06/11/2025
ဌာနေပြန် ဓားတစ်လက်
အပိုင်း (၁၂၈) {စာစဉ် ၉ - အပိုင်း(၈)}
‘လှပသောရေ၊ အဆင့်မြင့်သောလေလှိုင်း’ ဟူသည့် ဆိုင်းပုတ်ချိတ်ထားသော စံအိမ်ရှေ့တွင်...
သေခြင်းတရားက လက်တစ်ကမ်းအလိုကို ရောက်လာသည်ဟု ခံစားမိနေသည့်အတွက် မျက်မမြင်တာအိုဘုန်းတော်ကြီးက ရုတ်တရက် ရူးသွပ်သွားခဲ့ပြီး အဓိပ္ပာယ်မရှိသောစကားများ စတင်ပြောဆိုလာခဲ့သည်။
လင်းရှို့ယီကတော့ လက်တစ်ဖက်ဆီတွင် အဆောင်တစ်ခုဆီကို ကိုင်ထားခဲ့၏။ ထိုအရာကတော့ ‘ပန်ကန်းပြားပေါ်မှ ပုလဲလုံး’ အဆောင်နှင့် ‘မီးလျှံမိုး’အဆောင်တို့ ဖြစ်ကြသည်။ သူက အတတ်နိုင်ဆုံး ကြိုးစားမည်ဖြစ်ပြီး ကျန်ရှိနေသည်မှာတော့ ကောင်းကင်ဘုံ၏ဆန္ဒအပေါ်သာ မူတည်ပါလိမ့်မည်။
သူ့ဘေးတွင်တော့ ချန်းပင်အန်းက သူ၏ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားသွားလာနေသော နဂါးတစ်ကောင်ကဲ့သို့ ချီစွမ်းအားအမျှင်လေးကို တိတ်တဆိတ် ထိန်းချုပ်နေခဲ့သည်။ သူက ဓားချီစွမ်းအင် အမျှင်လေးများရှိမရှိ အတည်ပြုရန် ထိုသွေးကြောမှတ်(၂)ခုဆီသို့ လှည့်ပတ်ခဲ့သည်။
သူက ထိုအရာကို မည်သို့သေချာသိနိုင်သနည်း။ ထိုအရာကလည်း အလွန်ရိုးရှင်းလှသည်။ သူ၏သွေးကြောများထဲတွင် နွေးထွေးမှု ပေးနိုင်သော မီးနဂါးလေးက ထိုသွေးကြောမှတ်များ၏ရှေ့တွင် မရပ်ရဲပေ။ ထိုသို့ဆိုလျှင် အလွန့်အလွန်သေးငယ်သော ဓားချီစွမ်းအင်အမျှင်လေး(၂)ခုက သေချာပေါက် ရှိနေကြောင်း ပြသနေခဲ့၏။
ယခုတစ်ကြိမ်တော့ မင်္ဂလာဝတ်စုံ ဝတ်ထားသော သရဲမကိုသတ်ရန် ဓားချီစွမ်းအင် အမျှင်လေး(၁)ခုတည်းကပင် မလုံလောက်ကြောင်း ချန်းပင်အန်းက ခံစားမိနေခဲ့၏။ ထိုသို့ဆိုလျှင် သူက ဓားချီစွမ်းအင်အမျှင်(၂)ခုလုံးကို သုံးရပါလိမ့်မည်။
ထိုအရာကို စဉ်းစားကြည့်လိုက်ပြီးနောက် သူ့ရင်ထဲတွင် နာကျင်သွားခဲ့သည်။ သို့သော် သေခြင်းတရားထက်တော့ ပို၍ကောင်းနေပါသေး၏။ ချန်းပင်အန်းက ဓားချီစွမ်းအင် အမျှင်(၁)ခုကို မသုံးမီအချိန်ကပင် ရင်ထဲ၌ နာကျင်ခဲ့ရသည်။ ထို့ကြောင့် သနားစရာကောင်းသော လူငယ်လေး၏အမူအရာက အနည်းငယ်တင်းကြပ်နေခဲ့၏။ ထိုနေရာတွင် အလွန်အစွမ်းထက်သော သတ်ဖြတ်ချင်စိတ်တစ်ခုလည်း ရှိနေသေးသည်။
ရုတ်တရက်ဆိုသလို အနားတွင်ရှိနေသော မြည်းဖြူလေးက မြေပေါ်တွင် အားနှင့် ကဆုန်ပေါက်နေကြောင်း လီဟွိုင်က ရုတ်တရက် တွေ့လိုက်ရသည်။ မနက်ခင်းတွင် ဒေါသထွက်နေပြီး မသက်မသာ ဖြစ်နေသောပုံစံနှင့် ယှဉ်လိုက်မည်ဆိုလျှင် လက်ရှိအချိန်တွင် ထိုမြည်းဖြူလေးက အနည်းငယ်ဝမ်းသာပြီး ပျော်ရွှင်နေပုံရသည်။
စံအိမ်၏အရှေ့ဘက် လှေကားထစ်ပေါ်၌ သရဲမ ပေါ်လာသည့်အချိန်တွင်ပင် မြည်းဖြူလေးကတော့ ကဆုန်ပေါက်နေခြင်းကို အနည်းငယ်လေးသာ နှေးကွေးသွားခဲ့သည်။
သရဲမက နေရာတော်တော်များများတွင် စုတ်ပြဲပျက်စီးနေသော အနီရောင်မင်္ဂလာဝတ်စုံကို ငုံ့ကြည့်လိုက်သည်။ သူမက ဒေါသများကို ထိန်းချုပ်ပြီး သူ့ရှေ့တွင် ရှိနေသော ကလေးငယ်များကို လှည့်ကြည့်လိုက်၏။ သူမက လေထဲမှနေ၍ လှပစွာ ဆင်းသက်လာခဲ့သည်။
ထို့နောက် သရဲမက ရိုးရှင်းစွာပြန်လှည့်လာပြီး အသံတိုးတိုးနှင့် သိမ်မွေ့စွာ ပြောလိုက်၏။
“ငါ့ရဲ့စံအိမ်ကနေ ကြိုဆိုပါတယ် အထူးဧည့်သည်တို့။ မင်းတို့က ငါ့ကို မိန်းကလေးချူးလို့ ခေါ်နိုင်တယ်။ ငါ့ယောက်ျားက ခရီးကနေ ပြန်မလာသေးတဲ့အတွက် ငါ ကိုယ်တိုင်ထွက်လာပြီး ဧည့်ခံရတာပေါ့…”
…………….
