Skyward Film Myanmar

Skyward Film Myanmar We are a team of young talented professionals with a wide range of skills and experiences. We love what we do, and we do it with passion.

We are looking forward to working with you for your precious projects. Our Production Produce, Feature Films, Short Film,
NGO Films, Music videos, Documentary Film, TV Commercial,
News & Media.

07/02/2026

ညမွှေးပန်း (သို့) အိပ်မက်ထဲကမိန်းမလှလေး
==============================
ပြည့်ဇော်ဖြိုး
24.1.2026 (Sat)

(စာရှည်တဲ့အတွက် အချိန်ယူပြီးအေးအေးဆေးဆေး
ဖတ်ဖို့ အကြံပြုလိုပါတယ်ခင်ဗျာ။)

"ဟိုးလွန်ခဲ့တဲ့ အနှစ် (၂၀) လောက်က
ကျွန်တော့်သီချင်းလေးတပုဒ်အကြောင်းကို
ပြောပြလိုပါတယ်။ အဲဒီအချိန်က ကျွန်တော်က
သီချင်းသိပ်ဆိုချင်တာ။ သီချင်းကလည်းမရှိဘူး။

ဒါနဲ့ ပြင်ဦးလွင်ဓာတ်မီးတိုင်အောက်မှာ
လူငယ်လေးတွေဆိုကြတဲ့ သီချင်းလေးကို
ကျွန်တော့်ညီ ပြင်ဦးလွင်သားလေးဆီက
ကျွန်တော်ရလိုက်တယ်ဗျာ။

ဒါပေမယ့် စာသားက နည်းနည်း
နည်းနေတယ်ဗျ။ တပိုဒ်လောက်လိုနေတယ်။
အဲဒါနဲ့ကျွန်တော်က ဂီတစာဆိုကိုလေးလွင်ကို
သီချင်းလေး တပိုဒ်လောက်
ထပ်ဖြည့်ရအောင်ဆိုတော့ ကိုလေးလွင်က
"မျှော်လင့်ချက် အပြည့်အဝနဲ့...
နေရာတကာပဲရောက်..." ဆိုတဲ့
စာသားလေးကိုဖြည့်ပေးလိုက်တယ်။

အဲဒီသီချင်းကို ထုတ်လွှင့်လိုက်တဲ့အခါမှာ
လူငယ်လေးတွေကြိုက်သွားကြတာပေါ့ဗျာ။
အဲဒါနဲ့ နေရာတကာမှာ
ကျွန်တော့်ကို ဆိုခိုင်းကြတယ်။
ဘယ်ရမလဲ... ကျွန်တော်ကလည်းဆိုတာပေါ့။
နားထောင်ကြည့်ပါနော်။"
==============================

အပေါ်က ရေးထားတဲ့ စကားတွေဟာ
(သန်းနိုင်၊ ပုလဲ (ရွှေရောင်အတ္ထုပ္ပတ္တိ / ၁၉၉၄) )
တေးစီးရီးထဲမှာ ညမွှေးပန်းသီချင်းအတွက်
ပလေးဘွိုင်(ဦး)သန်းနိုင်ပြောခဲ့တဲ့
အမှတ်တရစကားတွေ ဖြစ်ပါတယ်။

ကျွန်တော်ငယ်ငယ် (၁၉၉၅) ဝန်းကျင်က
အိမ်မှာ အဖိုးနားထောင်တဲ့
ကက်ဆက်လေးတလုံးရှိတယ်။
ကျွန်တော်တို့လည်း ကျောင်းပိတ်ရက်ဆို
အဖိုးကက်ဆက်လေးနဲ့ အဖိုးမှာရှိတဲ့
သီချင်းခွေတွေ ယူယူဖွင့်တာပေါ့။
ကလေးဆိုတော့ သီချင်းရယ် ဘာရယ်
မခံစားတတ်သေးပါဘူး။
ကက်ဆက်ခွေတွေထပ်ပြီး
တိုက်ဆောက်တမ်းကစားရင်းနဲ့
ယူဆော့ရုံသက်သက်ပေါ့။

