04/08/2023
အရှင်ဘုရား
တပည့်တော်တို့က အသက်ကြီးမှ ရဟန်းဝတ်လာသူတွေဆိုတော့ အများအတွက် အကျိုးဆောင်နိုင်ပါ့မလားဘုရား
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သာသနာမှာ ရဟန်းတွေဟာ ကိုယ့်အလုပ် ကိုယ်လုပ်နေကြဖို့ပါပဲ။
ကိုယ့်အလုပ် ကိုယ်လုပ်နေရင် မိမိအကျိုးရော သူတစ်ပါးအကျိုးပါ ပြီးစီးပါတယ်။
ကိုယ့်အလုပ်ဆိုတာ သီလ သမာဓိ ပညာတွေကို ဖြည့်ကျင့်တာပါပဲ။
သီလ သမာဓိ ပညာတွေကို ဖြည့်ကျင့်နေရင် မိမိလိုလားအပ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်လည်း ရနိုင်တယ်။
မိမိကို ကြည်ညိုပြီး လှူဒါန်းပူဇော်ကြတဲ့ ဒကာဒကာမတွေမှာလည်း ကုသိုလ်အကျိုးကြီးပါတယ်။
အကယ်၍ မိမိက သီလပျက်နေတဲ့ ရဟန်းတစ်ပါးဖြစ်နေရင် မိမိကို လှူဒါန်းတဲ့ ဒကာဒကာမတွေမှာ အကျိုးနည်းတတ်ပါတယ်။
ဒီတော့ မိမိက ဒကာဒကာမတို့ရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ရာ မရောက်တော့ဘူးပေါ့။
ဘုရားအလိုကျ အတ္တဟိတ ပရဟိတ လုပ်ချင်ရင် မိမိရဲ့ သီလ သမာဓိ ပညာကိုသာ ဖြည့်ကျင့်ကြဖို့ပါပဲ။
ဒါက သေဒကသုတ္တန်ကို အခြေခံပြီး ရှင်းပြပေးတာပါ။