သွားစားပွဲတောင်ထဲတွင်…
ဝင်္ကပါနှင့် ဖုံးကွယ်ထားသော ဝါးသစ်တောထဲ၌ တောင်တန်းနတ်ဘုရား အဆင့်အတန်းကို ပြန်ရခဲ့သော ဝေ့ပိုက သူ့ရှေ့တွင် ဖြတ်ထားသော ဝါးချောင်းများကို စိုက်ကြည့်နေခဲ့သည်။ ထိုဝါးချောင်းများက အိုက်လျန်၏ ဓားချက်တစ်ချက်တည်းကြောင့် လဲကျသွားခဲ့သော ဝါးများလည်းဖြစ်၏။
ထိုပြဿနာ ဖြစ်စဉ်အတောအတွင်း ဝေ့ပိုက ဆုံးရှုံးသွားသည့်အရာထက် အဆပေါင်းများစွာ ပို၍အကျိုးအမြတ် ရခဲ့သော်လည်း သွားစားပွဲတောင်၏ စွမ်းအားများကို နှစ်ပေါင်း(၁၀၀၀)ကျော် စုဆောင်းလာခဲ့သော ထိုအစိမ်းရောင်ဝါးပင်များက သူ့ရှေ့၌ လဲနေသည်ကို မြင်လိုက်ရသည့်အချိန်တွင် မိန်းမလှလေးတစ်ယောက်ကို ခါးမှ ခုတ်ပိုင်းခံထားရသလိုပုံစံမျိုး ခံစားနေရသည်။ သူက မနေနိုင်တော့ဘဲ သက်ပြင်းချလိုက်မိ၏။
ဝေ့ပိုက ရွှေနားကွင်း၏အစွမ်းကို သုံးထားခဲ့သည့်အတွက် သူ၏ပိုင်နက်ထဲ၌ အစစ်အမှန်ခန္ဓာကိုယ်ကို ပြသလိုက်မည်ဆိုလျှင်ပင် တခြားသူများက သူ့ကို စစ်ဆေးကြည့်နိုင်တော့မည် မဟုတ်ချေ။ ထိုအရာက အနက်ရောင်စပါးအုံးမြွေလည်း အတူတူသာ ဖြစ်သည်။
သူက လက်ချောင်းလေးများကို အနည်းငယ် လှုပ်ရှားလိုက်ရာ မြေပေါ်တွင် ရှိနေသော ဝါးပင်များက တစ်ချောင်းပြီးတစ်ချောင်း ပျောက်ကွယ်သွားခဲ့သည်။ ထိုအရာများအားလုံးကို စုစည်းလိုက်ပြီးနောက် ဝေ့ပိုက ဝါးတောထဲမှ ထွက်လာသည့် အချိန်တွင် အနက်ရောင်စပါးအုံးမြွေက အနားတွင် တုန်လှုပ်စွာ ခွေနေကြောင်း မြင်လိုက်ရသည်။
သူ့အနားတွင်တော့ ခါးတွင် ဓား ချိတ်ထားသော လူငယ်ဓားသမားတစ်ယောက် ရပ်နေခဲ့သည်။ သူ့ဘေးတွင်တော့ ရင်းနှီးသော လူတစ်ယောက်ရှိနေပြီး သူက ခေါင်းငုံ့၍ အရက်သောက်နေခဲ့၏။ ထိုအရာကတော့ အိုက်လျန်ကြောင့် သွားစားပွဲတောင်ပေါ်တွင် နောက်ပြန်လွင့်သွားခဲ့သော အစွမ်းထက်ကျင့်ကြံသူ ဖြစ်သည်။ သူက လျှိုမျိုးရိုးဖြစ်ကြောင်းကိုသာ ဝေ့ပိုက သိနေခဲ့၏။ အဆုံးတွင်တော့ သူ့ကို ထိုဓားသမားက သယ်ဆောင်သွားခဲ့ရသည်။
ဝေ့ပိုက အနည်းငယ် ဇဝေဇဝါဖြစ်နေခဲ့၏။ မကြာသေးခင်အချိန်တွင် ထိုလူက သေလုမျောပါး အခြေအနေကို ရောက်ခဲ့သည်။ ယခုတော့ သူက အနည်းငယ် တောင့်တင်းနေသေးပုံရသော်လည်း အချိန်တိုလေးအတွင်း ပြန်ကောင်းလာခဲ့သည်။ သို့သော် ထိပ်တန်းခန္ဓာသန့်စင်ရေး လျှို့ဝှက်ကျင့်စဉ်များ လေ့ကျင့်ထားသူများကပင် ထိုမျှလျင်မြန်စွာ ပြန်ကောင်းလာနိုင်ခြင်း မရှိချေ။
အလယ်ဘုံ(၅)ဆင့်၏ နောက်ဆုံး(၂)ဆင့်ကို ရောက်နေသောလူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ၊ ဝှက်ဖဲများ ရှိနေကြသည်။ ထို့ကြောင့် ဝေ့ပိုက ထိုအရာနှင့် ပတ်သက်ပြီး သူ့ကို မမေးခဲ့ပေ။ ဗုဒ္ဓဘုန်းတော်ကြီးများကို ဘွဲ့အမည် မမေးသင့်သလို တာအိုဘုန်းတော်ကြီးများကိုလည်း အသက်မမေးသင့်ပေ။ ထိုအရာက လူတိုင်းသိနေသော အရာတစ်ခုဖြစ်၏။
နှုတ်ခမ်းထောင့်မှ အရက်များကို သုတ်လိုက်ပြီးနောက် လူသန်ကြီးက လေးနက်စွာ ပြောလိုက်သည်။
“သွားစားပွဲတောင်က တောင်တန်းသခင်အိုကြီး...
