04/09/2025
အမှောင်ထဲကကြယ်တစ်ပွင့် အတွဲ(၂) အပိုင်း(၂၅)
( သက္ကရာဇ်နှင့် ခေါင်းဆောင်ရွေးပွဲ)
ခေါင်းဆောင်ရွေးပွဲနေရောက်တော့ ပန်းနု၊ နောင်နောင်နဲ့သက္ကရာဇ်တို့ဟာ သူတို့နေထိုင်ရာကနေထွက်လာခဲ့တယ် အနီးဆုံးရွာကိုရောက်တော့ သူတို့ကိုစောင့်နေတဲ့ ဣဘယဂါမရွာသားတွေကိုတွေ့လိုက်ရတယ်။ သူတို့အနောက်ကိုလိုက်သွားရင်းနဲ့ နောင်နောင်က အတိတ်ကအကြောင်းတွေပြန်ပြောပြနေတယ်
" ဒီရွာတွေမှာတိုက်ပွဲတွေဖြစ်ခဲ့တာလေ မပန်းနု... လူတွေသေတာမနည်းဘူး... အသက်ရှင်တဲ့လူနည်းနည်း
ပဲကျန်ခဲ့တာပေါ့..."
ပန်းနုက ခေါင်းညှိမ့်ပြရင်း နားထောင်နေခဲ့တယ်။ ပန်းနုနဲ့နောင်နောင်ဟာ ရင်းနီးတာထက်ရင်းနီးလာပါပြီ
ဒီလိုနဲ့ ကွင်းပြင်တစ်ခုကိုကျော်ပြီးတော့ သစ်ပင်ကြီးတစ်ပင်အရှေ့အရောက်မှာ ရွာသားတွေကရပ်လိုက်တယ် ထိုအခါ ပန်းနုက
" ဘာလို့ဆက်မသွားတာလဲ နင်တို့ရွာကမရောက်သေးဘူးလား..."
" ရောက်ပါပြီဗျာ ရောက်နေပါပြီ... ဒါပေမယ့် ရွာရဲ့လူကြီးတစ်ယောက်တံခါးဖွင့်ပေးမှ ဝင်လို့ရမှာမို့စောင့်နေတာပါ..."
" ဒါဆိုလဲ မြန်မြန်ခေါ်လေ အချိန်ပုတ်တယ်... နေလဲပူတယ်..."
ပန်းနုကစိတ်မရှည်တာကြောင့် နောင်နောင်က အရှေ့တိုးလိုက်ပြီး သစ်ပင်ရဲ့ပင်စည်ကိုလက်နဲ့ထိလိုက်တယ် ။ ပင်စည်က နှစ်ခြမ်းကွဲသွားပြီး အတွင်းဘက်ကရွာကြီးကိုမြင်လိုက်ရတာကြောင့် ရွာသားတွေသာမက ပန်းနုနဲ့ သက္ကရာဇ်ပါအံဩသွားကြတယ်
တံခါးပွင့်လာတာနဲ့ အတွင်းက လူတစ်ချို့ထွက်လာပြီး သူတို့ကိုစိုက်ကြည့်ပြီးဝိုင်းထားလိုက်ကြတယ်။ ခေါ်လာတဲ့ရွာသားတွေကလဲ ကြောက်လန့်ပြီး သူ့လူတွေကိုပြောပြလိုက်တယ်
" အဲ့ကောင်လေးဖွင့်တာ... အဲ့ကောင်လေးဖွင့်တာ... ငါတို့ရွာရဲ့ဝင်ပေါက်ကိုဒီကောင်လေးဖွင့်တက်တယ်... ရွာလူကြီးတွေကိုမြန်မြန်ခေါ်လိုက်..."
ရွာသားတစ်ချို့ပြေးဝင်သွားတဲ့အချိန် သက္ကရာဇ်က နောင်နောင့်ကိုကြည့်ကာ
" ငါ့ညီက ဘယ်လိုဖြစ်ပြီး ဒီတံခါးကိုဖွင့်တက်တာလဲ ပြောပြပါဦး..."
" အော်... ဒါကပြောရမယ်ဆိုရင်အရှည်ကြီးပဲအကိုရ... အရင်ဘဝတုန်းကအကြောင်းတွေပြန်ပြောရမှာမို့လို့ အေးအေးဆေးဆေးမှပြောပြမယ်... အခုတော့ အထဲကိုဝင်ကြရအောင်..."
ထိုစဉ် ခင်ခင်စန်းနဲ့အတူ လူကြီးတစ်ချို့ရောက်လာပြီး
" ငါထင်တော့ထင်ပါတယ် ဒီငရဲထိန်းကဖွင့်တက်မှာပါလို့... အရင်ဘဝက အကြောင်းတွေအကုန်မှတ်မိနေတာထူးဆန်းတယ်နော်ငရဲထိန်းလေး..."
" ဒီရွာရဲ့ဝင်ပေါက်တံခါးက အရင်ကထက်ပိုကောင်းလာမယ်ထင်တာ... အခုတော့အရင်အတိုင်းပါပဲလားခင်ခင်စန်းရ..."
လူငယ်လေးတစ်ယောက်က သူတို့ရွာလူကြီးတွေကို ပေါ့ပေါ့တန်တန်ပြောလိုက်တာကြောင့် ရွာသားများက ဒေါသထွက်ကုန်တယ်။ ဒီအခြေအနေကိုခင်ခင်စန်းက အမြန်ထိန်းသိမ်းလိုက်ရတယ်။
" ဒါပေါ့ငရဲထိန်းလေးရယ် ငရဲထိန်းလေးနဲ့ဆရာကြီးအောင်မှိုင်းတို့အတူတူတွဲပြီး နတ်ဆိုးကိုတိုက်ခိုက်တုန်းက ကျွန်မတို့က ဘောင်မဝင်သေးပါဘူးရှင်... သာမန်စုန်းအဆင့်ပဲရှိပါသေးတယ်... အခုလိုအဆင့်ဖြစ်လာတယ်ဆိုတာကလဲ ဆရာကြီးအောင်မှိုင်းချန်ထားခဲ့တဲ့ ကျမ်းစာအုပ်တွေကြောင့်ပဲဖြစ်လာရတာပါ... ကျွန်မရဲ့ပညာအဆင့်အတန်းကနိမ့်နေသေးတော့ အရင်ကထက်ပိုကောင်းအောင်မလုပ်နိုင်သေးပါဘူး..."
ခင်ခင်စန်းရဲ့စကားကြောင့် အံဩကုန်ကြတဲ့လူတွေထဲမှာ သက္ကရာဇ်က အဆိုးဆုံးပါ သူဟာ လုံးဝမထင်ထားတဲ့ကိစ္စတစ်ခုကိုကြားလိုက်ရတာကြောင့် စကားတောင်မပြောနိုင်ပါဘူး ဒါပေမယ့်အခြေအနေကိုအမြန်ထိန်းလိုက်ပြီး
" ခေါင်းဆောင်ရွေးပွဲကစတော့မှာလားဗျ... ဘာစည်းကမ်းတွေနဲ့ ဘယ်လိုတွေချမှတ်ထားတယ်ဆိုတာပြောပြပါဦး..."