မှတ်မှတ်ရရဆိုရင် ဇော်ဝင်းထွဋ် Emperor
ဆိုတဲ့ ကနုတ်စာလုံးမျက်နှာဖုံးနဲ့
(ဆေးဆိုးပန်းရိုက်မျက်နှာ)အခွေရယ် ၊
ဂဏန်းကျောပေါ်မှာ မျက်လုံးကြီးနဲ့
ဗဒင် (နေရာ) ဆိုတဲ့အခွေရယ်ပေါ့။
အပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း... တို့ ၊
ဒို့ကတော့... ဒို့ကတော့... တို့ကို
ဘုမသိ ဘမသိ လိုက်အော်ဆိုတဲ့အရွယ်ပေါ့။

အဲဒီထဲမှာမှ နောက်ထပ်မှတ်မှတ်ရရတခွေက
ဦးလေးကြီးတစ်ယောက်နဲ့
အန်တီကြီးတစ်ယောက်ရဲ့မျက်နှာပုံ မျက်နှာဖုံးနဲ့
ပလေးဘွိုင်သန်းနိုင် ၊ ပုလဲ
ရွှေရောင်အတ္ထုပ္ပတ္တိ ဆိုတဲ့ အခွေပေါ့။

ဘာကြောင့်မှတ်မှတ်ရရဖြစ်ရလဲဆိုတော့
သီချင်းတစ်ပုဒ်စီတိုင်း မစခင်မှာ ပြောတဲ့
အမှတ်တရစကားလေးတွေကြောင့်ပဲ။
အဲဒီခေတ်တုန်းက အဲဒီအမှတ်တရစကားထည့်ဖို့
အိုင်ဒီယာကို ဘယ်သူပေးလိုက်လဲတော့မသိဘူး။
တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်။
အခုအချိန်အထိ အဲဒီစိတ်ကူးလေးက
ဆန်းပြီးတော့ ခေတ်မှီနေတုန်းပဲ။
ပြီးတော့ ချစ်စရာလည်းကောင်းတယ်။

ဒီလိုနဲ့ နောက်ထပ် နှစ် (၃၀) အကြာမှာ
ကျွန်တော်ဟာရုပ်ရှင်ရိုက်တဲ့သူတစ်ယောက်
ဖြစ်လာခဲ့ပါတယ်။

ပထမဆုံးရုပ်ရှင်ဇာတ်ကားရှည်ကို
၂၀၁၈ မှာ ရိုက် ၊ ၂၀၁၉ မှာ ရုံတင်ခဲ့ပြီးတော့
၇ နှစ် အကြာ ၂၀၂၅ ခုနစ်မှာ
ဒုတိယရုပ်ရှင်ကားရိုက်ဖို့
ဖြစ်လာတဲ့အခါ ​ခေတ်ကိုလည်းထင်ဟပ်၊
လူငယ်တွေကိုလည်းအခြေခံတဲ့
အချစ်ဇာတ်လမ်းရုပ်ရှင်တစ်ကား
ရိုက်ဖြစ်ခဲ့ပါတယ်။
အဓိကဇာတ်ကောင်တွေက
Bar မှာ တီးကြဆိုကြတဲ့ ဂီတသမားလေးတွေပေါ့။

ကျွန်တော်က ဇာတ်လမ်း၊ ဇာတ်ညွှန်း၊
ဒါရိုက်တာဖြစ်တဲ့အတွက်
ရုပ်ရှင်ထဲမှာထည့်မယ့် Element တွေ
အားလုံးကို သေသေချာချာ
စဥ်းစားရပါတယ်။ ရွေးချယ် ဆုံးဖြတ်ရပါတယ်။

ဇာတ်ကောင်တွေနဲ့ ဇာတ်ကွက်တွေက
Bar မှာ တီးတဲ့ဂီတဝိုင်းက လူငယ်တွေ
ဖြစ်တဲ့အတွက် သီချင်းတွေသေချာရွေးရပါတယ်။