ငါ့နာမည်က လျှိုယုလို့ခေါ်တယ်။ ငါက မင်းကို မကြိုက်ပေမဲ့ ငါ့အသက်ကို ကယ်ခဲ့တဲ့အတွက် သေချာပေါက် ပြန်ပေးဆပ်ရမှာပေါ့။ တကယ်လို့ မင်းမှာ အရေးပေါ်အကူအညီ လိုအပ်လာတယ်ဆိုရင် ဒီသတင်းပို့အဆောင်ကို ဖျက်ဆီးလိုက်၊ ငါ့မှာ နန်းတွင်းက ပေးတဲ့တာဝန်မရှိရင် အရှေ့ပိုင်းကုန်းမြေကြီးရဲ့ တောင်ဘက်ဆုံး နဂါးအိုမြို့ကိုရောက်နေရင်တောင် မင်းကို ကူညီဖို့ သေချာပေါက်ပြန်လာခဲ့မယ်…”
လူသန်ကြီးက ဝေ့ပို၏လက်ထဲသို့ လှပသော အဖြူရောင်ကျောက်စိမ်းပြားလေးတစ်ခု ပစ်ပေးလိုက်သည်။
ထိုအရာကို ဖမ်းထားလိုက်ပြီးနောက် ဝေ့ပိုက ပြုံးလိုက်၏။
“မင်းက ကြိုက်တဲ့အရာနဲ့ မုန်းတဲ့အရာကို ပွင့်ပွင့်လင်းလင်း ပြောတယ်။ ပြီးတော့ စစ်ကျောင်းတော်အတွက် ထူးခြားတဲ့ ငြိမ်းချမ်းခြင်းနဲ့ လုံခြုံခြင်းတံဆိပ်ပြားကိုလည်း ပိုင်ဆိုင်ထားတယ်။ လျှိုယု … မင်းက ဖုန်းရွှယ်ကျောင်းဆောင် ဒါမှမဟုတ် စစ်တောင်တန်းက ကျင့်ကြံသူတစ်ယောက်လား…”
“အဲဒါ မင်းအလုပ်လား…”
လူသန်ကြီးက အေးစက်စွာ ပြန်ပြောလိုက်သည်။
ပန်းထိုးမြစ်မှ ပြန်ရောက်လာသော ဓားသမားလူငယ်က အပြုံးနှင့် ပြောလိုက်၏။
“လျှိုယုက ပါးစပ်ကြမ်းပေမဲ့ စိတ်နှလုံးသား နူးညံ့ပါတယ်။ သူ့စကားကို စိတ်ထဲမထားပါနဲ့…”
ဝေ့ပိုက အလျင်အမြန် လက်ကာပြပြီး ပြန်ဖြေလိုက်သည်။
“ကျွန်တော် မလုပ်ရဲပါဘူး…”
ဓားသမားက သူ့ဓားကို တံတောင်ဆစ်ပေါ်တွင် တင်ထားပြီး နွေးထွေးသော အပြုံးနှင့် ပြောလိုက်သည်။
“ငါက လုံချွမ်တိုင်းပြည်ထဲမှာ ကိစ္စတချို့ ဖြေရှင်းဖို့ သွားစရာရှိတယ်။ မင်းက ငါတို့နဲ့အတူ လိုက်ခဲ့ချင်လား။ ငါက နယ်မြေအရာရှိ ဝူယွမ်ကို ကြိုပြီးသတင်းပို့ထားပေမဲ့ ဘာပြဿနာမှမရှိတာတော့ မဟုတ်ဘူး။ တစ်ခုခုပြဿနာရှိလာမှာကိုပဲ ငါက စိုးရိမ်နေတာ။ ဘယ်လိုပဲဖြစ်ဖြစ် အခုလော်ပိုတောင်မှာ နက္ခတ်ရေးရာဌာနက မြေအရာရှိတစ်ယောက် ရှိနေတဲ့အပြင် အဲဒီမှာ ပြငပအင်အားစုတွေလည်း အများကြီးရှိတယ်။ မင်းနဲ့တာ့လီအင်ပါယာရဲ့ဆက်ဆံရေးက အခုမှ တိုးတက်လာတာဆိုတော့ နောက်တစ်ကြိမ် ပျက်စီးသွားမှာကို ငါ မလိုလားဘူး…”
“သိပ်မကြာခင်တုန်းက တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအရ တောင်(၅)တောင်ရဲ့ နတ်ဘုရားတွေ အသတ်ခံရတာတော့ မဟုတ်ဘူးမလား…”
ဝေ့ပိုက အေးအေးဆေးဆေး အမူအရာနှင့် မေးလိုက်သည်။
“ငါက အကျိုးအမြတ်နည်းနည်းလေးအတွက် ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်မှာလား။ မင်းတို့ပြောတဲ့ အရေးကြီးကိစ္စဆိုတာက ငါနဲ့တစ်ခုခု ပတ်သက်နတာများဖြစ်နိုင်မလား..”
လူကြမ်းကြီးလျှိုယုက မျက်မှောင်ကြုတ်လိုက်သည်။
သို့သော် ဓားသမားလူငယ်ကတော့ တည်ငြိမ်နေသော အမူအရာနှင့် အေးအေးဆေးဆေး ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ လူတွေက အသုံးဝင်နေသေးတဲ့အချိန် သူတို့ကို သေချာပေါက် ဒုက္ခရောက်အောင် မလုပ်ပါဘူး။ လုံချွမ်တိုင်းပြည်ကို သွားတဲ့ခရီးစဉ်ရဲ့ရလဒ်နဲ့ ပတ်သက်ပြီးတော့ မင်းဆန္ဒရှိတဲ့အတိုင်း လုပ်လို့ရတယ်။ တာ့လီအင်ပါယာရဲ့နန်းတွင်းက သမလုပ်ချင်တဲ့သူတွေကို အတင်းအကြပ် တွန်းအားပေးမှာ မဟုတ်ဘူး။ အမှန်အတိုင်း ပြောရရင် ငါလည်း သေချာမသိဘူး။ ဘုရင်ကြီးက ဒီအကြောင်းကို ကြားသွားတဲ့အချိန်မှာ ဒီကိစ္စကို တော်တော်အလေးထားနေတယ်ဆိုတာပဲ ငါသိတယ်။ အဆုံးမှာတော့ သူတို့ကို တလေးတစားဆက်ဆံဖို့ ငါတို့ကို အထူးသတိပေးထားခဲ့တယ်…”
ဝေ့ပိုက သက်ပြင်းချပြီး ပြောလိုက်သည်။
“ငါက အကြောင်းပြချက်တွေနဲ့ အလွယ်တကူဖြောင်းဖြလို့ရပေမဲ့ အတင်းအကြပ် တွန်းအားပေးလို့ မရတဲ့လူတစ်ယောက်ပဲ။ မင်းက ငါ့ကိုဒီလိုမျိုးတောင်းဆိုနေမှတော့ ငါက ငြင်းဆန်နိုင်ပါ့မလား။ ငါက မင်းတို့ကို တကယ်ပဲကြောက်သွားပြီ…”
“အတင်းအကြပ်တွန်းအားပေးတာကို လက်မခံဘဲ ဖြောင်းဖြတာကိုပဲ လက်ခံမှာလား။ မင်းက ဖြောင်းဖြတာရော တွန်းအားပေးတာရော (၂)ခုလုံးကို လက်မခံသင့်ဘူး မဟုတ်လား…”