" ကောင်ပါပြီရှင် ကောင်းပါပြီ... ရွာထဲကိုဝင်ခဲ့ပါ အထဲရောက်မှအေးအေးဆေးဆေးပြောကြတာပေါ့..."
ဣဘယဂါမရွာကြီးဟာ စည်းကားလို့နေခဲ့ပါပြီ အနယ်နယ်အရပ်ရပ်ကစုန်းကဝေတွေတော်တော်များများက လာရောက်ပူးပေါင်းထားတာကြောင့် အင်အားတော်တော်တောင့်တင်းနေခဲ့ပြီ။ ဟိုးစတုန်းထဲက ကြိုတင်စီစဉ်ထားခဲ့လိုသာ နေရထိုင်ရတာ အဆင်ပြေကြတာဖြစ်ပါတယ် ဒါတောင် လူမရှိတဲ့အိမ်တွေမရှိတော့ပါဘူး။
ရွာထဲကိုဝင်တာနဲ့ အစီအရင်တွေချထားတဲ့ဂိတ်ဝကိုစတင်တွေ့ရတယ် ဂိတ်ကိုကျော်တာနဲ့ အကွက်ရိုက်ထားတဲ့ခြံတွေက မျက်နှာချင်းဆိုင်တည်ရှိနေပြီး ခြံတွေထဲမှာက ဆင်တူအိမ်လေးတွေကို လှပစွာတွေ့ရှိရတယ် အကွက်ရိုက်ထားတဲ့ခြံတွေအရှေ့မှာ လမ်းမကြီးတွေရှိပြီး ထိုလမ်းမကြီးတွေအားလုံးရဲ့ဆုံမှတ်နေရာမှာ သစ်ပင်အကြီးကြီးတစ်ပင်ရှိနေခဲ့တယ် ထိုသစ်ပင်ကြီးရဲ့ဘေးမှာမှ အဆောက်အဦးကြီးတစ်ခုတည်ရှိနေပြီး ထိုအဆောက်အဦးဟာ လူငါးရာခန့်ဆန့်တဲ့ အစည်းအဝေးခန်းမကျယ် လေးခုအထိရှိတယ်။ ခန်းမတစ်ခုစီမှာ အနိမ့်ဆုံးဝင်ခွင့်ရှိတဲ့အဆင့်အတန်းတွေကိုသတ်မှတ်ထားတာတွေ့ရတယ်။
သက္ကရာဇ်တို့အထဲရောက်သွားချိန်မှာတော့ တစ်ရွာလုံးက လူတွေထွက်ကြည့်ကြတယ် တချို့ကတီးတိုးပြောနေပြီး တချို့ကတော့ ထိပ်လန့်နေကြတယ်။
ပန်းနုက သက္ကရာဇ်ကိုကြည့်ပြီး
" ငါ့မောင်ရေ.. ငါ့မောင်ကတော့ တော်တော်နာမည်ကြီးနေပြီဟ.. တစ်ရွာလုံးကတောင်ထွက်ကြည့်ရတယ်..."
" အစ်မကလဲ သူတို့တွေမျက်လုံးထဲမှာ လိုလားတဲ့အရိပ်အယောင်မတွေ့ရပါဘူးဗျာ ..."
ထိုအခါ ခင်ခင်စန်းက လမ်းလျှောက်နေရင်း တိုးတိုးလေးပြောတယ်
" ဒီရွာမှာက ပညာထက်တဲ့လူကခေါင်းဆောင်နေရာနေရတယ်... သူ့ရဲ့ဦးဆောင်မှု့အောက်မှာ ပညာထက်သထက်ထက်အောင် လေ့ကျင့်ရတယ်... ခေါင်းဆောင်ခနခနရွေးတယ်ဆိုတာက ဘယ်သူကအစွမ်းပိုထက်လဲဆိုတာကိုကြည့်ကြတာပဲ..."
" ခေါင်းဆောင်ကိုပြန်လည်ထိန်းကျောင်းဖို့ အထက်မှာ ရွာလူကြီးတွေရှိတယ်... ရွာလူကြီးတွေလက်မခံနိုင်တာမျိုးကို ခေါင်းဆောင်ကလုပ်ရင် ချက်ချင်းဖြုတ်ချနိုင်တယ်... အဲ့ဒါကဒီရွာရဲ့အခြေခံအချက်တစ်ခုပဲ... ဣဘယဂါမရွာဆိုတာက ဆရာကြီးအောင်မှိုင်းရဲ့ ခံယူချက်အတိုင်းရေရှည်ရပ်တည်နေတဲ့ရွာပဲ... ရွာလူကြီးတွေက ဆရာကြီးအောင်မှိုင်းရဲ့စိတ်ကိုအတွင်းကျကျနားလည်ဖို့လိုအပ်တယ်... အဲ့တော့မှ ဒီရွာကခေါင်းဆောင်တွေကို ကောင်းကောင်းထိန်းချုပ်နိုင်မှာပေါ့..."
သက္ကရာဇ်ဟာ ခင်ခင်စန်းရဲ့စကားကြောင့်တွေဝေသွားခဲ့တယ် သူဟာ ခေါင်းဆောင်ဖြစ်ဖို့ရည်ရွယ်ချက်နဲ့လာခဲ့တာဖြစ်ပြီး ခေါင်းဆောင်ဖြစ်ပါက သူလုပ်ချင်ရာလုပ်မယ်ဆိုတဲ့အတွေးနဲ့လာခဲ့တာဖြစ်တယ် အခုတော့ ခေါင်းဆောင်ရဲ့အထက်မှာ အချုပ်အနှောင်တွေကများလွန်းတယ်လို့ထင်မိတယ် ဒါကြောင့်
" ကျွန်တော်မရှင်းလို့ထပ်မေးဦးမယ်ဗျ... ခေါင်းဆောင်ဖြစ်ပါပြီဆိုမှတော့ တစ်ရွာလုံးက လူကြီးလူငယ်တွေအားလုံး ကို ဦးဆောင်ရမှာမဟုတ်ဘူးလား... တစ်ရွာလုံးကလည်း ခေါင်းဆောင်ရဲ့စကားကိုနာခံရမှာမဟုတ်ဘူးလားဗျ..."
" ဟုတ်တယ်လေ.. ခေါင်းဆောင်က ဦးဆောင်ရမှာမှန်တယ်... ဒါပေမယ့် ခေါင်းဆောင်ကတလွဲတွေလုပ်ရင် ရွာပျက်ဆီးသွားမှာဆိုးလို့ အထိန်းတစ်ခုထားတဲ့သဘောပဲ... ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအစဉ်အလာကို ဆရာကြီးအောင်မှိုင်းတောင် မဖျက်ဆီးနိုင်ဘူး..."
