02/04/2026
ဒွါဒသိမ်ကျမ်း
ကျမ်းရင်း လင်္ကာနံပါတ် ၅၆
ညှာပရစ်ကော့၊ သစ်သစ်သော့မို့၊ ကြော့မန္ဒာဝီ၊ သရဖီနှင့်၊ သိင်္ဂနီမှန်၊ စိန်ခြူးရံသို့၊
တိမ်နားပန်သွင်၊ ကြာရိပ်လွင်မှာ၊ ခါသဘင်ဦး၊ သပြေမြူးသည်၊ ကိုက်ဖူးဝေဝေ၊
ဝတ်ဆံချွေသို့၊ မြင့်ရှေကြာအောင်၊ သမားဘောင်တွင်၊ ဂုဏ်ရောင်စိုက်ထူ၊
တံခွန်လူ၍၊ ဓာတ် မူလရင်း၊ ပြပေလျှဉ်းအံ့၊ နဝင်းလည်းခေါ်၊ ဓာတ်လေးဘော်တွင်၊ ဒန်နော်ကြေးခဲ၊ အာပေါကဲဟူ၊ စွဲအပူရစ်၊ နာစစ်စစ်မှာ၊ ဓာတ်အရာတွင်၊ သီတာတေဇော၊ အပုပ်နှောလိမ့်၊ ဘင်သဘောမူ၊ ဥဏှာမီးဓာတ်၊ မြေနှင့်စပ်က၊ ပုပ်ဓာတ် မည်သာ၊ ဂျွတ်ဆိုရာ၌၊ သေလာအပုပ်၊ အာပေါ ချုပ်လိမ့်၊ ရုပ်ရူပကာ၊ သွတ်တို့မှာလည်း၊ ပါစကဓာတ်၊ ဝါယောကပ်လို့၊အပုပ်ဓာတ်ဆို၊ ဆေးဒန်းကိုပေ၊ မုန်တိုင်း လေနှင့်၊ သေလာ ကျောက်ဓာတ်၊ ဆိုဆုံးဖြတ်သား၊ လက်ချားကန့်ယမ်း၊ မုန်တိုင်းကြမ်းဟု၊ မြေဓာတ်ပြုသည်၊ စိန်နုစိန်ကြမ်း၊ ပုပ်ပျက်တမ်းမှ၊
စွဲလမ်းရေနောက်၊ လေညှင်းရောက်၏၊ လျှံတောက် လက်ချား၊ တေဇောဆားဟု၊ တည်ငြားအကြေ၊ ပြဒါးပေမူ၊ စွဲလေ ဍဟ၊ အာပေါရလို့၊ အာကာသရှင်၊ ဟင်းရိုင်းပင်မူ၊ မုန်တိုင်းယူတော့၊ ဘင်မူ ရေနောက်၊ တေဇော ရောက်၏၊ ကျောက် ဒုဋ္ဌာပင်၊ သည်းခြေဝင်၍၊ ရှင် အာပေါကြီး၊ မြေဓာတ် မှီးလိမ့်၊ တသီး အမှာ၊ ဇဝက်သာနှင့်၊ ဆပ်ပြာသိန္ဓော၊ ငန်သောရသာ၊ အာပေါ လာ၍၊
မာသည့်ကျောက်ဓာတ်၊ ဆိုဆုံးဖြတ်လေ၊ ကျောက်ချဉ် ပေမူ၊ မြေဓာတ်ဟူ၍၊
လှောက်ကူတေဇော၊ မြိုင်တော ပျော်စံ၊ ရေသယံကို၊ အာပေါဆိုလော့၊ မပြို ကျောက်ဓာတ်၊ ပုပ်ကင်း ချပ်လို့ ၊ ဆုံးဖြတ်တွေးတော၊ ဓာတ်သဘောကို၊ မနောကျကျ၊ ဒွန်တွဲကလျှင်၊ မုချဘယ်ဓာတ်၊ ဘားကိုသတ်အံ့၊ လုပ်ရတ်ကိုစမ်း၊ သုနာခန်းကို၊ မလှမ်းနှင့်အုံး၊ ဝိညာဉ်ဆုံးလိမ့်၊ စိန်လုံး ရွဲညှာ၊ မြင်းတို့မှာလဲ၊ ဝေလာ အဿ၊ ဇာနေယျဟု၊ သိန္ဓဝမှန်၊ တိမ်မိုးပျံသည်၊ လူသာမည၊ မတန် ကြဘူး၊ ရာဇ ဘုရင်၊ ပြည့်သခင်၌၊ ခြေတင်စီးထိုက်၊ ပမာဆိုက်၏၊ လူမိုက်နှင့်သာ၊ မတန်ပါတည့်၊ ကျမ်းဒွါဒသိမ်၊ ဉာဏ်ကဝိန်မှာ၊ စည်းစိမ် လိုရာ၊ ပဒေသာဟု၊ ရတနာမရှား၊ ကြံနိုင်ငြားက၊ သမားခေါ်ခံ၊ လူတိုင်းဉာဏ်နှင့်၊ မတန်ဘူးဝေး၊ ပညာမှေးက၊ ဘေးဥပဒ်လာ၊ ဤကျမ်းစာသည်၊ ရတနာမြသွင်၊ တန်းဆာဆင်သို့၊ သွန်သင် မှာကြား၊ ခင်ပျော်ထားသည်၊ဉာဏ်သွားဝရဇိန် နတ်စက်တည်း။