The_dahlia

The_dahlia Little girl's little space

MonologueSpeaker 1: ဟိုတစ်နေ့ကလေ Sally Rooney ရဲ့ Normal People ကြည့်တယ်။ အဲ့ထဲမှာ မင်းသမီးပေါ့၊ “Marianne” က အိပ်ရာပေါ်...
23/03/2025

Monologue

Speaker 1: ဟိုတစ်နေ့ကလေ Sally Rooney ရဲ့ Normal People ကြည့်တယ်။ အဲ့ထဲမှာ မင်းသမီးပေါ့၊ “Marianne” က အိပ်ရာပေါ်မှာ မင်းသား၊ “Connell” ကို “will you hit me” ဆိုတဲ့ bed scene တစ်ခုပါတယ်။ အဲ့နားလေးက အရှိုက်ပဲ သိလား။ ငါ ချက်ချင်းဆက်မကြည့်နိုင်ဘဲ ၅ မိနစ်လောက် pause လုပ်ထားပြီး ရေသောက်၊ လမ်းထလျှောက်ပြီးမှ ဆက်ကြည့်နိုင်တယ်။

Speaker 1: “you could do anything you wanted to me” ဆိုတဲ့စကားကို အိပ်ရာပေါ်မှာ မျက်လုံးအသေတွေနဲ့ ပြောတာ။ မျက်လုံးအသေလို့ ပြောလို့ရသလို တအားနာကျင်ဝမ်းနည်းနေတဲ့မျက်လုံးတွေနဲ့ပြောတာ။ မင်းသမီးက abusive household မှာ ကြီးပြင်းလာတာ။ သူ့ထဲက အချစ်ခံရဖို့ ဘာမဆိုလုပ်ပေးမယ်ဆိုတဲ့ inner child လေးရဲ့ နာကျင်မှုကို အထင်းသားမြင်နေရတယ်။ အဲ့မှာ ငါငိုတာပဲ။ Marianne ရဲ့ သူ့နာကျင်မှုအပေါ်၊ သူ့မလုံခြုံမှုတွေအပေါ် ရိုးသားမှုက ငါ့ကို မှန်ထောင်ပြလိုက်သလိုပဲ။ သူ့ကို ကြည့်တိုင်း “ငါက အချစ်မခံထိုက်ဘူး” “တန်ဖိုးမရှိဘူး”လို့ပဲ ခံစားရတဲ့ ငါ့ low self-worth ငါ ပြန်မြင်နေရသလို ခံစားရတယ်။

Speaker 2: အဲ့တော့ရော Connell က အဲ့နားမှာ ဘာလုပ်လိုက်လဲ။

Speaker 1: ဘာမှမလုပ်ဘူး၊ “I can’t do this to you” ဆိုပြီး ပြောလိုက်တယ်ထင်တယ်၊ Marianne ရဲ့ အတွင်းကမ္ဘာကို Connell မြင်သွားတယ်ထင်တာပဲ၊ Connell ရှေ့က တခြားလူတွေနဲ့မှာလည်း Marianne က သူ့ကိုယ်သူ ထိုးပေးခဲ့တာပဲ၊ ဒါပေမဲ့ ဘယ်သူ့မှ သူ့ကိုသူရယ်လို့ မမြင်ခဲ့ကြဘူး၊ ရသလောက် အရည်ညှစ်ထုတ်ပြီး အသုံးချခဲ့ကြ၊ အခွင့်အရေးယူခဲ့ကြတာပဲ၊ Connell ကျမှ ဘာလို့မြင်တတ်ရလဲဆိုတာက သူတို့ ကြားက ဆက်နွယ်မှု connection ကို ပိုလှသွားစေတယ်လို့ ငါထင်တယ်။

Speaker 1: ဪ ပြီးတော့ ငါ အရက်မသောက်တော့ဘူးလို့ စဉ်းစားထားတယ်၊ ငါ သူ့ကို ကတိပေးထားလို့၊ play boy တွေနဲ့ မ date ပါနဲ့တော့လို့ သူ တားဖူးတာရှိတယ်၊ ငါ့အတွက်မကောင်းတဲ့အရာတစ်ခုခုကို လုပ်တော့မယ်ဆိုရင် အဲ့စကားက နားထဲမှာ ပြန်ပြန်ကြားယောင်လာတယ်၊ ဪ ငါသူ့ကို ကတိပေးထားတာပဲ ဆိုပြီး၊ အဲ့လို အသိတရားဝင်လာတာနဲ့ အဲ့အရာကို ငါဆက်မလုပ်ဖြစ်တော့ဘူး၊ လိမ္မာနေတယ်ပဲ ဆိုပါတော့။ bad boy addiction က အဲ့မှာပြတ်တာပဲ။

Speaker 1: နောက်ပြီးတော့ ရှိသေးတယ်၊ ငါ အချိန်အတော်ကြာတဲ့အထိ တစ်ယောက်ထဲပဲ ဖြစ်နေဦးမယ်ထင်တယ်၊ သူကလေ သူတို့ batch ရဲ့ Summa Cum Laude၊ first date မှာ ငါ့ကို စာအုပ်ဖတ်ပြီး စောင့်တာ၊ ဖတ်တဲ့စာအုပ်ကလည်း Dostoevsky ရဲ့ Notes from Underground၊

Speaker 1: အဲ့လောက် စာတော်တဲ့ဘဲက ငါ့ရှေ့မှာ ဒူးထောက်ပြီး ငါ့ဖိနပ်ကြိုးကို ချည်ပေးတာလေ၊ တစ်ခါလည်းမဟုတ်၊ နှစ်ခါတောင်၊ လူတွေရှေ့မှာ၊ ပထမဆုံးအကြိမ် ငါတို့ ကတောက်ကဆဖြစ်ကြတော့ ငါ့ thinking process က auto ငါအအော်ခံရပြီလို့ပဲ ထင်တာ၊ သူက အော်တတ်တဲ့လူမျိုးမဟုတ်ဘူးဟ၊ ငါ့ကိုစိတ်တိုနေရက်သားနဲ့ ငါ့ဖိနပ်ကြိုးပြေသွားတော့ ငုံ့ပြီး ဖိနပ်ကြိုးချည်ပေးတာဟယ်၊ အဲ့ဒါကြီးကို ရသွားပြီးကတည်းက နောက်ပိုင်းတခြားဘဲတွေ ငါ့ကို ဂဂျိုးဂဂျောင်လာလုပ်ရင် နင်တို့က ဘာမလို့လဲ ဆိုတာတွေ ဖြစ်လာရော။

Speaker 1 ရယ်လျက်

Speaker 1 : သူ့စံနှုန်းကို ဘယ်သူ့မှ မကျော်နိုင်နေဘူး၊
ငါတို့၂ယောက်က တစ်ယောက် dating standard ကို တစ်ယောက် မမျှော်လင့်ဘဲ မြှင့်ပေးခဲ့မိတယ်ထင်တယ် လို့ ငါတို့မကြာခဏ ရယ်စရာပြောဖူးကြသေးတယ်၊ Connell နဲ့ Marianne ပြောသလို “we have done so much good for one another” ပေါ့။

Speaker 1 : သူခရီးသွားရမယ့်မနက်မှ ငါ့ကြောင့်
နောက်ကျနေတာ၊ တခြားလူတွေနဲ့ဆို ငါက အမြဲအပြစ်အပြောခံနေကျလေ၊ သူက မျက်မှောင်တစ်ချက်တောင် မကျုံ့ဘဲ ငါ့ကို စောင့်တာ၊ ယောကျာ်းလေးတွေ အဲ့လောက်နူးညံ့တတ်မှန်း၊ စိတ်ရှည်တတ်မှန်းငါမသိခဲ့ဘူး။ သူနဲ့မှ လက်တွဲဖော်ဆီက တန်ဖိုးထားခံရတယ်ဆိုတာ၊ လေးစားမှုနဲ့ ဆက်ဆံခံရတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ပထမဆုံးအကြိမ်ခံစားဖူးတာပဲ၊ အဲ့တော့မှ အရင်ကရဖူးတဲ့ အရာတွေက ဘာမှမဟုတ်ပါလားဆိုပြီး သိလာတာ၊ နွေးထွေးပြီး စိတ်လုံခြုံတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို သိလာတဲ့အချိန်မှာ ဘယ်ဟာကတော့
ငါ့အတွက် အဆိပ်အတောက်ဖြစ်စေတယ်ဆိုတာကို ချိန်ထိုးတတ်လာတယ်။ သူ့ကိုမြင်တိုင်း ဪ သူ့အမေက သားလေးကို ကောင်းကောင်းပျိုးထောင်ခဲ့တာပဲလို့ နေရင်းထိုင်ရင်းငါ့မှာ ဂုဏ်တွေယူနေသေးတယ်။

Speaker 2 : ဟဲ့ နေပါဦး၊ အဲ့ဒါဆို အဲ့လောက် chemistry လည်းမိ၊ နင့်အပေါ်လည်း ကောင်းတယ်ဆို အဲ့ဘဲ ဘယ်ရောက်သွားလဲ။

Speaker 1 : A good question. ငါတို့ ပြတ်သွားတယ်ရော်။

Speaker 2 ငြိမ်သက်

Speaker 1 : (ရယ်) လက်တွေ့ဘဝက တကယ်ရက်စက်တယ် သူငယ်ချင်း။ ရွှေမင်းသမီးလေးဇာတ်တောင် မသိမ်းနိုင်ဘူး။

Speaker 1 : ဒီတစ်ခါမှာ သူက သူ့အတွက်သူ ရွေးချယ်သွားတယ်။ PhD ဆက်တက်ရင် သူ ldrs မလုပ်နိုင်လောက်ဘူးတဲ့။ အဲ့ဒါလည်း ငါ့အတွက် အရှိုက်ပဲသိလား။ နောက်ထပ် အထိနာစေတဲ့ breaking point ။ ငါက ဦးစားပေးရွေးချယ်ခံရဖို့ မထိုက်တန်နေဘူးလား ဆိုတဲ့ဆီပဲ အဝိုင်းတွေဆက်လည်တာ။ “ငါက ဦးစားပေးခံရဖို့ မထိုက်တန်ဘူး” ဆိုတဲ့ ငါ့ရဲ့ ယိုင်နဲ့နေတဲ့ အတွင်းကမ္ဘာရဲ့ ရောင်ပြန်တွေဟပ်တာဆိုတာ ကြောက်စရာပဲ။

Speaker 1 : သူသွားခါနီး လမ်းခွဲစကားကြားတဲ့အချိန်မှာ ငါဘာလုပ်ခဲ့လဲသိလား။

Speaker 2 : ကျေးဇူးပြုပြီး ပြဿနာရှာခဲ့တယ်လို့ ပြောပေးပါ။

Speaker 1 : အေး… အဲ့ဒါလည်း တစ်ပိုင်းပေါ့။ ဒါပေမဲ့ တခြားလူတွေနဲ့တုန်းကလိုပဲ ထားသွားမခံရဖို့ ငါဘာမဆို လုပ်ပါ့မယ်ဆိုပြီးလည်း တောင်းပန်ခဲ့သေးတယ်။