ခင်ခင်စန်းဟာစကားစကိုရပ်လိုက်ပြီး သက္ကရာဇ်မျက်နှာကိုစေ့စေ့ကြည့်လိုက်တယ်
" ဆရာကြီးအောင်မှိုင်းတောင် သူမလုပ်ချင်တဲ့ကိစ္စကို လုပ်လိုက်ရတာပဲ... ရွာလူကြီးတွေကလဲ တစ်ဦးထဲဆုံးဖြတ်တာမဟုတ်ဘူး... ရွာသားတွေအားလုံးကလက်ခံမယ့်ဟာကိုပဲဆုံးဖြတ်ရတာ..."
သူတို့စကားကောင်းနေစဉ် ခန်းမကြီးထဲမှ လူကြီးဆယ်ယောက်ထွက်လာတာတွေ့လိုက်ရတယ် လူကြီးတွေက သက္ကရာဇ်ကိုပြုံးပြီး နှုတ်ဆက်တယ်
" ခေါင်းဆောင်ရွေးပွဲလာမယ်ဆိုလို့စောင့်နေတာ... ပြောရမယ်ဆိုရင် အပြင်လူတစ်ယောက်အနေနဲ့ ဒီရွာရဲ့ခေါင်းဆောင်ရွေးပွဲကို ဝင်ပြိုင်လို့မရဘူး... ဒီတော့ ရွာသားအဖြစ်ဝင်ရမယ်... ရွာသားဖြစ်ဖို့ကမခက်ပါဘူး... အနိမ့်ဆုံး စုန်းအဆင့်ကတောင် ရွာသားဖြစ်နိုင်တယ်... သစ္စာရေတော့သောက်ရမယ် ဘယ်လိုလဲ..."
" သောက်ဆိုလဲသောက်တာပေါ့... ကျွန်တော်ကဘာကိုကြောက်ရမှာလဲ အခုသောက်လို့ရလား..."
" ရပါတယ်... ရပါတယ်... ခန်းမထဲကိုဝင်ခဲ့ပါ... အရင်ဆုံး အနောက်ဘက်ခန်းမကနေဝင်ရအောင်..."
သက္ကရာဇ်ဟာ ရွာလူကြီးတွေဦးဆောင်မှု့နဲ့အတု အဆောက်အဦးကြီးရဲ့အနောက်ဘက်ကနေဝင်လိုက်တယ် လူအားလုံးလိုက်ပါလာခဲ့ပြီး တောင်ဘက်ခန်းမတံခါးကိုဖြတ်သမ်းဖို့အလုပ်မှာတော့ လူတစ်ချို့ကကျန်ရစ်နေခဲ့တယ်
" အနောက်ဘက်ခန်းမက အနိမ့်ဆုံးစုန်းတွေပါဝင်ခွင့်ရှိတယ်... တောင်ဘက်ခန်းမကတော့ မောက်လုံးအဆင့်ကအနိမ့်ဆုံးဝင်ခွင့်ရှိတာပဲ... ကဲ မြောက်ဘက်ခန်းမကိုဝင်ကြရအောင် ..."
သက္ကရာဇ်ဟာ ကျန်ရစ်နေခဲ့တဲ့လူတစ်ချို့ကြည့်လိုက်ပြီး နောက်ထပ်ခန်းမထဲကိုဝင်သွားလိုက်တယ် သူနဲ့အတူ လူအနဲငယ်သာဝင်လာနိုင်တာမို့ မျက်မှောင်ကြုံ့လိုက်ပြီး
" သူတို့ကဘာလို့ဝင်မလာနိုင်ရတာလဲ..."
" အော်... ဒီခန်းမက ကဝေကြီးတွေပဲဝင်လို့ရတာ... အဆင့်နိမ့်ကဝေတွေဝင်ခွင့်မပေးထားဘူး..."
နောက်ထပ်ခန်းမတစ်ခုသို့ဝင်ခါနီးတွင် ခင်ခင်စန်းနဲ့ပန်းနုက အပြင်မှာကျန်ရစ်ခဲ့တယ် သူတို့ဟာလိုက်ပြီးဝင်မလာခဲ့ပါဘူး
" ဟာ အစ်မပန်းနုကဝင်လို့မရဘူးလား..."
" မရဘူးလေကောင်လေးရဲ့... သူတို့အဆင့်က အနိမ့်ဆုံးသတ်မှတ်ချက်ထဲမှာဝင်မနေဘူး... ဒါကြောင့် သူတို့အမြင်မှာ တံခါးကပိတ်နေတာပဲ..."
" ဒါဆို ကျွန်တော်က ဘာလို့ဝင်လို့ရတာလဲ ..."
" အနိမ့်ဆုံးသတ်မှတ်ချက်ထဲမှာ ပါနေလို့ဝင်လို့ရတာပေါ့ကောင်လေးရယ်..."
ခင်ခင်စန်းဟာ ဏ္ဍဘယဂါမရွာရဲ့ခေါင်းဆောင်ပါ သူတောင်ဝင်ခွင့်မရတဲ့ခန်းမဆိုတော့ သက္ကရာဇ်ဟာ စဉ်းစားသွားခဲ့တယ်
" သိပ်ပြီးစဉ်းစားမနေနဲ့ကောင်လေး ဒီခန်းမထဲကို တင်ခွင့်ရတဲ့လူက ငါတို့ရွာမှာ လူအယောက်ငါးဆယ်ကျော်ရှိတယ်... အဲ့လူတွေထက်ပညာနိမ့်တဲ့ခင်ခင်စန်းက ဒီရွာရဲ့ခေါင်းဆောင်ဘာလို့ဖြစ်နေတာလဲဆိုတာရှင်းပြရရင် အခုချိန်မှာနားလည်နိုင်ဦးမှာမဟုတ်သေးဘူး... ရွာသားအဖြစ်သစ္စာရေသောက်ပြီးမှ အကြောင်းစုံကိုသိနိုင်လိမ့်မယ်..."
သစ္စာရေသောက်ဖို့အတွက် သက္ကရာဇ်ဟာ စောင့်နေလိုက်တယ်ထိုစဉ် လူကြီးတွေက သက္ကရာဇ်ကိုဝိုင်းလိုက်ပြီး
" ရှိန်သက္ကရာဇ်ထွန်းဆိုတဲ့အမောင်က ဣဘယဂါမရွာရဲ့ ရွားသားဖြစ်ချင်ပါသလား..."
" ဟုတ်ကဲ့ဖြစ်ချင်ပါတယ်..."
" ရွာသားအချင်းချင်းစောင့်ရှောက်ဖို့ကတိပေးနိုင်ပါသလား..."
" ပေးပါတယ်..."
