31/10/2024
လူသားတိုင်းဟာ လူမှုသတ္တဝါများဖြစ်ကြပါတယ်။ ကျွန်မတို့တွေဟာ ပတ်ဝန်းကျင်ရဲ့ အသိအမှတ်ပြုခံရမှု၊ ကိုယ်နဲ့ ရွယ်တူတွေကြားမှာ သဘောကျခံရမှု၊ လေးစားခံရချင်မှုတို့ဟာ လူ့သဘာဝအရ လိုအပ်ချက်တစ်ခုပါပဲ။ တစ်ခါတစ်လေ ဒီလိုမျိုး သဘာဝ လိုအပ်ချက်ကို လိုတာထက်ပိုပြီး လိုချင်လာရင် ကိုယ့်ရဲ့ အပြုအမူတွေကို ပြောင်းလဲဖို့လည်း ဝန်မလေးတော့ပါဘူး။ အလုပ်၊ ကျောင်းနှင့် အခြားလူမှုရေးအဖွဲ့အစည်းများမှာ အခုလို သူများနဲ့ သင့်တော်ဖို့အတွက်၊ သူများကြိုက်စေဖို့အတွက် ကြိုးစားနေရသူများကို နေ့စဉ်နှင့်အမျှ မြင်နေတွေ့နေရပါတယ်။ လူအများစုရဲ့ အကြိုက်ကို လိုက်လုပ်ဖို့ လူနည်းစုက ဖိအားပေးခံနေရတာတွေရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကို ဒီပတ်ဝန်းကျင်ကနေ လက်ခံတယ်ဆိုတဲ့စိတ်ဖြစ်ဖို့ မလွယ်ကူပါဘူး။
ပတ်ဝန်းကျင်က လက်ခံတယ်၊ အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်ဆိုတဲ့ ခံစားချက်မျိုးဟာ လူသားတိုင်း ဘယ်သူပဲဖြစ်ဖြစ် ရှာဖွေနေတဲ့ စံပြအတွေ့အကြုံတစ်ခုပဲ ဖြစ်ပါတယ်။ ဒီရှာဖွေခြင်းဟာ ပထဝီဝင်၊ မျိုးဆက်များနှင့် မျိုးရိုးဗီဇများတို့နