီးများကိုလည်း အသက်မမေးသင့်ပေ။ ထိုအရာက လူတိုင်းသိနေသော အရာတစ်ခုဖြစ်၏။

နှုတ်ခမ်းထောင့်မှ အရက်များကို သုတ်လိုက်ပြီးနောက် လူသန်ကြီးက လေးနက်စွာ ပြောလိုက်သည်။

“သွားစားပွဲတောင်က တောင်တန်းသခင်အိုကြီး...

ငါ့နာမည်က လျှိုယုလို့ခေါ်တယ်။ ငါက မင်းကို မကြိုက်ပေမဲ့ ငါ့အသက်ကို ကယ်ခဲ့တဲ့အတွက် သေချာပေါက် ပြန်ပေးဆပ်ရမှာပေါ့။ တကယ်လို့ မင်းမှာ အရေးပေါ်အကူအညီ လိုအပ်လာတယ်ဆိုရင် ဒီသတင်းပို့အဆောင်ကို ဖျက်ဆီးလိုက်၊ ငါ့မှာ နန်းတွင်းက ပေးတဲ့တာဝန်မရှိရင် အရှေ့ပိုင်းကုန်းမြေကြီးရဲ့ တောင်ဘက်ဆုံး နဂါးအိုမြို့ကိုရောက်နေရင်တောင် မင်းကို ကူညီဖို့ သေချာပေါက်ပြန်လာခဲ့မယ်…”

လူသန်ကြီးက ဝေ့ပို၏လက်ထဲသို့ လှပသော အဖြူရောင်ကျောက်စိမ်းပြားလေးတစ်ခု ပစ်ပေးလိုက်သည်။

ထိုအရာကို ဖမ်းထားလိုက်ပြီးနောက် ဝေ့ပိုက ပြုံးလိုက်၏။

“မင်းက ကြိုက်တဲ့အရာနဲ့ မုန်းတဲ့အရာကို ပွင့်ပွင့်လင်းလင်း ပြောတယ်။ ပြီးတော့ စစ်ကျောင်းတော်အတွက် ထူးခြားတဲ့ ငြိမ်းချမ်းခြင်းနဲ့ လုံခြုံခြင်းတံဆိပ်ပြားကိုလည်း ပိုင်ဆိုင်ထားတယ်။ လျှိုယု … မင်းက ဖုန်းရွှယ်ကျောင်းဆောင် ဒါမှမဟုတ် စစ်တောင်တန်းက ကျင့်ကြံသူတစ်ယောက်လား…”

“အဲဒါ မင်းအလုပ်လား…”

လူသန်ကြီးက အေးစက်စွာ ပြန်ပြောလိုက်သည်။

ပန်းထိုးမြစ်မှ ပြန်ရောက်လာသော ဓားသမားလူငယ်က အပြုံးနှင့် ပြောလိုက်၏။

“လျှိုယုက ပါးစပ်ကြမ်းပေမဲ့ စိတ်နှလုံးသား နူးညံ့ပါတယ်။ သူ့စကားကို စိတ်ထဲမထားပါနဲ့…”

ဝေ့ပိုက အလျင်အမြန် လက်ကာပြပြီး ပြန်ဖြေလိုက်သည်။

“ကျွန်တော် မလုပ်ရဲပါဘူး…”

ဓားသမားက သူ့ဓားကို တံတောင်ဆစ်ပေါ်တွင် တင်ထားပြီး နွေးထွေးသော အပြုံးနှင့် ပြောလိုက်သည်။

“ငါက လုံချွမ်တိုင်းပြည်ထဲမှာ ကိစ္စတချို့ ဖြေရှင်းဖို့ သွားစရာရှိတယ်။ မင်းက ငါတို့နဲ့အတူ လိုက်ခဲ့ချင်လား။ ငါက နယ်မြေအရာရှိ ဝူယွမ်ကို ကြိုပြီးသတင်းပို့ထားပေမဲ့ ဘာပြဿနာမှမရှိတာတော့ မဟုတ်ဘူး။ တစ်ခုခုပြဿနာရှိလာမှာကိုပဲ ငါက စိုးရိမ်နေတာ။ ဘယ်လိုပဲဖြစ်ဖြစ် အခုလော်ပိုတောင်မှာ နက္ခတ်ရေးရာဌာနက မြေအရာရှိတစ်ယောက် ရှိနေတဲ့အပြင် အဲဒီမှာ ပြငပအင်အားစုတွေလည်း အများကြီးရှိတယ်။ မင်းနဲ့တာ့လီအင်ပါယာရဲ့ဆက်ဆံရေးက အခုမှ တိုးတက်လာတာဆိုတော့ နောက်တစ်ကြိမ် ပျက်စီးသွားမှာကို ငါ မလိုလားဘူး…”

“သိပ်မကြာခင်တုန်းက တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအရ တောင်(၅)တောင်ရဲ့ နတ်ဘုရားတွေ အသတ်ခံရတာတော့ မဟုတ်ဘူးမလား…”

ဝေ့ပိုက အေးအေးဆေးဆေး အမူအရာနှင့် မေးလိုက်သည်။

“ငါက အကျိုးအမြတ်နည်းနည်းလေးအတွက် ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်မှာလား။ မင်းတို့ပြောတဲ့ အရေးကြီးကိစ္စဆိုတာက ငါနဲ့တစ်ခုခု ပတ်သက်နတာများဖြစ်နိုင်မလား..”

လူကြမ်းကြီးလျှိုယုက မျက်မှောင်ကြုတ်လိုက်သည်။

သို့သော် ဓားသမားလူငယ်ကတော့ တည်ငြိမ်နေသော အမူအရာနှင့် အေးအေးဆေးဆေး ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ လူတွေက အသုံးဝင်နေသေးတဲ့အချိန် သူတို့ကို သေချာပေါက် ဒုက္ခရောက်အောင် မလုပ်ပါဘူး။ လုံချွမ်တိုင်းပြည်ကို သွားတဲ့ခရီးစဉ်ရဲ့ရလဒ်နဲ့ ပတ်သက်ပြီးတော့ မင်းဆန္ဒရှိတဲ့အတိုင်း လုပ်လို့ရတယ်။ တာ့လီအင်ပါယာရဲ့နန်းတွင်းက သမလုပ်ချင်တဲ့သူတွေကို အတင်းအကြပ် တွန်းအားပေးမှာ မဟုတ်ဘူး။ အမှန်အတိုင်း ပြောရရင် ငါလည်း သေချာမသိဘူး။ ဘုရင်ကြီးက ဒီအကြောင်းကို ကြားသွားတဲ့အချိန်မှာ ဒီကိစ္စကို တော်တော်အလေးထားနေတယ်ဆိုတာပဲ ငါသိတယ်။ အဆုံးမှာတော့ သူတို့ကို တလေးတစားဆက်ဆံဖို့ ငါတို့ကို အထူးသတိပေးထားခဲ့တယ်…”

ဝေ့ပိုက သက်ပြင်းချပြီး ပြောလိုက်သည်။

“ငါက အကြောင်းပြချက်တွေနဲ့ အလွယ်တကူဖြောင်းဖြလို့ရပေမဲ့ အတင်းအကြပ် တွန်းအားပေးလို့ မရတဲ့လူတစ်ယောက်ပဲ။ မင်းက ငါ့ကိုဒီလိုမျိုးတောင်းဆိုနေမှတော့ ငါက ငြင်းဆန်နိုင်ပါ့မလား။ ငါက မင်းတို့ကို တကယ်ပဲကြောက်သွားပြီ…”

“အတင်းအကြပ်တွန်းအားပေးတာကို လက်မခံဘဲ ဖြောင်းဖြတာကိုပဲ လက်ခံမှာလား။ မင်းက ဖြောင်းဖြတာရော တွန်းအားပေးတာရော (၂)ခုလုံးကို လက်မခံသင့်ဘူး မဟုတ်လား…”

လျှိုယုက ခနဲ့သလို ပြောလိုက်သည်။

“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်…”

ဝေ့ပိုက အပြုံးနှင့် ပြောလိုက်၏။

လူငယ်ဓားသမားက အမိန့်နာခံပြီး ရိုကျိုးနေသော အနက်ရောင်စပါးအုံးမြွေကိုကြည့်၍ ပြောလိုက်သည်။

“မင်းရဲ့အမြင်က တော်တော်လေးကို အံ့ဩဖို့ကောင်းတယ်။ ဒါပေမဲ့ မင်းက လော်ပိုတောင်ကို ရောက်တဲ့အချိန်ကျရင် ပြဿနာမရှာဖို့ အမှတ်ရပါ။ အနားက တောင်ပေါ်မှာရှိတဲ့ ရေကန်ထဲမှာ မင်းနဲ့မျိုးနွယ်တူသတ္တဝါတစ်ကောင် ရှိတယ်။ ဒါကြောင့် နောက်ပိုင်း မင်းတို့(၂)ကောင် တိုက်ခိုက်မယ်ဆိုရင်တောင် အဲဒီနယ်မြေထဲမှာရှိတဲ့ သာမန်လူတွေကို မထိခိုက်တာ အကောင်းဆုံးပဲ။ အဲဒီအရာကလွဲရင် မင်း သတိထားရမဲ့အရာ ဘာမှမရှိဘူး။ အခုမင်းက တာ့လီအင်ပါယာရဲ့ တောင်တန်းဝိညာဉ်တစ်ခု ဖြစ်နေမှတော့ ဖြတ်သွားတဲ့ ကျင့်ကြံသူတွေ လိုက်ပြီးတိုက်ခိုက်မှာကို စိုးရိမ်နေစရာ မလိုတော့ဘူး…”

အနက်ရောင်စပါးအုံးမြွေက ခေါင်းညိတ်ပြလိုက်သည်။ လီကျူးသုခဘုံထဲမှ မြွေကျောက်တုံးလေးများကို ဝါးမြိုလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က ပိုကြီးလာရမည့်အစား အရွယ်အစား သေးငယ်သွားခဲ့သည်။ သို့သော် နဂါးလက်သည်း(၄)ချောင်းကတော့ ယခင်တုန်းကထက် ပို၍ထင်ရှားလာပြီး ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အနက်ရောင်ကြေးခွံများကလည်း တဖြည်းဖြည်း ပို၍တောက်ပလာသည်။ တချိန်တည်းတွင် သူ၏ဝမ်းဗိုက်၌ သတိထားမိရန်ခက်ခဲသော ရွှေရောင်မျဉ်းကြောင်းပါးပါးလေးတစ်ခု ပေါ်လာခဲ့၏။