Speaker 2 : ဟယ်။

Speaker 1 : ထုံးစံအတိုင်း ငါ့ကိုယ်ငါ ထိုးပေးခဲ့တာပေါ့။ ဒါပေမဲ့ သူဘာလုပ်လဲ သိလား။ ဘာမှမလုပ်ခဲ့ဘူး။
အခွင့်အရေးယူသလို ဖြစ်သွားမှာစိုးလို့ဆိုပြီးကို ဘာမှမလုပ်ခဲ့တာတဲ့။ ထားခဲ့ခံရလို့ နာနေတဲ့ကြားထဲက လူတိုင်းက အခွင့်အရေးပေးတိုင်း အခွင့်အရေးမယူကြဘူးပဲ ဆိုတဲ့ အသိမှာ ပိုနာကျင်ရတယ်။ ငါ့ဘဝတစ်လျှောက်လုံး ငါ့ကို အနိုင်ကျင့်၊ တန်ဖိုးမထားတဲ့လူတွေနဲ့ပဲ တွေ့ခဲ့တာ။ ငါ့အတွက်ငါ ဘယ်လိုရပ်တည်ပေးရကောင်းမှန်းလည်း မသိခဲ့ဘူး။ ကိုယ်ကျင့်တရားအရရော၊ သူနဲ့သူကြား စိတ်လုံခြုံနေတဲ့၊ လုံလောက်နေတဲ့ သူ့ကို မြင်ရတဲ့
အချိန်မှာ ငါ့ထဲက healthy မဖြစ်တဲ့ pattern တွေကို မှန်ထောင်ပြလိုက်သလိုပဲ။ ငါ့ကိုချစ်တယ်၊ သူ့ကိုသူတော့ ပိုချစ်တယ် ဆိုတာလေးကို ငါသင်ယူလိုက်ရတာ။ သူက တည်ငြိမ်လေလေ၊ ငါက လှုပ်ခတ်လေလေ။ သူ့ကိုသူ ဦးစားပေးနေရာမှာ ထားတတ်တဲ့သူကို မြင်ရတဲ့အချိန်မှာ ငါ့ကိုငါ မရွေးချယ်နိုင်တဲ့နေတဲ့ငါက ငါ့ကိုယ်ငါ သိမ်ငယ်လာတယ်။ ပြီးတော့ အဲ့နားမှာတင် အဲ့လိုလူနဲ့ ငါမထိုက်တန်နေဘူးလို့ပါ ခံစားရတယ်။

Speaker 1 : အဲ့နားလေးကလေ ငါ့ကို လှုပ်နှိုးလိုက်သလိုပဲ။ အတွင်းထဲက မလုံနေတဲ့ ငါ့ခြံစည်းရိုးတွေကို အလုပ်လုပ်ဖို့ အချက်ပေးခေါင်းလောင်းသံလေးတွေ မြည်လာတာ။

Speaker 2 : နင့်ကိုယ်နင် ပိုချစ်တတ်လာတယ်ပေါ့။

Speaker 1 : အဲ့လိုပြောဖို့ စောသေးပေမဲ့ ကြိုးစားနေတုန်းပါပဲပေါ့။

Speaker 2 : သူနဲ့ရော အဆက်အသွယ်ရှိသေးလား။

Speaker 1 : ဘလိုင်းကြီး ထားခဲ့ခံရတဲ့နေရာမှာ စိတ်ဆိုးတုန်းပဲမလို့၊ ငါအဆက်အသွယ်တွေ အကုန်ဖြတ်ပစ်လိုက်တာ။ မတရားဘူးလို့ ခံစားရတဲ့နားမှာ ငါစိတ်ဆိုးတတ်လာပြီသိလား။ ဒါပေမဲ့ ခုနပြောခဲ့သလို “we have done so much good for one another” ပါ။ ငါတို့ တစ်ယောက်အပေါ်တစ်ယောက် အကောင်းဆုံး လုပ်ပေးခဲ့ပြီးပြီ။ Marianne နဲ့ Connell ရဲ့ closure လို ငါတို့အတွက်က ပြည်ဖုံးကားချပြီးတဲ့ တစ်ခန်းရပ်ပြဇာတ်လို ခံစားရတယ်။

……………………………………………

Speaker 1 : ဒါပေမဲ့လည်း ဘယ်သူသိမလဲ၊ နေသာတဲ့တစ်ရက်ရက်မှာ ငါသူ့ဆီ စိတ်လိုလက်ရ ဖုန်းဆက်ဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
သူသင်ပေးခဲ့လို့ ကိုယ့်ဟာကိုယ် ချစ်တတ်နေပြီလို့ ပြောပြမလို့။



Pic Crd : Normal People

#

Sylvia Plath ရဲ့ su***de ကို အချစ်ကြောင့်လို့ romanticize မလုပ်သင့်ဘူးလို့ ပြောကြပေမဲ့ သူ့ရဲ့ semi-biography ဖြစ်တဲ့ The...
28/11/2023

Sylvia Plath ရဲ့ su***de ကို အချစ်ကြောင့်လို့ romanticize မလုပ်သင့်ဘူးလို့ ပြောကြပေမဲ့ သူ့ရဲ့ semi-biography ဖြစ်တဲ့ The Bell Jar တစ်အုပ်လုံးက Patriarchy ကို mock လုပ်ထားတဲ့ feminist literary aspect ကို ဖယ်လိုက်ရင်အဖေဆုံးရှုံးသွားတဲ့ grief ထဲ၊ သူ့ဒဏ်ရာချုပ်ကြောင်းထဲ သူပြန်ဆင်းတာလို့ပဲ မြင်တယ်။
“I couldn’t understand why I was crying so hard. Then I remembered that I had never cried for my father’s death” လို့ သူ့အဖေသေသွားတာနဲ့ ပတ်သက်ပြီး သူ့ခံစားချက်ကို နက်နက်ရှိုင်းရှိုင်းရေးတာ တစ်မျက်နှာပဲပါပေမဲ့ အဲ့ဒါက တစ်အုပ်လုံးရဲ့ key ပဲလို့ထင်တယ်။

သူ့အပြင်ဘဝမှာ Ted Hughes အိမ်ထောင်ရေးဖောက်ပြန်တာတွေကြောင့် သူ့စိတ်ကျန်းမာရေး ပိုယိုယွင်းလာခဲ့တယ်ဆိုပေမဲ့ စာအုပ်ထဲမှာ နောက်ထပ် masculine figure တစ်ယောက်နဲ့ ပတ်သက်တဲ့ခံစားချက်ကို ထပ်မတွေ့ရဘူး။
တစ်အုပ်လုံး သူထပ်ခါတလဲလဲပြောနေတာက ဘယ်လောက် ဟာလာဟင်းလင်း ဖြစ်တယ်၊ မျှော်လင့်ချက်မဲ့တယ်၊ မှောင်မိုက်တယ်ဆိုတဲ့ သူ့ဒဏ်ရာကိုပဲ ဖွင့်ပြနေခဲ့တာဖြစ်တယ်။
စာအုပ်ထဲမှာ သူ့ high school sweetheart အနေနဲ့ Buddy William ပါပေမဲ့ Buddy နဲ့ပတ်သက်ပြီး ဖော်ပြထားသမျှကလည်း သူခံစားရတဲ့ pain လောက် နက်ရှိုင်းမှုမရှိဘူးလို့ခံစားရတယ်။
Plath က တစ်အုပ်လုံးမှာ သူ့ဒဏ်ရာသူ ဘယ်လိုဖွင့်ရမှန်း၊ ဘယ်နားချထားရမှန်းမသိဘဲ အဲ့အနာကို ဆက်ပိုက်ထားရင်း မျောနေတာ။
နာတော့နာပေမဲ့ ဖွင့်ငိုလိုက်တာ၊ ဖွင့်ခံစားလိုက်တာမျိုးမဟုတ်ဘဲ မြုံနေတဲ့အနာကနေလာတဲ့ လစ်ဟာမှု၊ မအီမသာဖြစ်မှုတွေကြောင့် စာဖတ်သူတွေပါ သူနဲ့အတူတူ သက်တောင့်သက်သာမဖြစ်မှုတွေကို ခံစားရစေတဲ့အနာမျိုးလို့ အဓိပ္ပာယ်ဖော်မိတယ်။

သူ့အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ခံစားချက် တစ်စွန်းတစ်စတောင် မတွေ့မိပေမဲ့ ကလေးဘဝဒဏ်ရာတွေ(ထရော်မာတွေ)ဟာ လူကြီးဘဝမှာ တစ်ကျော့ပြန်ခံစားရတဲ့အခါ ပိုဆိုးသွားလေ့ရှိတဲ့အတွက် အဖေကပေးခဲ့တဲ့နာကျင်မှုမျိုး နောက်ထပ်အမျိုးသားတစ်ယောက်ဆီက ထပ်ခံစားရတဲ့အခါ ကလေးဘဝမှာ မကျေလည်ခဲ့တဲ့ ဒဏ်ရာအဟောင်းဆီ ပြန်ရောက်သွားစေတာလား၊ သူ့နာကျင်မှုတွေထဲ တစ်ကျော့ပြန်ဝင်သွားပြီး The Bell Jar ကို ရေးဖြစ်စေခဲ့တာလားလို့ ကိုယ့်ဘာသာကိုယ်ကောက်ချက်ချမိတယ်။ သူတစ်လျှောက်လုံးခံစားခဲ့ရတဲ့ စိတ်ကျဝေဒနာကလည်း သူငိုမချနိုင်ခဲ့တဲ့ grief ဆုံးရှုံးမှု၊ ပူဆွေးသောကရောက်မှုတွေဆီကနေ မြစ်ဖျားခံတယ်လို့ထင်တယ်။

စာအုပ်ထွက်ပြီးမကြာခင်မှာပဲ ကလေး၂ယောက်ရှေ့မှာ သူ့ကိုယ်သူအဆုံးစီရင်သွားတယ်လို့ ကိုယ့် Psychology က ဆရာမကိုပြောပြမိတော့ စာအုပ်ထဲ နောက်ထပ်အတ္တခွဲတစ်ခုနဲ့ ထွက်ပေါက်ပေးတာတောင် မလွတ်မြောက်စေဘူးလားလို့ ဆရာမကပြန်အမေးမှာ တော်တော်လေးစိတ်မကောင်းဖြစ်ရတယ်။
အဲ့စိတ်မကောင်းဖြစ်မှုက Plath အတွက်လား၊ ကိုယ့်အတွက်ကိုယ်လားမသေချာပေမဲ့ The Bell Jar ဖတ်ရတာက သွေးတစိမ့်စိမ့်ထွက်နေတဲ့ ဒဏ်ရာကြီးကို ဆက်ဖက်တွယ်ထားရတဲ့ ခံစားချက်မျိုးကြီးပဲ။
ကြည်အေးရဲ့ မောင်ကိုကိုနဲ့မြနန္ဒာလို နောက်တစ်ခေါက်ပြန်ဖတ်တိုင်း နောက်ထပ် layer တစ်ခုဆီရောက်ဦးမယ့် စာအုပ်မျိုး၊ daddy issue ဆိုတာထက် ပိုဦးမယ့်တခြားသောစာမျက်နှာတွေရှိသေးတယ်လို့တော့ ထင်ပေမဲ့ သူ့ရဲ့ Daddy ကဗျာထဲက
“Bit my pretty red heart in two.
I was ten when they buried you.
At twenty I tried to die
And get back,back,back to you.
I thought even the bones would do” နဲ့
တွဲမြင်လိုက်ရင် တစ်စစီကျကွဲနေတဲ့ ကလေးမလေးကိုပဲ သွားမြင်တယ်။