" ရွာရဲ့အကျိုးကိုထမ်းဆောင်နိုင်မလား..."
" ထမ်းဆောင်နိုင်ပါတယ်..."
" သာမန်လူသားတွေအပေါ်မှာ မညှင်းဆဲမသတ်ဖြတ်ပါဘူးဆိုတဲ့သစ္စာကိုထိန်းနိုင်ပါ့မလား..."
" ထိန်းနိုင်ပါတယ်..."
" ဒါဆိုရင် သစ္စာရေသောက်ပါ.."
သက္ကရာဇ်ဟာ လူကြီးတွေကမ်းပေးတဲ့ရေခွက်ကိုယူပြီး
" သစ္စာဖောက်ရင် ဘာဖြစ်မယ်ဆိုတာထည့်ပြောဦးလေ..."
" သစ္စာဖောက်ရင် ရွာကနေမောင်းထုတ်ယုံကလွဲပြီးဘာမှမရှိပါဘူး..."
" ဗျာ... ဒါပဲလား..."
" အင်း... ဒါပါပဲ..."
သစ္စာရေခွက်ကိုမော့သောက်လိုက်ပြီး သက္ကရာဇ်က ကြောင်တောင်တောင်နဲ့ကြည့်နေခဲ့တယ်လူကြီးတွေက သက္ကရာဇ်ကို ထူလိုက်ပြီး
" ဒီနေ့ကစပြီး ငါ့တူက ဒီရွာသားဖြစ်ပြီ... သစ္စာမဖောက်ဖို့တက်နိုင်သလောက်ထိန်းပါ... ကဲ.. လာလာ.. ငါ့တူမွေးခဲ့တဲ့အခန်းကို လိုက်ပို့မယ်..."
" ဗျာ.. ကျွန်တော်မွေးခဲ့တဲ့အခန်း ဟုတ်လား..."
" ဟုတ်တယ်ငါ့တူ... ငါ့တူက ဒီရွာမှာမွေးခဲ့တာပါ.. ပြီးတော့ အဲ့အခန်းက ယနေ့အထိ နဂိုအတိုင်းပဲရှိသေးတယ်..."
သူတို့ပြန်ထွက်လာတော့ ပန်းနုနဲ့ခင်ခင်စန်းကစကားပြောနေကြတယ်။လူကြီးတစ်ယောက်သာကျန်ခဲ့ပြီး ကျန်လူကြီးများက ဘယ်ရောက်မှန်းမသိရောက်ကုန်တာကြောင့် သက္ကရာဇ်ပင်ကြောင်သွားခဲ့တယ်
" ငါ့မောင် အခြေအနေကောင်းလား..."
" ကောင်းပါတယ်အစ်မ... ကျွန်တော်မွေးတဲ့အခန်းကိုသွားလိုက်ပြမလို့တဲ့... အဲ့ဒါလိုက်သွားဦးမယ်..."
ပန်းနုကခေါင်းငြိမ့်ပြတဲ့အချိန် ခင်ခင်စန်းက
" နင်လဲကြည့်ချင်ရင် သစ္စာရေသောက်ပြီး ရွာသားဖြစ်အောင်လုပ်လိုက်လေ..."
" တော်စမ်းပါဟာ... ငါ့ဟာငါနေတာလွတ်လပ်တယ်... နင်တို့လိုအရှုပ်ထုတ်တွေလုပ်စရာမလိုတော့ဘူး... ငါ့စိတ်နဲ့မကိုက်လို့ လူသတ်မိရင် အလကားနေမောင်းထုတ်ခံနေရဦးမယ်..."
ခင်ခင်စန်းဟာ ပန်းနုစကားကြောင့် တစ်ခစ်ခစ်ရယ်မောလိုက်တယ်
" ဒါဆိုလဲဟယ် ခန်းမထဲကနေသာစောင့်တော့... ပြန်လာမှ အေးအေးဆေးဆေးစကားပြောကြမယ်..."
သက္ကရာဇ်ကို ခင်ခင်စန်းနဲ့လူကြီးတစ်ယောက်ကရွာအနောက်ဘက်သို့ခေါ်သွားပြီး နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးထဲသို့ဝင်သွားလိုက်သည်။ အိမ်ကြီးရဲ့အပေါ်ထပ်အခန်းတွေမှာ စုန်းတချို့နဲ့ သမန်းကျားတချို့နေထိုင်လျှက်ရှိပြီး သူတို့ကိုတွေ့သည်နှင့် လာရောက်အရိုအသေပေးကာ နှုတ်ဆက်ကြတယ်
ခင်ခင်စန်းက သက္ကရာဇ်ကိုခေါ်ပြီးအခန်းငယ်တစ်ခုအတွင်းသို့ဝင်လိုက်တယ် အတွင်းမှာရှိသည့် ရုပ်ထု တစ်ခုကို လှည့်လိုက်သည်နှင့်နံရံက တံခါးသဖွယ်ပွင့်သွားတော့တယ်
သူတို့နဲ့ပါလာတဲ့လူကြီးက တံခါးပေါက်ကိုပြန်ပိတ်လိုက်ပြီး နံရံမှာရှိသည့်ပန်ချီကားတစ်ချက်ကိုညွှန်ပြကာ
" ဒီပန်းချီကားကိုသေသေချာချာကြည့်ပါငါ့တူ... ဒီမှာတွေ့လား လူတစ်ယောက်လက်ကာပြနေတဲ့ပုံ..."
လူကြီးကထိုပန်းချီကားကိုဖြုတ်ကာ ဘေးနားမှာရှိသည့် ပန်းချီကားတစ်ချပ်ဖြင့်အစားထိုးလိုက်ပြီး ဆက်ရှင်းပြတယ်။
" အခုလဲလိုက်တဲ့ပန်းချီကားက လူတစ်ယောက်လမ်းလျှောက်မယ့်ပုံဖြစ်နေတယ်တွေ့လား... အဲ့ဒီပုံနှစ်ပုံချိန်းပြီးမှ ငါတို့တွေအထဲကိုဆက်ဝင်လို့ရမယ်... မဟုတ်ရင် ဒီမြေအောက်ခန်းထဲမှာ တပ်ထားတဲ့ လျှို့ဝှက်လက်နက်တွေက ဝင်လာသမျှအကုန်လုံးကိုတိုက်ခိုက်လိမ့်မယ်..."
" ဟ ကောင်းလိုက်တဲ့ထောင်ခြောက်တွေပါလား မဆိုးဘူး..."