ဤနေရာနှင့် လုံချွမ်တိုင်းပြည်၏ကြားထဲတွင် လူတစ်ယောက်မျှ မနေကြသည့်အပြင် သူတို့က မနက်ခင်းတွင် အနားယူပြီး ညပိုင်းမှ ခရီးသွားရန် မလိုအပ်သည့်အတွက် အနက်ရောင်စပါးအုံးမြွေကို အတူ ခေါ်လာခဲ့ကြသည်။

သူတို့က သံအဆောင်မြစ်သို့ ရောက်လာသည့်အချိန်တွင် လူငယ်ဓားသမား၏ ခွင့်ပြုချက်ကို ရလိုက်ပြီးနောက် အနက်ရောင်စပါးအုံးမြွေက ရေထဲသို့ဆင်းသွားခဲ့သည်။ သူက အလွန်ဝမ်းသာနေသော်လည်း သူ၏မသိစိတ်ကို ဖိနှိပ်ရန် အကောင်းဆုံး ကြိုးစားနေရ၏။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားပြီး မြစ်ရေပြင်ကို အမြှီးနှင့် ရိုက်ချင်ခဲ့သည်။

လူ(၃)ယောက်က အနက်ရောင်စပါးအုံးမြွေ၏ နောက်ကျောတွင် ရပ်လိုက်ပြီး လှေပေါ်တွင် စီးနင်းနေသော ခရီးသည်များကဲ့သို့ သံအဆောင်မြစ်အတိုင်း မြောက်ဘက်ကို စုန်ဆင်းလာခဲ့ကြသည်။

ဝေ့ပိုက မျက်မှောင်ကြုတ်လိုက်ပြီး အင်္ကျီလက်ကို အနည်းငယ် ပင့်တင်လိုက်သည်။ ထို့နောက် လက်ထဲတွင် ရေအနည်းငယ်ကို ခပ်ကြည့်လိုက်ပြီး ရေ၏အလေးချိန်ကို စစ်ဆေးကြည့်နေပုံရ၏။ သူက အံ့ဩနေသော အမူအရာနှင့် ပြောလိုက်သည်။

“သံအဆောင်မြစ်က မြစ်အဆင့်ကနေ မဟာမြစ်အဆင့်ကို တိုးတက်သွားတာပဲ... ဒါပေမဲ့…”

လူငယ်ဓားသမားက သူ့ကိုသေချာရှင်းပြလိုက်သည်။

“သံအဆောင်မြစ်နဲ့ အောင်အောင်မြင်မြင် ပေါင်းစပ်ပြီးသွားတဲ့အချိန်မှာ ဒီမှာရှိတဲ့ မြစ်နတ်ဘုရားမက ရှားရှားပါပါး အခွင့်အရေးတစ်ခုကို တွေ့ခဲ့ရတယ်။ ဒါကို မြေစာရင်းအရာရှိတစ်ယောက်က သတိထားမိသွားပြီး နန်းတွင်းကို အလျင်အမြန် သတင်းပို့ခဲ့တယ်။ ဘုရင်ကြီးက အရမ်းဝမ်းသာသွားတဲ့အတွက် ဒီမြစ်ကို နောက်တစ်ကြိမ် အဆင့်မြှင့်ပေးခဲ့တယ်…”

ဝေ့ပိုက လက်ကို ညှင်သာစွာ လှုပ်ရှားလိုက်ရာ လက်ဖဝါးပေါ်တွင် ရှိနေသော မြစ်ရေများက စက်ဝိုင်းသဖွယ် ဖြည်းညင်းစွာ လည်ပတ်လာခဲ့သည်။ သူက သေချာစိုက်ကြည့်နေပြီး မှတ်ချက်ပေးလိုက်၏။

“သံအဆောင်မြစ်ရဲ့မြစ်နတ်ဘုရားမအသစ်က လူသားတိုင်းပြည်ရဲ့ တောင်တန်းနဲ့ မြစ်မျိုးရိုးစဉ်ဆက်မှတ်တမ်းထဲမှာ အမြင့်ဆုံးအဆင့်ကိုတောင် ရောက်သွားပြီလား။ စိတ်ဝင်စားစရာပဲ... တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်..”

“တခြားသူတွေနှစ်ပေါင်း(၁၀၀)၊ နှစ်ပေါင်း(၁၀၀၀)လောက် လျှောက်လှမ်းနေရတဲ့ ခရီးလမ်းကို သူကတော့ ရက်နည်းနည်းလေးနဲ့ ပြည့်စုံသွားတယ်။ ဒီလိုပါရမီနဲ့ ကံကောင်းမှုက တော်တော်လေးကို အံ့ဩဖို့ကောင်းတာပဲ။ ဒါက ကောင်းကင်ဘုံက ပေးအပ်တဲ့ကံကြမ္မာလို့တောင် ပြောရလိမ့်မယ်…”

“အရေးကြီးဆုံးအရာကတော့ ဒီမြစ်နတ်ဘုရားမရဲ့အဆင့်တက်မှုက တခြားရေလမ်းကြောင်းတွေရဲ့ ကံကြမ္မာနဲ့ မသက်ဆိုင်နိုင်ဘူး။ တာ့လီအင်ပါယာက တော်တော်လေးကံကောင်းတယ်လို့ ပြောရလိမ့်မယ်….”

နောက်ဆုံးတွင်တော့ လူငယ်ဓားသမား၏အမူအရာက ပထမဆုံးအကြိမ် လေးနက်လာခဲ့သည်။ သူက ပြန်မေးလိုက်၏။

“ဝေ့ပို …

သူ့ရဲ့အဆင့်တက်မှုက တခြားတောင်တန်းတွေ၊ မြစ်တွေရဲ့ကံကြမ္မာကို မထိခိုက်စေနိုင်ဘူးဆိုတာ သေချာရဲ့လား။ သူ့ရဲ့ကံကြမ္မာတွေအားလုံးက ဒီသံအဆောင်မြစ်ငယ်လေး တစ်ခုကတည်းကနေပဲ ရောက်လာတာ သေချာရဲ့လား..”

ဝေ့ပိုက အပြုံးနှင့် နှုတ်ဆိတ်နေခဲ့သည်။ နတ်ဘုရားရေတိုင်းပြည်၏ မြောက်ပိုင်းနတ်ဘုရားတစ်ပါး ဖြစ်ခဲ့ဖူးသည့်အတွက် သူ၏အမြင်အာရုံများက တိကျသည်။ ထိုအရာကို နက္ခတ်ရေးရာဌာနမှ မြေစာရင်းအရာရှိများ ယှဉ်နိုင်သော အရာတစ်ခု မဟုတ်ချေ။ အစစ်အမှန်ပညာရှင်များအတွက်တော့ ထိုမြေစာရင်းအရာရှိများက လက်သစ်များဟုသာ သတ်မှတ်နိုင်ပါလိမ့်မည်။

မကြာသေးခင်က အိုက်လျန်နှင့် တိုက်ပွဲအတောအတွင်း တာ့လီအင်ပါယာထဲတွင် ရှိနေသော တောင်တန်းနှင့် မြစ်များ၏ ကံကြမ္မာမျာက လျော့ကျသွားခဲ့သည်။ ထို့ကြောင့် တိုင်းပြည်၏ ကံကြမ္မာကပင် လှုပ်ရှားလာခဲ့ရ၏။

တချိန်တည်းတွင် တောင်(၅)တောင်၏ တောင်တန်းနတ်ဘုရား(၅)ယောက်ထဲ၌ (၃)ယောက်က ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့သည့်အတွက် ထိုတောင်တန်းနှင့်မြစ်များ ထိန်းသိမ်းရသည့်တာဝန်ကို မြေစာရင်းအရာရှိများကသာ ယာယီတာဝန်ယူထားကြရသည်။

“ဝေ့ပို …

ဒီသတင်းတစ်ခုတည်းကတင် နန်းတွင်းကနေ ဆုကြေးကြီးကြီး ရနိုင်မယ်ဆိုတာ သေချာတယ်…”

ဓားသမားလူငယ်က တည်ငြိမ်စွာ ပြောလိုက်သည်။

ဝေ့ပိုက မော့ကြည့်လိုက်စဉ် ညင်သာသော လေလှိုင်းလေးက သူ၏မျက်နှာကို ဖြတ်သန်းသွားခဲ့သည်။ ထိုအချိန်တွင် အလွန်နူးညံ့သိမ်မွေ့သည့် လူငယ်လေး တစ်ယောက်၏ ပုံစံပြောင်းထားသော သူ့ပုံစံက အင်မော်တယ်တစ်ပါးကဲ့သို့ ထင်မှတ်ရသည်။ သူ၏အကြည့်က သိမ်မွေ့ညင်သာ၏။

သူက အပြုံးနှင့် မေးလိုက်သည်။

“ငါက ဒါကို အခွင့်အရေးငယ်လေးတစ်ခုနဲ့ လဲလို့ရနိုင်မလား။ ဥပမာအနေနဲ့ပြောရရင် ထာဝရနွေဦးနန်းတော်ထဲကို ရောက်လာတဲ့ တပည့်သစ်အတွက် နောက်ထပ်နှစ်ပေါင်း(၁၀၀)လောက် အင်မော်တယ်လမ်းကြောင်း ဖန်တီးပေးလို့ ရနိုင်မလား။ သူက အလယ်ဘုံ(၅)ဆင့်ကို ရောက်နိုင်တဲ့ ပါရမီရှင် တပည့်တစ်ယောက်လေ…”

“ဒါက မခက်ပါဘူး…”

လူငယ်ဓားသမားက အပြုံးနှင့်ပြန်ဖြေလိုက်သည်။

“ငါက နတ်ဘုရားရေတိုင်းပြည်အပေါ် အပြစ်ရှိသလို ခံစားနေရတယ်…”

ဝေ့ပိုက တိုးတိုးလေး ရေရွတ်လိုက်သည်။

“အဲဒါက ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ တိုင်းပြည်တွေလို သက်တမ်းအရှည်ကြီး နေကြရတဲ့ တောင်တန်းနတ်ဘုရားတွေ၊ မြစ်နတ်ဘုရားတွေက မင်းလို ရူးမိုက်တဲ့ခံစားချက်တွေရှိကြမှာ မဟုတ်ဘူး…”