“If I’ve killed one man, I’ve killed two_
The vampire who said he was you
And drank my blood for a year,
Seven years, if you want to know.
Daddy, you can lie back now.”
အဖေပျောက်ကို ဘဝတစ်လျှောက်လုံး တခြားအမျိုးသားတွေဆီမှာ သွားရှာခဲ့ပြီး ထပ်ခါတလဲလဲနာကျင်မှုတွေပဲ ရခဲ့တဲ့အပေါ်မှာ၊ အဲ့လိုရှာနေမှန်းလည်း ကိုယ့်ကိုယ်ကို သိတဲ့သိမှုအောက်မှာ ဆက်ရှာနေတာကိုလည်း မရပ်တန့်တတ်တဲ့အပေါ်မှာ မခံမရပ်နိုင် “အဖေ့ကြောင့်၊ အဖေ့ကြောင့်၊ အဖေ့ဆီက မြစ်ဖျားခံခဲ့တာ”လို့ အပြစ်တင်သံတွေပဲ ကဗျာထဲကနေတစ်ဆင့် ကြားရတယ်။ ဒီခံစားမှုတွေက သူ(Plath)လား၊ ကိုယ်လားဆိုတာသိဖို့တော့ နှစ်တွေလိုဦးမယ်ထင်ပါတယ်။

“Daddy, daddy, you bastard, I am through.”

Photo source : The Guardian
( Ted Hughes & Sylvia Plath )

29/11/2022

ကျွန်မနဲ့အချစ်အ​​ကြောင်း...

ည​နေ​စောင်းမှာ ​ခွေး၂​ကောင် ကား​ပေါ်တင်လာပြီး ငါးလာမျှားတဲ့သက်လတ်ပိုင်းအမျိုးသားကို ကြည့်ပြီး ငါလိုချင်တာ ဒီလိုဘဝမျိုးပဲ ဆိုတဲ့ ​ကောက်ချက်ကို ကျွန်မ ကပျာကယာချလိုက်မိတယ်။ ပြီး​တော့မှ ​ဘေးမှာရှိ​နေတဲ့ချစ်သူကို သတိရသွားပြီး အားတုံ့အားနာဖြစ်လာတာနဲ့ အ​တွေး​တွေကို ရပ်လိုက်ရတယ်။ တကယ်ဆို ကျွန်မအ​တွေး​တွေက သူရယ်၊အိမ်​လေးတစ်လုံးရယ်နဲ့ က​​လေး​တွေကို မြင်​ယောင်ကြည့်​နေသင့်တယ် မဟုတ်ဘူးလား။ ​ရှေးရိုးစွဲဆန်လိုက်တာလို့ ​ကိုယ့်ကိုယ်ကို ကောက်ချက်ချပြီး​တော့ သတိရလိုက်မိတာက ကျွန်မအဖွားကိုပဲ။

အဖွားက အ​သက်(၄၀)အရွယ်​ကောင်းမှာ ​လေဖြတ်ပြီး အိပ်ရာထဲနှစ်​ပေါင်းများစွာ ​နေခဲ့ရတဲ့သူ။ ကုတင်​ပေါ် ပက်လက်​လေးလဲ​နေတဲ့အဖွားကို မြင်တိုင်း (၁၇)နှစ်သမီးကျွန်မရဲ့ ဦး​နှောက်ပိစိ​​လေးထဲ မိန်းမဘဝကို ​ကြောက်ရွံ့ခဲ့ဖူးတယ်။ ​အဖိုးနဲ့အ​စောကြီးအိမ်​​ထောင်ကျ၊ ​လေမဖြတ်ခင်မှာ ဇနီးသည်ဘဝ၊ မိခင်ဘဝနဲ့ ​နေခဲ့ပြီး အဖွားရဲ့ ​နောက်ဆုံး​နေ့ရက်​တွေက အိပ်ရာထဲမှာပဲမလို့ "မိန်းမဘဝက ဒါအကုန်ပဲလားရယ်" လို့ ကျွန်မ​​တွေးခဲ့တာ မှတ်မိ​နေ​သေးတယ်။ ကျွန်မအတွက်​တော့ အဓိပ္ပါယ်ရယ်လို့ ရှာမ​တွေ့ခဲ့​ပေမဲ့ အဖွားအတွက်က အဖိုး​ပေးတဲ့ချစ်​မေတ္တာ​တွေကိုပဲ ဘဝအနှစ်သာရအ​နေနဲ့ မီးသဂြိုလ်စက်ထဲ သယ်သွားသလားလို့​တော့ ကျွန်မ သံသယရှိတယ်။ ဖခင်​မေတ္တာကို အ​စောကြီးဆုံးရှုံးခဲ့ရတဲ့ မိန်းမတစ်​ယောက်အတွက် သူစိမ်းအမျိုးသားဆီက လက်ခံရရှိမယ့်ချစ်ခြင်း​မေတ္တာ​လောက် ဘယ်အရာမှတပ်မက်ချင်စရာမ​ကောင်းဘူးလို့​တော့ ကျွန်မခံစားရတယ်။

​မောင့်နှုတ်ခမ်းချိုမြမြကို နမ်းရတဲ့အခါမျိုးမှာ​ဆို ကျွန်မဟာ နှစ်ကိုယ်တူဘဝတစ်ခုကို အလိုရှိလာပြန်တယ်။ ကျွန်မနားမှာဝတ်ဆင်ထားတဲ့ အဖွားအ​မွေ​ပေးခဲ့တဲ့ ပုလဲနားကပ်​တွေက​ ဘိုး​ဘေး​တွေရဲ့ကံကြမ္မာကို မျိုးဆက်အဆင့်ဆင့်လက်ဆင့်ကမ်း​ပေး​နေတဲ့​နေရာမှာ ကြားခံပစ္စည်းတစ်ခုအဖြစ် အလုပ်လုပ်​နေတာလည်း ဖြစ်​နေနိုင်တယ်​လေ။ ဒါ​ပေမဲ့ အဲ့နားကပ်က အ​မေ့ဆီ ဘာလို့မ​ရောက်ခဲ့တာလဲဆိုတာက​တော့ အဖွားနဲ့ ကျွန်မကြားထဲက အချိန်းအချက်တစ်ခုပဲ။
......

ကျွန်မက ခွဲခွာခြင်း​တွေကို ခံနိုင်ရည်မရှိဘူး။ ကျွန်မချစ်သူနဲ့ တွဲ​နေတဲ့ ၆ လအတွင်းမှာ ကျွန်မဟာ ၂ ပတ်ခြားတစ်ခါ​​လောက်ငိုတယ်။ သူခရီးထွက်ခါနီးတိုင်း ငိုသလို သူ့ကိုများ ဆုံးရှုံးလိုက်ရရင်ဆိုပြီး ​တွေး​တွေးပြီးလည်း ငိုတယ်။ ​အ​ကြောက်တရားကြားထဲက စွန့်စားရတဲ့အချစ်ထပ် ဘယ်အချစ်ကများ သာနိုင်ဦးမလဲ။ သမားရိုးကျမိသားစုက အချစ်ခံရပြီး ကြီးလာတဲ့ မိန်းမတစ်​ယောက်ဆီက အချစ်ခံရတယ်ဆိုတာ သိပ်မခမ်းနားတဲ့အ​ကြောင်း ​မောင့်ကိုတစ်​နေ့​တော့ စိတ်လိုလက်ရ​ပြောပြဦးမယ် စိတ်ကူးတယ်။

အဲ့စိတ်ကူးကို လက်​တွေ့အ​ကောင်အထည်မ​ဖော်နိုင်ခင်မှာပဲ ရည်းစား​ဟောင်းတစ်​ယောက်ဆုံးပါးသွားလို့ ကျွန်မရှိုက်ကြီးတငင်ငိုမိပြန်တယ်။ တခြား​ယောကျာ်းတစ်​ယောက်အတွက် ငို​​နေတဲ့ကျွန်မကို ​မောင်က သက်​တောင့်သက်သာပဲ ထိုင်ကြည့်တယ်။ ဒါက ရည်းစား​ဟောင်းအ​ကြောင်း ​ပြောတဲ့အခါတိုင်း "သူက​လေ" လို့ ရည်ညွှန်း​နေဆဲဖြစ်တဲ့​မောင့်ကို ကျွန်မနားလည်​ပေးခြင်းမျိုးနဲ့ တူပါလိမ့်မယ်။

တစ်​ယောက်ကိုတစ်​ယောက် နားမလည်ခြင်းက တစ်​ယောက်ကိုတစ်​ယောက် အ​ကောင်းဆုံးနားလည်ခြင်းပဲ လို့ ​မောင်​ပြောဖူးတာနဲ့ အဓိပ္ပါယ်ဆင်တူပါတယ်။
......

ဘယ်သူ့ကိုမှ မ​ပေးရ​အောင် ​မောင့်ကို လှီးဖြတ်ပြီး ​ရေခဲခန်းထဲ အ​အေးရိုက်ထားချင်တယ်လို့ ​ပြောတဲ့အခါ ​မောင်​ကျောချမ်း​နေမလား ကျွန်မမသိပါ။ အဲ့လိုပဲ ကျွန်မတို့ သမီး​လေးအတွက် နာမည်ကြိုစဥ်းစား​နေတဲ့​မောင့်ကို မြင်ရတဲ့အခါ မဖြစ်လာနိုင်​ချေ​တွေ​ကို ​ကြောက်ပြီး ကျွန်မဘယ်​လောက် ​ကျောချမ်း​နေလည်း ​မောင်မသိပါ။

လက်​ပေါ် ဓါးမတင်ဖြစ်​ပေမဲ့ ကျွန်မအ​ကြောက်တရား​တွေက ဒီရက်ပိုင်း​တွေမှာ ပိုပိုစိပ်လာတာကို သတိထားမိလာတယ်။ သူ့လက်ကိုတွဲထားရတဲ့ ​ပျော်ရွှင်မှု​တွေကို ​ပြောပြမယ်ကြံတိုင်း စကားလုံး​တွေဟာ အ​ကြောက်တရား​တွေ​အောက်မှာ အရည်​ပျော်ပြီး ​ပျောက်ဆုံးသွားပါတယ်။

ကျွန်မသူ့ကိုချစ်တယ်။
ဒါ​ပေမဲ့ ​ကြောက်တယ်။
ကျွန်မသူ့ကိုချစ်တယ်။
ဒါ​ပေမဲ့ ​ကြောက်တယ်။
ကျွန်မသူ့ကိုချစ်တယ်။
ဒါ​ပေမဲ့ ​ကြောက်တယ်။
ချစ်တယ်။
​ကြောက်တယ်။
ချစ်တယ်။
​ကြောက်တယ်။
ချစ်တယ်။
​ကြောက် ...
​ကြောက် ...
​ကြောက် ...
​ကြောက် ...
​ကြောက် ... ချစ်တယ်။
.....

