12/05/2026
ကျွန်တော်တို့ တစ်နေရာရာက ထွက်ပြေးချင်လောက်အောင် ကြောက်ဖူးကြပါသလား။
နှလုံးခုန်သံကို ဒဏ်ရာတွေက တဖျတ်ဖျတ် လှုပ်နှိုးနေတယ်။ တစ်ခါတလေ ဒဏ်ရာတွေကို ရှိုက်သွင်းပြီး၊ ဒဏ်ရာတွေကိုပဲ မီးတောင်တစ်ခုလို မှုတ်ထုတ်ပစ်လိုက်မိတယ်။ ကျွန်တော်တို့ဟာ နာကျင်မှုတွေကို ပုံစံအမျိုးမျိုးနဲ့ မျိုချခဲ့မိတာကိုး။ နှလုံးအိမ်ထဲမှာ ညောင်မြစ်တွေလို ကုပ်တွယ်ရှင်သန်စေမိခဲ့တဲ့အထိ။ ဝန်နဲ့အား မမျှအောင် အမြစ်ခိုင်နေတဲ့ အထိ။
အရေပြား၊ နှုတ်ခမ်း၊ နှာခေါင်း၊ မျက်လုံး၊ နားရွက် ... ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းမှာ ဒဏ်ရာတွေ ရှိနေတတ်တယ်။ ပါးစပ်ကနေ အန်ထွက်လာတဲ့ စကားလုံးတွေကအစ နာကျင်ခြင်းတွေပဲ စွန်းထင်းနေတော့တယ်။ အဲ့ဒီနာကျင်ခြင်းတွေကြောင့်ပဲ ကိုယ့်ကိုယ်ကိုယ်တောင် သူစိမ်းတစ်ယောက်လို ခံစားမိရ။ “The body keeps the score” တဲ့။ ခန္ဓာကိုယ်ဆိုတာ ပျော်စရာတွေကိုရော၊ ဒဏ်ရာတွေကိုရော မှတ်တမ်းတင် သိမ်းဆည်းထားတတ်ပါသတဲ့။ သေရာပါတဲ့အထိလို့ ဆိုရလောက်အောင် စိတ်အတွင်းသားထဲမှာ မြှုပ်ဝင်သွားတတ်ကြတယ်။
Triggers
ရေမွှေးရနံ့တစ်ခုဆီကနေ ကြောက်အားလန့်အားနဲ့ ထွက်ပြေးခဲ့ဖူးသလား။ ဝတ္ထုတိုလေးတစ်ပုဒ်ကို နှစ်ကာလများစွာကြာအောင် မထိဝံ့၊ မဖတ်ဝံ့လောက်အောင် ထိတ်လန့်ခဲ့ဖူးသလား။ ကံ့ကော်ပန်းတွေကို မြင်ရုံနဲ့ ချွေးစေးတွေထွက်ပြီး ဒူးတွေ တဆတ်ဆတ်တုန်ခဲ့ဖူးသလား။ လူရယ်သံတွေကိုကြားရုံနဲ့ လူအုပ်ထဲကနေ အသည်းအသန် ထွက်ပြေးချင်စိတ်ပေါက်ခဲ့ဖူးသလား။ ခက်ရင်းတွေ၊ ဓားတွေကို ကိုယ်နဲ့ဝေးရာ ထားပြီးမှ အိပ်ပျော်ခဲ့ဖူးသလား။ "ဒုန်း-ဒုန်း-ဒိုင်း-ဒိုင်း" ဆိုတဲ့ အသံတွေကြားတိုင်း ခုတင်အောက်မှာ ဝင်ပုန်းခဲ့ဖူးသလား။
ဒဏ်ရာဆိုတာ ချစ်စရာ ဒေစီပန်းကလေးတွေမှ မဟုတ်ဘဲ။ ဒဏ်ရာဟာ သေနတ်တစ်လက်၊ ခွေးတစ်ကောင်၊ ကတ်ကြေးတစ်လက် ဒါမှမဟုတ် ဝုန်းဆိုတဲ့ ငလျင်သံလည်း ဖြစ်နိုင်တာပဲ။ တစ်ခါတလေ ဒဏ်ရာတွေဆိုတာ ကျွန်တော်တို့ရဲ့ စိတ်နဲ့ခန္ဓာကို တစစီ ဆွဲဖြဲပစ်နေတဲ့ တစ္ဆေတွေလည်း ဖြစ်နေတတ်ပါတယ်။