လျှိုယုက စိတ်မရှည်နိုင်သည့်အမူအရာနှင့် ဝင်ပြောလိုက်သည်။

“တိုင်းပြည် ပျက်စီးသွားတဲ့အချိန်မှာ မင်းရဲ့အဆင့်အတန်းက ပျက်စီးမသွားတာတောင် တော်တော်လေး ကံကောင်းနေပြီ။ တကယ်လို့ မင်းက တိုင်းပြည်အသစ်မှာ တာဝန်ထမ်းဆောင်ပြီး ကိုးကွယ်ယုံကြည်မှုတွေ ဆက်ရနေမယ်ဆိုရင်တော့ လူတိုင်းအိမ်မက်မက်နေရတဲ့ ကံကြမ္မာကြီးတစ်ခု ဖြစ်သွားပြီ။ မင်းက လျှိုကလန်ရဲ့ နတ်ဘုရားရေတိုင်းပြည်ကို အကြွေးတင်နေတယ်ဆိုရင်တော့ အဲဒါက လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာတုန်းက ကိစ္စတစ်ခုပဲ။ သူတို့က သေသင့်တယ် မသေသင့်ဘူးဆိုတာထက် သူတို့အားလုံးက သေသွားပြီလေ။ ဒါကြောင့် မင်းက ဘာတွေများ ပြဇာတ်ဆန်ဆန် ခံစားနေရသေးတာလဲ…”

ဝေ့ပိုကတော့ သူ့ကိုလုံးဝလျစ်လျူရှုထားခဲ့သည်။ သူ့နားထဲတွင် ကြားနေရသည့် အသံကတော့ သိမ်မွေ့ညင်သာသော မြစ်ရေစီးသံလေးသာ ဖြစ်သည်။

“ခေါင်းမာလိုက်တဲ့အရူး။ ငါက မင်းအပေါ် အကြွေးတင်နေတာကို စဉ်းစားမိလိုက်ရင် တော်တော်လေးကို ကံဆိုးတာပဲ…”

လျှိုယုက ဒေါသတကြီး ပြောလိုက်သည်။

လူငယ်ဓားသမားက အားရပါးရရယ်ပြီး ပြောလိုက်၏။

“ဆိုးရွားတဲ့ကံကြမ္မာဆိုတာလည်း ကံကြမ္မာပဲလေ။ မင်းတို့က ဒါကိုလက်ခံပြီး ထိန်းသိမ်းရမယ်…”

“မီးအိမ်အိုကြီးက တောင်ဘက်ကိုသွားတဲ့ခရီးလမ်းမှာ မိန်းကလေးချူးနဲ့ တိုက်ခိုက်မှာလား မသိဘူး။ တကယ်လို့ သူတို့သာ တိုက်ခိုက်မယ်ဆိုရင် မီးအိမ်အိုကြီးက သေချာပေါက် ဆိုးဆိုးရွားရွားဖြစ်သွားမယ်ဆိုတာ လောင်းရဲတယ်..”

လျှိုယုက မှတ်ချက်ပေးလိုက်သည်။

လူငယ်ဓားသမားက ခေါင်းခါပြီး ပြောလိုက်၏။

“ငါကတော့ ပြဿနာမဖြစ်ဘဲ အရာအားလုံး အဆင်ပြေဖို့ပဲ မျှော်လင့်တယ်။ မိန်းကလေးချူးက တာ့လီအင်ပါယာအတွက် အရမ်းကို အရေးကြီးတယ်။ ပြီးတော့ သူက ဆုံးဖြတ်ချက်ပြတ်သားတဲ့ လူတစ်ယောက်ပဲ။ အခြေအနေက အဲဒီလိုဖြစ်လာပြီဆိုရင် စဉ်းစားမနေဘဲ သူသေကိုယ်သေ တိုက်ခိုက်ဖို့ကို ရွေးချယ်လိမ့်မယ်။ တကယ်လို့ မင်းသာ ဆိုးဆိုးဝါးဝါး ဒဏ်ရာ ရမနေရင် အဲဒီအမျိုးသမီးကသာ မိဖုရားကြီးကိုခေါ်ဖို့ ထာဝရနွေဦးနန်းတော်ကို အလျင်စလို ပြန်သွားဖို့ မလိုအပ်ဘူးဆိုရင် ငါက သူတို့ကို တောင်ဘက်ခေါ်သွားတဲ့ တာဝန်လက်ခံဖို့ နန်းရေးဝန်ကြီးဟန်ကို တောင်းဆိုခဲ့မှာ မဟုတ်ဘူး…”

“နန်းရေးဝန်ကြီးဟန်က အပြင်ဘက်မှာ သဘောကောင်းပေမဲ့ အတွင်းစိတ်ကတော့ ပြတ်သားတယ်။ သူ့ရဲ့ဒေါသက မင်းထက်တောင် ပိုပြီးတော့ဆိုးသေးတယ်..”

လျှိုယုက အားရပါးရရယ်ပြီး ပြောလိုက်သည်။

“ဘာမှမစိုးရိမ်ပါနဲ့။ အရာအားလုံး အဆင်ပြေမှာ သေချာပါတယ်။ အဲဒီအဖွဲ့ထဲမှာ ပါရမီရှင် စာသင်သားတွေသာ မရှိရင် မိန်းကလေးချူးက သူတို့ကိုစိတ်ဝင်စားမှာ မဟုတ်ဘူး။ အမှန်အတိုင်းပြောရရင် မီးအိမ်အိုကြီးက နှစ်ပေါင်း(၃၀)၊ (၄ဝ)လောက် ငယ်သွားမယ်ဆိုရင်တော့ သူ့ကိုစံအိမ်ထဲခေါ်ပြီး ယောက်ျားအဖြစ် သတ်မှတ်လိမ့်မယ်..”

“မင်းက သတ္တိရှိရင် ဒီစကားတွေကို မိန်းကလေးချူးရဲ့ရှေ့မှာ သွားပြောပါလား..”

လူငယ်ဓားသမားက စနောက်လိုက်သည်။

“တကယ်လို့ သူသာ သူ့ရဲ့ပိုင်နက်ထဲကနေ ထွက်လာရဲတယ်ဆိုရင် သူ့ရှေ့မှာ ဒီစကားကိုပြောရဲတယ်…”

လျှိုယုက ပြုံးလိုက်၏။

လူငယ်ဓားသမားက ခံစားချက်များ ပြည့်နှက်နေသော အမူအရာနှင့် သက်ပြင်းချလိုက်သည်။

“သူတော်စင်တွေဆိုတာ ကိုယ်ပိုင်ကမ္ဘာလေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့အတွက်ကြောင့် သူတော်စင်တွေလို့ ခေါ်ကြတာ။ သူတို့က အဲဒီကမ္ဘာငယ်လေးထဲမှာ ရှိနေတဲ့အချိန် အခွင့်အရေး၊ မြေမျက်နှာသွင်ပြင် အသာစီးရမှုနဲ့ အထောက်အပံ့တွေ အများကြီးကို ရနိုင်ကြတယ်…”

“ဆရာက ဓားသမားတစ်ယောက် ဖြစ်နေတာတော့ နှမြောဖို့ကောင်းတယ်…”

လျှိုယုက ဝမ်းနည်းစွာ ပြောလိုက်သည်။

“ဒီလိုအစွမ်းတွေကို ဓားသမားတွေက မရနိုင်ဘူး။ တကယ်လို့ ဆရာရဲ့ တိုက်ခိုက်စွမ်းရည်တွေနဲ့ လူသတ်စွမ်းရည်တွေက ပြိုင်ဘက်ကင်းသွားပြီဆိုရင် ဆရာက သူတော်စင် ကမ္ဘာငယ်လေးရဲ့ အကာအကွယ်တွေကိုလည်း အလွယ်တကူ ဖျက်ဆီးနိုင်လိမ့်မယ်။ ဒါဆိုရင်...”

လူငယ်ဓားသမားက မျက်ခုံးပင့်၍ ပြောလိုက်သည်။

“ငါ့ဆီမှာ ဓားတစ်လက်ရှိနေပြီလေ။ ဒါက လုံလောက်ပြီ မဟုတ်လား…”

ထိုအချိန်တွင် သာမန်ပုံစံရှိနေသော ဓားသမားလူငယ်က တကိုယ်လုံး ဝင်းလက်တောက်ပနေသလို ခံစားရသည်။ ထို့ကြောင့် လျှိုယု၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။

ဝေ့ပိုက မတ်မတ်ထိုင်လိုက်ပြီး အဝေးကိုကြည့်လိုက်ရာ မြစ်ပေါ်သို့ ကန့်လန့်ဖြတ်ထွက်နေသော မိုးမခသစ်ကိုင်းပေါ်တွင် အမျိုးသမီးတစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

သူမက စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာကို ဖုံးကွယ်ထားသည့် မျက်နှာဖုံးတစ်ခု ဝတ်ဆင်ထားသည်။ သူမ၏ဆံပင်များက ရှည်လျားပြီး ရှားရှားပါးပါး ရွှေရောင်ဖြစ်၏။ ထိုဆံပင်များက သံအဆောင်မြစ်၏ရေပြင်ပေါ်သို့ ကျဆင်းနေပြီး ရေလှိုင်းများနှင့်အတူ ညင်သာစွာ လှုပ်ရှားနေခဲ့သည်။

ဘာကြောင့်မှန်း မသိသော်လည်း ဝေ့ပိုက ကဗျာတစ်ပုဒ်ထဲမှ အလွန်နာမည်ကျော်ကြားသော စာသားတစ်ခုကို အမှတ်ရသွားခဲ့သည်။

'ရေထဲကိုဆင်းလိုက်တဲ့အချိန် မိုးမခပန်းပွင့်လေးတွေက ဗေဒါပင်လေးတွေလို လှုပ်ရှားနေတယ်'

အမျိုးသမီးကိုမြင်လိုက်ရသည့်အချိန်တွင် လူငယ်ဓားသမားက တိတ်တဆိတ် ရှင်းပြလိုက်သည်။

“သူက သံအဆောင်မြစ်ရဲ့မြစ်နတ်ဘုရားမပဲ။ သူက အခုမှ နတ်ဘုရားခန္ဓာကိုယ် ဖွဲ့စည်းထားတဲ့အပြင် နန်းတွင်းကလည်း သူ့အတွက် မြစ်နတ်ဘုရားကျောင်းဆောင် ဆောက်မပေးရသေးဘူး။ ဒါကြောင့် သူ့ရဲ့ဝိညာဉ်က နည်းနည်းတော့ မတည်ငြိမ်သေးဘူး…”