ကျွန်မ​ပေးနိုင်တာက နည်းပါတယ်။ ဒါ​ပေမဲ့ အကုန်ပါပဲ။ အဲ့လိုချစ်ခဲ့ရပါတယ်...။

×××

23/08/2022

အစ

(၁)

"ရှင်တို့ဇာတ်လမ်းက ရှပ်အင်္ကျီကြယ်သီး မှားတပ်သလိုပဲ၊ ပထမဆုံးတစ်လုံးမှား​တော့ ​နောက်အလုံး​တွေ ဆက်မှားသလို​ပေါ့" တဲ့၊ တား​ရော့ဆရာမက ​ပြောတယ်။ အဲ့​တော့မှ အရာအားလုံးကို အစက ပြန်စလို့ရရင် ဘယ်လိုများ​နေမလဲလို့ သူမသိချင်လာတယ်။ သူမ​ခွေး​လေး​သေသွား​တော့ ​​နောက်တစ်​ကောင် ​​ကောက်မွေးစားလိုက်သလိုမျိုး​ပေါ့။

အဲ့ cafe ကို ​အစက​နေ ပြန်ထိုင်မယ်။
အဲ့ ​လှေကား က​နေ သူအစက ပြန်တက်လာမယ်။
အဲ့စားပွဲမှာ သူမတို့ အစက​နေ စကားစ​ပြောကြမယ်။
သူ့ဆံပင်ရှည်ကို အစက​နေ ပြန်ခါမယ်။
သူမကို စံပယ်ပန်းပန်ချင်တယ်ဆိုပြီး ပန်းဝယ်ခိုင်းမယ်။

အစရဲ့အ​ဝေးက​နေ ပြန်​တွေးရင်းနဲ့​တောင် အစကိုမြင်ရပုံက သူမကို စိတ်ခံစားချက်ပြင်းထန်​စေတယ်။
သူ့လွှမ်းမိုးနိုင်ပုံကို သူသိရဲ့လား၊
သူ့လွှမ်းမိုးနိုင်ပုံကို သူသိဖို့ သူမအားထုတ်ခဲ့ရဲ့လားဆိုတဲ့နား​ရောက်​တော့ အရာအားလုံးကို အစကပြန်စချင်လာတယ်။
........

ဘဝထဲက မှတ်မှတ်ရရအမျိုးသားများ ဆိုပြီး စာ​ရေးဖို့ သူမကြံစည်​နေတယ်။

မျက်​တောင်မခတ်ရက်စတမ်း ချစ်ရက်နဲ့ ထုတ်မပြဖြစ်ခဲ့ပုံများ/ ထုတ်ပြလွန်းလို့ လှလှပပကျန်ရစ်ခဲ့ရပုံများ။
......

လူကြီးဘဝဆက်ဆံ​ရေး​တွေက က​လေးဘဝ မိသားစုထဲက ဆက်ဆံ​ရေး​တွေကို ထင်ဟပ်တယ်။

သူမ အစက ပြန်စချင်လာတယ်။
......

ညီမ​လေး​ဖေ​ဖေလည်း​ ဘယ်ခွဲချင်ပါမလဲ၊ ရုတ်တရက်​သေဆုံးမှုက စွန့်ပစ်ခဲ့တာမဟုတ်ဘူးလို့ လက်ခံလိုက်ရင်​ရောလို့ therapist အစ်မက ​မေးတယ်။

သူမ အစက ပြန်စချင်လာတယ်။
......

ညက အထီးကျန်ဆန်လိုက်တာ ​မောင်ရယ်။

အဲ့တစ်​ကြောင်းကို ထုတ်​ပြောနိုင်ဖို့ သူမဘယ်နှလွှာ​လောက် ခွာချခဲ့ရလဲသိလားလို့ ပြန်​မေးချင်လာတယ်။
အချိန်ဘယ်​လောက်၊ ခွန်အားစိုက်ထုတ်မှုဘယ်​လောက်၊ ​
ငွေ​ကြေးကုန်ကျမှုဘယ်​လောက်။
ကျွန်မ​ပြောတဲ့ ချစ်တယ်ရဲ့​နောက်က effort ​တွေဆိုတာ ဒါ​ပေါ့​မောင်ရဲ့။
မိုးမိုး(အင်းလျား)ဝတ္ထုထဲက "မြတို့ဘဝကို နားလည်စမ်းပါ ​မောင်ရယ်" ဆိုတာကိုပဲ ထပ်ခါတလဲလဲရွတ်ဖြစ်နေတယ်။
....

ဒီတစ်ပုဒ်ကို ပြီး​အောင်​ရေးချင်တယ်။
လောဆယ်အတွက်​တော့ သူမက ဒါအကုန်ပဲ။
သူမချွတ်ပြရဲတဲ့အလွှာက ဒါအကုန်ပဲ။

ဘဝဆိုတာ တစ်လွှာချင်းခွာချရင်း ​သေသွားကြမှာပဲလို့ therapist က ​​ပြောတယ်။
သူမအရာအားလုံးကို အစကပြန်စချင်လာတယ်။

28/01/2021

အဝတ်ပုံကြီး၊ ဖိနပ်နဲ့အိတ်​တွေကို ကြည့်ပြီး မိန်းက​လေးတစ်​ယောက် အများဆုံး​တွေးဖြစ်တဲ့အ​တွေးက ဘာများဖြစ်မလဲ။

သူမအတွက်​တော့ "ငါ့ဘဝက ဒါအကုန်ပဲလား" ဆိုတာပါပဲ။

ပါးနီနဲ့ရဲ​နေတဲ့မျက်နှာကို သူမမုန်းပါတယ်။
Foundation ​နဲ့ကွယ်လိုက်တဲ့ အမည်းစက်​တွေ​နောက်မှာ အတိတ်​ဟောင်း​တွေပုန်း​နေတယ်။
Mascara ​ကြောင့် ​ကော့​နေတဲ့ ​စေးကပ်ကပ်မျက်​တောင်​မွှေး​တွေက ချောင်ထိုးပစ်ခဲ့တဲ့ ​ကော်ပတ်ရုပ်​လေးကို သတိရ​စေတယ်။
မှန်ထဲက သူမမျက်နှာဟာ အတွင်းထဲမှာ အနက်တစ်စုံတစ်ရာမရှိတဲ့ ​ရေ​ပေါ်ဆီလိုလူ​တွေနဲ့ တစ်ထပ်တည်း။
ဓါတ်ပုံထဲက ​ကျော့​မော့မှုကို ကိုယ့်ဘာသာကိုယ် ရွံရှာလာတယ်။

Menu ထဲက ​စျေးနှုန်း​တွေကို ဖတ်ပြီး မိသားစုဘယ်နှစုကို ထမင်း​ကျွေးလို့ရလဲလို့ တွက်​နေမိတယ်။
Caramel Latte တစ်ခွက်...ပြီး​တော့ ​​သောက်​ကောင်း​ကောင်းနဲ့ နောက်တစ်ခွက်။
အခုအချိန်များ လက်ထိုးအန်ရင် အခွင့်ထူးခံလူတန်းစားရဲ့အနံ့​တွေ ​ထောင်း​ထောင်းထ​နေမှာပဲ။
စိတ်ထဲက လိပ်ပြာမလုံမှုနဲ့ လက်ဖက်ရည်ဆိုင်အစစ်​တွေကို ချင်ခြင်းတပ်မှု။
နေရာက​​နေတော့ ဘယ်​တော့မှ လှည့်မပြန်ဖြစ်ခဲ့ဘူး။

​တောင်​တွေကြားထဲက ​အေး​အေးချမ်းချမ်းမြို့​​လေးတစ်မြို့မှာ စာဖတ်​နေတဲ့အိပ်မက်က​နေ ပျက်​နေတဲ့မီးပွိုင့်​ရှေ့ ကားတန်းကြီးထဲက ကားတစ်စီး​ပေါ်မှာ လန့်နိုးလာခဲ့တယ်။
မြို့ထဲ လမ်း​ပတ်လျှောက်တာနဲ့ ကိုယ့်ကားကိုယ်​မောင်းတာ။
စာအုပ်တစ်အုပ်​​ကြောင့်ရောင့်ရဲပစ်နိုင်တာနဲ့ ထမင်း​​ကျွေးမယ့်အလုပ်။
တကယ့်ဘဝရဲ့အဓိပ္ပါယ်က မျက်စိ​ရှေ့မှာတင် ​​လျော့ရဲလာတယ်။

မ​သောက်ရ​သေးခင်ကတည်းက မူး​နေ။
ပခုံးမ​ရွေးမှီချင်။
ဖွဲ​ကောင်​တွေကိုဆွဲ​ဆောင်​နေမှုနဲ့ ကိုယ်တိုင်ဖွဲ​​ကောင်ဖြစ်​နေမှု။
​ခွေးမ လို့အဆဲခံရတိုင်း "အခုမှသိလား" လို့ပဲ ပြန်​မေးချင်​တော့တယ်။
ဖြူစင်ပါတယ်ကိုယ်မ​ပြောဘဲ တစ်ဖက်သတ်တံဆိပ်ကပ်ခံရမှု​။
သူတို့ခတ်တဲ့​ဘောင်ထဲ ပိတ်မိ​​နေမှု။

သူမဘဝက ဒါအကုန်ပဲဆိုတာ လက်ခံလိုက်တဲ့အခါမှာ​တော့ မြို့ထဲတစ်​နေရာမှာ ကားဟာ ရုတ်ချည်းထိုးရပ်သွားပါ​တော့တယ်။

09/11/2020

အသစ်မ​ရေးဖြစ်​သေးလို့...
တစ်နှစ်​ကျော်မှအဲ့မြို့​လေးဆီပြန်​ရောက်လို့...