" ဆိုပါတာ့ကွာ ဒီလမ်းလျှောက်နေတဲ့ပန်းချီကားရဲ့အနောက်မှာ စက်သွားအသေးလေးတစ်ခုရှိတယ်... ကျန်တဲ့စက်သွားအကြီးတွေကနံရံထဲမှာမြုတ်ထည့်ထားတာပေါ့ဟာ... ပန်းချီကားကိုမလဲပဲ ဒီအတိုင်းဝင်လိုက်ရင် ကြွက်တစ်ကောင်တောင်မလွတ်နိုင်ဘူး... ဒီအကြောင်းကို ငါကလူတစ်ချို့ပဲသိတာ ကျန်တဲ့အဖွဲ့သားတွေတစ်ယောက်မှမသိဘူး...တစ်ကယ်လို့ တစ်ယောက်ယောက်က ဒီအခန်းအကြောင်းမေးလာခဲ့ရင် ပန်းချီကားအကြောင်းကိုလုံးဝမပြောပါနဲ့ ...ကြားလား..."
သက္ကရာဇ်က ရွာလူကြီးနဲ့ခင်ခင်စန်းကိုကြည့်ပြီး
" ကျွန်တော်က ဒီနေ့မှရွာသားဖြစ်တာလေ ဘာဖြစ်လို့လျှို့ဝှက်ချက်တွေလာပြောပြနေတာလဲ..."
ခင်ခင်စန်းနဲ့လူကြီးကပြုံးပြီးဘာမှဆက်မပြောဘူး သူတို့ဟာ အခန်းပေါင်းများစွာကိုကျော်ဖြတ်ပြီး တင်းလာခဲ့လိုက်တယ်။ အခန်းတွေရဲ့တံခါးဘောင်တွေမှာတော့ အချုပ်အင်းတွေကပ်ထားတာမြင်လိုက်ရတယ်။ သက္ကရာဇ်က အင်းတွေကိုကြည့်ပြီး အင်းစီရင်တဲ့လူကိုလန့်လာမိတယ် ဘာဖြစ်လို့လဲဆိုတော့ ထိုအင်းတွေကိုကြည့်နေရင်းနဲ့ သူ့ရင်ထဲမှာကြောက်စိတ်တွေပေါ်လာခဲ့လိုပဲ
နောက်ဆုံးမှာတွေ့ရတဲ့တံခါးကိုတွန်းဖွင့်လိုက်တော့ စားပွဲတစ်ခုအပေါ်မှာ အရိုးခေါင်းတစ်ခုကိုတွေ့လိုက်ရတယ်။ အခန်းတွင်းကနံရံနဲ့ကြမ်းပြင်တွေမှာလဲ သွေးတွေပေကျံနေပြီးတော့ တိုက်ပွဲအကြီးအကျယ်ဖြစ်ထားဟန်တူတယ်။
သက္ကရာဇ်က အခန်းထဲလှည့်ပတ်ကြည့်နေတုန်း တစ်နေရာအရောက်မှာတော့ ခြေလှမ်းတွေတုံ့သွားခဲ့တယ် သမန်းကျားတစ်ချို့ရဲ့အလောင်းတွေနဲ့ လူအရိုးစုတွေကိုတွေ့လိုက်ရတော့ သက္ကရာဇ်ဟာ ဟိုးတုန်းကအကြောင်းအရာများကိုပြန်ပြီးသတိရလာတယ်
မိခင်ဝမ်းအတွင်းမှာ ပုံမှန်လူသားသန္ဓေသားဘဝနဲ့နေစဉ်ကအကြောင်းကိုတော့ပြန်ပြီးမမှတ်မိပါဘူး ပညာတွေစုပ်ယူတာများပြီး မိခင်ဝမ်းတွင်းကနေစတင်ထွက်လာတာကနေစပြီး သတိရလာခဲ့တယ်
ကဝေကြီးရဲ့ပညာစက်တွေက သူ့ကိုယ်ထဲမှာ အလျင်အမြန်တိုးပွားလာတာကြောင့် သူ့ရဲ့အရိုးအဆစ်နဲ့ကြွက်သားတွေကလဲ မွေးကင်းစခလေးငယ်နဲ့မတူအောင် ကြီးထွားနှုန်းအရမ်းမြန်လာတယ် မိခင်ဖြစ်သူအေးမြက သူ့ကို ကြည့်ပြီးအံဩနေတဲ့အချိန် အစောင့်တချို့ရောက်လာပြီး သူ့ကိုမြင်တော့ ရွာရှိလူကြီးများကို အကြောင်းကြားဖို့လုပ်တယ် ထိုအချိန်မှာပဲ သက္ကရာဇ်ရဲ့ပါးစပ်ကနေ ကတေစက်တွေထွက်လာပြီး အစောင့်များကို သတ်ပစ်မိသွားတယ်။ သေဆုံးသွားတဲ့စုန်းကဝေတွေကနေ ပညာတစ်ချို့ထပ်မံစုပ်ယူနေတုန်းမှာပဲ မိခင်ဖြစ်သူက သူ့ကို လုံခြည်တစ်ထည်နဲ့ပတ်ပြီး အပြင်ကိုခိုးထုတ်သွားခဲ့တယ်
သက္ကရာဇ်က ထိုအဖြစ်အပျက်များကိုပြန်လည်မြင်ယောင်မိတာကြောင့် သူသတ်ပစ်ခဲ့တဲ့အရိုးစုတွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်
" ဒါက ကျွန်တော်မွေးခဲ့တဲ့အခန်းပေါ့ ဟုတ်လား..."
" ဟုတ်တယ် ငါ့တူ... ဒီအခန်းမှာ မင်းကိုမွေးခဲ့တာပဲ... မင်းရဲ့အမေက ရွာသားတစ်ချို့ကိုသတ်သွားတော့ ရွာကလူတွေဒေါသမတရားထွက်ကုန်ကြတယ်... အဲ့ဒါကြောင့် မင်းအမေ့ကို သတ်ဖို့ ရွာကလူတွေကတောင်းဆိုခဲ့ကြတာပဲ..."
သက္ကရာဇ်က ခေါင်းကိုငိုက်ကာ သက်ပြင်းချလိုက်ပြီး
" ဖြစ်ပြီးသားကိစ္စတွေကို ဘာလို့လာပြောပြနေရတာလဲဗျာ အတိတ်ကိုပြန်ပြင်လို့မှမရတာ ..."
" ဒါပေါ့ကောင်လေးရာ အတိတ်ကိုပြန်ပြင်လို့မရပေမယ့် ဖြစ်လာမယ့်အနာဂါတ်မှာအမှားတွေထပ်မလုပ်ဖို့ သတိထားလို့ရတာပေါ့..."
သက္ကရာဇ်ဟာ စားပွဲခုံအနောက်ဘက်ကို ကြည့်မိသွားတယ် ထိုနေရာလေးက သူမွေးဖွားခဲ့တဲ့နေရာလေးပေါ့ အဲ့အချိန်မှာပဲ ခြေရာတစ်စုံကိုအမှတ်မထင်မြင်မိသွားခဲ့တယ်
" ဟင်... ဒီခြေရာက လူကြီးခြေရာမဟုတ်ပါဘူး... အရွယ်မရောက်သေးတဲ့ကလေးခြေရာပဲ... ငါသတ်မိတဲ့အထဲမှာ ကလေးမပါပါဘူး..."