ဝေ့ပိုက ပြန်လှည့်မကြည့်ဘဲ မေးလိုက်သည်။

“သူ့နာမည်က ဘယ်သူလဲ…”

“ဒီမိန်းကလေးရဲ့နာမည်က ယန်ဟွာလို့ခေါ်တယ်။ အဓိပ္ပာယ်ကတော့ ရေစွမ်းအားမိုးမခလို့ သတ်မှတ်နိုင်တယ်…”

လျှိုယုက အေးစက်စွာ ပြောလိုက်သည်။

“သူက ဒီတချိန်လုံး ပြိုင်ဘက်ကင်းကံကြမ္မာတွေကို ပိုင်ဆိုင်ထားခဲ့တာ။ သူ့ရဲ့ကံကြမ္မာက တခြားသူတွေကိုတောင် အားကျလာအောင် လုပ်နိုင်တယ်။ သူက တောခြုံအုံကြားထဲမှာ မွေးဖွားလာခဲ့ပေမဲ့ မြေစာရင်းအရာရှိက သူ့ရဲ့ပါရမီကြောင့် ရွေးချယ်ပြီးသွားတဲ့အချိန်မှာ နာမည်ကျော် တာအိုအဆောင်ဓားရဲ့ အသိအမှတ်ပြုမှုကိုလည်း ရခဲ့တယ်။ အခု သူက လူအနည်းငယ်သာရနိုင်တဲ့ မိုးနတ်ဘုရားမအဖြစ်လည်း ရောက်သွားပြီ။ သူ့ရဲ့ကံကောင်းမှုတွေအရ နောက်ပိုင်းကောင်းကင်ဘုံကိုတောင် တက်လှမ်းသွားမလား မပြောတတ်ဘူး…”

ဝေ့ပို၏အမူအရာက ပုံမှန်ပြန်ဖြစ်သွားပြီး အနက်ရောင်စပါးအုံးမြွေ၏ နောက်ကျောပေါ်တွင် ပြန်ထိုင်လိုက်သည်။

“သူ့မှာ မိုးနတ်ဘုရားမ ပါရမီရှိနေတာပဲ။ ဒါကြောင့်လည်း သူ့ရဲ့ခရီးလမ်းက ရေလှိုင်းနဲ့လေလှိုင်းတွေလို ချောမွေ့နေတာ။ ဒီလိုအစွမ်းထက်တဲ့ အိမ်နီးချင်း တစ်ယောက်ကို တချိန်လုံးမြင်နေရတာ ငါ့အတွက် ကောင်းတာလား၊ဆိုးတာလား ကောင်းကင်ဘုံကပဲ သိတော့မယ်…”

ထိုမှတ်ချက်က အနည်းငယ် ထူးဆန်းနေကြောင်း လူငယ်ဓားသမားက သိနေသော်လည်း မည်သည့်အရာက ထူးဆန်းနေကြောင်း တိတိကျကျ မပြောတတ်ပေ။ သို့သော် မိုးနတ်ဘုရားမ ပါရမီဟူသည်မှာ နှစ်ပေါင်း(၁၀၀)တွင် (၁)ကြိမ်သာ တွေ့နိုင်သည့် ရှားရှားပါးပါး အခြေအနေတစ်ရပ်ဖြစ်သည်။

အနက်ရောင်စပါးအုံးမြွေ၏ နောက်ကျောတွင် စီးနင်းလိုက်ပါရင်း ဝေ့ပိုတို့က မိုးမခသစ်ကိုင်းကို ဖြတ်ကျော်သွားခဲ့သည်။ မြစ်နတ်ဘုရားမယန်ဟွာကတော့ သူတို့ကို လှည့်မကြည့်ခဲ့ပေ။

နတ်ဘုရားရေတိုင်းပြည်၏ ဒဏ္ဍာရီများထဲတွင် ကဗျာဆရာများ အလွန်များပြားပြီး အထူးသဖြင့် ခွဲခွာခြင်းကဗျာများ ဖန်တီးရာတွင် နာမည်ကျော်ကြားကြသည်။ ပြည့်တန်ဆာအိမ်တွင် ရှိနေသော မိန်းကလေးများက ထိုကဗျာများကို ရွတ်ဖတ်သီဆိုပြသည့်အချိန်မျိုးတွင် ထိုကဗျာများက နာမည်ကျော်ကြားလာပြီး ကုန်းမြေကြီးတစ်ခွင်လုံးကို လျင်မြန်စွာပျံ့နှံ့သွားတတ်၏။

ထိုကဗျာများထဲတွင် ပေါ့ပလာပန်းပွင့်ဟူသည်မှာ မိုးမခပန်းပွင့်များနှင့် တူညီသည်။ သို့သော် လျှိုယုလို ကြမ်းတမ်းခက်ထန်သော လူသန်ကြီးတစ်ယောက်ကတော့ ထိုအရာများ အားလုံးကို ရှေးဟောင်းသမိုင်းကြောင်းဟုသာ ပြောနေခဲ့၏။

အကယ်၍ ဝေ့ပိုက ထိုအရာကို ရှင်းမပြခဲ့လျှင် မည်သူက ဂရုစိုက်မည်နည်း။ အကယ်၍ သူက ရှင်းပြလျှင်ရော မည်သူက နားထောင်ချင်မည်နည်း။ ကွန်ဖြူးရှပ် သူတော်စင်များကတော့ မှတ်ချက်တစ်ခု ထားခဲ့သည်။ ပေါ့ပလာဟူသည်မှာ မိုးမခပင်ပေါက်မှ ဖြစ်လာခြင်းဖြစ်၏။

ဝေ့ပိုက ရုတ်တရက် ပြန်လှည့်ကြည့်လိုက်ရာ မြစ်နတ်ဘုရားမယန်ဟွာကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။ ထိုအချိန်တွင် သွားစားပွဲတောင်ထက် ပို၍ဝေးလံသော တောင်ဘက်ပိုင်းမှနေ၍ အလွန်ကြီးမားသော အနီရောင် အလင်းတန်းကြီးတစ်ခု ကောင်းကင်ပေါ်ကို မြောက်တက်လာခဲ့သည်။

လူငယ်ဓားသမားက သူ၏ဓားလက်ကိုင်ပေါ်သို့ လက်တင်ပြီး မျက်နှာပျက်ပျက်နှင့် ပြောလိုက်၏။

“ကြည့်ရတာတော့ ငါ ကိုယ်တိုင် တောင်ပိုင်းကိုသွားဖို့ လိုမယ်ထင်တယ်..”

ထိုအချိန်တွင် တာ့လီအင်ပါယာ၏နယ်စပ်တွင် ရှိနေသော တောင်တန်းထဲမှနေ၍ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မြောက်ပိုင်းကို လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။ အလွန်တောက်ပသော ကြယ်တံခွန်တစ်ခုကဲ့သို့ ထိုအဖြူရောင်အလင်းတန်း၏ နောက်တွင် မီးခိုးငွေ့များပင် ကျန်နေခဲ့၏။

ထိုအရာက ဓားပျံတစ်လက်၏ဓားချီစွမ်းအင်များဖြစ်၏။ ထို့ပြင် ထိုဓားပျံ၏ ပိုင်ရှင်ကိုတော့ မည်သည့်နေရာတွင်မျှ မတွေ့ရပေ။ ဓားချီစွမ်းအင်များက ရှည်လျားပြီး လေးလံသည်။ ခဏကြာပြီးနောက် ဓားက ပန်းထိုးမြစ်၏ ကမ်းစပ်နှင့် မလှမ်းမကမ်းတွင် ဆင်းသက်သွားခဲ့၏။

ဝင်္ကပါကို သူတော်စင်တစ်ယောက်ကဲ့သို့ တချက်တည်းနှင့် ဖျက်ဆီးလိုက်ပြီး ထိုဓားက မြည်းဖြူလေး၏ရှေ့တွင် တိတိကျကျ စိုက်သွားခဲ့လေသည်။

Translated by Hein Htet.

01/11/2025

ရှောင်လင်ကျောင်းက သိုင်းနတ်ဘုရား
အပိုင်း (၄၆၃) {စာစဉ် ၃၁ - အပိုင်း(၁၃)}

ဟီယာစုမျိုးနွယ်စု၏ အထိမ်းအမှတ်ကျောက်တိုင်က စူးရှသောအကြည့်နှင့် ရွှေရောင်သိန်းငှက်ကြီးတစ်ကောင် ဖြစ်သည်။ နတ်ဆရာက တီးတိုးရွတ်ဆိုနေသည့် အချိန်တွင် ကျောက်တိုင်ဆီမှ အလွန်တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး နေမင်းကြီးဆီမှ ရောင်ပြန်ဟပ်လာသလို ထင်မှတ်ရသည်။

မုန့်ချီကတော့ သူ၏ပတ်ပတ်လည်တွင် လှုပ်ရှားနေသော ကြီးကျယ်ခမ်းနားသည့် အငွေ့အသက်တစ်ခုကို ခံစားမိနေသည်။ ထိုအငွေ့အသက်က အလွန်အစွမ်းထက်ပြီး တစ်ခါတစ်ရံ ဝေဝါး၍ တစ်ခါတစ်ရံ ထင်ရှားသည်။ သူက အထိမ်းအမှတ် ကျောက်တိုင်ဘိုးဘေး၏ ရှေ့တွင် အလေးမဲ့ မနေရဲပေ။

သူက ထိတွေ့၍ မရနိုင်သော အလင်းရောင်များ လွှမ်းခြုံနေသည့် အမှောင်စကြဝဠာကြီးထဲတွင် တစ်ယောက်တည်း လွင့်မျောနေသလို ခံစားနေရ၏။ သူဖမ်းဆုပ်နိုင်သည့် တစ်ခုတည်းသော မျဉ်းကြောင်းကတော့ သူ့ဆီကို ဖြည်းညင်းစွာ ကပ်လာခဲ့သည်။

"မင်းက သစ္စာဆိုဖို့ လက်ခံလား…"
နတ်ဆရာက မြက်ခင်းပြင် ဘာသာစကားကိုသုံး၍ ရုတ်တရက် မေးလိုက်သည်။