လျှိုယုက ခနဲ့သလို ပြောလိုက်သည်။
“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်…”
ဝေ့ပိုက အပြုံးနှင့် ပြောလိုက်၏။
လူငယ်ဓားသမားက အမိန့်နာခံပြီး ရိုကျိုးနေသော အနက်ရောင်စပါးအုံးမြွေကိုကြည့်၍ ပြောလိုက်သည်။
“မင်းရဲ့အမြင်က တော်တော်လေးကို အံ့ဩဖို့ကောင်းတယ်။ ဒါပေမဲ့ မင်းက လော်ပိုတောင်ကို ရောက်တဲ့အချိန်ကျရင် ပြဿနာမရှာဖို့ အမှတ်ရပါ။ အနားက တောင်ပေါ်မှာရှိတဲ့ ရေကန်ထဲမှာ မင်းနဲ့မျိုးနွယ်တူသတ္တဝါတစ်ကောင် ရှိတယ်။ ဒါကြောင့် နောက်ပိုင်း မင်းတို့(၂)ကောင် တိုက်ခိုက်မယ်ဆိုရင်တောင် အဲဒီနယ်မြေထဲမှာရှိတဲ့ သာမန်လူတွေကို မထိခိုက်တာ အကောင်းဆုံးပဲ။ အဲဒီအရာကလွဲရင် မင်း သတိထားရမဲ့အရာ ဘာမှမရှိဘူး။ အခုမင်းက တာ့လီအင်ပါယာရဲ့ တောင်တန်းဝိညာဉ်တစ်ခု ဖြစ်နေမှတော့ ဖြတ်သွားတဲ့ ကျင့်ကြံသူတွေ လိုက်ပြီးတိုက်ခိုက်မှာကို စိုးရိမ်နေစရာ မလိုတော့ဘူး…”
အနက်ရောင်စပါးအုံးမြွေက ခေါင်းညိတ်ပြလိုက်သည်။ လီကျူးသုခဘုံထဲမှ မြွေကျောက်တုံးလေးများကို ဝါးမြိုလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က ပိုကြီးလာရမည့်အစား အရွယ်အစား သေးငယ်သွားခဲ့သည်။ သို့သော် နဂါးလက်သည်း(၄)ချောင်းကတော့ ယခင်တုန်းကထက် ပို၍ထင်ရှားလာပြီး ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အနက်ရောင်ကြေးခွံများကလည်း တဖြည်းဖြည်း ပို၍တောက်ပလာသည်။ တချိန်တည်းတွင် သူ၏ဝမ်းဗိုက်၌ သတိထားမိရန်ခက်ခဲသော ရွှေရောင်မျဉ်းကြောင်းပါးပါးလေးတစ်ခု ပေါ်လာခဲ့၏။
ဤနေရာနှင့် လုံချွမ်တိုင်းပြည်၏ကြားထဲတွင် လူတစ်ယောက်မျှ မနေကြသည့်အပြင် သူတို့က မနက်ခင်းတွင် အနားယူပြီး ညပိုင်းမှ ခရီးသွားရန် မလိုအပ်သည့်အတွက် အနက်ရောင်စပါးအုံးမြွေကို အတူ ခေါ်လာခဲ့ကြသည်။
သူတို့က သံအဆောင်မြစ်သို့ ရောက်လာသည့်အချိန်တွင် လူငယ်ဓားသမား၏ ခွင့်ပြုချက်ကို ရလိုက်ပြီးနောက် အနက်ရောင်စပါးအုံးမြွေက ရေထဲသို့ဆင်းသွားခဲ့သည်။ သူက အလွန်ဝမ်းသာနေသော်လည်း သူ၏မသိစိတ်ကို ဖိနှိပ်ရန် အကောင်းဆုံး ကြိုးစားနေရ၏။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားပြီး မြစ်ရေပြင်ကို အမြှီးနှင့် ရိုက်ချင်ခဲ့သည်။
လူ(၃)ယောက်က အနက်ရောင်စပါးအုံးမြွေ၏ နောက်ကျောတွင် ရပ်လိုက်ပြီး လှေပေါ်တွင် စီးနင်းနေသော ခရီးသည်များကဲ့သို့ သံအဆောင်မြစ်အတိုင်း မြောက်ဘက်ကို စုန်ဆင်းလာခဲ့ကြသည်။
ဝေ့ပိုက မျက်မှောင်ကြုတ်လိုက်ပြီး အင်္ကျီလက်ကို အနည်းငယ် ပင့်တင်လိုက်သည်။ ထို့နောက် လက်ထဲတွင် ရေအနည်းငယ်ကို ခပ်ကြည့်လိုက်ပြီး ရေ၏အလေးချိန်ကို စစ်ဆေးကြည့်နေပုံရ၏။ သူက အံ့ဩနေသော အမူအရာနှင့် ပြောလိုက်သည်။
“သံအဆောင်မြစ်က မြစ်အဆင့်ကနေ မဟာမြစ်အဆင့်ကို တိုးတက်သွားတာပဲ... ဒါပေမဲ့…”
လူငယ်ဓားသမားက သူ့ကိုသေချာရှင်းပြလိုက်သည်။
“သံအဆောင်မြစ်နဲ့ အောင်အောင်မြင်မြင် ပေါင်းစပ်ပြီးသွားတဲ့အချိန်မှာ ဒီမှာရှိတဲ့ မြစ်နတ်ဘုရားမက ရှားရှားပါပါး အခွင့်အရေးတစ်ခုကို တွေ့ခဲ့ရတယ်။ ဒါကို မြေစာရင်းအရာရှိတစ်ယောက်က သတိထားမိသွားပြီး နန်းတွင်းကို အလျင်အမြန် သတင်းပို့ခဲ့တယ်။ ဘုရင်ကြီးက အရမ်းဝမ်းသာသွားတဲ့အတွက် ဒီမြစ်ကို နောက်တစ်ကြိမ် အဆင့်မြှင့်ပေးခဲ့တယ်…”
ဝေ့ပိုက လက်ကို ညှင်သာစွာ လှုပ်ရှားလိုက်ရာ လက်ဖဝါးပေါ်တွင် ရှိနေသော မြစ်ရေများက စက်ဝိုင်းသဖွယ် ဖြည်းညင်းစွာ လည်ပတ်လာခဲ့သည်။ သူက သေချာစိုက်ကြည့်နေပြီး မှတ်ချက်ပေးလိုက်၏။
“သံအဆောင်မြစ်ရဲ့မြစ်နတ်ဘုရားမအသစ်က လူသားတိုင်းပြည်ရဲ့ တောင်တန်းနဲ့ မြစ်မျိုးရိုးစဉ်ဆက်မှတ်တမ်းထဲမှာ အမြင့်ဆုံးအဆင့်ကိုတောင် ရောက်သွားပြီလား။ စိတ်ဝင်စားစရာပဲ... တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်..”