သက္ကရာဇ်က တွေးနေစဉ် ခင်ခင်စန်းက
" ခေါင်းဆောင်ရွေးပွဲကိုသွားကြည့်ကြမလား ဒီအခန်းမှာနေရတာ ညှင်းသိုးသိုးနဲ့ဆိုတော့ နေရတာသိပ်အဆင်မပြေဘူး... ခေါင်းဆောင်ရွေးပွဲမှာ မင်းနိုင်ခဲ့ရင် ဒီအခန်းကို ဒီအတိုင်းထားမလား သန့်ရှင်းရေးလုပ်မလားဆိုတာဆုံးဖြတ်ပေါ့..."
ဒီလိုနဲ့သူတို့ဟာ အပြင်ကိုပြန်ထွက်လာခဲ့ကြတယ် သက္ကရာဇ်ရဲ့အတွေးထဲမှာတော့ စဉ်းစားစရာတွေအများကြီးနဲ့ပေါ့
ခင်ခင်စန်းနဲ့လူကြီးက သူ့ကို ရွာရဲ့အနောက်ဘက်ကိုခေါ်သွားခဲ့တယ် ရွာအနောက်ဘက်မှာတော့ ရေကန်ကြီးတစ်ခုရှိနေပြီး ထိုရေကနိကြီးရဲ့အလည်မှာမှ ပြိင်ကွင်တစ်ခုကတည်ရှိနေတယ်
" ရေကန်အလည်မှာပြိုင်ရမှာလား ..."
" ဟုတ်တယ်လေ.. ရေကန်ထဲပြုတ်ကျရင်အရှုံး.. ကြိုက်သလိုပြိုင်လို့ရတယ် ကြိုက်တဲ့အစီအရင် ကြိုက်တဲ့ပညာကိုသုံးလို့ရတယ်..."
သက္ကရာဇ်ကပြုံးလိုက်ပြီး ခေါင်းဆောင်ရွေးပွဲကိုဆက်ကြည့်နေခဲ့တယ်
ရေကန်ကြီးအထဲမှာတော့ ကောင်လေးနှစိယောက်က ပညာပြိုင်နေကြတယ် ဘေးပတ်လည်မှာတော့ အားပေးသူရွာသားတစ်ချို့က အော်ဟစ်အားပေးနေလေရဲ့
သက္ကရာဇ်က ပညာပြိုင်နေတဲ့နှစ်ယောက်ကိုကြည့်ပြီး
" အဲ့နှစ်ယောက်က အခုမှ အိမ်တလိမ့်စုန်းအဆငိ့ပဲရှိတာမှတ်လား... ဘယ်လိုဖြစ်ပြီးခေါင်းဆောင်ရွေးပွဲကိုဝင်ပြိုင်နေရတာလဲ..."
" ဒါလား... ခေါင်းဆောင်ရွေးပွဲဆိုတာက ရည်ရွယ်ချက်နှစ်မျိုးနဲ့လုပ်တာကွ... ပထမရည်ရွယ်ချက်ကတော့ အစွမ်းကြီးတဲ့လူက ဦးဆောင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ပေါ့..
ဒုတိယရည်ရွယ်ချက်ကတော့ ရွာကလူတွေအချင်းချင်း စည်းလုံးညီညွတ်အောင် ပွဲလုပ်ပေးတဲ့ရည်ရွယ်ချက်ပေါ့..."
သူတို့စကားပြောနေစဉ် ပြိုင်ကွင်းထဲကကောင်လေးတစ်ယောက်ဟာ ရှုံးနိမ့်ပြီး ရေကန်ထဲပြုတ်ကျသွားခဲ့တယ်
အနိုင်ရသူကောင်လေးက အားပေးသူတွေကိုကြည့်ပြီး စိန်ခေါ်နေခဲ့တယ်။ ကွင်းပြင်ဘေးကလူတွေကလဲ တဟေးဟေး တဟားသားနဲ့ အားပေးကြသလို နောက်ထပ်ပြိုင်မယ့်လူကို စောင့်မျှောိနေကြတယ်
သူတို့ကြည့်နေစဉ် ကောင်မလေးတစ်ယောက်ကတက်သွားပြီး ပြိုင်ကွင်းထဲမှာမက်တပ်ရပ်လိုက်တယ် ထိုအခါ ပထမပွဲမှာနိုင်ထားတဲ့လူက ရေကန်ထဲဒိုင်ပင်ထိုးဆင်းသွားခဲ့တယ်
ဘေးပတ်ပတ်လည်ကအားပေးသူတွေလဲ တဝါးဝါးတဟားဟားနဲ့ပွဲကြကုန်သလို ပြိုင်ကွင်းထဲကကောင်မလေးကလဲ အားလုံးကိုလက်ပြနှုတ်ဆက်ကာ ပြန်ဆင်းသွားပြန်တယ်
" သူကဘယ်လိုဖြစ်လို့နိုင်သွားတာလဲမခင်ခင်စန်း..."
" အော်... ဒါလား... ဟင်း..ဟင်း..ဟင်း... အချစ်ပေါ့ကွယ်... အချစ်ပေါ့... ကောင်လေးက ကောင်မလေးကိုချစ်တော့အရှုံးပေးတာပေါ့..."
ထိုနေက ပြိုင်ပွဲ ငါးဆယ်လောက်ပြိုင်ကြပေမယ့် စွမ်းအားကြီးတဲ့ပညာသည်တွေမထွက်ပဲ အဆင့်နိမ့်စုန်းများသာ ပညာပြိုင်ကြတာဖြစ်ပါတယ်
သက္ကရာဇ်က ခန်းမထဲပြန်သွားတော့ ပန်းနုဟာ ဖျော်ရည်တစ်မျိုးကိုသောက်နေတာတွေ့ရတယ်
" အစ်မပန်းနု... ဒီရွာကခေါင်းဆောင်ရွေးပွဲကလဲ ကလေးတွေကစားနေသလိုပဲဗျာ... ကြည့်ရတာသိပ်အဆင်မပြေဘူး..."
" ငါ့မောင်က ဘာတွေမြင်လဲပြောပြစမ်းပါဦး..."
" အစ်မကလဲ ပြိုင်ပွဲထဲမှာ နှစ်ယောက်ပြိုင်တယ်ဗျာ... ကျန်တဲ့လူတွေကတဝါးဝါးတဟားဟားနဲ့ တည်တည်တန့်တန့်လဲမရှိဘူး..."
" နောက်ရက်တွေဒီ့ထက်ပိုရီရမယ်ကြည့်နေငါ့မောင်..."
* ဟင်.. ဟုတ်လား..."