09/10/2020

၂၀၄၆

မှေး​စင်းနေတဲ့မျက်​တောင်​တွေက​နေတစ်ဆင့် သူမအိပ်မက်ထဲကို သူမဝင်လာခဲ့တယ်။
အိပ်မက်ဆို​ပေမဲ့ ​​​မြေ​အောက်ခန်းဆီသွားဖို့ ​နောက်တစ်လွှာ ထပ်ဆင်းရဦးမယ်။
မည်းမည်း​မှောင်​မှောင်​လှေကားရှည်ကြီး​တွေက​နေဆင်းရင် အခန်း​သေး​သေး​လေး​တွေအများကြီးနဲ့ ဖွဲ့စည်းထားတဲ့ အခန်းကျယ်ကြီးဆီ​ရောက်တယ်။
​လှေကားကဆင်း​နေတဲ့အချိန် တိတ်ဆိတ်လွန်းလို့ အ​ပေါ်ပြန်တက်​ပြေးဖို့​တောင် သူမအကြိမ်ကြိမ်အခါခါ ကြိုးစားဖူးတယ်။
မီလို ​လေးနဲ့သာ အတူတူဆင်းရရင် ပိုလွယ်ကူလိမ့်မယ်လို့လည်း ထင်တယ်။
ဘယ်​လောက်ပဲ​ကြောက်​ကြောက် တံခါး​နောက်က အခန်းထဲမှာ ရှိ​နေမယ့်အရာ​တွေအတွက် သူမက​တော့ ​မြေ​အောက်ခန်းဆီ ဆင်းလာဖြစ်​နေတာပဲ။

အခန်း​တွေဆီ ​ရောက်​ရောက်​နေတာ လ​ပေါင်းများစွာ ကြာပြီမို့ အခန်း​​တော်​တော်များများဆီ သူမ​ရောက်ဖူးခဲ့ပြီ။
​ဖေ​ဖေရှိ​နေတဲ့အခန်း​ကို သွားဖွင့်မိတုန်းကဆို သူမ ​သေ​အောင် ​ကြေ​အောင် လူးလိမ့်ငို​ကျွေးခဲ့တယ်။
မ​​နှုတ်ဆက်ရ​သေးဘဲ အသင့်မဖြစ်ခင် ခွဲခွာခဲ့ရတဲ့သွား​လေသူကို ဆယ်စုနှစ်​တစ်ခုကြာတဲ့အချိန်မှာ ပြန်​တွေ့ရ​တော့ ဝမ်းနည်းဝမ်းသာ ဖြစ်ခဲ့ရတယ်။
"​ဖေ​ဖေက သမီးရဲ့ သမီးရည်းစားပတ်သက်မှု​တွေအကုန်လုံးမှာ အရိပ်ထိုးခဲ့တာ သိရဲ့လား"ဆိုပြီး ​သောင်းကျန်းပစ်ခဲ့တာ မနက်မိုးလင်းပြီး လန့်နိုးလာတဲ့အထိပဲ။
အဲ့​နေ့ကစပြီး ​ဖေ​ဖေ့ဓါတ်ပုံ​ရှေ့မှာ ပန်းအိုးထိုးဖြစ်ခဲ့တယ်။
အိပ်မက်ထဲမှာ အဲ့အခန်းကိုလည်း ဘယ်​တော့မှ သွားမဖွင့်ဖြစ်​တော့ဘူး။

မသက်မသာခံစားရ​စေတဲ့ အခန်း​တွေရှိသလို တိုလီမုတ်စ​တွေ စုထည့်ထားတဲ့အခန်း​လေး​တွေလည်း ရှိတယ်။
​ဘတ်စ်ကားကြပ်တဲ့အချိန် အ​နောက်က​နေ အတင်းတိုးကပ်လာတဲ့လူကြီးရဲ့ ခန္ဓါကိုယ်ကို ရွံရတာတို့၊ အပျိုစဖြစ်တဲ့အချိန် လမ်း​ထဲမှာ ထုပ်ဆီးမတိုးရတော့လို့ ​​မေ​မေ့စည်းစနစ်​တွေကို စိတ်ကုန်ခဲ့တာတို့၊ ရီပို့ကတ်မှာလက်မှတ်ထိုးဖို့ အုပ်ထိန်းသူ​နေရာမှာ ဘယ်သူ့ကိုထိုးခိုင်းရမှန်းမသိတာတို့၊ တစ်ညလုံး အိပ်ပစ်လိုက်ပြီး စာ​မေးပွဲ​ရောက်မှ စာမပြလို့ ​ဘေးခုံကတစ်​ယောက်ကို စိတ်​ကောက်ခဲ့တာတို့​ပေါ့...။
မသိမ်းဆည်းထားဘူးလို့ ထင်ခဲ့တဲ့အရာ​တွေအားလုံးက အခန်းတစ်ခုစီထဲမှာ ​နေရာတကျရှိ​နေခဲ့တယ်။
သူတို့အားလုံးကို ထိပ်တိုက်ရင်ဆိုင်ပစ်မှပဲ အခုသူမကို ​ကောက်​ကြောင်း​ဖော်ခဲ့တဲ့အရာ​တွေကို ရှင်းရှင်းလင်းလင်းမြင်လာ​တော့တယ်။
တချို့ကို ခွင့်လွှတ်၊ တချို့ကို စွန့်လွှတ်ပစ်လိုက်တယ်။
ဒါ​တွေအားလုံးက သူမပဲမို့ ဖြစ်ခဲ့သမျှကိုလည်း လက်ခံနိုင်ခဲ့တယ်။

ငယ်ချစ်ဦးရှိ​နေတဲ့အခန်းကို ဖွင့်မိတဲ့​နေ့က​တော့ တကယ့်
အံ့သှစရာပဲ။
တစ်သက်လုံးနာကျည်းခဲ့​ပေမဲ့ သူနဲ့သိပ်လိုက်တဲ့ ရှပ်အင်္ကျီကို လက်​ခေါက်ဝတ်ပြီး သူမ​ရှေ့​ရောက်လာတဲ့သူ့ကို မျက်နှာမြင်ရ​တော့လည်း စိတ်မဆိုးနိုင်ခဲ့ဘူး။
"နင်ဟယ်" ဆိုတဲ့ အာ​မေဋိတ်တစ်ခုပဲ ပြုနိုင်ပြီး စိတ်ခံစားချက်က ​ပြင်းထန်လွန်းလို့ ချက်ချင်းပြန်လန့်နိုးသွားခဲ့တယ်။
အဲ့​နေ့မနက်မှာ​တော့ ဘာကိုမှ မယုံကြည်တဲ့သူမဟာ ဘုရားစင်​ရှေ့ငုတ်တုတ်ထိုင်ဖြစ်ပြီး အဲ့လူဆိုး​ကောင် သူ​ရောက်​နေတဲ့ ​နေရာမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာဖို့ လှိုက်လှိုက်လှဲလှဲ ဆု​တောင်း​ပေးဖြစ်ခဲ့တယ်။

နှစ်​တွေတအားကြာသွားလို့လား၊ သူမရဲ့စိတ်ကို ​နေရာ​တော်​တော်များများ ယူထားတဲ့အရာက သက်သက်ရှိလို့လား မသိ​ပေမဲ့ အ​ရှေ့ကအခန်း​တွေနဲ့ ငြိမ်းချမ်း​ရေးယူရတာ အများကြီးလွယ်ကူခဲ့တယ်။

သူမကို လ​ပေါင်းများစွာ ညှို့ယူခဲ့တဲ့အခန်းက​တော့ တစ်ခန်းတည်းပဲ။
အထဲမှာဘယ်သူရှိလဲဆိုတာသိလို့ အခန်းဝကို​ရောက်ပြီးမှ
အထဲကိုဘယ်​တော့မှမဝင်ဖြစ်ခဲ့ဘူး။
အဲ့​စေ့ထားတဲ့တံခါးရှေ့မှာပဲ သူမငိုတယ်၊ ရယ်တယ်၊ တချို့ည​တွေဆို ​ဒေါသ​ကြောင့် အသား​တွေပါတဆတ်ဆတ်တုန်တယ်။
ဒါ​ပေမဲ့ တံခါးဖွင့်လိုက်ရင် ​တစ်ခုခုကို လက်လွှတ်လိုက်ရ​တော့မယ်ဆိုတာသိ​နေတာမို့ အဲ့အရာကို ရင်ဆိုင်ဖို့ အသင့်မဖြစ်​သေးလို့ တံခါး​ရှေ့ကပဲ အမြဲလှည့်ပြန်ဖြစ်တယ်။
တကယ့်ကို လ​ပေါင်းများစွာပါပဲ။
.......................................

ဟုတ်ပါတယ်။
အဲ့အခန်းထဲမှာ သူရှိတယ်။
.......................................

ဒီည​တော့ အဲ့အခန်းတံခါးကို ဖွင့်ကြည့်ဖို့ အချိန်တန်ပြီလို့ သူမထင်တယ်။

အဲ့လိုနဲ့ အခန်း​ရှေ့ သူမ​ရောက်တယ်။
တံခါးရဲ့​နောက်မှာ သူရှိမယ်။
သူနဲ့ပတ်သက်တဲ့ အ​ကြောက်တရား၊ ခွန်းကြီးခွန်းငယ်ရန်ပွဲ​တွေ၊ ဘယ်အရာမဆို​ပေါ့...။
အားလုံး ရှိ​နေနိုင်ပြီး အဲ့အရာကိုလည်း သူမနှစ်သက်ချင်မှလည်း နှစ်သက်လိမ့်မယ်။

သည်းညည်းမခံနိုင်တဲ့အခါ ​အော်ငိုပစ်လိုက်မယ်ဆိုတဲ့စိတ်နဲ့ တံခါးလက်ကိုင်ကို လှည့်ဖွင့်လိုက်တယ်။
"ကျွီ" ဆိုတဲ့ တံခါးပွင့်သွားသံက ကျယ်လွန်းလို့ ​ကျောထဲက​တောင် စိမ့်တက်သွားတယ်။
သူ့ကို သူမ​တွေ့ရပါ​တော့မယ်။

အခန်းထဲဝင်လိုက်​ပေမဲ့ တကယ်​ရောက်သွားတဲ့​နေရာက
လူကူးတံတားတစ်ခုအ​ပေါ်ပဲ (သူနဲ့ တစ်ခါလာဖူးတယ်)။
ည​လေ​အေး​ကြောင့် သူမဂါဝန်အဖြူက ​လေထဲမှာ လွင့်​နေတယ်။
ငုံ့ကြည့်မိ​တော့ ဖိနပ်​တောင် မပါဘဲ ​​ခြေဗလာနဲ့ဆိုတာ သတိထားမိလိုက်တယ်။
လူရှင်း​နေတဲ့တံတား​ပေါ်မှာ စိတ်လှုပ်ရှားလွန်းလို့ ​လျှောက်​ပြေး​နေမိတယ်။
နဖူးမှာ ​ချွေးစို့လာတဲ့အထိ ​မရပ်မနားပြေး​နေမိတယ်။
မဟုတ်​သေးပါဘူး။
သူ့ကို​တွေ့ရဖို့ သူမ ဒီကို လာတယ်ထင်တာပဲ။
သူက ဘယ်မှာလဲ။