“တခြားသူတွေနှစ်ပေါင်း(၁၀၀)၊ နှစ်ပေါင်း(၁၀၀၀)လောက် လျှောက်လှမ်းနေရတဲ့ ခရီးလမ်းကို သူကတော့ ရက်နည်းနည်းလေးနဲ့ ပြည့်စုံသွားတယ်။ ဒီလိုပါရမီနဲ့ ကံကောင်းမှုက တော်တော်လေးကို အံ့ဩဖို့ကောင်းတာပဲ။ ဒါက ကောင်းကင်ဘုံက ပေးအပ်တဲ့ကံကြမ္မာလို့တောင် ပြောရလိမ့်မယ်…”
“အရေးကြီးဆုံးအရာကတော့ ဒီမြစ်နတ်ဘုရားမရဲ့အဆင့်တက်မှုက တခြားရေလမ်းကြောင်းတွေရဲ့ ကံကြမ္မာနဲ့ မသက်ဆိုင်နိုင်ဘူး။ တာ့လီအင်ပါယာက တော်တော်လေးကံကောင်းတယ်လို့ ပြောရလိမ့်မယ်….”
နောက်ဆုံးတွင်တော့ လူငယ်ဓားသမား၏အမူအရာက ပထမဆုံးအကြိမ် လေးနက်လာခဲ့သည်။ သူက ပြန်မေးလိုက်၏။
“ဝေ့ပို …
သူ့ရဲ့အဆင့်တက်မှုက တခြားတောင်တန်းတွေ၊ မြစ်တွေရဲ့ကံကြမ္မာကို မထိခိုက်စေနိုင်ဘူးဆိုတာ သေချာရဲ့လား။ သူ့ရဲ့ကံကြမ္မာတွေအားလုံးက ဒီသံအဆောင်မြစ်ငယ်လေး တစ်ခုကတည်းကနေပဲ ရောက်လာတာ သေချာရဲ့လား..”
ဝေ့ပိုက အပြုံးနှင့် နှုတ်ဆိတ်နေခဲ့သည်။ နတ်ဘုရားရေတိုင်းပြည်၏ မြောက်ပိုင်းနတ်ဘုရားတစ်ပါး ဖြစ်ခဲ့ဖူးသည့်အတွက် သူ၏အမြင်အာရုံများက တိကျသည်။ ထိုအရာကို နက္ခတ်ရေးရာဌာနမှ မြေစာရင်းအရာရှိများ ယှဉ်နိုင်သော အရာတစ်ခု မဟုတ်ချေ။ အစစ်အမှန်ပညာရှင်များအတွက်တော့ ထိုမြေစာရင်းအရာရှိများက လက်သစ်များဟုသာ သတ်မှတ်နိုင်ပါလိမ့်မည်။
မကြာသေးခင်က အိုက်လျန်နှင့် တိုက်ပွဲအတောအတွင်း တာ့လီအင်ပါယာထဲတွင် ရှိနေသော တောင်တန်းနှင့် မြစ်များ၏ ကံကြမ္မာမျာက လျော့ကျသွားခဲ့သည်။ ထို့ကြောင့် တိုင်းပြည်၏ ကံကြမ္မာကပင် လှုပ်ရှားလာခဲ့ရ၏။
တချိန်တည်းတွင် တောင်(၅)တောင်၏ တောင်တန်းနတ်ဘုရား(၅)ယောက်ထဲ၌ (၃)ယောက်က ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့သည့်အတွက် ထိုတောင်တန်းနှင့်မြစ်များ ထိန်းသိမ်းရသည့်တာဝန်ကို မြေစာရင်းအရာရှိများကသာ ယာယီတာဝန်ယူထားကြရသည်။
“ဝေ့ပို …
ဒီသတင်းတစ်ခုတည်းကတင် နန်းတွင်းကနေ ဆုကြေးကြီးကြီး ရနိုင်မယ်ဆိုတာ သေချာတယ်…”
ဓားသမားလူငယ်က တည်ငြိမ်စွာ ပြောလိုက်သည်။
ဝေ့ပိုက မော့ကြည့်လိုက်စဉ် ညင်သာသော လေလှိုင်းလေးက သူ၏မျက်နှာကို ဖြတ်သန်းသွားခဲ့သည်။ ထိုအချိန်တွင် အလွန်နူးညံ့သိမ်မွေ့သည့် လူငယ်လေး တစ်ယောက်၏ ပုံစံပြောင်းထားသော သူ့ပုံစံက အင်မော်တယ်တစ်ပါးကဲ့သို့ ထင်မှတ်ရသည်။ သူ၏အကြည့်က သိမ်မွေ့ညင်သာ၏။
သူက အပြုံးနှင့် မေးလိုက်သည်။
“ငါက ဒါကို အခွင့်အရေးငယ်လေးတစ်ခုနဲ့ လဲလို့ရနိုင်မလား။ ဥပမာအနေနဲ့ပြောရရင် ထာဝရနွေဦးနန်းတော်ထဲကို ရောက်လာတဲ့ တပည့်သစ်အတွက် နောက်ထပ်နှစ်ပေါင်း(၁၀၀)လောက် အင်မော်တယ်လမ်းကြောင်း ဖန်တီးပေးလို့ ရနိုင်မလား။ သူက အလယ်ဘုံ(၅)ဆင့်ကို ရောက်နိုင်တဲ့ ပါရမီရှင် တပည့်တစ်ယောက်လေ…”
“ဒါက မခက်ပါဘူး…”
လူငယ်ဓားသမားက အပြုံးနှင့်ပြန်ဖြေလိုက်သည်။
“ငါက နတ်ဘုရားရေတိုင်းပြည်အပေါ် အပြစ်ရှိသလို ခံစားနေရတယ်…”
ဝေ့ပိုက တိုးတိုးလေး ရေရွတ်လိုက်သည်။