Emotional Numbness
တစ်ခါတလေမှာတော့ ကျားနာတစ်ကောင်လို မြင်မြင်သမျှကို ကိုက်ဖြတ်ပစ်ချင်တဲ့ စိတ်ရိုင်းတွေ ဝင်လာတတ်တယ်။ ဒါပေမဲ့ တစ်ခါတလေကျပြန်တော့လည်း စိတ်ဟာ "Pause" ခလုတ်ကို နှိပ်ထားလိုက်သလိုမျိုး ဘာခံစားချက်မှ မရှိတော့ဘဲ ထုံထိုင်းသွားတတ်ပြန်ရော။ ပျော်တာ၊ မောတာ၊ နာကျင်တာ၊ ဝမ်းနည်းတာ ... ဘာတစ်ခုမှ ခံစားလို့မရတော့ဘူး။ ငိုလို့လည်းမရ၊ ရယ်လို့လည်းမရ။ စိတ်တံခါးကို ပိတ်ချထားလိုက်တဲ့အခါ စိတ်ဒုက္ခပေးမယ့် ခံစားချက်တွေ ဝင်မလာနိုင်တော့သလို၊ ကြည်လင်တဲ့ စိတ်အေးချမ်းမှုတွေလည်း ဝင်မလာနိုင်တော့ဘူး။ ဒါဟာ စိတ်ဒဏ်ရာကို ကုစားဖို့အတွက် ပျော်ရွှင်မှုကိုပါ စတေးပစ်လိုက်ရတာပါပဲ။
Remembrance and Mourning
ကိုယ့်ကို ကိုက်ဖူးတဲ့ ခွေးတစ်ကောင်ကို တုတ်တစ်ချောင်းကိုင်ပြီး ပြန်ရင်ဆိုင်ကြည့်မလား။ မဖတ်ရဲတဲ့ ဝတ္ထုတစ်ပုဒ်ကို ချစ်သူကို ဖတ်ပြခိုင်းမလား။ မနမ်းရဲတဲ့ ကံ့ကော်ပန်းတစ်ပွင့်ကို ခပ်မိုက်မိုက် နမ်းကြည့်မလား။ ဒဏ်ရာတွေကို ပြန်ပြီး အမှတ်ဖော်ကြည့်လို့ရပါတယ်။ ဘယ်တုန်းက၊ ဘယ်သူနဲ့၊ ဘာဖြစ်ခဲ့တာလဲဆိုတဲ့ ဇာတ်လမ်းကို ပြန်ဆင်ခြင်ကြည့်ကြမလား။ ကျွန်တော်တို့ ဘယ်တုန်းကမှ မလှန်ရဲခဲ့တဲ့ အတိတ်ရဲ့ စာမျက်နှာဟောင်းတွေကို မြေလှန်လိုက်တဲ့အခါ ကြေကွဲစရာ ဇာတ်လမ်းတစ်ပုဒ် ထွက်လာမှာ သေချာပါတယ်။
ဒဏ်ရာနဲ့ကင်းတဲ့သူဆိုတာ မရှိသလောက်ပါပဲ။ ကျွန်တော်ရော ခင်ဗျားရော ဇာတ်နာခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်စီတော့ ရှိနေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြီးပြည့်စုံတဲ့ လူမှုဝန်းကျင် (Perfect Society) ဆိုတာ ဘယ်တော့မှ မရှိနိုင်လို့ပါပဲ။ လူဆိုတာ မပြီးပြည့်စုံတဲ့ ဘဝကနေလာပြီး မပြီးပြည့်စုံတဲ့ ဘဝနဲ့ပဲ သေဆုံးသွားကြရတာ မဟုတ်လား။
