08/07/2026
တရုတ်သတင်းဌာနတွေမှာပါ ဖော်ပြခံရတဲ့အထိ နာမည်ကြီးနေတဲ့ မိန်းကလေးတစ်ယောက် ရှိပါတယ်။ သူမကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ဒီဒရဲကုန်းကျောင်းကနေ ယခုနှစ် Grade-12 ကို (၄) ဘာသာဂုဏ်ထူးနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ "မနေခြည်ထွေး" ပဲ ဖြစ်ပါတယ်။ သူမရဲ့ အောင်မြင်မှုနောက်ကွယ်က ဖြတ်သန်းခဲ့ရတဲ့ ဘဝဇာတ်ကြောင်းကတော့ တကယ့်ကို မျက်ရည်ဝဲချင်စရာပါ။
သမီးလေးကို ဂုဏ်ထူးတွေနဲ့ အောင်မြင်စေခဲ့တဲ့ မိသားစုလေးဟာ ရခိုင်ရိုးမတောင်ခြေရင်းမှာ နေထိုင်ကြတဲ့ အလွန်ဆင်းရဲနွမ်းပါးသူတွေပါ။ ဖခင်ဖြစ်သူ ဦးမင်းဇော်က ရာသီအလိုက် ဝါးခုတ်၊ ထင်းခုတ်၊ ခြင်းတောင်းရက်ပြီး အသက်မွေးရသလို၊ မိခင်ကလည်း ရက်ကန်းလုပ်ငန်းနဲ့ ရုန်းကန်ရပါတယ်။ မောင်နှမ (၄) ယောက်ရှိတဲ့အထဲမှာ ဒုတိယမြောက်သမီးဖြစ်တဲ့ မနေခြည်ထွေးဟာ ကျောင်းပိတ်ရက်တွေမှာ မိခင်ကိုဝိုင်းကူရင်း မုန့်ဖိုးရှာခဲ့ရရှာပါတယ်။
ဒီလို ၄ ဘာသာဂုဏ်ထူးထွက်ခဲ့ပေမယ့် သူမဟာ Grade-12 ရောက်တဲ့အထိ ဘယ်ကျူရှင်၊ ဘယ်ဂိုက်ဆီမှာမှ ပညာမသင်ခဲ့ရပါဘူး။
🚶♀️ ညဘက်ဖယောင်းတိုင်မီးနဲ့ စာကျက်ခဲ့ရတဲ့ နေ့ရက်များ...
ကျောင်းသွားဖို့အတွက် နေ့စဉ် တောလမ်းလေးအတိုင်း (၁၅) မိနစ် လမ်းလျှောက်၊ ပြီးမှ စက်ဘီး (၃၀) မိနစ် စီးပြီးမှ ကျောင်းကိုရောက်ပါတယ်။ မိုးရာသီဆိုရင် မိဘတွေက ရေထဲဖြတ်ပြီး ကျောင်းလိုက်ပို့ပေးခဲ့ရပါတယ်။ ညဘက်တွေမှာ ဖယောင်းတိုင်မီးလေးနဲ့ပဲ စာကျက်ခဲ့ရပြီး၊ တစ်ခါတလေ ဖယောင်းတိုင်ဝယ်ဖို့ ပိုက်ဆံမရှိတဲ့ ညမျိုးတွေမှာတော့ စာမဖတ်နိုင်ခဲ့ရှာပါဘူး။
🍱 လယ်ခရုကြော်နဲ့ ထမင်းချိုင့်လေး...
ကျောင်းတက်နေစဉ်တစ်လျှောက်လုံးမှာ သူမမှာ ကျောင်းစိမ်းအင်္ကျီ (၃) ထည်နဲ့ ထမီ (၂) ထည်ပဲ ရှိခဲ့ပါတယ်။ ကျောင်းသွားရင် ယူသွားတဲ့ ထမင်းဘူးကို ကိုယ်တိုင်ချက်ပြုတ်လေ့ရှိပြီး၊ ဟင်းကတော့ လက်ဖက်သုပ်နဲ့ အိမ်ရှေ့လယ်ကွင်းထဲက ကောက်ရတဲ့ လယ်ခရုလေးတွေကို ဒီအတိုင်း ကြော်ချက်ထားတာမျိုးပဲ ဖြစ်ပါတယ်။
⚠️ အခက်အခဲပေါင်းစုံကြားက မလျှော့သောဇွဲ...
ပတ်ဝန်းကျင် အခြေအနေတွေ မတည်ငြိမ်တဲ့အတွက် တစ်ခါတလေမှာ ထိတ်လန့်စရာ အသံတွေကြားထဲမှာပဲ စာသင်၊ စာကျက်ခဲ့ရသလို၊ မိသားစုလိုက် ဘေးလွတ်ရာကို ပြေးလွှားရှောင်တိမ်းခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ ညဘက် စာမဖတ်ရမှာကို စိုးရိမ်တဲ့အတွက် မိုးမလင်းခင် အရုဏ်တက်ချိန်တွေမှာ အချိန်လုပြီး စာကျက်ခဲ့ရပါတယ်။
သူမက “ကျွန်မရဲ့ ဘဝက သူများထက် နိမ့်ပါးလွန်းတာကြောင့်... ကျွန်မ မဖြစ်မနေ အောင်မြင်မှ ဖြစ်မယ်လို့ ရင်ထဲမှာ အမြဲမှတ်ထားခဲ့ပါတယ်” လို့ ရင်ဖွင့်ပြောပြခဲ့ပါတယ်။
ဒီလို ကြမ်းတမ်းလွန်းတဲ့ ဘဝအခြေအနေ၊ ကြောက်ရွံ့စရာကောင်းတဲ့ ပတ်ဝန်းကျင်တွေကြားကနေ (၄) ဘာသာ ဂုဏ်ထူးရှင်ဖြစ်လာတဲ့ မနေခြည်ထွေးရဲ့ စိတ်ဓာတ်ကတော့ တကယ့်ကို လေးစား ဂုဏ်ယူစရာပါပဲ။
(ဘဝမှာ အခက်အခဲတွေကြောင့် စိတ်ဓာတ်ကျနေသူတွေ ခွန်အားရသွားအောင် ဒီပိုစ့်လေးကို မျှဝေပေးသွားပါဦးနော်)
#မနေခြည်ထွေး #၄ဘာသာဂုဏ်ထူးရှင်