05/01/2026
သင်တို့မသိသေးတဲ့ အာလောကအကြောင်း
Walk for Peace (W4P) အဖွဲ့ရဲ့ လူသိအများဆုံး၊ အကြော်ကြားဆုံး၊ အချစ်ခင်ခံရဆုံး အဖွဲ့ဝင်ကတော့ အားလုံးသိကြတဲ့အတိုင်း အမေရိကန်နိုင်ငံသား ငြိမ်းချမ်းရေးခွေးလေး အာလောကပဲဖြစ်ပါတယ်။ သူက အိန္ဒိယမှာမွေးတဲ့ လမ်းဘေးခွေးလေးပါ။ ခုတော့ သူက အမေရိကန်နိုင်ငံသားဖြစ်နေပါပြီ။ အသက်ကတော့ ၄နှစ်ကျော်ကျော်ရှိပြီလို့ ဆိုပါတယ်။
အာလောကလေးက ခုလောလောဆယ် အမေရိကန်မှာသာမက ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး၊ လူချစ်လူခင်အများဆုံး ခွေးလေးတစ်ကောင်ပါ။ သူ အိန္ဒိယကနေ အမေရိကန်ကို ရောက်လာခဲ့ရပုံက အတော်ကြီး စိတ်ဝင်စားစရာကောင်းပါတယ်။ ၂၀၂၂ ခုနှစ်မှာ W4Pအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးပညာကာရက သူ့အဖွဲ့နဲ့ အိန္ဒိယနိုင်ငံမှာ ရက်ပေါင်း ၁၁၂ ရက် ငြိမ်းချမ်းရေးလမ်းလျှောက်ပါတယ်။
အာလောကရယ်လို့ဖြစ်လာမည့် သခင်မရှိ၊ ကိုယ်ပိုင်နေရာမရှိ၊ စားစရာမရှိ၊ နေစရာမရှိ၊ အိပ်စရာမရှိတဲ့ လမ်းဘေးခွေးလေးက W4Pအဖွဲ့ ကိုလ်ကတ္တားမြို့မှာ ရောက်နေတဲ့အချိန် W4Pအဖွဲ့နောက် တကောက်ကောက်လိုက်ဖို့ ပြင်ဆင်ပါတယ်။ W4Pအဖွဲ့ကလည်း သူ့ကို အစာကျွေး၊ ရေတိုက်ပြီး ပြန်လွှတ်ပေမဲ့ ပြန်ခိုင်းလို့မရဘဲ လမ်းလျှောက်တဲ့နောက် တကောက်ကောက်ပါအောင် လိုက်လာပါတယ်။ ဒီလိုနဲ့ သံယောဇဉ်ဖြစ်ပြီး လမ်းလျှောက်အဖွဲ့က ပြီးဆုံးတဲ့အထိ သူတို့နဲ့ ခေါ်သွားပါတယ်။ နာမည်ကိုလည်း အာလောက လို့ ပေးလိုက်ပါတယ်။
လမ်းလျှောက်တဲ့ရက် ၁၁၂ ရက်ပြည့်တဲ့အခါ W4P အဖွဲ့ ခေါင်းဆောင်တစ်ပါးဖြစ်တဲ့ ဗီယက်နမ် ထေရဝါဒဆရာတော် ဦးပညာကာရ က ချစ်ခြင်းမေတ္တာကြီးမားစွာနဲ့ အမေရိကန်ကို ခေါ်လာဖို့ လုပ်ပါတယ်။ အမေရိကန်ကိုခေါ်လာဖို့အတွက် သယ်ယူခ၊ ဆေးစစ်ခ၊ အခြားစာရွက်စာတမ်းခတွေနဲ့ဆို အမေရိကန်ဒေါ်လာ ၁၅,၀၀၀ ဝန်းကျင် ကုန်ကျပါတယ်။ ဒီလို အကုန်အကျခံပြီးတော့ ဦးပညာကာရ က အာလောကလေးကို သူသီတင်းသုံးတဲ့ တက္ကဆက်ပြည်နယ်၊ Fort Worthမြို့က Huong Doa (ဟွန်ဒေါင်) ထေရဝါဒဘုန်းတော်ကြီးကျောင်းကို ခေါ်လာပါတယ်။
(W4P အဖွဲ့ အိန္ဒိယမှာ ၁၁၂ ရက် ငြိမ်းချမ်းရေးလမ်းလျှောက်ရင်း အာလောက လိုပဲ နောက်တစ် ခွေးလေးတစ်ကောင်းလည်း လိုက်လာပါသေးတယ်တဲ့။ အဲ့ဒီတစ်ကောင်ကိုတော့ ထိုင်းဆရာတော်တစ်ပါးက ထိုင်းကိုခေါ်သွားပြီး အာလောကကိုတော့ ဦးပညာကာရ က အမေရိကန်ကို ခေါ်လာပါသတဲ့)