ဘိုးဘွားတွေဖြစ်တဲ့ Australopithecus ကနေ ကျွန်တော်တို့ Homo Sapiens တိုင်အောင် မပြီးပြည့်စုံခြင်းတွေကို လက်ဆင့်ကမ်း အမွေယူခဲ့ကြတယ်။ ဝန်တိုခြင်း၊ တိုက်ခိုက်ခြင်း၊ ရန်လိုခြင်း၊ ဆိုးညစ်ခြင်း၊ လုယက်ခြင်းနဲ့ စုစည်းခြင်းတွေကြားမှာ မပြီးပြည့်စုံခြင်းတွေ ပွတ်တိုက်မိတဲ့အခါ ဇာတ်နာတဲ့ ဇာတ်လမ်းတစ်ပုဒ်စီ ပိုင်ဆိုင်ခဲ့ကြတာပေါ့။ အဲဒီဇာတ်လမ်းလေးတွေကို ကျွန်တော် ပြန်ရေရွတ်ချင်တယ်။
ကိုယ်ကိုယ်တိုင် သားကောင်ဖြစ်ခဲ့ရတဲ့ ဇာတ်လမ်းတွေပေါ့။ ပြီးရင် ငိုမယ်၊ ဝမ်းနည်းမယ်။ အခန်းတစ်ခုထဲမှာ ပန်းကန်တွေကို တချပ်ချင်း ရိုက်ခွဲပစ်မယ်။ အဲဒီတုန်းက မပြောရဲခဲ့တဲ့ စကားတွေကို အကုန်ထုတ်ပြောမယ်။ အသံတွေ ကုန်သွားအောင် အော်ဟစ်ပစ်မယ်။ ဒါကို ကိုယ့်ကိုယ်ကိုယ် "ဝမ်းနည်း ပူဆွေးခွင့်ပေးခြင်း" လို့ ခေါ်ပါတယ်။ ဒီအဆင့်ရောက်မှ ဒဏ်ရာကို အမည်တပ်နိုင်လာပြီး ဒီဒဏ်ရာကြောင့် ငါဒီလိုဖြစ်နေတာပါလားလို့ ရိပ်စားမိလာမယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သိမြင်လာခြင်းဟာ ဒဏ်ရာကုစားရေးရဲ့ ခရီးတစ်ဝက်ကို ရောက်သွားခြင်းပါပဲ။
Reconnection and Integration
ဒီအဆင့်ဟာ ဒဏ်ရာတွေကို ပြန်အမှတ်ဖော်ရင်း၊ ဘယ်ဒဏ်ရာကြောင့် ဘယ်လိုအပြုအမူမျိုး လုပ်မိတယ်ဆိုတာကို ကိုယ့်ဘာသာ အကဲခတ်ရင်းကနေ ဒဏ်ရာကို ဗဟိုပြုလည်ပတ်နေတဲ့ဘဝကနေ ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုလည်ပတ်တဲ့ ဘဝထဲကို ကူးပြောင်းသွားခြင်း ဖြစ်ပါတယ်။ ရာဇဝင်ထဲမှာ ဒဏ်ရာတွေကို ထားရစ်ခဲ့နိုင်ပါပြီ။
ကံ့ကော်ပန်းတစ်ပွင့်၊ ဝတ္ထုတစ်ပုဒ်၊ ရေမွှေးနံ့တစ်ပိုဒ်ဟာ ကိုယ့်ကို ဘယ်လိုအန္တရာယ်မှ မပေးနိုင်တော့ဘူးဆိုတာကို လက်ခံနိုင်လာတဲ့ အခြေအနေပေါ့။ မြင်မြင်သမျှ ပန်းကလေးတွေဟာ ပြန်လည်မွှေးပျံ့လာမယ်။ လူလူချင်း ဆက်ဆံရေးတွေကို ပြန်တည်ဆောက်လာနိုင်မယ်။ တစ်ဖန် ပြန်ချစ်ဦးမယ်။ ပြီးရင်တော့ အဲဒီဒဏ်ရာတွေကိုပဲ သီချင်းတစ်ပုဒ်လို သီဆိုမယ်။ ဒဏ်ရာတွေကို ရွက်လိုထောင်ပြီး ပင်လယ်ပြင်မှာ ရွက်လွှင့်မယ်။
ဒဏ်ရာတွေကို ကုစားပြီးတဲ့နောက်မှာတော့ ... ။