ထိုနတ်ဆရာက သာမန် နတ်ဆရာတစ်ယောက်သာ ဖြစ်သည်။ သူက အနည်းငယ် သံသယဝင်စရာကောင်းနေသော်လည်း မုန့်ချီက သူ့အပေါ် သံသယဝင်နေသည်ဟု တွေးလိုက်၏။

"ထာဝရကောင်းကင်နဲ့ ဟွမ်ကျင်းရင်ရဲ့အောက်မှာ ဘာမှအမှားမရှိနိုင်ဘူး…"
သူက တီးတို့ပြောလိုက်၏။

ချန်းရှန့်အဖွဲ့အစည်းက အဆုံးမဲ့မိုးကောင်းကင်၏ အုပ်စိုးမှု ရှိနေသော မြက်ခင်းပြင်ထဲတွင် အထိမ်းအမှတ် ကျောက်တိုင်အများစုကို နေရာချထားခဲ့သည်။

ထိုစကားများကို ကြားသည့်အခါ မုန့်ချီက ခေါင်းငုံ့ပြီး စိတ်ထဲတွင် အံ့သြသွားသလို ခံစားနေရသည်။ သူ၏ပင်မဝိညာဉ်ကလည်း လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုလိုက်ပြီး ပုံရိပ်ယောင်ကို ဖယ်ရှားလိုက်၏။ ထိုအခါ ကံကြမ္မာမျဉ်းကြောင်းများက ဦးတည်ချက် ပြောင်းသွားပြီး နတ်ဆရာဆီကို လွင့်မျော၍ သူ့ဆီကို ကပ်သွားခဲ့သည်။

ထာဝရကောင်းကင်နှင့် ဟွမ်ကျင်းရင်က ထိုကဲ့သို့ အသေးအဖွဲ့ကိစ္စမျိုးကို အမှန်တကယ် အာရုံစိုက်နေမည် မဟုတ်ချေ။ သူတို့က သစ္စာဆိုခြင်းကို စောင့်ကြည့်ရန်သာ သူတို့၏အစွမ်းကို အသုံးပြုကြသည်။ ထို့ကြောင့် သစ္စာဆိုနေစဉ် အတောအတွင်း သူတို့ (၂) ယောက်၏ ပြောင်းလဲမှုများကို မည်သူကမျှ တုန့်ပြန်ခဲ့ခြင်း မရှိချေ။

နတ်ဆရာ၏ခန္ဓာကိုယ်က ပို၍လေးလံလာသလို ခံစားခဲ့ရသော်လည်း ခဏအတွင်း ပုံမှန်ပြန်ဖြစ်သွားသည်။ ထိုအရာကို စဉ်းစားကြည့်လိုက်ပြီးနောက် သူက စွမ်းအားအလွန်အကျွံ ကုန်ဆုံးသွားသည်ဟု တွေးလိုက်မိသည့်အတွက် အပေါ်ဘက်ကို နောက်တစ်ကြိမ် မော့ကြည့်လိုက်သည်။

ထို့နောက် သူက အာဂူလာ ရိုရိုသေသေပေးသော ရွှေနှင့်ကျောက်မျက်ရတနာများကို လက်ခံလိုက်ပြီး တဲထဲမှ ဂုဏ်ယူဝံ့ကြွားစွာ ထွက်သွားခဲ့၏။

"မင်းက သစ္စာဆိုပြီးသွားပြီဆိုမှတော့ အခု ငါတို့က ညီအစ်ကိုတွေဖြစ်သွားပြီ…"
အာဂူလာက အစောပိုင်းတုန်းကကဲ့သို့ ခပ်တည်တည် အမူအရာမရှိတော့ပဲ မုန့်ချီအပေါ် သံသယဝင်သော အမူအရာမျိုး ပျောက်ကွယ်သွားပြီး သဘောကောင်းသည့် အမူအရာမျိုး ပေါ်လာခဲ့သည်။ အာဂူလာက သူ့လို အစွမ်းထက်သော မဟာမိတ်တစ်ယောက်ကို စိတ်မဝင်စားခြင်း မဟုတ်ချေ။

မြေခွေးသုတ်သင်ရေးအဖွဲ့အစည်းက မြေခွေးဘုရင်ကို ယှဉ်နိုင်သော နောက်ထပ် ပညာရှင်တစ်ယောက်ကို ရလိုက်ခြင်းသာ ဖြစ်သည်။ သူတို့၏ လက်တုံ့ပြန်မှုက အောင်မြင်တော့မည့်အကြောင်း တွေးလိုက်မိသည့်အချိန်တိုင်း သူက အလွန်ဝမ်းသာပျော်ရွှင်နေသည်မှာ နားလည်ပေးနိုင်သည်။ သို့သော် သူ၏စိတ်လှုပ်ရှားမှုများက သာမန်ထက် ကျော်လွန်နေခဲ့၏။ မြေခွေးသုတ်သင်ရေးအဖွဲ့အစည်းက မြေခွေးဘုရင်ကို လက်တုံ့ပြန်ခြင်းထက် ပိုသောအဓိပ္ပါယ်များ ရှိနေနိုင်သည်။

မုန့်ချီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်ပြီး လေလွင့်ဓားသမားတစ်ယောက်၏ အေးတိအေးစက် အမူအရာမျိုး ရှိနေသေး၏။

အာဂူလာကတော့ သူ၏ပြဿနာကို သတိထားမိပုံရသည့်အတွက် ချက်ချင်းပင် မျက်နှာကိုပြန်တည်ပြီး ပြောလိုက်သည်။
"ငါတို့က လက်တုံ့ပြန်ဖို့ မျှော်လင့်ပြီး အကူအညီပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ အာစစ်လန် သေသွားတဲ့အချိန်မှာ မျက်လုံးမမှိတ်နိုင်တာကို တွေးမိခဲ့တဲ့ အချိန်တိုင်း တစ်ခါတစ်ရံ ငါ့ရဲ့ခံစားချက်တွေကို လုံးဝမထိန်းချုပ်နိုင်ခဲ့ဘူး။ မင်းက အချိန်ကောင်းမှာ ငါတို့နဲ့ ပူးပေါင်းခဲ့တာ။ (၂) ရက်အတွင်း တောင်ပိုင်းက သတင်းသမားက ဒီနေရာကို ရောက်လာပြီး အနီးအနားပတ်ချာလည်မှာရှိတဲ့ အဖွဲ့သားတွေဆီကို မြေခွေးဘုရင်ရဲ့သတင်းတွေ ပို့ပေးလိမ့်မယ်။ သူက ငါတို့အဖွဲ့ထဲ မင်းဝင်လာတာကိုလည်း ကိုယ်တိုင် သဘောတူလိမ့်မယ်…"

"တောင်ပိုင်းက သတင်းသမားလား"
မုန့်ချီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်ပြီး မြေခွေးသုတ်သင်ရေးအဖွဲ့အစည်းက အတော်လေးကို ကျစ်လစ်သော အဖွဲ့အစည်းတစ်ခုဖြစ်မည်ဟု စိတ်ထဲတွင် ခံစားမိခဲ့သည်။ ထိုအရာက သာမန်သတင်းအချက်အလက်စုဆောင်းရေး မဟာမိတ်အဖွဲ့များထက်ပင် ကျော်လွန်နေခဲ့၏။

တဲထဲမှ ထွက်လာပြီးနောက် အဘိုးကြီးဝူအန်က အပြုံးနှင့် ပြောလိုက်သည်။
"အာဂူလာမှာ နောက်ထပ်သား (၄) ယောက်နဲ့ သမီး (၃)ယောက် ရှိတယ်။ ဒါပေမယ့် သူတို့တွေတစ်ယောက်မှ အာစစ်လန်လို စွမ်းရည်မျိုး မရှိခဲ့ဘူး။ ဒီတော့ သူက အညှိုးအတေးထားပြီး မြေခွေးသုတ်သင်ရေးအဖွဲ့ကို ပူးပေါင်းတယ်ဆိုတာ နားလည်ပေးလို့ရတယ်။ မြေခွေးဘုရင်က သူ့ကို လက်တုံ့ပြန်နိုင်တဲ့ ဖြစ်နိုင်ခြေကိုတောင် စိတ်မဝင်စားဘူး…"

"တကယ်လို့ ကျွန်တော်သာ သူ့နေရာမှာဆိုရင် အဲဒီလို လုပ်မိမှာပဲလေ။ လက်တုံ့ပြန်ခြင်းက လက်တုံ့ပြန်မှုတွေ မွေးဖွားလာနိုင်တယ်လို့ ဆိုပေမယ့် ကျွန်တော့်ရဲ့ရန်သူတွေကတော့ အဲဒီလိုစကားလုံးတွေနဲ့ ဖျောင်းဖျပြောဆိုလို့မရမှာ စိုးရတယ်…"
အနားတွင် မည်သူမျှ မရှိကြောင်း မြင်သည့်အခါ မုန့်ချီက တောင်ပိုင်ကျင်းအင်ပါယာ ဘာသာစကားနှင့်သာ ပြောခဲ့သည်။
……..