နောက်ရက်တွေရောက်တော့ ပန်းနုပြောတဲ့အတိုငိးပေါ့ပျက်ပျက်ပြိုင်ပွဲများသာတွေ့ရတယ် ထူးခြားတာကတော့ သက္ကရာဇ်ကိုယ်တိုင်ပင် ပြုံးရယ်ပြီး အားပေးလာမိတာပါ
တချို့ပညာတွေဆို တော်တော်လေးအဆင့်နိမ့်တာကြောင့် ဟာသဖြစ်ပြီး တချို့ပညာတွေဆိုလျှင် အပြင်လောကမှာတောင်မသုံးတဲ့ပညာတွေဖြစ်ပါတယ် ညနေစောင်းရောက်တော့ ရေကန်ဘေးတွင် လူအပြည့်ဖြစ်လာသလို့ ကဝေတချို့ကပါ ဝင်ရောက်ယှဉ်ပြိုင်နေပြီဖြစ်တယ်
ဒါတောင်မှ ထူးဆန်းတဲ့ပညာတွေမပါပဲနဲ့ ပေါ့ပေါ့ပါးပါးပညာတွေကိုသာသုံးနေကြတယ် ညမိုးချုပ်လာတော့ သကီကရာဇ်ကပြန်ဖို့လုပ်နေစဉ် ပြိုင်ကွင်းထဲကထူးဆန်းတဲ့အရာကြောင့် ဂရုစိုက်မိသွားတယ် ဝင်လာတုန်းကတော့ ပြိုင်မယ့်လူနှစ်ယောက်ထဲပါ ဒါပေမယ့် တကယ်တမ်းယှဉ်ပြိုင်တဲ့အခါမှာတော့ လူတွေအများကြီးတိုက်ခိုက်ကြတာကိုမြင်နေရတယ် ပြိုင်ပွဲဝင်နှစ်ယောက်က ပြိုင်ကွင်းတစ်ဖက်စီမှာထိုင်ပြီး သူတို့မွေးထားတဲ့ သရဲတစ္ဆေတွေကသာ ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်
ဒီပွဲဟာအကြိတ်အနယ်ရှိလှတယ် သရဲတစ္ဆေတွေက အသေအကြေချကြပြီး ရှုံးနိမ့်သွားတဲ့သရဲတွေဟာ အခိုးအငွေ့တွေအဖြစ်ပြောင်းလဲကုန်တယ်
သက္ကရာဇ်ကကြည့်နေစဉ် နိုင်တဲ့သရဲများက ရှုံးတဲ့လူအနားကိုဝိုင်းသွားပြီး ကြောက်လန့်အောင်ခြောက်လှန့်ကြတယ် အော်ဟစ်အားပေးသူတွေကလည်း ကွင်းလုံးပြည့်ဆူညံနေအောင်အားပေးနေပြီး
ရှုံးသွားတဲ့ကဝေက ထိုင်ရာမှထကာ အော်ဟစ်အားပေးနေသူတွေကို လက်ပြနှုတ်ဆက်ပြီး ရေကန်ထဲကိုခုန်ဆင်းလိုက်ရပါတော့တယ်
" ဆက်တိုက်ရင်ရသေးတာကို ဘာလို့ဆက်မတိုက်တာလဲမသိဘူး..."
သက္ကရာဇ်ကစဉ်းစားနေစဉ် ရွာလူကြီးတစ်ယောက်က သူ့ကိုကြည့်ပြီး
" တခြားပညာတွေသုံးပြီးတိုက်ရင်ရပေမယ့် သူတို့နှစ်ယောက်က မပြိုင်ခင်ထဲကကတိထားထားတာရှိတယ်... သူတို့ပိုင်တဲ့အစောင့်တွေပဲပြိုင်ကြမယ်ဆိုပြီးပြိုင်တာဆိုတော့... အစောင့်ရှုံးတာနဲ့အရှုံးပေးလိုက်တာပေါ့လူလေးရယ်... ဒါက ဒီရွာသားတွေရဲ့ကတိပဲ... ဣဘယဂါမရွာသားမှန်ရင် ကတိမဖျက်ကြဘူးကွယ့်... တစ်ယောက်နဲ့တစ်ယောက်လဲ လေးလေးစားစားဆက်ဆံကြတယ်... ငါ့တူက အပြင်လောကမှာနေတာနဲ့ ဒီရွာမှာနေတာ ဘာကွာတယ်ထင်လဲ..."
ထိုတော့မှ သက္ကရာဇ်ဟာ အပြင်လောကနဲ့ ဒီရွာကိုနှိုင်းယှဉ်ကြည့်မိတယ် အပြင်လောကမှာဆိုရင် တစ်ယောက်နဲ့တစ်ယောက် အနိုင်ကျင့်ကြတာတွေ နောက်ကျောကိုဓါးနဲ့ထိုးတာတွေက အများသားမဟုတ်လား တစ်ယောက်နဲ့တစ်ယောက်တွေ့တာနဲ့ ပညာပြိုင်တဲ့ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဘယ်လိုယုတ်မာလှည့်စားပြီး ပြိုင်ဘက်ကိုသတ်ပစ်ရမလဲဆိုတာပဲစဉ်းစားနေကြတာပါ သက္ကရာဇ်ကဝေဖြစ်ကထဲက စိတ်အေးလက်အေးမနေရတာကြာလှပြီ ယခုပြိင်ပွဲနဲ့ဒီရွာလေးထဲကိုရောက်မှပဲ စိတ်ရောလူပါအနားရသကဲ့သို့ဖြစ်နေခဲ့တာပါ
ထိုစဉ် ပြိုင်ပွဲနိုင်တဲ့ကဝေက ကန်ပတ်ပတ်လည်ကြိကြည့်ပြီး အစောင့်ကောင်းကောင်းရှိတဲ့လူထွက်ခဲ့ဖို့စိန်ခေါ်တယ် ထိုအခါခင်ခင်စန်းက သက္ကရာဇ်အနားကပ်ပြီး
" ကြည့်ရတာအစောင့်တော်တော်ကောင်းတဲ့လူပဲနိုင်မယ်ထင်တယ် သက္ကရာဇ်ဝင်ပြိုင်ကြည့်ပါလား..."
သက္ကရာဇ်ကလဲ သူ့ရဲ့အစောင့်တွေကိုစမ်းကြည့်ချင်တာကြောင့် မက်တပါရပ်လိုက်တယ် ထိုအခါ အားပေးသူရွာသားများက ဝေးကနဲထအော်သလို ရွာလူကြီးတစ်ချို့ကလဲ ထပ်မန်ရောက်ရှိလာကြတယ် ။
ပြိုင်ကွင်းထဲကလူက သက္ကရာဇ်ကိုကြည့်ကာ ပြုံးပြီးနှုတ်ဆက်တယ်။
" ညီလေးပြိုင်ပြီလား... သက်သက်ညှာညှာတော့လုပ်ကွာနော် ..."