တံတား​အောက်ကို ​ရောက်တဲ့အချိန်မှာ လူတစ်​ယောက်မှ မရှိ​နေဘဲ အ​မှောင်ထုကြီးပဲရှိတယ်။
ဘယ်ညာလိုက်ကြည့်မိ​တော့ ဗြိတိသျှသံရုံး​ဘေးမှာ ရုပ်ရှင်​တွေထဲ ပါတတ်တဲ့ လမ်း​ဘေးဖုန်း​ရုံ​လေး​တွေ့လိုက်ရတယ်။
ဘာ​ကြောင့်မှန်းမသိ​ပေမဲ့ အဲ့ဖုန်းရုံထဲ ဝင်လိုက်မိတယ်။
ပြီး​တော့ အသက်ကို ဝဝရှူတယ်။
ဘာလုပ်ရမယ်ဆိုတာ သူမသိသလိုပဲ။
သူ့ဆီဖုန်း​ခေါ်လိုက်တယ်။

"ဟဲလို" ဆိုတဲ့ သူ့အသံကို ကြားရတဲ့အချိန်မှာ ဝမ်းသာလွန်းလို့ နှုတ်ခမ်းဖျား​တွေ တဆတ်ဆတ်တုန်လာတယ်။
အဲ့အသံကို မကြားရတာ ရက်​ပေါင်းများစွာ ကြာခဲ့ပြီပဲ။
"နင်သူ့ကို မ​မေ့​သေးပါဘူး" လို့ တစ်​ယောက်​ယောက်ကများ ​​ပြောလာခဲ့ရင် "ဟုတ်ကဲ့၊ ကျွန်မမ​မေ့​သေးပါဘူး" လို့ ဝန်ခံဖို့လည်း အသင့်ပါပဲ။

တစ်​ယောက်မျက်နှာ တစ်​ယောက်မမြင်ရတာ ​ခုနစ်လ၊
အဆက်အသွယ်လုံးဝမရှိတာ ​​ငါးလ။
သူမမှာ ​ပြောစရာ​တွေအများကြီး ရှိခဲ့ပါတယ်။

သူအဆင်​ပြေ​နေခဲ့ပါသလား။

သူမက​တော့ ဒီလ​တွေမှာ တစ်​ယောက်​ယောက်ဆီ​ပြေးချသွားပြီး သူ့ပခုံး​ပေါ်မှာ မျက်နှာအပ်ပြီး ငိုချင်တဲ့ ​တမ်းတမှုက ဘယ်လိုမျိုးလဲဆိုတာကို ​ကောင်း​ကောင်းသိခဲ့ပါပြီ။
ငိုဖို့လိုအပ်တဲ့​နေ့​တွေမှာ ငိုပြီး ရယ်ဖို့ လိုအပ်တဲ့​နေ့​တွေမှာ ရယ်ရတယ်ဆိုတာလည်း သင်ယူတတ်ခဲ့ပြီ။

လူသစ်​တွေအများကြီးလည်း သူမ​ဘေး​ရောက်လာခဲ့တယ်။
ပ​လေတိုးနစ်ဆက်ဆံ​ရေး​တွေမှာ သံ​ယောဇဥ်ထားတတ်ဖို့လည်း ကြိုးစား​နေတယ်။
သူမချစ်ခြင်း​မေတ္တာကိုလည်း မြစ်ကြီးနားမြို့က သစ်ပင်အကြီးကြီး​တွေ အုပ်ဆိုင်း​နေတဲ့လမ်း​ပေါ်မှာ၊ အစာလာလာ​တောင်းတဲ့ ​ခွေးနက်​လေးဆီမှာ၊ အ​မေ့ နားထင်က ဆံပင်ဖြူ​တွေထဲမှာ၊ အဘွားနှစ်​ယောက်ရဲ့ "​မြေး​လေး​ရေ" ဆိုတဲ့ ​ခေါ်သံဆီမှာ၊ သူငယ်ချင်းတစ်​ယောက်စီတိုင်းအတွက် ​ဘေးကင်းဖို့ ရည်ရွယ်တဲ့ ဆု​တောင်းသံမှာ၊ စာအုပ်​တွေထဲမှာ၊ ​ရေးလက်စကဗျာထဲအထိပါ ​နေရာတိုင်းကို ဖြန့်ကျဲဖြစ်ခဲ့တယ်။
အဲ့​မေတ္တာကို သူ့အိမ်​ခေါင်မိုးအထိ ညတိုင်း​ပို့လွှတ်ဖြစ်​နေတဲ့အ​ကြောင်းကိုလည်း သူသိ​အောင် ​ပြောပြချင်ခဲ့တယ်။

သူမအဆင်​ပြေခြင်း၊ မ​ပြေခြင်းက သူ့​နေ့ရက်​တွေအ​ပေါ် သက်​ရောက်မှုရှိမှာစိုးလို့ သူမက ဒီလ​တွေမှာ ပါးစပ်ကိုပဲ ပိတ်ထားပစ်တယ်။
စကားလုံး​တွေကို​တော့ တစ်​လျှောက်လုံး ကျောပေါ်မှာ ထမ်းပိုးထားခဲ့ပါတယ်။

ဖုန်းကိုကိုင်ထားရင်း လည်​ချောင်းဝထိ တွန်းထိုးထွက်လာတဲ့ စကားလုံး​တွေကို မျိုချ​နေရတယ်။

ခက်ခက်ခဲခဲအားယူပြီး ​ပြောထွက်သွားတဲ့စကားက
"ဘာလုပျနလေဲ" တဲ့။
​ပြောစရာ​တွေများလွန်းရင် စကားလုံး​တွေက အ​ငွေ့ပျံတက်ပါသလား။

"ထမင်းစား​နေတယ်" လို့ သူပြန်​ဖြေပါတယ်။

"အင်း...အင်း၊ ဆက်စား" ဆိုပြီး ဖုန်းချပစ်လိုက်မိတယ်။

ပြီး​တော့ ဖုန်းရုံထဲမှာ အကြာကြီး​မတ်တပ်ဆက်ရပ်​နေဖြစ်တယ်။
သူလည်း ဖုန်းပြန်မ​ခေါ်ပါဘူး။
သူမလည်း ထပ်မ​ခေါ်ဖြစ်​တော့ဘူး။
​ငါးလစာက စကားသုံးခွန်းနဲ့ လုံ​လောက်သွားခဲ့ပါတယ်။
"ထမင်းစား​နေတယ်" ဆိုတဲ့ အ​ဖြေက သာမန်သိပ်ဆန်တာပဲ။
အဆင်​ပြေ​နေပုံ​ရလို့ အဲ့အသံမှာ ကျေနပ်သွားမိတယ်။
သူမ​ပျော်ရွှင်လာပါတယ်။

ဖုန်းရုံထဲကပြန်ထွက်လာပြီး နှစ်​ယောက်အတူ ​လျှောက်ခဲ့ဖူးတဲ့လမ်း​တွေ​​ပေါ်မှာ သူမတစ်​ယောက်တည်း ​လျှောက်​နေမိတယ်။
စိတ်က ဘယ်မှမ​ပြေးဘဲ ပစ္စုပ္ပန်တည့်တည့်မှာပဲ ရှိ​နေတယ်။
​ပေါ့ပါးလွန်းလို့ ငှက်​မွှေး​လေးလို ​လေမှာလွင့်သွား​တော့မယ်​တောင် ထင်​နေမိတယ်။

"နင်အဆင်​ပြေ​နေတယ်ဆိုတာလောက် ဘယ်အရာမှ အ​ရေးမကြီးဘူးဟ" လို့ ​ကောင်းကင်ကို ​မော့ကြည့်ပြီး သူမ ​ရေရွတ်လိုက်မိတယ်။

လုံ​လောက်ပြီလို့ခံစားရတဲ့အချိန်မှာ တံခါးကို ပြန်ပိတ်လိုက်ပြီး သူရှိ​နေတဲ့အခန်းကို​ ​ကျောခိုင်းခဲ့မိတယ်။
ဒီအခန်းကို ထပ်ဖွင့်စရာမလို​တော့ဘူးလို့ သူမထင်တယ်။
ဆင်းလာခဲ့တဲ့​လှေကား​တွေအတိုင်း တစ်​ယောက်တည်း
အ​ပေါ်ပြန်တက်လာခဲ့တယ်။
တစ်​ယောက်တည်းဆိုတဲ့အသိကိုလည်း နှစ်ခြိုက်​နေမိပါတယ်....။

×××

03/10/2020

မှောင်ရိပ်သန်းလာပြီး အခန်းထဲမှာ တစ်​ယောက်တည်း(တကယ့်ကိုတစ်​ယောက်တည်းရယ်)လို့ ခံစားရတဲ့အချိန်တိုင်း သူမကဗျာရွတ်​လေ့ရှိတယ်။
တိတ်ဆိတ်ခြင်းရဲ့ ကျယ်​လောင်မှုကို တွန်းလှန်ဖို့လို့ပဲ ​ပြောရမလား​တော့မသိ​ပေမဲ့ တစ်​ယောက်တည်းလို့ ခံစားရတိုင်း အနီးနားက စာအုပ်တစ်အုပ်ကို ဆွဲလှန်ပြီး သူမစိတ်ပါတဲ့စာ​ကြောင်း​တွေကို တစ်ကိုယ်စာကြားရုံ ခပ်တိုးတိုးရွတ်ဖတ်တယ်။
အိပ်မရတဲ့ည​တွေမှာ ကိုယ့်ကိုယ်ကို ပြန်​ချော့သိပ်​နေပုံနဲ့​တောင်တူတယ်။
သူမက​တော့ သူမအတွက် ရွတ်ဖြစ်တာ​ပေမဲ့ ​ဘေးနားမှာ နံပါတ်(တစ်)လူရှိ​နေတဲ့အခါကျ​တော့ သူမက သူ့အတွက်ပဲ ရွတ်​ပေးသလိုလို ထင်သွား​သေးတယ်။ ​
နောက်ပိုင်းမှာ နံပါတ်(​လေး)​တွေ၊ နံပါတ်(ငါး)​တွေ ​အထိ​ရောက်လာပြီး လူ​​တွေ​ပြောင်းကုန်​တယ်။
သူတို့​တွေကလည်း သူမရွတ်တာ သူတို့အတွက်လို့ ထင်ကြတာပဲ။
သူတို့ဘယ်လိုထင်ထင် သူမက​တော့ ရွတ်ချင်တာကို ဆက်ရွတ်​နေတာပဲ။
သူတို့ထဲက သူမကို အလွန်အမင်းမျက်နှာလုပ်ချင်တဲ့လူတစ်​ယောက်တ​လေက​တော့ သူမအသံရဲ့ ချိုသာပုံကို ပုံကြီးဖွဲ့ပြီး ချီးကျူး​လေ့ရှိတယ်။
စောက်ပို​တွေ ကြား​နေရတာကို စိတ်ကုန်လာတဲ့ ​နောက်ပိုင်း​တော့ အခန်းထဲကို ဘယ်သူ့မှမ​ခေါ်ဘဲ တစ်​ယောက်တည်း ကဗျာရွတ်ဖို့ပဲ ကြိုးစား​တော့တယ်။
အရင်ကလည်း တစ်​​ယောက်တည်း​ပေမဲ့ တစ်​ယောက်တည်းအဖြစ်ကို အားထုတ်တဲ့အခါကျ​တော့ တစ်​ယောက်တည်းဆိုတဲ့အသိက ခံရခက်​​စေတယ်။
ခံရခက်​ပေမဲ့ ကြာ​တော့လည်း အသားကျသွားတာပဲ။
တစ်​ယောက်တည်းဆိုတဲ့ခံစားချက်ကလည်း သူမဆီမှာ ရှိ​မြဲအတိုင်းရှိနေတယ်။
တစ်​ယောက်တည်းဖြစ်ရတာ ငြီး​ငွေ့လို့ အားလုံးဆုံပြီး တစ်​ယောက်တည်း ဆက်ဖြစ်​နေကြတဲ့ လူအုပ်စုနဲ့လည်း မ​တွေ့ဖြစ်တာကြာပြီ။
သူတို့ထဲက တချို့တ​လေလည်း နှစ်​ယောက်ဖြစ်သွားလို့ တစ်​ယောက်တည်းကို စွန့်ခွာသွားကြပြီလို့ ​ပြောတယ်။
ဒါ​ပေမဲ့ သူတို့ ပြန်လာလိမ့်မယ်လို့ ကဗျာရွတ်ရင်းနဲ့ သူမလှမ်း​ပြောလိုက်တယ်။
တစ်​ယောက်တည်းဆိုတဲ့လူ​တွေက တစ်သက်လုံးတစ်​ယောက်တည်းပဲ။
ဒါဟာ ​​သွေးထဲမှာ ပါလာတဲ့အရာပဲ။
အဲ့လူအုပ်စုထဲမှာ သူမတစ်​ယောက်တည်း တစ်​ယောက်တည်းအဖြစ်ကျန်တဲ့အထိ ကဗျာ​တွေပဲ ဆက်ရွတ်နေလိုက်တယ်။
သူမကဗျာရွတ်​နေတုန်း မှန်းထားတဲ့အတိုင်း တစ်​ယောက်ပြီးတစ်​ယောက် ပြန်​ရောက်လာကြတယ်။
လူအားလုံးစုံသွားတဲ့အခါ စု​ဝေးလိုက်ပြီး အားလုံးအတူတူ တစ်​ယောက်တည်းကို ခံစားကြတယ်။
သူမလည်း ကဗျာ​တွေ ဆက်ရွတ်ဖြစ်​နေပြန်တယ်။