“အဲဒါက ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ တိုင်းပြည်တွေလို သက်တမ်းအရှည်ကြီး နေကြရတဲ့ တောင်တန်းနတ်ဘုရားတွေ၊ မြစ်နတ်ဘုရားတွေက မင်းလို ရူးမိုက်တဲ့ခံစားချက်တွေရှိကြမှာ မဟုတ်ဘူး…”
လျှိုယုက စိတ်မရှည်နိုင်သည့်အမူအရာနှင့် ဝင်ပြောလိုက်သည်။
“တိုင်းပြည် ပျက်စီးသွားတဲ့အချိန်မှာ မင်းရဲ့အဆင့်အတန်းက ပျက်စီးမသွားတာတောင် တော်တော်လေး ကံကောင်းနေပြီ။ တကယ်လို့ မင်းက တိုင်းပြည်အသစ်မှာ တာဝန်ထမ်းဆောင်ပြီး ကိုးကွယ်ယုံကြည်မှုတွေ ဆက်ရနေမယ်ဆိုရင်တော့ လူတိုင်းအိမ်မက်မက်နေရတဲ့ ကံကြမ္မာကြီးတစ်ခု ဖြစ်သွားပြီ။ မင်းက လျှိုကလန်ရဲ့ နတ်ဘုရားရေတိုင်းပြည်ကို အကြွေးတင်နေတယ်ဆိုရင်တော့ အဲဒါက လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာတုန်းက ကိစ္စတစ်ခုပဲ။ သူတို့က သေသင့်တယ် မသေသင့်ဘူးဆိုတာထက် သူတို့အားလုံးက သေသွားပြီလေ။ ဒါကြောင့် မင်းက ဘာတွေများ ပြဇာတ်ဆန်ဆန် ခံစားနေရသေးတာလဲ…”
ဝေ့ပိုကတော့ သူ့ကိုလုံးဝလျစ်လျူရှုထားခဲ့သည်။ သူ့နားထဲတွင် ကြားနေရသည့် အသံကတော့ သိမ်မွေ့ညင်သာသော မြစ်ရေစီးသံလေးသာ ဖြစ်သည်။
“ခေါင်းမာလိုက်တဲ့အရူး။ ငါက မင်းအပေါ် အကြွေးတင်နေတာကို စဉ်းစားမိလိုက်ရင် တော်တော်လေးကို ကံဆိုးတာပဲ…”
လျှိုယုက ဒေါသတကြီး ပြောလိုက်သည်။
လူငယ်ဓားသမားက အားရပါးရရယ်ပြီး ပြောလိုက်၏။
“ဆိုးရွားတဲ့ကံကြမ္မာဆိုတာလည်း ကံကြမ္မာပဲလေ။ မင်းတို့က ဒါကိုလက်ခံပြီး ထိန်းသိမ်းရမယ်…”
“မီးအိမ်အိုကြီးက တောင်ဘက်ကိုသွားတဲ့ခရီးလမ်းမှာ မိန်းကလေးချူးနဲ့ တိုက်ခိုက်မှာလား မသိဘူး။ တကယ်လို့ သူတို့သာ တိုက်ခိုက်မယ်ဆိုရင် မီးအိမ်အိုကြီးက သေချာပေါက် ဆိုးဆိုးရွားရွားဖြစ်သွားမယ်ဆိုတာ လောင်းရဲတယ်..”
လျှိုယုက မှတ်ချက်ပေးလိုက်သည်။
လူငယ်ဓားသမားက ခေါင်းခါပြီး ပြောလိုက်၏။
“ငါကတော့ ပြဿနာမဖြစ်ဘဲ အရာအားလုံး အဆင်ပြေဖို့ပဲ မျှော်လင့်တယ်။ မိန်းကလေးချူးက တာ့လီအင်ပါယာအတွက် အရမ်းကို အရေးကြီးတယ်။ ပြီးတော့ သူက ဆုံးဖြတ်ချက်ပြတ်သားတဲ့ လူတစ်ယောက်ပဲ။ အခြေအနေက အဲဒီလိုဖြစ်လာပြီဆိုရင် စဉ်းစားမနေဘဲ သူသေကိုယ်သေ တိုက်ခိုက်ဖို့ကို ရွေးချယ်လိမ့်မယ်။ တကယ်လို့ မင်းသာ ဆိုးဆိုးဝါးဝါး ဒဏ်ရာ ရမနေရင် အဲဒီအမျိုးသမီးကသာ မိဖုရားကြီးကိုခေါ်ဖို့ ထာဝရနွေဦးနန်းတော်ကို အလျင်စလို ပြန်သွားဖို့ မလိုအပ်ဘူးဆိုရင် ငါက သူတို့ကို တောင်ဘက်ခေါ်သွားတဲ့ တာဝန်လက်ခံဖို့ နန်းရေးဝန်ကြီးဟန်ကို တောင်းဆိုခဲ့မှာ မဟုတ်ဘူး…”
“နန်းရေးဝန်ကြီးဟန်က အပြင်ဘက်မှာ သဘောကောင်းပေမဲ့ အတွင်းစိတ်ကတော့ ပြတ်သားတယ်။ သူ့ရဲ့ဒေါသက မင်းထက်တောင် ပိုပြီးတော့ဆိုးသေးတယ်..”
လျှိုယုက အားရပါးရရယ်ပြီး ပြောလိုက်သည်။
“ဘာမှမစိုးရိမ်ပါနဲ့။ အရာအားလုံး အဆင်ပြေမှာ သေချာပါတယ်။ အဲဒီအဖွဲ့ထဲမှာ ပါရမီရှင် စာသင်သားတွေသာ မရှိရင် မိန်းကလေးချူးက သူတို့ကိုစိတ်ဝင်စားမှာ မဟုတ်ဘူး။ အမှန်အတိုင်းပြောရရင် မီးအိမ်အိုကြီးက နှစ်ပေါင်း(၃၀)၊ (၄ဝ)လောက် ငယ်သွားမယ်ဆိုရင်တော့ သူ့ကိုစံအိမ်ထဲခေါ်ပြီး ယောက်ျားအဖြစ် သတ်မှတ်လိမ့်မယ်..”