(၂) ရက်ကြာပြီးနောက် မုန့်ချီနှင့် ပါတူတို့က အာဂူလာ၏နောက်မှနေ၍ သာမန်တဲလေးတစ်လုံးထဲသို့ ဝင်သွားခဲ့သည်။

"ဒါက..."
မြက်ခင်းပြင်မှ တံခါး (၉) ပေါက်အဆင့် ပညာရှင်တစ်ယောက်က ဝင်ပေါက်တွင် စောင့်နေ၏။ သူက မုန့်ချီကိုကြည့်ပြီး တဲထဲသို့ ဝင်ခွင့်ပေးရန် ငြင်းဆန်နေသည်။ အစောင့်က အာဂူလာနှင့် ပါတူတို့ (၂) ယောက်လုံးကို သိနေသော်လည်း ထိုနှုတ်ခမ်းမွှေးနှင့် လေလွင့်ဓားသမားက မည်သူပေနည်း။

"သူက ငါတို့အဖွဲ့ထဲကို မကြာသေးခင်ကမှ ပူးပေါင်းလာတဲ့ တိုက်ခိုက်ရေးသမား တစ်ယောက်ပဲ။ သူက နတ်ဆရာတစ်ယောက်ရဲ့ရှေ့မှာ သစ္စာဆိုပြီးသွားပြီ…"
အာဂူလာက တီးတိုးပြောလိုက်၏။

"ငါတို့အဖွဲ့ထဲကို ပူးပေါင်းတာလား…"
အစောင့်က မုန့်ချီကို စိုက်ကြည့်နေပြီး သူ၏စွမ်းရည်ကို သံသယဝင်နေပုံရသည်။

သူတို့နှင့် ပူးပေါင်းခြင်းက သစ္စာဆိုရုံသက်သက် ရိုးရှင်းနေခြင်း မရှိချေ။ ထို့နောက် သူက အလွန်အေးစက်သော မုန့်ချီ၏မျက်လုံးများကို သတိထားမိခဲ့ပြီး လည်ချောင်းထဲတွင် အလွန်ပြင်းထန်သော အအေးဓာတ်တစ်ခု မြင့်တက်လာသည်ကို ခံစားမိနေသည်။ သူ၏ လည်ပင်းပေါ်တွင် မမြင်ရသော ဓားတစ်ချောင်း ရှိနေသလို ထင်မှတ်ရ၏။

အကယ်၍ သူသာ အလျင်စလို လှုပ်ရှားလိုက်မည်ဆိုလျှင် သူ့ခေါင်းက ခန္ဓာကိုယ်မှ ချက်ချင်းပျက်ထွက်သွားမလို ခံစားရပါလိမ့်မည်။ သူ၏နဖူးပေါ်မှနေ၍ ချွေးသီးချွေးပေါက်များ စတင်ကျဆင်းလာ၏။ သူက နောက်ကို ခြေလှမ်းပေါင်းများစွာ သတိလက်လွတ် ပြန်ဆုတ်လိုက်မိပြီး မုန့်ချီကို ဖြတ်သွားခွင့်ပေးလိုက်ရ၏။

အာဂူလာက ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး သူရွေးချယ်ထားသော တိုက်ခိုက်ရေးသမားအပေါ် ကျေနပ်နေပုံရသည်။ တဲထဲတွင်တော့ ကြေးနီမီးဖိုကြီးများစွာ ရှိနေသည့်အတွက် အတွင်းထဲတွင် နွေဦးရာသီကဲ့သို့ နွေးထွေးသလို ခံစားနေရ၏။

မြေပြင်ပေါ်တွင်တော့ ကော်ဇောများ ပြည့်နှက်နေပြီး နံရံများတွင်လည်း သားမွှေးများ ကပ်ထားသည်။ ရွှေအသုံးအဆောင်များကိုလည်း အစီအစဉ်တကျ နေရာချထား၏။ တဲက သေချာပြင်ဆင်ထားခြင်းဖြစ်ပြီး သိသာပေါ်လွင်ခြင်း မရှိပေ။

အတွင်းထဲတွင်တော့ အဘိုးအိုတစ်ယောက်က မျက်လုံးမှိတ်၍ တင်ပျဉ်ခွေထိုင်နေ၏။ သူက မြက်ခင်းပြင်မှ ထုတ်ကုန်ဖြစ်သော အထူးသစ်ရွက်တစ်ခုကို ဆေးပြင်းလိပ်သဖွယ် လိပ်၍ သောက်နေပြီး သူ့ပုံစံက အတော်လေးကို သက်သောင့်သက်သာ ဖြစ်နေသည်။ သူ့အနားတွင် ရှိနေသည်မှာတော့ အနက်ရောင် သားမွှေးဝတ်ရုံတစ်ခု ဖြစ်သည်။

"တယ်မူအာ …
မြက်ခင်းပြင်ထဲမှာ နှင်းတွေ ပိတ်နေပြီ။ မင်းက ဘာလို့အစောကြီး ရောက်လာရတာလဲ…"
အာဂူလာက ထိုအဘိုးအိုကို တရင်းတနှီး နှုတ်ဆက်လိုက်သည်။

တယ်မူအာက သူ၏ဆေးပြင်းလိပ်ကြီးကို ချလိုက်ပြီး အဖြူရောင် မီးခိုးငွေများကို မှုတ်ထုတ်လိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"အဲဒီနှင်းတွေကြောင့်လည်း ငါက စောစော ထွက်လာခဲ့တာလေ။ ဒါက ဘယ်သူလဲ…."

"သူက ကျဲပိုင်လို့ခေါ်တယ်။ အဖွဲ့ထဲကို ငါ ခေါ်လာတဲ့ အဖွဲ့သားတစ်ယောက်။ သူက မြေခွေးဘုရင်ရဲ့ရှေ့မှာတောင် အသက်မသေနိုင်တဲ့ စွမ်းရည်မျိုးရှိတယ်…"

ထို့နောက် အာဂူလာက မုန့်ချီကိုလှည့်ကြည့်ပြီး ပြောလိုက်သည်။
"ဒါကတော့ တယ်မူအာလို့ခေါ်တယ်။ သူက ကျီလိမူက နာမည်ကျော် ပညာရှင် တစ်ယောက်ပဲ။ သူ သဘောအကျဆုံးတပည့်က မြေခွေးဘုရင်ရဲ့လက်ထဲမှာ သေသွားခဲ့တယ်…"

အာဂူလာ ပြောပြရန် မလိုအပ်ဘဲ မုန့်ချီက တယ်မူအာ၏အစွမ်းကို ခံစားမိသည်။ သူက တိတိကျကျ ဆုံးဖြတ်နိုင်ခြင်း မရှိသော်လည်း အနည်းဆုံးတော့ တယ်မူအာ၏အစွမ်းက သာမန်တံခါး (၉) ပေါက်အဆင့် ပညာရှင်များထက် ကျော်လွန်နေကြောင်း သိသာနေ၏။

အကယ်၍ တယ်မူအာ၏လှုပ်ရှားမှု အနည်းငယ်ကိုသာ မြင်လိုက်ရမည်ဆိုလျှင် သူ့ကို ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ဟု ပြောမည်ဆိုလျှင်လည်း သူက လက်ခံမည်သာ ဖြစ်သည်။

"ငါက တော်တော်လေးအိုနေပါပြီ။ တကယ်လို့ ငါကိုယ်တိုင် မြေခွေးဘုရင်နဲ့ တွေ့ရမယ်ဆိုရင် အသက်မရှင်နိုင်မှာ စိုးရတယ်…"
တယ်မူအာက မုန့်ချီ၏မျက်လုံးထဲကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။

အာဂူလာက တင်ပျဉ်ခွေထိုင်ပြီး မေးလိုက်သည်။
"တခြားလူတွေရော ဘယ်မှာလဲ…"

"သူတို့က ဒီကိုလာဖို့အတွက် အရမ်းအလုပ်များနေကြတယ်။ ငါက သူတို့တွေဆီကို လှည့်ပတ်ပြီးတော့ ရောက်လာခဲ့တာ။ သူတို့ဆီကိုတော့ ပြီးမှပဲ သတင်းပေးတော့မယ်…"
တယ်မူအာ၏ လေသံက အနည်းငယ် ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။

"အခုနောက်ပိုင်း ကျီလိမူက ကျားအိုကြီးကလည်း တောင်ပိုင်းက ကုန်ပစ္စည်းတွေကို အရမ်းစိတ်ဝင်စားနေတယ်။ မင်းက ဂရုစိုက်ဦး…"

အာဂူလာက ခေါင်းညိတ်ပြလိုက်ပြီး တယ်မူအာနှင့် စတင်စကားပြောနေခဲ့သည်။ သူတို့၏စကားထဲတွင်တော့ မြေခွေးဘုရင်အကြောင်း လုံးဝမပါခဲ့ပေ။ သူတို့ကတော့ ကီကျန်းအိုမြစ်နှင့် ကျီလိမူတဝိုက်တွင် ရှိနေသော လျှို့ဝှက်ချက်များအကြောင်းသာ ဖြစ်နေသည်။ သူတို့က တောင်ပိုင်းမှ ကုန်ပစ္စည်း လမ်းကြောင်းများနှင့် ခိုးယူလာသော ပိုင်ဆိုင်မှုများအကြောင်းကိုလည်း ဆွေးနွေးနေကြ၏။

မုန့်ချီကတော့ စကားဝင်မပြောဘဲ သူတို့၏အနားတွင် ထိုင်နေခဲ့သည်။ သူတို့၏ စကားကို နားထောင်နေရင်း သူက အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သတင်းအချက်အလက်များဟူသည်မှာ အခွင့်အရေးများကို ပြသနေသည်။

ထို့ကြောင့် အာဂူလာနှင့် တယ်မူအာတို့၏ သတင်းအချက်အလက် ဖလှယ်မှုက နှစ်ဖက်စလုံးအတွက် အကျိုးရှိသည်။ အာဂူလာ၏ အဆင့်အတန်းနှင့် တယ်မူအာ၏ အစွမ်းအရ သူတို့ပူးပေါင်းလိုက်မယ်ဆိုလျှင် ရိုးရှင်းသော ပူးပေါင်းမှုတစ်ခု မဖြစ်နိုင်တော့ပေ။

"ကြည့်ရတာတော့ မြေခွေးသုတ်သင်ရေးအဖွဲ့အစည်းထဲမှာ အဆင့်နိမ့်တဲ့ လူတစ်ယောက်ကို လက်မခံတာတော့ မဟုတ်လောက်ဘူး။ သူတို့တွေအတွက် မထိုက်တန်တာပဲ ဖြစ်နိုင်တယ်။ သူတို့တွေက မြက်ခင်းပြင်တစ်ခုလုံးမှာရှိတဲ့ သတင်းအချက်အလက်တွေကို အချင်းချင်း ဝေမျှပြီး အချင်းချင်း ထောက်ပံ့ပေးနေတာ။ ဒါကြောင့် လျော့တွက်လို့ မရနိုင်တဲ့အဖွဲ့အစည်းတစ်ခု ဖြစ်လာတာပဲ…"
မုန့်ချီက တစ်ယောက်တည်း လေးလေးနက်နက် တွေးနေခဲ့သည်။

"တကယ်လို့ မြေခွေးဘုရင်ကို သတ်ပြီးသွားရင်တောင် မြေခွေးသုတ်သင်ရေး အဖွဲ့အစည်းက အောင်မြင်မှုအရသာကို တွေ့သွားပြီဆိုတော့ ပျက်စီးသွားမှာ မဟုတ်တော့ဘူး…"

ထိုအချိန်တွင် တဲဝင်ပေါက် အပြင်ဘက်မှနေ၍ ရယ်သံတစ်ခုကို ကြားလိုက်ရသည်။
"ငါတို့ဆီကို သူရဲကောင်းတစ်ယောက် ပူးပေါင်းလာတယ်လို့ ကြားတယ်…"