စိတ်မကောင်းစရာတခုက
အခုလက်ရှိ Bar တွေမှာ ပေါက်နေတဲ့
သီချင်းဟောင်းတွေ တော်တော်များများက
Copy သီချင်းတွေ ဖြစ်နေတာပါပဲ။
(ခေတ်အခြေအနေအရ
Copy ရေးဖြစ် ဆိုဖြစ်ခဲ့တဲ့ ပညာရှင်တွေကို
ကျွန်တော်စော်ကားလိုစိတ် လုံးဝမရှိပါ။
ခေတ်ကြောင့်ဆိုတာ နားလည်ပါတယ်။
ကျွန်တော်လည်း အရမ်းကြိုက်တဲ့သီချင်းတွေ
အများကြီး ရှိပါတယ်။ 🙏🙏🙏)

ပြည်တွင်းမှာရုံတင်ပြသရုံလောက်နဲ့
ကျေနပ်မယ်ဆို ပြဿနာမရှိ ၊
ကြိုက်တဲ့သီချင်း သုံးလို့ရပေမယ့်
နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေ
နိုင်ငံတကာဖြန့်ချိရေးတွေနဲ့
အလုပ်လုပ်ရတဲ့အခါမှာ
ဥာဏမူပိုင်ခွင့်ကိစ္စတွေဟာ
အရမ်းအရေးကြီးသလို
ပြဿနာလည်းကြီးပါတယ်။

ကျွန်တော့်ရုပ်ရှင်အတွက်လိုအပ်နေတာက
အခုအချိန်အထိလည်း Bar တွေမှာ
ပေါက်နေရမယ်။ ဇာတ်နဲ့လည်း လိုက်ရမယ်။
Copy လည်း မဖြစ်ရဘူး။
ဒီအချက်တွေနဲ့ ကိုက်ညီတဲ့ သီချင်းပါ။
လ နဲ့ ချီအောင် တော်တော်ရှာရပါတယ်။
ကြိုက်လိုက် ၊ Copy ဖြစ်လိုက် ၊
ကြိုက်လိုက် ၊ Copy ဖြစ်လိုက်နဲ့ပါ။

အဲဒီထဲမှာ ကျွန်တော်လိုက်ရှာရင်းနဲ့
တွေ့လိုက်တဲ့သီချင်းက ညမွှေးပန်း သီချင်းပါ။
Copy ဟုတ်၊ မဟုတ် အကြိမ်ကြိမ်စစ်ပါတယ်။
လက်လှမ်းမှီသမျှ လိုက်စုံစမ်းပါတယ်။
ပလေးဘွိုင်(ဦး)သန်းနိုင် ရဲ့ အင်တာဗျူးတွေ
လိုက်ရှာကြည့်ပါတယ်။
အချက်အလက်တွေ ရှာပါတယ်။
Copy ဖြစ်နေကြောင်း မတွေ့ရပါဘူး။
တခြားနိုင်ငံတွေမှာရှိတဲ့
ကျွန်တော့်မိတ်ဆွေ Agent တွေကို
စုံစမ်းပါတယ်။ မတွေ့ပါဘူး။

ဒီလိုနဲ့ ညမွှေးပန်း သီချင်းကို
ကျွန်တော်စိတ်ချလက်ချ
တရားဝင် အသုံးပြုခဲ့ပါတယ်။
ကျွန်တော်လည်းအရမ်းကြိုက်ပါတယ်။
ရုပ်ရှင်နဲ့လည်း အရမ်းလိုက်ပါတယ်။