“မင်းက သတ္တိရှိရင် ဒီစကားတွေကို မိန်းကလေးချူးရဲ့ရှေ့မှာ သွားပြောပါလား..”
လူငယ်ဓားသမားက စနောက်လိုက်သည်။
“တကယ်လို့ သူသာ သူ့ရဲ့ပိုင်နက်ထဲကနေ ထွက်လာရဲတယ်ဆိုရင် သူ့ရှေ့မှာ ဒီစကားကိုပြောရဲတယ်…”
လျှိုယုက ပြုံးလိုက်၏။
လူငယ်ဓားသမားက ခံစားချက်များ ပြည့်နှက်နေသော အမူအရာနှင့် သက်ပြင်းချလိုက်သည်။
“သူတော်စင်တွေဆိုတာ ကိုယ်ပိုင်ကမ္ဘာလေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့အတွက်ကြောင့် သူတော်စင်တွေလို့ ခေါ်ကြတာ။ သူတို့က အဲဒီကမ္ဘာငယ်လေးထဲမှာ ရှိနေတဲ့အချိန် အခွင့်အရေး၊ မြေမျက်နှာသွင်ပြင် အသာစီးရမှုနဲ့ အထောက်အပံ့တွေ အများကြီးကို ရနိုင်ကြတယ်…”
“ဆရာက ဓားသမားတစ်ယောက် ဖြစ်နေတာတော့ နှမြောဖို့ကောင်းတယ်…”
လျှိုယုက ဝမ်းနည်းစွာ ပြောလိုက်သည်။
“ဒီလိုအစွမ်းတွေကို ဓားသမားတွေက မရနိုင်ဘူး။ တကယ်လို့ ဆရာရဲ့ တိုက်ခိုက်စွမ်းရည်တွေနဲ့ လူသတ်စွမ်းရည်တွေက ပြိုင်ဘက်ကင်းသွားပြီဆိုရင် ဆရာက သူတော်စင် ကမ္ဘာငယ်လေးရဲ့ အကာအကွယ်တွေကိုလည်း အလွယ်တကူ ဖျက်ဆီးနိုင်လိမ့်မယ်။ ဒါဆိုရင်...”
လူငယ်ဓားသမားက မျက်ခုံးပင့်၍ ပြောလိုက်သည်။
“ငါ့ဆီမှာ ဓားတစ်လက်ရှိနေပြီလေ။ ဒါက လုံလောက်ပြီ မဟုတ်လား…”
ထိုအချိန်တွင် သာမန်ပုံစံရှိနေသော ဓားသမားလူငယ်က တကိုယ်လုံး ဝင်းလက်တောက်ပနေသလို ခံစားရသည်။ ထို့ကြောင့် လျှိုယု၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
ဝေ့ပိုက မတ်မတ်ထိုင်လိုက်ပြီး အဝေးကိုကြည့်လိုက်ရာ မြစ်ပေါ်သို့ ကန့်လန့်ဖြတ်ထွက်နေသော မိုးမခသစ်ကိုင်းပေါ်တွင် အမျိုးသမီးတစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
သူမက စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာကို ဖုံးကွယ်ထားသည့် မျက်နှာဖုံးတစ်ခု ဝတ်ဆင်ထားသည်။ သူမ၏ဆံပင်များက ရှည်လျားပြီး ရှားရှားပါးပါး ရွှေရောင်ဖြစ်၏။ ထိုဆံပင်များက သံအဆောင်မြစ်၏ရေပြင်ပေါ်သို့ ကျဆင်းနေပြီး ရေလှိုင်းများနှင့်အတူ ညင်သာစွာ လှုပ်ရှားနေခဲ့သည်။
ဘာကြောင့်မှန်း မသိသော်လည်း ဝေ့ပိုက ကဗျာတစ်ပုဒ်ထဲမှ အလွန်နာမည်ကျော်ကြားသော စာသားတစ်ခုကို အမှတ်ရသွားခဲ့သည်။
'ရေထဲကိုဆင်းလိုက်တဲ့အချိန် မိုးမခပန်းပွင့်လေးတွေက ဗေဒါပင်လေးတွေလို လှုပ်ရှားနေတယ်'
အမျိုးသမီးကိုမြင်လိုက်ရသည့်အချိန်တွင် လူငယ်ဓားသမားက တိတ်တဆိတ် ရှင်းပြလိုက်သည်။
“သူက သံအဆောင်မြစ်ရဲ့မြစ်နတ်ဘုရားမပဲ။ သူက အခုမှ နတ်ဘုရားခန္ဓာကိုယ် ဖွဲ့စည်းထားတဲ့အပြင် နန်းတွင်းကလည်း သူ့အတွက် မြစ်နတ်ဘုရားကျောင်းဆောင် ဆောက်မပေးရသေးဘူး။ ဒါကြောင့် သူ့ရဲ့ဝိညာဉ်က နည်းနည်းတော့ မတည်ငြိမ်သေးဘူး…”
ဝေ့ပိုက ပြန်လှည့်မကြည့်ဘဲ မေးလိုက်သည်။
“သူ့နာမည်က ဘယ်သူလဲ…”
“ဒီမိန်းကလေးရဲ့နာမည်က ယန်ဟွာလို့ခေါ်တယ်။ အဓိပ္ပာယ်ကတော့ ရေစွမ်းအားမိုးမခလို့ သတ်မှတ်နိုင်တယ်…”
လျှိုယုက အေးစက်စွာ ပြောလိုက်သည်။
“သူက ဒီတချိန်လုံး ပြိုင်ဘက်ကင်းကံကြမ္မာတွေကို ပိုင်ဆိုင်ထားခဲ့တာ။ သူ့ရဲ့ကံကြမ္မာက တခြားသူတွေကိုတောင် အားကျလာအောင် လုပ်နိုင်တယ်။ သူက တောခြုံအုံကြားထဲမှာ မွေးဖွားလာခဲ့ပေမဲ့ မြေစာရင်းအရာရှိက သူ့ရဲ့ပါရမီကြောင့် ရွေးချယ်ပြီးသွားတဲ့အချိန်မှာ နာမည်ကျော် တာအိုအဆောင်ဓားရဲ့ အသိအမှတ်ပြုမှုကိုလည်း ရခဲ့တယ်။ အခု သူက လူအနည်းငယ်သာရနိုင်တဲ့ မိုးနတ်ဘုရားမအဖြစ်လည်း ရောက်သွားပြီ။ သူ့ရဲ့ကံကောင်းမှုတွေအရ နောက်ပိုင်းကောင်းကင်ဘုံကိုတောင် တက်လှမ်းသွားမလား မပြောတတ်ဘူး…”