သက္ကရာဇိကခေါင်းငြိမ့်ပြလိုက်ပြီး သူ့ရဲ့ဆေးကြိမ်လုံးကိုထုတ်လိုက်တယ် ထိုအခါ ပတ်ပတ်လည်ကလူတွေက တဟေးဟေးနဲ့အားပေးကြတော့တာပဲ
ပြိုင်ကွင်းထဲမှာ တစ်ဖက်ကဝေရဲ့အစောင့်သရဲတွေက ကွင်းလုံးပြည့်နီးပါးဖြစ်နေခဲ့တယ် သက္ကရာဇ်ဟာ ကြိမ်လုံးကိုလက်နဲ့ပွတ်ပြီး
" ငါ့ကြိမ်လုံးထဲကအစောင့်တွေ... တစ်ကောင်လောက်ထွက်လာပြီးဆုံးမပေးစမ်းပါ ..."
ထိုအခါ အစောင့်ညီနောင်သုံးကောင်ထဲမှ အငယ်ဆုံးအကောင်ထွက်လာပြီး ရွှေရောင်တင်းပုတ်ကိုကိုင်ကာ သက္ကရာဇ်ရဲ့အရှေ့မှာရပ်နေလိုက်တယ်
ရွာသားတွေက တဟားဟားရယ်ပြီး လှောင်ကြတယ် သက္ကရာဇ်ကလဲ လက်ပြနှုတ်ဆက်လိုက်ပြီး ထိုင်လိုက်တဲ့အချိန်မှာပဲ တစ်ဖက်လူရဲ့သရဲတစ္ဆေတွေက အုံလိုက်ကျင်းလိုက်ပြေးဝင်လာခဲ့တော့တယ်
တင်းပုတ်တစ်ချက်ဝှေ့လိုက်တိုင်း ဆယ်ကောင်ဆယ့်ငါးကောင်လောက်လွင့်ထွက်သွားသလို ကွင်းလုံးပြည့်အားပေးသူတွေက ဝေးကနဲထအော်ကြတယ်
သိပ်မကြာခင်မှာပဲ တဖက်လူရဲ့အစောင့်သရဲတွေပြာဖြစ်ကုန်ပြီး ထိုလူလဲ ရေကန်ထဲခုန်ချပြေးရတော့တယ်
အားပေးသံတွေက ကွင်းလုံးပြည့်ဖြစ်နေပြီး သက္ကရာဇ်က လက်ပြနှုတ်ဆက်ကာပြန်ဆင်းဖို့လုပ်တယ်။ထိုအချိန်မှာပဲ လူတစ်ယောက်ခုန်ဝင်လာပြီးတော့
" အကိုလဲ ပညာနည်းနည်းစမ်းချင်တယ်ကွာ.. ရမလား..."
" ရပါတယ်အကို ကြိုက်တဲ့နည်းနဲ့စမ်းပါ..."
သက္ကရာဇိကခွင့်ပြုလိုက်တာနဲ့ ကဝေအတိုက်တွေစထုတ်တယ် အားပေးသူရွာသားများက အသံတိတ်သွားပြီး တီးတိုးပြောကုန်ကြတယ် သက္ကရာဇ်ဟာ တဖက်လူထုတ်လိုက်တဲ့ ကဝေစက်တွေကို လက်ပြန်ရိုက်ချလိုက်ပြီး ခြေတစ်ဖက်ကိုဆောင့်နင်းလိုက်တာနဲ့ ပြိုင်ကွင်းပြင်ဟာ ရေပြင်အဖြစ်ပြောင်းလဲပြီး ယှဉ်ပြိုင်ဘက်က ရေကန်ထဲသို့ပြုတ်ကျသွားတော့တယ်။
ဘေးပတ်ပတ်လည်က အော်ဟစ်အားပေးသံတွေဆူညံကုနိပြီးတော့ ပြုတ်ကျသူကိုလှောင်ရယ်ကြပြန်တယ် ဘာပဲပြောပြော ပြိုင်ပွဲက ပျော်ရွှင်မှု့တွေအတိနဲ့ပေါ့
အဲ့နေ့က ငါးပွဲတိတိ ယှဉ်ပြိုင်တိုက်ခိုက်ရတယ် ငါးပွဲလုံး ပြိုင်ဘက်တွေကိုအသာလေးနိုင်သွားတာကြောင့် ရွာသားတွေက သက္ကရာဇ်ကိုအားပေးချီးကျူးကြတယ်
ခန်းမထဲကိုပြန်ရောက်တော့ ပန်းနုက စာအုပ်တစ်အုပ်ကိုဖတ်နေပြီး ခင်ခင်စန်းက ပန်းနုကိုချီးကျူးတယ်
" ပန်းနုရေ နင့်မောင်ကတော့ တကယ့်ဆရာကြီးပဲ... ငါတို့တွေပါးစပ်ကိုမစေ့ရဘူး..."
" ဘာဖြစ်လို့လဲဟ..."
" ပြိုင်ကွင်းထဲမှာ သူငါးပွဲဝင်ပြိုင်တာ ငါးပွဲစလုံး အံဩစရာတွေပဲလုပ်ပြသွားတယ်... ပြိုင်ဖက်တွေဆိုတာရစရာကိုမရှိဘူး... ဘေးကနေဝိုင်းလှောင်ကြတာလေ..."
" ဟုတ်လားငါ့မောင် ငါးပွဲလုံးနိုင်ခဲ့လား..."
" အသာလေးနိုင်ခဲ့ပါတယ်အစ်မရယ်... ကြည့်ရတာမနက်ဖြန်ပြိုင်ကွင်းကပိုစိတ်ဝင်စားဖို့ကောင်းမယ်ထင်တယ်..."
သူတို့စကားပြောနေစဉ် ရွာလူကြီးတစ်ချို့ဝင်လာပြီးခင်ခင်စန်းနဲ့တီးတိုးစကားပြောကြတယ် ။စကားပြောပြီးတော့ခင်ခင်စန်းက ပန်းနုနဲ့သက္ကရာဇ်ကိုလှန်းပြောတယ်
" သက္ကရာဇ်ကို ပညာတွေထပ်ဖွင့်ပေးဖို့ငါတို့ရွာလူကြီးတွေဆုံးဖြတ်လိုက်ပြီ... ရှိသမျှရွာလူကြီးတွေအကုန်လုံး လာစောင့်ပေးမှာဆိုတော့ စိတ်မချစရာမရှိပါဘူး... အဲ့ဒါပြောပြတာ သက္ကရာဇ်ကရော ပညာတွေဖွင့်ဖို့အတွက်စိတ်ပါလား... ဒီအတိုင်းဆက်နေဦးမလား..."
သက္ကရာဇ်က ပန်းနုကိုကြည့်လိုက်တော့ ခေါင်းညှိမ့်ပြတာကြောင့် လက်ခံလိုက်တယ်။
ဆက်ရန်ရှိသေးသည်။
နေလင်းရောင်(ဒဂုံမြေ)