10/04/2026
"တလိုင်း"ဝေါဟာရနှင့် လူမျိုးစုချင်း လေးစားမှု
မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့ နိုင်ငံမှာလူမျိုးရေးနှင့် ဘာသာရေးကိစ္စများသည် အလွန်ထိလွယ်ရှလွယ်သော (Sensitive) အခြေအနေရှိပါတယ်။ အထူးသဖြင့် လူမှုကွန်ရက်စာမျက်နှာများ အသုံးများလာသည့်အခါ မိမိတို့အမှတ်မထင် ပြောဆိုလိုက်သော စကားလုံးတစ်လုံးဟာ လူမျိုးစုအချင်းချင်းကြား ယုံကြည်မှုပျက်ပြားစေပြီး ကြီးမားသော ပဋိပက္ခမီးပွားများအထိ ဖြစ်ပွားစေနိုင်ပါတယ်။ ယနေ့အခါတွင် မသိနားမလည်မှုကြောင့်ဖြစ်စေ ရည်ရွယ်ချက်ရှိရှိ စော်ကားလို၍ဖြစ်စေ အသုံးပြုနေကြသော အခေါ်အဝေါ်အချို့က ကာယကံရှင် လူမျိုးစုများအတွက် နှလုံးနာစရာ အမုန်းစကားများ ဖြစ်နေတတ်သည်ကို သတိပြုဆင်ခြင်ကြရန် လိုအပ်လှပါတယ်။
လူမှုကွန်ရက်ပေါ်၌ ခေတ်စားလာတဲ့ အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေဟာ များသောအားဖြင့် တစ်ပတ်ခန့်အကြာတွင် အလိုလို ပျောက်ကွယ်သွားလေ့ရှိသော်လည်း၊ ထိုအတောအတွင်း အေးအေးဆေးဆေး နေလိုသူများအတွက်မူ များစွာ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ "လူအမျိုးမျိုး စိတ်အထွေထွေ" ဆိုသကဲ့သို့ ပြဿနာကို ဝိုင်းဝန်းဖြေရှင်းလိုသူထက် "ငါလည်း ပါလိုက်ရမှ" ဆိုသည့် စိတ်ဖြင့် အားပေးအားမြှောက် လုပ်သူများက ပိုများနေတတ်ပါတယ်။ ထိုသို့ အပြန်အလှန် အချေအတင် ပြောဆိုရင်း နောက်ဆုံးတွင် ဘာသာရေး၊ လူမျိုးရေး ရွံရှာမုန်းတီးမှုများနှင့် အစွန်းရောက် နာကျည်းမှုများသာ အဖတ်တင် ကျန်ရစ်ခဲ့ပါတယ်။
မကြာသေးမီက အောင်ဇမ္ဗူဇာတ်သဘင်မှ လူရွှင်တော်တစ်ဦးက "ဒါက ကရင်နေရာမဟုတ်ဘူး၊ မွန်တလိုင်းနေရာ" ဟု ပျက်လုံးထုတ်ရာတွင် ထည့်သွင်းပြောဆိုခဲ့ပါတယ်။ တလိုင်းအကနှင့် တလိုင်းတီးလုံးသည် မွန်လူမျိုးကို ပြောဆိုရည်ညွှန်းမှန်း သိကောင်းသိနိုင်သော်လည်း၊ ထိုစကားလုံး၏ နောက်ကွယ်က အဓိပ္ပာယ်မှာ ဆဲဆိုရိုင်းစိုင်းစော်ကားရာ ရောက်သည်ကို မင်းသားနှင့် လူရွှင်တော်တို့ သိပုံမပေါ်ပါ။ ဤစကားလုံး၏ သမိုင်းကြောင်းကို နားမလည်သူများအဖို့ ခံစားချက်မရှိနိုင်သော်လည်း၊ အဓိပ္ပာယ်ကို နားလည်သော မွန်လူမျိုးများအတွက်မူ အင်မတန် ဒေါသထွက်ဖွယ်ရာနှင့် နှလုံးနာဖွယ်ရာ ကောင်းလှပါတယ်။ ဥပမာအားဖြင့် အိန္ဒိယနွယ်ဖွားများကို "ကုလား" ဟု ခေါ်ဆိုလျှင် ၎င်းတို့က မနှစ်သက်ကြသကဲ့သို့ပင် ဖြစ်ပါတယ်။ စကားလုံးတစ်လုံး၏ အနက်အဓိပ္ပာယ်ကို အတိအကျ မသိနိုင်စေကာမူ ကာယကံရှင်များက မနှစ်သက်ကြောင်း သိရှိပါက မသုံးနှုန်း၊ မရေးသားခြင်းသည်သာ ယဉ်ကျေးသော လူတို့၏ ကျင့်ဝတ်ဖြစ်ပါတယ်။
"တလိုင်း" ဟူသော ဝေါဟာရကို ယနေ့ခေတ်မှာ "အစားတလိုင်း"၊ "အသွားတလိုင်း" စသည့် စကားများအပြင် "ပဲခူးတလိုင်းမယ်တော်"၊ "တလိုင်းနတ်" စသည်ဖြင့် ကြားဖူးနားဝ ရှိကြပါတယ်။ သို့သော် ဤစကားလုံးအပေါ် မွန်နှင့် ဗမာတို့ အဓိပ္ပာယ်ဖွင့်ဆိုပုံ မတူကြပါ။ ဗမာတို့အယူအဆတွင် "တလိုင်း" ဟူသော အခေါ်အဝေါ်က အိန္ဒိယနိုင်ငံတောင်ပိုင်း "တေလင်္ဂဏ"ဒေသမှ ဆင်းသက်လာသည်ဟု ယူဆကြပါတယ်။ အိန္ဒိယလူမျိုးများက မြန်မာနိုင်ငံအောက်ပိုင်း ရာမညဒေသသို့ ကူးသန်းရောင်းဝယ်ရေးနှင့် သာသနာပြုရန် ရောက်ရှိလာခြင်းကို အစွဲပြု၍ မွန်လူမျိုးများကို "တလိုင်း" ဟု ခေါ်ဝေါ်လာခြင်းဖြစ်သည်ဟု ဆိုကြပါတယ်။
မွန်လူမျိုးများကို မည်သည့်အချိန်က စတင်၍ "တလိုင်း" ဟု ခေါ်ဆိုခဲ့သည်ကို အတိအကျ မပြောနိုင်သော်လည်း၊ ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာတွင် "တလိုင်" ဟု ရေးထိုးထားသည်ကို အခြေခံ၍ ပုဂံခေတ်ကတည်းက စတင်ခေါ်ဝေါ်နေပြီဟု အချို့က ယူဆကြပါတယ်။ သို့သော် မွန်တို့၏ ရှေးဟောင်းကျောက်စာများနှင့် မှတ်တမ်းများတွင်မူ မိမိတို့ကိုယ်မိမိ "ရ္မေည်"၊ "ရၟန်"၊ "မောန်/မန်" (ရာမည၊ ရာမန်၊ မွန်) ဟုသာ သုံးနှုန်းခဲ့ကြပါတယ်။ ဤသည်မှာ ပုဂံခေတ်မှ ယနေ့ခေတ်အထိ မွန်လူမျိုးများ မိမိကိုယ်မိမိ ခေါ်ဆိုသော အမည်နာမများ ဖြစ်ပါတယ်။
ဗမာတို့က မွန်လူမျိုးများကို ကုန်းဘောင်ခေတ်နှင့် အင်္ဂလိပ်ခေတ်အထိ "တလိုင်း" ဟု သုံးနှုန်းခဲ့ကြသော်လည်း၊ နောက်ပိုင်းတွင် မွန်လူမျိုးများ၏ ဆန္ဒနှင့် သမိုင်းအချက်အလက် မှန်ကန်စေရေးအတွက် အင်္ဂလိပ်ခေတ်တွင် ဥပဒေဖြင့် "မွန်" ဟုသာ တရားဝင် ပြောင်းလဲခေါ်ဆို သတ်မှတ်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း သမိုင်းစာအုပ်များနှင့် သတင်းစာများ၌ ဤဝေါဟာရ ပါရှိလာပါက မွန်ခေါင်းဆောင်များက ဆိုင်ရာဝန်ကြီးဌာနများဆီ စာရေးသားပေးပို့ ကန့်ကွက်လေ့ရှိသဖြင့် အစိုးရအဆက်ဆက်က ပိတ်ပင်ထားခဲ့သော စကားလုံး ဖြစ်ပါတယ်။ ယနေ့ခေတ်တွင်မူ သမိုင်းနှင့် ရှေးဟောင်းစာပေ လေ့လာသူများမှလွဲ၍ မျိုးဆက်သစ် လူငယ်အများစုက "တလိုင်း" ဆိုသည်မှာ မွန်ကို ရည်ညွှန်းမှန်းပင် မသိကြတော့ပါ။
ဒီစကားလုံးက ၂၀၁၅ ခုနှစ်ဝန်းကျင် Facebook လူမှုကွန်ရက် ခေတ်စားလာချိန်မှာ ပြန်လည်အသက်ဝင်လာခဲ့သည်ဟု ယူဆရပါတယ်။ မွန်မြန်မာ သမိုင်းဆရာများနှင့် သမိုင်းလေ့လာလိုက်စားသူများ၏ အမြင်မတူမှုမှစ၍ အပြန်အလှန် ဆဲဆိုတိုက်ခိုက်ရာတွင် "တလိုင်း" ဟူသော စကားလုံးကို ပြန်လည်သုံးနှုန်းလာကြခြင်း ဖြစ်ပါတယ်။ ဗမာဘက်က "တလိုင်း" ဟု ခေါ်ဆိုလျှင် မွန်ဘက်ကလည်း "အရည်ကြီး"၊ "အဘမှား" စသည့် စကားလုံးများဖြင့် တုံ့ပြန်ကြပါတယ်။ ထိုသို့ အဆုံးမသတ်နိုင်သော သမိုင်းအငြင်းအခုံများသည် ပါဝင်ပတ်သက်သူများအတွက် အချိန်ကုန်၊ စိတ်ပင်ပန်းပြီး ဒေါသများ ကိန်းအောင်းရုံမှလွဲ၍ အကျိုးအမြတ် တစ်စုံတစ်ရာ မရှိလှပါ။ စိတ်ချမ်းသာချင်လျှင် မည်သည့်အခါမျှ မကုန်ဆုံးနိုင်သော လူမျိုးရေး၊ ဘာသာရေး အငြင်းအခုံများမှ ဝေးဝေးရှောင်ကြပါ။
နိဂုံးချုပ်ရလျှင် လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြား ဆက်ဆံရေး တည်ဆောက်ရာတွင် သမိုင်းကြောင်းဆိုင်ရာ အယူအဆကွဲလွဲမှုများထက် လက်ရှိမျက်မှောက်ကာလတွင် တစ်ဦး၏ဂုဏ်သိက္ခာကို တစ်ဦးက မည်မျှတန်ဖိုးထားသလဲဆိုသည်မှာ ပို၍ အရေးကြီးပါတယ်။ "တလိုင်း" ဟူသော စကားလုံးသည် သုံးစွဲသူအဖို့ သမိုင်းကြောင်းအရ ခေါ်ဝေါ်ခြင်းဖြစ်သည်ဟု ဆင်ခြေပေးနိုင်သော်လည်း၊ အခေါ်ခံရသူ မွန်လူမျိုးများအတွက် နာကျင်စရာ စော်ကားမှုဖြစ်နေလျှင် ထိုစကားလုံးကို ရှောင်ကြဉ်ခြင်းသည်သာ ယဉ်ကျေးသော လူ့အဖွဲ့အစည်း၏ ကျင့်ဝတ်ဖြစ်ပါတယ်။
အမုန်းတရားဖြင့် တည်ဆောက်သော သမိုင်းအငြင်းအခုံများသည် မည်သူ့အတွက်မျှ အကျိုးမရှိဘဲ သွေးခွဲမှုကိုသာ ဖြစ်စေသောကြောင့်၊ နောင်လာနောက်သား လူငယ်များအနေဖြင့်လည်း လူမှုကွန်ရက်ပေါ်က အနှစ်မဲ့သော တိုက်ခိုက်မှုများကို ရှောင်လွှဲ၍ အပြန်အလှန် အသိအမှတ်ပြု လေးစားခြင်းဖြင့်သာ ငြိမ်းချမ်းသော လူမှုပတ်ဝန်းကျင်ကို တည်ဆောက်သင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။