ဝေ့ပို၏အမူအရာက ပုံမှန်ပြန်ဖြစ်သွားပြီး အနက်ရောင်စပါးအုံးမြွေ၏ နောက်ကျောပေါ်တွင် ပြန်ထိုင်လိုက်သည်။
“သူ့မှာ မိုးနတ်ဘုရားမ ပါရမီရှိနေတာပဲ။ ဒါကြောင့်လည်း သူ့ရဲ့ခရီးလမ်းက ရေလှိုင်းနဲ့လေလှိုင်းတွေလို ချောမွေ့နေတာ။ ဒီလိုအစွမ်းထက်တဲ့ အိမ်နီးချင်း တစ်ယောက်ကို တချိန်လုံးမြင်နေရတာ ငါ့အတွက် ကောင်းတာလား၊ဆိုးတာလား ကောင်းကင်ဘုံကပဲ သိတော့မယ်…”
ထိုမှတ်ချက်က အနည်းငယ် ထူးဆန်းနေကြောင်း လူငယ်ဓားသမားက သိနေသော်လည်း မည်သည့်အရာက ထူးဆန်းနေကြောင်း တိတိကျကျ မပြောတတ်ပေ။ သို့သော် မိုးနတ်ဘုရားမ ပါရမီဟူသည်မှာ နှစ်ပေါင်း(၁၀၀)တွင် (၁)ကြိမ်သာ တွေ့နိုင်သည့် ရှားရှားပါးပါး အခြေအနေတစ်ရပ်ဖြစ်သည်။
အနက်ရောင်စပါးအုံးမြွေ၏ နောက်ကျောတွင် စီးနင်းလိုက်ပါရင်း ဝေ့ပိုတို့က မိုးမခသစ်ကိုင်းကို ဖြတ်ကျော်သွားခဲ့သည်။ မြစ်နတ်ဘုရားမယန်ဟွာကတော့ သူတို့ကို လှည့်မကြည့်ခဲ့ပေ။
နတ်ဘုရားရေတိုင်းပြည်၏ ဒဏ္ဍာရီများထဲတွင် ကဗျာဆရာများ အလွန်များပြားပြီး အထူးသဖြင့် ခွဲခွာခြင်းကဗျာများ ဖန်တီးရာတွင် နာမည်ကျော်ကြားကြသည်။ ပြည့်တန်ဆာအိမ်တွင် ရှိနေသော မိန်းကလေးများက ထိုကဗျာများကို ရွတ်ဖတ်သီဆိုပြသည့်အချိန်မျိုးတွင် ထိုကဗျာများက နာမည်ကျော်ကြားလာပြီး ကုန်းမြေကြီးတစ်ခွင်လုံးကို လျင်မြန်စွာပျံ့နှံ့သွားတတ်၏။
ထိုကဗျာများထဲတွင် ပေါ့ပလာပန်းပွင့်ဟူသည်မှာ မိုးမခပန်းပွင့်များနှင့် တူညီသည်။ သို့သော် လျှိုယုလို ကြမ်းတမ်းခက်ထန်သော လူသန်ကြီးတစ်ယောက်ကတော့ ထိုအရာများ အားလုံးကို ရှေးဟောင်းသမိုင်းကြောင်းဟုသာ ပြောနေခဲ့၏။
အကယ်၍ ဝေ့ပိုက ထိုအရာကို ရှင်းမပြခဲ့လျှင် မည်သူက ဂရုစိုက်မည်နည်း။ အကယ်၍ သူက ရှင်းပြလျှင်ရော မည်သူက နားထောင်ချင်မည်နည်း။ ကွန်ဖြူးရှပ် သူတော်စင်များကတော့ မှတ်ချက်တစ်ခု ထားခဲ့သည်။ ပေါ့ပလာဟူသည်မှာ မိုးမခပင်ပေါက်မှ ဖြစ်လာခြင်းဖြစ်၏။
ဝေ့ပိုက ရုတ်တရက် ပြန်လှည့်ကြည့်လိုက်ရာ မြစ်နတ်ဘုရားမယန်ဟွာကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။ ထိုအချိန်တွင် သွားစားပွဲတောင်ထက် ပို၍ဝေးလံသော တောင်ဘက်ပိုင်းမှနေ၍ အလွန်ကြီးမားသော အနီရောင် အလင်းတန်းကြီးတစ်ခု ကောင်းကင်ပေါ်ကို မြောက်တက်လာခဲ့သည်။
လူငယ်ဓားသမားက သူ၏ဓားလက်ကိုင်ပေါ်သို့ လက်တင်ပြီး မျက်နှာပျက်ပျက်နှင့် ပြောလိုက်၏။
“ကြည့်ရတာတော့ ငါ ကိုယ်တိုင် တောင်ပိုင်းကိုသွားဖို့ လိုမယ်ထင်တယ်..”
ထိုအချိန်တွင် တာ့လီအင်ပါယာ၏နယ်စပ်တွင် ရှိနေသော တောင်တန်းထဲမှနေ၍ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မြောက်ပိုင်းကို လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။ အလွန်တောက်ပသော ကြယ်တံခွန်တစ်ခုကဲ့သို့ ထိုအဖြူရောင်အလင်းတန်း၏ နောက်တွင် မီးခိုးငွေ့များပင် ကျန်နေခဲ့၏။
ထိုအရာက ဓားပျံတစ်လက်၏ဓားချီစွမ်းအင်များဖြစ်၏။ ထို့ပြင် ထိုဓားပျံ၏ ပိုင်ရှင်ကိုတော့ မည်သည့်နေရာတွင်မျှ မတွေ့ရပေ။ ဓားချီစွမ်းအင်များက ရှည်လျားပြီး လေးလံသည်။ ခဏကြာပြီးနောက် ဓားက ပန်းထိုးမြစ်၏ ကမ်းစပ်နှင့် မလှမ်းမကမ်းတွင် ဆင်းသက်သွားခဲ့၏။
ဝင်္ကပါကို သူတော်စင်တစ်ယောက်ကဲ့သို့ တချက်တည်းနှင့် ဖျက်ဆီးလိုက်ပြီး ထိုဓားက မြည်းဖြူလေး၏ရှေ့တွင် တိတိကျကျ စိုက်သွားခဲ့လေသည်။
Translated by Hein Htet.