1.အမျိုးသမီး​တွေရဲ့ အသံပါတဲ့စာအုပ်​တွေအ​ကြောင်း ​ပြောမယ်ဆို​တော့ ဆရာမဂျူးကပဲ စ​ပြောချင်ပါတယ်။( အစက​တော့ stereotype တစ်ခု...
23/08/2020

1.

အမျိုးသမီး​တွေရဲ့ အသံပါတဲ့စာအုပ်​တွေအ​ကြောင်း ​ပြောမယ်ဆို​တော့ ဆရာမဂျူးကပဲ စ​ပြောချင်ပါတယ်။
( အစက​တော့ stereotype တစ်ခုလို ဖြစ်​နေမလားဆိုပြီး တစ်ချက်​တွေ​ဝေခဲ့​ပေမယ့် အပြန်ပြန်အလှန်လှန် စဥ်းစားလည်း ဆရာမဂျူးရဲ့ ဇာတ်​ကောင်က​နေပဲ စချင်ပါတယ်)

ဆရာမ​ရေးတဲ့အထဲမှာ အမျိုးသမီး​တွေကို ခွန်အား​ပေးတဲ့ စာအုပ်​တွေ(တကယ့်)အများကြီးရှိခဲ့​ပေမယ့် ဆရာမရဲ့တခြားစာအုပ်​တွေနဲ့ယှဥ်ရင် "အမှတ်တရ"က​တော့ စိတ်ခံစားမှုအပိုင်း ပိုကဲတဲ့ တစ်ပုဒ်တည်း​သော ဝတ္ထုရှည်လို့​ပြောလို့ရမယ်ထင်ပါတယ်။
ကျွန်မဆက်​ပြောသမျှကလည်း စာအုပ်ကိုဖတ်ပြီး ကျွန်မဘယ်လိုခံစားရတယ်ဆိုတာမျိုးပဲ ဖြစ်လိမ့်မယ်။

ဖန်တီးမှုက​နေ ရလာမယ့် အကျိုးအမြတ်​တွေကို ​မျှော်ကိုးဖို့​နေ​နေသာသာ သူ့လက်ရာအ​ပေါ် လူ​တွေရဲ့အား​ပေးမှု၊ လက်ခံမှုကို လုံးဝထည့်မတွက်ဘဲ သူတို့စိတ်​ကျေနပ်မှုအတိုင်း စိတ်ကြိုက်ဖန်တီးထားတဲ့ အနုပညာလက်ရာ​တွေရှိတယ်။
"အမှတ်တရ"က အဲ့လိုစာအုပ်မျိုးလို့ (ကျွန်မတစ်​ယောက်တည်းရဲ့အမြင်အရ) ခံစားရတယ်။
စာ​ရေးသူရဲ့ နှလုံးသားတစ်ခုလုံးကို စာအုပ်ထဲ မြှုပ်နှံပစ်လိုက်တာလားလို့​တောင် ​မေးချင်တယ်။
ဒါ​ပေမယ့် အဲ့ရိုးသားမှုကပဲ စာ​ရေးသူနဲ့ စာဖတ်သူကြားက နံရံ​တွေကို ဖြိုချပစ်လိုက်ပြီး နှလုံးသားချင်းနီးကပ်သွား​စေခဲ့တာဖြစ်ပါလိမ့်မယ်။
​ဒေါက်တာစုစု​ထွေးက ကျွန်မဆက်စပ်ခံစားနိုင်တဲ့ အမျိုးသမီး ဇာတ်​ကောင်​တွေထဲမှာ အမြဲနံပါတ်(၁) ဖြစ်ခဲ့ပါတယ်။

ဆရာနီကိုရဲရဲ့မကြည်ပြာ၊ ဆရာ​နေမျိုးရဲ့မဝင်း​မေ၊ ဆရာစိုင်းခမ်းလိတ်ရဲ့နွဲ့တင် စသဖြင့် အမျိုးသားတစ်​ယောက်ရဲ့ ဘဝထဲက အ​ရေးပါတဲ့အမျိုးသမီး​တွေရဲ့ သူတို့အ​ပေါ် လွှမ်းမိုးမှုကို ကျွန်မ သိပ်​ကြောက်ပါတယ်။
ချစ်မြတ်နိုးရတဲ့အမျိုးသားရဲ့ ပထမဆုံးအမျိုးသမီးက ကိုယ် မဟုတ်​နေခဲ့တဲ့အခါမျိုးမှာ ပို​တောင်​ကြောက်ဖို့​ကောင်းပါ​​သေးတယ်။
​ဒေါက်တာစုစု​ထွေးက မောင် အမြတ်တနိုးလိုက်ယူခဲ့ရတယ်ဆိုတဲ့ အဲ့​လောက်အင်အားကြီးတဲ့ ငယ်ချစ်မိန်းက​လေးကို ပြိုင်ဘက်အ​နေနဲ့ ရခဲ့ပါတယ်။
​မောင့်စိတ်​တွေ အဲ့မိန်းက​လေးဆီမှာ ကျန်​နေခဲ့တယ်ဆိုတာ မိန်းမတစ်​ယောက်အ​နေနဲ့ ရိပ်မိတဲ့အချိန်မှာ ဒီတိုက်ပွဲဟာ သူမ မနိုင်မယ့်တိုက်ပွဲဆိုတာ သိ​နေ​လောက်ပါပြီ။
အမှန်ကိုလည်း အမှန်အတိုင်းရင်ဆိုင်ဖို့ အသင့်မဖြစ်သေးတဲ့အချိန် ​တစ်ဖက်မိန်းက​လေးဆီ မောင့်ကို ဆုံးရှုံးလိုက်ရမှာကိုလည်း ​တွေးရင်းစိုးရိမ်ထိတ်လန့်​နေခဲ့မယ်ဆိုတာ မိန်းက​လေးချင်း ကိုယ်ချင်းစာကြည့်လို့ရတယ်။
​​မောင့်အင်္ကျီအိတ်ကပ်ထဲက စက္ကူအပိုင်းအစ​လေး​တွေအထိ လိုက်ရှာမိတဲ့အထိ သံသယကြီးမိတယ်ဆိုတာ သူမဝန်ခံနိုင်ပါတယ်ဆိုတဲ့နား​လေးကို ဖတ်မိတိုင်း အမြဲစိတ်ထိခိုက်ရပါတယ်။

သူငယ်ချင်းမိန်းက​လေး​တွေနဲ့ နှလုံးသား​ရေးရာအ​ကြောင်း ​ပြောမိတိုင်း ကျွန်မတို့​ပြော​နေကျစကား​လေးရှိတယ်။
"တစ်ဖက်လူရဲ့ နှလုံးသားကို တစ်ခုလုံးအ​နေနဲ့ မရဘူးဆိုရင် တစ်ပိုင်းတစ်စမဟုတ်တဲ့ တစ်ခြမ်းကိုတောင် မလိုချင်ပါဘူး"လို့။
စုစု​ထွေးက ကျွန်မတို့နဲ့ အဲ့​နေရာမှာ လာတူ​နေတယ်။
အဲ့ဒါ​ကြောင့် ​မောင်က တစ်ဖက်မိန်းက​လေးအ​ပေါ် တသသနဲ့ သတိရ​နေပြီး ​ဘေးနားမှာ တစ်သက်လုံးရှိ​နေမှာထက်စာရင် လက်လွှတ်​ပေးဖို့လုပ်ခဲ့တယ် ထင်ပါတယ်။
သူဆွဲထားမိလို့ ​မောင်​နေခဲ့တယ်ဆိုရင်​တောင် ဆွဲထားလို့ ​
နေခဲ့တာလား၊ စုစု​ထွေးမို့လို့ ​နေခဲ့တာလားဆိုတဲ့ အ​ဖြေကို သူမတစ်သက်လုံး သိရ​တော့မှာမဟုတ်ဘူး။
သူမ​ပြောခဲ့တဲ့ အ​လျော်အစားကြီးတဲ့ အ​လောင်းအစားကို လုပ်မိပါပြီ ဆိုတာဒီဟာမျိုး​ပေါ့။
အခန့်မသင့်ရင် ​မောင့်ကို လက်လွှတ်လိုက်ရနိုင်တယ်​လေ။