သီချင်းရဲ့ Tempo က
ဘဝထဲက ပျောက်ကွယ်သွားတဲ့ တစုံတယောက်ကို
လိုက်ရှာနေရတဲ့အချိန် မောပန်းနေတဲ့
ခံစားချက်မျိုး ရပါတယ်။
"ဖွေရှာသူမောလို့ ငိုရလိမ့်မယ်...
ဖွေရှာသူမောလို့... အို... ဟိုး ဟို... ငိုရလိမ့်မယ်...
အိပ်မက်ထဲကမိန်းမလှလေးရယ်...
ရှောင်ပြေးလို့ ပုန်းနေသလားကွယ်..." ဆိုတဲ့
စာသားတွေအတွက်
အမည်မသိဆရာသမားတွေကို
အကြိမ်ကြိမ်ချီးကျူးရသလို
"မျှော်လင့်ချက်အပြည့်အဝနဲ့
နေရာတကာပဲရောက်...
ရောက်တိုင်းလည်း မျက်ရည်တလည်လည်..."
ဆိုတဲ့ စာသားတွေအတွက်လည်း
ဆရာဂီတစာဆိုကိုလေးလွင်ကို
ကျေးဇူးတင်ရပါတယ်။

ကျွန်တော် အကြိုက်ဆုံးက ညမွှေးပန်း သီချင်းရဲ့
Bass လိုင်းပါ။
"တန်... ဒန်... ဒန့်... တန်... ဒန်
တန်... ဒန်... ဒန့်... တန်... ဒန်" ဆိုတဲ့
Bass သံ ကြားတာနဲ့ ညမွှေးပန်း မှန်း
တန်းသိလောက်အောင် ထင်ရှားပါတယ်။

ရာစုနှစ်နီးပါးသက်တမ်းရှိတဲ့ ညမွှေးပန်း နဲ့
အခုအချိန်အထိ
Bar မှာလည်း မူးပြီး ကကြပါတယ်။
DJ Remix တွေလည်း လုပ်ကြပါတယ်။
နာမည်ကျော်အဆိုတော်တွေလည်း
ခေတ်အဆက်ဆက် ပြန်ဆိုကြပါတယ်။
အဆောင်ရှေ့မှာလည်း မပါမဖြစ်ပါ။
ဂစ်တာတီးတတ်ကာစသူတွေလည်း
ကော့ဒ်ကိုင်ရတာလွယ်ပါတယ်။
Am C G ထဲမှာ ပတ်ကိုင်နေရုံပဲ။
(လက်ခတ် Pattern တော့
နည်းနည်းစားနိုင်တယ် 😅)

ဒီလိုနဲ့ ငယ်ငယ်က အဖိုးကက်ဆက်ခွေအပုံထဲက
သီချင်းလေးတပုဒ်ဟာ ကျွန်တော့်ဘဝရဲ့
တစိတ်တပိုင်း ဖြစ်လာခဲ့ပါတယ်။

ဒီဇာတ်ညွှန်းကိုစရေးတဲ့ ၂၀၂၄ ကနေ စပြီးတော့
Pre-Production ၊ Production ၊
Post-Production နဲ့ အခု ဒီ Post ရေးနေချိန်အထိ
ညမွှေးပန်းကို ကျွန်တော် တောက်လျှောက်
နားထောင်ဖြစ်ပါတယ်။
Version ပေါင်းစုံ နားထောင်ဖြစ်ပါတယ်။

Digital နဲ့ Online ပေါ်က နားထောင်ရတာ
အားမရလို့ ငယ်ငယ်က မူရင်းအခွေကို
ပြန်နား​ထောင်ချင်လာတဲ့အခါ
ညီမလေး ပန်းရောင်ခြယ်က
ဂီတချစ်သူတစ်ယောက်ဖြစ်တဲ့ သူ့မိတ်ဆွေ
ကိုနိုင်ကျော်ဆီမှာ ရှိနိုင်ကြောင်းပြောတဲ့အခါ
ကိုနိုင်ကျော်ကြီးကို ဆက်သွယ်ပြီး
သွားတွေ့ဖြစ်ပါတယ်။
ငယ်ငယ်ကအခွေအတိုင်း တပုံစံထဲ
ကက်ဆက်ခွေရော ၊ CD ခွေပါ ရခဲ့ပါတယ်။
ကိုနိုင်ကျော်ကြီးအိမ်မှာလည်း
သီချင်းခွေတွေအကြောင်း
အမှတ်တရမှတ်တမ်းရိုက်ကူးဖြစ်ခဲ့ပါတယ်။
ကိုနိုင်ကျော်ကိုလည်း ကျေးဇူးတင်ကြောင်း
ပြောလိုပါတယ်ခင်ဗျာ။