အာလောကလေးက လမ်းဘေးခွေးလေးဖြစ်ပေမဲ့ အတော်လိမ္မာတဲ့၊ ဣန္ဒြေရှိတဲ့၊ စာရိတ္တကောင်းတဲ့ ခွေးလေးပဲဖြစ်ပါတယ်။ မိမိတို့ ဟွန်ဒေါင်ကျောင်းကို ရောက်တဲ့အခါတိုင်းလည်း ခင်ခင်မင်မင် နှုတ်ဆက်လေ့ရှိပါတယ်။
အာလောကရဲ့ ငြိမ်းချမ်းရေးအတွေ့အကြုံတွေကြောင့် W4Pအဖွဲ့ဟာ အမေရိကန်နိုင်ငံမှာလည်း ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဖို့ စီစဉ်တဲ့အခါ အာလောကလေးကိုလည်း အဖွဲ့ဝင်အဖြစ်နဲ့ ခေါ်သွားဖို့ လုပ်ပါတယ်။ ဒီတစ်ခါ ငြိမ်းချမ်းရေးခရီးစဉ်က မိုင်ပေါင်း ၂၃၀၀ ရှည်လျှားတဲ့ Fort Worthမြို့ကနေ ဝါရှင်တန်ဒီစီအထိ ပြည်နယ်ပေါင်းများစွာကို ဖြတ်ကျော်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အာလောကလေး မငြီးမငြူ တက်ကြွစွာ ပါဝင်ပါတယ်။
သူ့ရဲ့ပါဝင်မှုဟာ W4Pအဖွဲ့အတွက် ခွန်အားဖြစ်စေပါတယ်။ မျက်နှာပွင့်စေပါတယ်။ အာလောကလေးက ဖော်ဖော်ရွေရွေရှိတာကတစ်ကြောင်း၊ သူ့ရဲ့ နဖူးပေါ်မှာ အသဲပုံအဖြူရောင်အကွက်လေးပါနေတာတစ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် အားတက်သရော ပါဝင်ပေးနေတာတစ်ကြောင်းကြောင့် ခွေးချစ်တတ်တဲ့ အမေရိကန်တွေဟာ အာလောကလေးကို ပုံအောပြီး ချစ်ခင်ပေးကြပါတယ်။ အာလောကလေးနဲ့ တွေ့ချင်လို့ လာရောက်တွေ့ဆုံ၊ ကြည့်ရှုတဲ့ လူအုပ်ကြီးဆိုတာ တစ်မြို့ပြီးတစ်မြို့ နည်းတာမဟုတ်ဘူး။
အာလောကလေးအတွက် အစားအသောက်၊ အဝတ်အစားတွေပေးတဲ့သူ တအားများလွန်းလို့ လက်မခံရတော့တဲ့အထိကို ဖြစ်ရပါတယ်။ အာလောကလေးကို တေးရေးဆရာတွေ၊ အဆိုတော်တွေကလည်း သီချင်းတွေနဲ့ ဂုဏ်ပြုကြပါတယ်။ အာလောကလေးမှာ ကိုယ်ပိုင်သီချင်း ၁။ "Aloka — The Heart That Walks for Peace" ဆိုတဲ့သီချင်း ၂။ Where Aloka walks ဆိုတဲ့ သီချင်း ၃။ Aloka’s Road ၄။ Aloka carries love စတဲ့ သီချင်းတွေ ရှိပါတယ်။ သူ့ကို ဂုဏ်ပြုရေးသားထားတာပါ။ Aloka the Peace Dog နာမည်နဲ့ ဖွင့်ပေးထားတဲ့ Fb စာမျက်နှာလည်း ရှိပါသေးတယ်။ ခုဆိုရင် အာလောကလေးဟာ လူသားတွေအတွက်၊ ကမ္ဘာသူကမ္ဘာသားတွေအတွက် ငြိမ်းချမ်းရေးအထောက်အကူပြုဖို့ အမေရိကန်လမ်းမတွေမှာ လမ်းလျှောက်ပေးရင်း ကမ္ဘာကျော်တဲ့ ခွေးလေးဖြစ်နေပါပြီ။
အာလောကလေး နှင့် W4Pအဖွဲ့သားများ ကျန်းမာဘေးကင်းကြပါစေ။
Aloka the Peace Dog Fb:
https://www.facebook.com/share/1A9N55Y7yR/?mibextid=wwXIfr
Walk for Peace Fb:
https://www.facebook.com/share/182Wn4gpnf/?mibextid=wwXIfr
SSS