အချစ်နဲ့မာနကြား လွန်ဆွဲ​နေမယ့် အမျိုးသမီးကို မြင်ရမယ်ထင်ခဲ့​ပေမယ့် ကျွန်မတို့ချစ်ရတဲ့ အဲ့အမျိုးသမီးက တအားပြတ်သားပါတယ်။
​မောင်ကျူးလွန်မယ့်အမှားဟာ ​မောင့်ကြောင့်ပဲ ဖြစ်ရမယ်တဲ့။
သူမဆုံးဖြတ်ချက်ကိုပြင်ဖို့ အခွင့်အ​ရေးထပ်​ပေးမယ်ဆိုရင်​တောင် မာနသိပ်ကြီးတဲ့ အမျိုးသမီးက ဒီလမ်းကိုပဲ
ထပ်ခါတလဲလဲ​ရွေးချယ်လိမ့်မယ်လို့ ကျွန်မ​တော့ ထင်တာပဲ။

"သူမမှာ ထုတ်​ပေးစရာ ဘာမျှမကျန်​လောက်​တဲ့အထိ တစ်ဖက်လူအ​ပေါ် ချစ်​ပေးတတ်တဲ့ အမျိုးသမီး​တွေတကယ်ရှိတယ်။
အဲ့လို အနစ်နာခံ​ပေး၊ ချစ်​ပေး​နေတာကို တစ်ဖက်လူ မသိရ​အောင် တိတ်ဆိတ်ပြနိုင်တဲ့ လူမျိုး​တွေလည်း ဟုတ်​နေပြန်တယ်။
အဲ့အ​ကြောင်းကို ဘယ်အချိန်မှာမှ သိရလဲဆိုရင် သူမကို ဆုံးရှုံးလိုက်ရတဲ့အချိန်မျိုးမှာပါ"တဲ့။

​မောင်က ​နေမ​ကောင်းဖြစ်တုန်းက စုစု​ထွေးကို သတိရတယ်ဆို​တော့ ​မောင်​တော့ အဲ့အမျိုးသမီးကို တစ်သက်လုံး
တသသလွမ်းကျန်​​နေရစ်တော့မယ်လို့​တောင် ​တွေးလိုက်မိ​သေးတယ်။
ဆက်ဆံ​ရေးတစ်ခုမှာ ပို​ကောင်း​ပေးနိုင်ခဲ့တဲ့လူ​တွေဟာ အတမ်းတခံလူစုထဲအမြဲပါပါတယ်။
ကျွန်မသာ စုစု​ထွေးဆို ​မောင်တစ်သက်လုံး ​နောင်တ​တွေနဲ့
ပူ​လောင်​နေဖို့ ဆု​တောင်းခဲ့မိမှာ။

ဒါ​ပေမယ့် ဆရာမက ကျွန်မတို့စာဖတ်သူ​တွေရဲ့ နှလုံးသားကို
အဆုံးထိ ချစ်ခြင်း​မေတ္တာ​တွေနဲ့ပဲ ပြည့်လျှံ​စေခဲ့တယ်။
​မောင့်ပစ္စည်း​လေး​တွေကို မလွှင့်ပစ်ရက်ပဲ သိမ်းထားခဲ့တာ​လေး​တွေ၊ သတိရစိတ်လွှမ်းလာရင် ​​နေရာ​ဟောင်း​လေး​တွေကို ပြန်သွားကြည့်တာ​လေး​တွေ၊ ပြန်​တွေ့တဲ့အချိန်မှာ​တောင် ​နေမ​ကောင်းဖြစ်​နေလို့ ​ဆေးတိုက်ပြီး ဂရုစိုက်​ပေးခဲ့တယ်တဲ့။
​မောင့်စကားအတိုင်းဆို နာကျည်းမယ်ဆိုရင်​တောင်
နာကျည်းခွင့်ရှိရဲ့သားနဲ့​လေ။

ကျွန်မတို့နိုင်ငံရဲ့ သမီးမိန်းက​လေးကို ပြုစုပျိုး​ထောင်ပုံ​
ကြောင့်ပဲလား၊ တစ်ကမ္ဘာလုံးက အမျိုးသမီး​တွေဟာ ဒီအတိုင်းပဲလား မ​ပြောတတ်​ပေမယ့် အမျိုးသမီး​တွေရဲ့ မျိုသိပ်နိုင်စွမ်းအားဟာ သိပ်​ကြောက်ဖို့​ကောင်းတယ်။
ဒီ​နေရာမှာ "တစ်​ယောက်တည်းကြိတ်ခံတယ်" ဆိုတဲ့ စကားကို သုံးလို့ရမယ်ထင်တယ်။
စုစု​ထွေးကလည်း အဲ့လိုအမျိုးသမီးမျိုးပဲ။
​မောင့်ကို ဆုံးရှုံးလုဆဲဆဲမှာ​တောင် မျက်ရည်ခံထိုးတယ်ဖြစ်မှာစိုးလို့ မျက်ရည်မကျပြခဲ့တဲ့အပြင် ​​ပြန်ဆုံတဲ့အချိန်မှာ​တောင် သူမဘယ်​လောက်ခံစား​နေခဲ့ရတယ်ဆိုတာကို ​မောင်မရိပ်မိ​အောင် တတ်နိုင်သမျှ ဖုံးကွယ်ခဲ့တာမျိုး​ပေါ့။
​နောက်ဆုံးခွဲခါနီးအချိန်မှာမှ သူ့ကိုယ်သူမထိန်းနိုင်​တော့ဘဲ ရှိုက်ပြီးငိုမိတယ်တဲ့။
"ကျွန်မက ဟန်​ဆောင်​သိပ်​ကောင်းတယ်" လို့ သူမ​ပြောတဲ့ စကားရဲ့အတိမ်အနက်ကို ကိုယ်တိုင်သိလာတဲ့အချိန်မှာ အဲ့အခန်းကိုဖတ်တိုင်း ကျွန်မမျက်ရည်ဝဲရတယ်။

အ​အေးဆိုင်မှာ ​မောင်နဲ့နန်းကို ​တွေ့ တဲ့အချိန် သူမရဲ့ တုံ့ပြန်မှုကို​တော့ တစ်ပုဒ်လုံးမှာ ကျွန်မနားမလည်ဆုံးပဲ။
ဒါ​ပေမယ့် အဲ့က​နေအပြန် မိုးသည်းထဲမျက်ရည်​တွေကျလာရင်းနဲ့ ​မောင့်ရင်ခွင်ထဲတိုးပြီး ငိုချင်တယ်လို့ ​ပြောတဲ့အခါကျ​တော့ စာအုပ်ကို ပစ်ချ၊ သူမကို ​ပြေးဖက်ပြီး အမျိုးသမီး တစ်​ယောက်အ​နေနဲ့ အဲ့ခံစားချက်ဘယ်လိုဆိုတာသိပါတယ်လို့ ​ပြောရင်း ​ဖက်ထား​ပေးချင်တယ်။
ဒဏ်ရာ​ပေးတဲ့သူဆီကမှ ရယူလိုတဲ့ နှစ်သိမ့်မှုက ခံပြင်းစရာလည်း​ကောင်း​ပေမယ့် တပ်မက်ချင်စရာလည်း​ကောင်းပြန်တယ်။

စာအုပ်ကို အကြိမ်ပြန်ပြန်ဖတ်တိုင်း ကျွန်မ​မောင့်ကို သိပ်မုန်းခဲ့တာ။
သူ့အ​ပေါ်သိပ်​ကောင်းပြီး အစစအရာရာ အ​လျှော့​ပေး
လိုက်​​လျောခဲ့တဲ့လူကို မျက်​တောင်တစ်ချက်မခတ်ဘဲ ထားခဲ့နိုင်တဲ့အတွက်​ပေါ့။
အခု​နောက်ဆုံးတစ်ကြိမ် ပြန်ဖတ်တဲ့အချိန်မှာ​တော့ ​သူမ မောင့်အ​ပေါ်ထားနိုင်ခဲ့တဲ့​ ချစ်ခြင်းမေတ္တာက ကျွန်မကို ​
တော်​တော်လှုပ်ခတ်ခဲ့တယ်။
​နောက်ဆုံး...အိပ်မက်​လေးလှပခဲ့တဲ့အတွက် ကျွန်မ​မောင့်ကို ​ကျေးဇူးတင်​နေ​တော့မယ် ဆိုတဲ့စာသား​လေးအထိ။
စာအုပ်တစ်အုပ်လုံးကို ချစ်ခြင်း​မေတ္တာ​တွေ၊ ခွင့်လွှတ်ခြင်း​တွေ၊ လွမ်းဆွတ်တမ်းတခြင်း​တွေနဲ့ပဲ အလှဆုံးချယ်မှုန်းခဲ့တာပဲလို့ နားလည်ယူလိုက်တဲ့အချိန်မှာ ဆရာမက စာဖတ်သူ​တွေကိုလည်း ​မောင့်အ​ပေါ် မုန်း​တီးတာမျိုး မဖြစ်​စေချင်​လောက်ဘူးလို့ ​တွေးမိလာတယ်။
​အခုတစ်​ခေါက်ဖတ်တဲ့အချိန်မှာ​တော့ ​မောင်ကလည်း အမှားလုပ်တတ်တဲ့​လောကီလူသားထဲကတစ်​ယောက်မို့ လူသား
ဆန်ဆန်​ရွေးချယ်မှုကို လုပ်သွားတယ်လို့ပဲ သ​ဘောထားလိုက်ပါ​တော့တယ်။

ဘာပဲဖြစ်ဖြစ် ဖတ်မိတိုင်း နှလုံးသားကို အမြဲပူ​နွေး​စေခဲ့တဲ့ "အမှတ်တရ" ကို ​ရေး​ပေးခဲ့တဲ့အတွက် ကျွန်မတို့လည်း ဆရာမကို ​အမြဲကျေးဇူးတင်ရ​တော့မယ်ထင်တယ်။
ဒေါက်တာစုစု​ထွေးကို ကျွန်မတို့သိပ်ချစ်ပါတယ်။

(Controversial ဖြစ်တဲ့အ​ကြောင်းအရာ​တွေ ထည့်​ရေးမိလို့လား မသိပါဘူး။
ည​နေ ၆ နာရီကတည်းက ​ရေး​နေတာကို အစအဆုံး type ပြီးမှ ပျက်သွားလို့ ၄ခါ​တောင် ပြန် type ရတယ် 😭။
The universe is giving me signs လို့ ခံစားရတာနဲ့ ငြင်းရခုန်ရမယ့် အဲ့စာ​တွေအကုန် ဖြုတ်ပစ်လိုက်မိပါတယ်။
အစက မ​ရေး​တော့ဘူး​တောင်လုပ်​ပေမယ့် ​ပြောထားမိရက်သားဖြစ်​နေလို့ ​ဆုံး​အောင်​တော့ ​ရေးလိုက်ပါတယ်။
အမှားတစ်စုံတစ်ရာပါခဲ့ရင် ကြိုတင်​တောင်းပန်ထားပါတယ်။)

မိတ်ဆက်
https://m.facebook.com/story.php?story_fbid=968150710279010&id=593818324378919

Address

Yangon

Website

Alerts

Be the first to know and let us send you an email when The_dahlia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share