ဒီလိုနဲ့ပဲ ကျွန်တော့်ရုပ်ရှင်ထဲမှာ ညမွှေးပန်းကို
Version ၅ ခုထပ်မနည်း တီးဖြစ်ပါတယ်။
မူရင်းအတိုင်း Tempo တထပ်ထဲ ၊
Note တထပ်ထဲ ၊ Instrument တထပ်ထဲ ၊
Version တွေ ပါသလို ၊

အကြိမ်ကြိမ်ပြန်ဆိုကြဖူးတဲ့ ညမွှေးပန်းကို
တခါမှ မတီးဖူးတဲ့ Version အသစ်တခုလည်း
ဖန်တီးဖြစ်ခဲ့ကြပါတယ်။

ညမွှေးပန်းသီချင်းအတွက် ကျေးဇူးတင်စရာမှာ
သူ့ဟာသူ Drum တီးနေရာကနေ
အတင်းခေါ်ပြီး သရုပ်ဆောင်ခိုင်းလို့
အဓိကဇာတ်ကောင်တယောက်ဖြစ်လာတဲ့ဗုံဗုံ ၊
သီချင်းတွေလည်းတီး ၊ သရုပ်ဆောင်လည်း
ဝင်လုပ်ပေးခဲ့တဲ့ Reborn တေးဂီတဝိုင်းက
KB - သူရိန်မှူး (မှုးကြီး) ၊ Bass - မင်းမြတ် ၊
Guitar - ကစ်ကစ် ၊ တေးဆို - ဥာဏ်ကြီးတို့ကို
မှတ်တမ်းတင်ရပါတယ်။
သီချင်းတွေ၊ ဂီတတွေနဲ့ပတ်သတ်ပြီး
ကျွန်တော်စိတ်ကူးယဥ်သမျှ
ဝိုင်းဝန်းဖန်တီးပေးခဲ့ကြသူတွေမို့ပါ။

၁၉၆၄ ၊ ၁၉၆၅ ဝန်းကျင်က စပြီးတော့
လူငယ်တွေလမ်းဘေးပလက်ဖောင်းမှာ
တီးခဲ့ကြတဲ့ ပလက်ဖောင်းသီချင်းလေး
ညမွှေးပန်း ဟာ နှစ် ၆၀ ကျော် ကြာတဲ့အထိ
လတ်ဆတ်နေဆဲ ၊ မွှေးပျံ့နေဆဲပါပဲ။
အမည်မသိ မူလဖန်တီးခဲ့သူတွေ ၊
ထပ်မံဖန်တီးဖြည့်စွက်ပေးခဲ့တဲ့
ဆရာ ဂီတစာဆိုကိုလေးလွင် ၊
မူလတေးသံရှင် ပလေးဘွိုင်(ဦး)သန်းနိုင်တို့ကို
ဂါရဝပြုပါတယ်။ 🙏🙏🙏

အနုပညာဖန်တီးမှုတခုကို
ရာစုနှစ်တခုနီးပါး လတ်ဆတ်နေအောင်
ဖန်တီးနိုင်ဖို့ဆိုတာ ကျွန်တော့်အတွက်တော့
စိတ်ကူးအိပ်မက်ပါပဲ။

ကျွန်တော်ရိုက်တဲ့ရုပ်ရှင်တွေဟာ
အခုရုံတင် ၊ တော်ကြာနေရုံချ
လမကူးခင် ဘယ်သူမှ သတိမရတော့တဲ့
ရုပ်ရှင်မျိုးဖြစ်မှာ သိပ်ကြောက်ပါတယ်။

ဒါကြောင့်ရုပ်ရှင်တကားကို
စရေးတဲ့အချိန်ကနေ
ပရိသတ်ရှေ့ရောက်တဲ့အချိန်ထိ
နှစ်နဲ့ချီအောင် ကျွန်တော်တို့
ကြိုးစားထားပါတယ်။