နောက်ပြန်ကြည့်ရန် မလိုအပ်ပဲ မုန့်ချီကတော့ ရောက်လာသူ၏ မျက်နှာကို စိတ်ထဲတွင် မြင်လိုက်ရသည်။ သူက မျက်ခုံးထူထူ မျက်လုံးကြီးကြီးရှိနေပြီး သားရေဦးထုပ်နှင့် အဖိုးတန်သော ဝတ်စုံကို ဝတ်ဆင်ထားသည်။ ခါးတွင် ရွှေရောင်ဓားတိုတစ်ချောင်းကို အလှဆင်သည့်အနေနှင့် ချိတ်ထားခဲ့၏။ ထိုလူက အသက်ကြီးပုံမရသေးပဲ အသက် (၃၀) ဝန်းကျင်သာ ရှိနိုင်သည်။

"ဒါကတော့ တာ့ရီအိချီလို့ခေါ်တယ်။ တောင်ပိုင်းက ငါတို့ရဲ့သတင်းသမား။ သူက မြက်ခင်းပြင်ထဲမှာလည်း နာမည်ကျော်စစ်သည်တော်တစ်ယောက်လေ။ သူ့ရဲ့ညီလေးကို မြေခွေးဘုရင်က သတ်သွားခဲ့တာ…"
အာဂူလာက မိတ်ဆက်ပေးလိုက်၏။

တာ့ရီအိချီ၏ လှုပ်ရှားမှုတိုင်းက ကမ္ဘာမြေကြီး၏ စွမ်းအားများကို သယ်ဆောင်ထားသလို ထင်မှတ်ရသည်။ ထိုလူက မျက်ခုံးကြားပင်မတံခါး ပွင့်နေပြီဖြစ်ကြောင်း မုန့်ချီက သေချာသိနေ၏။ သူက ငယ်ရွယ်ပြီး အစွမ်းထက်သည့်အတွက် သူ့အစွမ်းက တယ်မူအာထက် ပိုမြင့်မည်ဟု မုန့်ချီက သေချာသိနေသည်။

တာ့ရီအိချီက သူ၏သားမွှေးဝတ်ရုံကို ချွတ်လိုက်ပြီး လူစိမ်းတစ်ယောက် ရှိနေသည်ကို စိတ်မဝင်စားပဲ အေးအေးဆေးဆေး ထိုင်လိုက်သည်။ သူက အသက်ကိုပုံမှန်ရှုပြီး ပြောလိုက်၏။
"ငါက အာဂူလာရဲ့ဆုံးဖြတ်ချက်ကို သံသယမရှိဘူး။ ညီလေးကျဲပိုင်က မြေခွေးဘုရင်ထက် သိပ်ပြီး အားနည်းမှာ မဟုတ်လောက်ဘူး။ သူက မြေခွေးဘုရင်ကိုသတ်ဖို့ ငါတို့ရဲ့အဖွဲ့အတွက် အဓိကလူတစ်ယောက်ဖြစ်လာမှာပဲ။ ဒီနေရာမှာ ငါ့ရဲ့တာဝန်တွေပြီးဆုံးပြီး နှင်းတွေ အရည်ပျော်ကျသွားတဲ့အချိန်ကျရင် ငါတို့ရဲ့ခေါင်းဆောင်နဲ့တွေ့ဖို့ မင်းကိုခေါ်သွားမယ်…"

ခေါင်းဆောင်အကြောင်းကို ပြောသည့်အချိန်တွင် တယ်မူအာနှင့် အာဂူလာတို့ (၂)ယောက်လုံးက အနည်းငယ် လေးစားသွားကြသော်လည်း စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ ကြည့်ရသည်မှာ ခေါင်းဆောင်ဖြစ်သူက အတော်လေး လျှို့ဝှက်ဆန်းကြယ်ပုံရ၏။

တာ့ရီအိချီက ခေါင်းဆောင်အကြောင်းကို ထပ်မပြောခဲ့ပဲ ခေါင်းစဉ်ပြောင်း၍ ပြောလိုက်၏။
"အခုငါတို့တွေက မိသားစုဖြစ်သွားပြီဆိုမှတော့ မလိုအပ်တဲ့စကားတွေ ပြောမနေတော့ဘူး…ညီလေးကျဲပိုင် ။ အဲဒီခွေးသားတိုင်ရှန်နဲ့ ပတ်သက်တာပဲ ပြောပြမယ်…"

"ကောင်းပါပြီ"
ထိုအရာက မုန့်ချီ ရောက်လာရသော အဓိကအကြောင်းပြချက်လည်း ဖြစ်သည်။

"မင်းတို့က အဲဒါကို သတိထားမိနေပြီဆိုမှတော့ တခြားကိစ္စတွေကို ခဏဘေးဖယ်ထားမယ်။ ငါတို့ မြေခွေးသုတ်သင်ရေးအဖွဲ့အစည်းက ဘာတွေရှာတွေ့ထားလဲဆိုတာပဲ မင်းကိုပြောပြမယ်…"
တာ့ရီအိချီက တည်ငြိမ်စွာ ပြောလိုက်သည်။

"ခွေးကောင်တိုင်ရှန်က ငါတို့တွေ့တဲ့ ပညာရှင်တိုင်းကို သတ်ပစ်လိုက်ပေမယ့် သူက တော်တော်လေး အားနည်းတဲ့သူတွေကို ပစ်မှတ်မထားဘူး။ သူ့ရဲ့ပစ်မှတ်က စွမ်းအားတွေ တဖြည်းဖြည်း မြင့်တက်လာနေတဲ့လူမျိုးပဲ…"

တာ့ရီအိချီ၏ရှင်းပြမှုက အလွန်တိကျနေသည်။ သူကတော့ မြေခွေးဘုရင် ပုံမှန်သတ်ဖြတ်နေသော အခြေအနေများကို နားလည်ထားသည့်အလား ပြောပြနေခဲ့၏။

မြေခွေးဘုရင်က ပုံမှန်အချိန်ကာလတစ်ခုအတွင်း သတ်ပစ်နေခြင်းဖြစ်ပြီး မြေခွေးဘုရင်၏ ပစ်မှတ်များက အဆင့်တည်ငြိမ်မှု မရှိသေးခင် စွမ်းအားများ သိသိသာသာ တိုးတက်လာနေသူများ ဖြစ်ကြသည်။ ထိုဖြစ်စဉ်က အကြိမ်အနည်းငယ် ဆက်ကာဆက်ကာ ဖြစ်နေခဲ့၏။

ထို့ကြောင့် ပစ်မှတ်က မြေခွေးဘုရင်ထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်သူ သို့မဟုတ် အဆပေါင်းများစွာ ပို၍အားနည်းသူများဆိုလျှင် ဖြစ်နိုင်ခြေက အလွန်နည်းပါးသည်။ အကယ်၍ အလွယ်တကူ သတ်ပစ်နိုင်ခြင်းမရှိသော ပစ်မှတ်များဆိုလျှင် သူက အဝေးသို့ ထွက်ပြေးသွားပြီး နောက်တစ်ကြိမ်သတ်ရန် အခွင့်အရေးတစ်ခုကို စောင့်နေတတ်သည်။

"သူ ရွေးချယ်တဲ့အချိန်ကာလကိုတော့ ငါတို့လည်း သံသယရှိနေတုန်းပဲ။ ဒါပေမဲ့ တိုင်ရှန်က အဆင့်တက်ခါနီးလာတဲ့အချိန်မှာ သူ့ထက် အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်တဲ့ ပစ်မှတ်တွေကို ရွေးချယ်လာတယ်…”

“သူက သူ့ထက် အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်တဲ့ပစ်မှတ်တွေကို သတ်ဖို့ စွန့်စားပြီး အတားအဆီးကို ချိုးဖျက်ချင်နေတာပဲ…."
အာဂူလာက ထပ်ဖြည့်ပြောလိုက်၏။

သူဖတ်ထားသော အချက်အလက်များကို ပြန်လည်စဉ်းစားရင်း မုန့်ချီကလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။ ယခုအချိန်တွင် မြေခွေးဘုရင်က သူရရှိထားသော ဒဏ်ရာများ လုံးဝပြန်ကောင်းသွားသည့်အချိန် ဖြစ်သည်။

မြေခွေးဘုရင်၏ မူလအဆင့်ကို စဉ်းစားကြည့်လိုက်မည်ဆိုလျှင် ယခုသူက အဆင့်တက်ရန် အခွင့်အရေးကို သေချာပေါက် ရှာနေနိုင်သည်။ အကယ်၍ ထိုအရာသာ အမှန်အတိုင်းဆိုလျှင် သူတို့က မြေခွေးဘုရင်ကို ခြေရာခံနိုင်ပြီး လက်တုံ့ပြန်နိုင်ချေရှိ၏။

အဓိကပြဿနာကတော့ မြေခွေးဘုရင်က မြက်ခင်းပြင်ထဲတွင် ရှိနေသော လူတိုင်း၏ ပစ်မှတ် ဖြစ်နေသည့်အတွက် သူ၏နောက်ဆုံး ရွေးချယ်မှုကို ဆုံးဖြတ်ရန် ခက်ခဲနေသည်။ မြေခွေးဘုရင်က သူထင်ထားသည်ထက် ပို၍မြန်မြန်ဆန်ဆန် ဒဏ်ရာသက်သာနိုင်သော အခြေအနေများ မရှိလျှင် အရာအားလုံးက သူတို့၏ယူဆချက်အတိုင်း ဖြစ်နေနိုင်သေးသည်။

လွန်ခဲ့သော (၆) လအတွင်း သူသတ်ခဲ့သည့် အရေအတွက်ကို သုံးသပ်ကြည့်လိုက်မည်ဆိုလျှင် ထိုဖြစ်နိုင်ခြေကလည်း အတော်လေး နည်းပါး၏။

ထို့နောက် တာ့ရီအိချီက မုန့်ချီ၏အတွေးကို အတည်ပြုပြီး ပြောလိုက်သည်။
"တိုင်ရှန်က အလယ်ကုန်းမြေကြီးကနေ ပြန်လာပြီးတဲ့နောက် လူသတ်တာ ရှားပေမယ့် သူက အဆင့်တက်ခါနီးနေပြီ။ ကျင်းကျန်းနဲ့ ချန်းရှန့်အဖွဲ့အစည်းရဲ့ မျိုးဆက်တွေကို ဖယ်လိုက်မယ်ဆိုရင်တောင် မြက်ခင်းပြင်ထဲမှာ သူ အဆင့်တက်အောင်လုပ်ပေးနိုင်တဲ့ အစွမ်းထက်ပညာရှင်တွေ အများကြီး ရှိနေသေးတယ်။ ဒီတော့ ငါတို့က အဲဒီထဲကနေ အရေးကြီးတဲ့ လူအနည်းငယ်လောက်ကိုပဲ ရွေးချယ်နိုင်မယ်။ ဒါပေမယ့်..."

သူက ခေါင်းစဉ်ပြောင်းပြီး ဆက်ပြောလိုက်သည်။
"တိုင်ရှန်က အဆင့်တက်တော့မဲ့ ပစ်မှတ်တွေကို တိတိကျကျ ရွေးချယ်နိုင်တဲ့ မြေခွေးတစ်ကောင် လုံးဝမဟုတ်မှာ သံသယရှိတယ်။ ပြီးတော့ သူက တောင်ပိုင်းကို မသွားခင် ပညာရှင် (၅) ယောက်ကို သတ်ပစ်ခဲ့တယ်။ သူတို့ထဲမှာ (၂) ယောက်က ငါတို့ရဲ့ လျှို့ဝှက်အဖွဲ့သားတွေပဲ။ ဒါက ဘယ်လိုလုပ်ပြီးတိုက်ဆိုင်တာ ဖြစ်တော့မှာလဲ.."

"ဒီတော့ ခင်ဗျားတို့က ဒီအချက်ကိုလည်း စစ်ဆေးနေတာပဲလား…"
မုန့်ချီက မြက်ခင်းပြင်ဘာသာစကားနှင့်ပြောရန် ခက်ခက်ခဲခဲ ကြိုးစားလိုက်ရသည်။ တာ့ရီအိချီ၏ရှင်းပြမှုကို အချိန်ကြာမြင့်စွာ နားထောင်ပြီး စကားလုံးများ၏အဓိပ္ပာယ်ကို နားလည်ရန် ခက်ခဲနေသည်။

တာ့ရီအိချီက ခေါင်းညိတ်ပြလိုက်၏။
"ငါတို့က သတင်းတချို့ကို တမင်တကာ ထုတ်လွှတ်လိုက်တဲ့အချိန်မှာ သံသယဝင်စရာကောင်းတဲ့လူ (၃) ယောက်ကို တွေ့ခဲ့တယ်။ သူတို့ထဲက တစ်ယောက်ကတော့ ကီကျန်းအိုမှာရှိတယ်။ ဒါကြောင့်လည်း ငါက ဒီကိုရောက်နေရတာပဲ…"

"အဲဒါ ဘယ်သူလဲ…"
အာဂူလာနှင့် တယ်မူအာတို့က စိတ်ဝင်စားလာပြီး သူတို့၏မျက်လုံးများက လှုပ်ရှားလာသည်။

မုန့်ချီကတော့ နေရာတွင်ရပ်နေပြီး အလွန်အေးစက်သော အမူအရာအတိုင်း ရှိနေသေး၏။ သူကတော့ ပညာရှင်တစ်ယောက်၏ အမူအရာနှင့် တာ့ရီအိချီကို စိုက်ကြည့်နေခဲ့သည်။

"နာယီစု…"
တာ့ရီအိချီက နာမည်တစ်ခုကို ပြောလိုက်သည်။

"သူလား..."
အာဂူလာနှင့် တယ်မူအာတို့၏ အမူအရာက ပြောင်းလဲသွာသည်။

"နာယီစုလား..."
မုန့်ချီကတော့ ထိုလူအကြောင်းကို မသိသေးပေ။

"သူက နာမည်ကျော် မြင်းဓားပြတစ်ယောက်ဖြစ်ခဲ့တယ်။ ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်တဲ့အချိန်မှာ သူက မြင်းဓားပြအဖွဲ့ကနေ ထွက်လာပြီး မြင်းဓားပြ အဖွဲ့ပေါင်းများစွာရဲ့ ကုန်ပစ္စည်းတွေကို ကီကျန်းအိုမှာ ရောင်းပေးနေတယ်။ သူက ဒီနေရာမှာ အခြေခိုင်သွားပြီဆိုရင် ချန်းရှန့်အဖွဲ့အစည်းရဲ့ အကူအညီကိုရရှိဖို့အတွက် အသည်းအသန်လေ့ကျင့်ဖို့ စတင်ကြိုးစားနေတယ်။ သူက သံတမန်ရေး လမ်းကြောင်းနဲ့လည်း တည်ဆောက်ဖို့ ကြိုးစားနေတယ်…"

လူတစ်ယောက်က ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ဖြစ်လာလျှင် သူက အလယ်အလတ်အဆင့် မျိုးနွယ်စုတစ်ခု၏ အစောင့်တစ်ယောက် ဖြစ်နိုင်သည်။ သို့မဟုတ် မျိုးနွယ်စုကြီးတစ်ခုကို ပူးပေါင်းနိုင်၏။ မြင်းဓားပြတစ်ယောက် ဖြစ်နေခြင်းနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူ၏အဆင့်အတန်းက အဆ (၁၀၀) ခန့် မြင့်တက်သွားနိုင်သည်။

မည်သို့ဖြစ်စေကမူ ကျင်းကျန်းတွင်ရှိနေသော ခန်းအင်ပါယာ၏ အုပ်စိုးမှုအောက်တွင် မြင်းဓားပြများက ပြဿနာမရှာသရွေ့ မည်သည့်အရာမျှ မဖြစ်ပေ။ သို့သော် ထိုပြဿနာကိုသာ ဖော်ထုတ်ခံရမည်ဆိုလျှင် သူတို့က သေချာပေါက် ပျက်စီးသွားနိုင်၏။

"ငါတို့က မြေခွေးဘုရင်နဲ့ ပတ်သက်ပြီး မကောင်းတဲ့သတင်းကို နောက်တစ်ကြိမ် ရခဲ့တယ်။ အစ်ကိုတယ်မူအာနဲ့ ညီလေးကျဲပိုင် .. မင်းတို့က နာယီစုနဲ့ သူ့လူတွေကို သေချာစောင့်ကြည့်ဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ သူတို့ရဲ့နောက်ကိုလိုက်ပြီး မြေခွေးဘုရင်ကိုရှာပါ…"
တာ့ရီအိချီက အံ့သြနေသော အမူအရာနှင့် ပြောလိုက်၏။

မုန့်ချီက ဓားလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
"ဒီသတင်းက တိကျပါစေလို့ မျှော်လင့်ပါတယ်…"
သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ထို့နောက် မတ်တပ်ရပ်ပြီး တဲထဲမှ ထွက်သွားခဲ့၏။

မုန့်ချီ၏သဘောထားကို မြင်သည့်အခါ တာ့ရီအိချီက အပြုံးနှင့် ပြောလိုက်သည်။
"မင်းက ငါတို့ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်ပါတယ်…."
…………..

လမင်းကြီးက တိမ်ဖုံးနေပြီး လေထဲတွင် နှင်းပွင့်လေးများ ညင်သာစွာ လှုပ်ရှားနေသည်။ မုန့်ချီနှင့် တယ်မူအာတို့ (၂) ယောက်စလုံးက သူတို့၏တဲအမိုးများပေါ်တွင် အသီးသီး လှဲလျောင်းနေကြပြီး မလှုပ်မယှက် ရပ်နေကြ၏။ ထို့ကြောင့် နှင်းများက သူတို့ခန္ဓာကိုယ်ပေါ်တွင် ဖုံးလွှမ်းနေကြသည်။

လူတစ်ယောက်က နာယီစု၏ တဲထဲသို့ ဝင်သွားပြီး သူရရှိထားသော အချက်အလက်များကို သတင်းပို့လိုက်သည်။ ထိုသတင်းသမား ထွက်သွားပြီးနောက် နာယီစုက တစ်ညလုံး လှုပ်ရှားခဲ့ခြင်း မရှိပေ။ တာ့ရီအိချီ၏ဆုံးဖြတ်ချက်က မှားနေသလားဟုပင် တခြားလူများက သံသယဝင်နေခဲ့၏။

သို့သော် မုန့်ချီနှင့် တယ်မူအာတို့ (၂) ယောက်စလုံးက ထူးထူးခြားခြားကို စိတ်ရှည်နေကြသည်။ နှင်းများ ဖုံးလွှမ်းနေသော သူတို့က တစ်ညလုံး စောင့်နေကြ၏။ အာရုံတက်ချိန် ရောက်သည့်အချိန်တွင် နာယီစု၏ လူပေါင်းများစွာက တဲထဲသို့ ဝင်လာပြီး လျင်မြန်စွာ ပြန်ထွက်သွားကြ၏။

အကယ်၍ သတင်းပြန်ပို့မည်ဆိုလျှင်ပင် မည်သူက နာယီစု၏သတင်းကို ပြန်လည်သယ်ဆောင်သွားကြောင်း ပြောပြရန် ခက်ခဲနေလေသည်။

Translated by Hein Htet.

ที่อยู่

668 อ. แม่สอด จ. ตาก ตำบลพระธาตุผาแดง บ้านหัวฝาย
Mae Sot
63110

เบอร์โทรศัพท์

09798811049

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Hein Htet's Blogsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Hein Htet's Blogs:

แชร์

//iconSize: [32, 32], //html: '' }) .bindTooltip(name, { //permanent: true, direction: 'bottom', //offset: L.point(12, 25), //opacity: 0.88, interactive: true }) .bindPopup(name); markersLayer.addLayer(marker); } function getMore() { if (gettingMore) { return; } gettingMore = true; var center = map.getCenter(); $.ajax({ url: "/vicinitysearch", data: { lat: center.lat, lng: center.lng, country: "THAILAND" } }) .done(function(data) { var added = 0; data.forEach(function(loc) { if (!locationIds.includes(loc.id)) { var mapLoc = {id:loc.id,lat:loc.latitude,lng:loc.longitude,title:trunc20(loc.name),popupHtml:loc.popupHtml,urlPath:loc.urlPath,pictureUrl:loc.pictureUrl}; locations.push(mapLoc); locationIds.push(loc.id); map._addMarker(mapLoc); added++; } }); }) .always(function() { gettingMore = false; }); } map._clearMarkers = function() { markersLayer.clearLayers(); } }); }, 4000); });