I wanna be your Lobster... လို့
နာမည်ပေးထားတဲ့ ကျွန်တော့်ရုပ်ရှင်ကို
မြန်မာနာမည်ပေးဖို့ဖြစ်လာတဲ့အခါ
#ညမွှေးပန်းကလေးရဲ့ကျောက်ပုစွန် လို့
ကျွန်တော်ပေးဖြစ်ခဲ့ပါတယ်။

တကယ့်ပန်း ညမွှေးပန်းကို ဆိုလိုတာ
မဟုတ်ပါဘူး။
ဘဝထဲကရုတ်တရက်ထွက်ခွာသွားတဲ့
ညမွှေးပန်းနဲ့တူတဲ့မိန်းကလေးကို
လိုက်ရှာတဲ့ ညမွှေးပန်း သီချင်းထဲက
အိပ်မက်ထဲကမိန်းမလှလေး ကို ဆိုလိုတာပါ။

ညမွှေးပန်းသီချင်းရဲ့ မူလနာမည်ကလည်း
#အိပ်မက်ထဲကမိန်းမလှလေး ဖြစ်ပါတယ်။
ပရိသတ်တွေတောင်းဆိုရင်းနဲ့
#ညမွှေးပန်း ရယ်လို့ နာမည်တွင်ခဲ့တာပါ။

လူရှေ့မထွက်ချင်တဲ့ ကျွန်တော့်ကို
Marketing Team က တခုခုပြောဖို့
တောင်းဆိုလာတဲ့အခါ ကျွန်တော်ဒီစာကို
ရေးဖြစ်ပါတယ်။
ကျွန်တော်ရိုက်ထားတာ Commercial ရုပ်ရှင်
ဖြစ်တဲ့အတွက် ဒီတောင်းဆိုမှုကို
ကျွန်တော်ငြင်းဆန်ရခက်ပါတယ်။
Investor ရဲ့ငွေကြေးအရင်းအနှီးနဲ့
ရိုက်ထားတဲ့ရုပ်ရှင်မို့ (သူများပိုက်ဆံနဲ့
ရိုက်ထားတဲ့ရုပ်ရှင်မို့) ကျွန်တော့်မှာ
တာဝန်ရှိပါတယ်။

လူမျက်နှာကြီးရှေ့ထွက်ပြီး Online ပေါ်မှာ
လူကြားကောင်းအောင် စောင်တလွဲတွေ
လျှောက်ပြောနေမယ့်အစား
ကျွန်တော်ချစ်ရတဲ့ဖန်တီးမှုတွေအကြောင်းပဲ
ကျွန်တော်ပြောချင်ပါတယ်။

ကျွန်တော်ပြောတဲ့စကားထက်
ကျွန်တော်ရိုက်တဲ့ရုပ်ရှင်က
တန်ဖိုးပိုရှိနေဖို့ ကျွန်တော်ကြိုးစားနေပါတယ်။

ပြည့်ဇော်ဖြိုး
24.1.2026 (Sat)

[ Video ထဲက သီချင်းကို နားထောင်ဖို့အတွက် Headphones Recommend ပါ ] 🎧

🇰🇷🦞🇲🇲——— 𝐈 𝐰𝐚𝐧𝐧𝐚 𝐛𝐞 𝐲𝐨𝐮𝐫 𝐋𝐨𝐛𝐬𝐭𝐞𝐫…———🇲🇲🦞🇰🇷


#ညမွှေးပန်းကလေးရဲ့ကျောက်ပုစွန်…
#ပန်းရောင်ခြယ် #ဟင်နရီစံ #ဗုံဗုံ
#ပြည့်ဇော်ဖြိုး
#ညမွှေးပန်း

Address

No. (53), First Floor (A), Yadanar Thukha Street, Thin Gan Gyun Township
Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959886877677

Alerts

Be the first to know and let us send you an email when Skyward Film Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Skyward Film Myanmar:

Shortcuts

Share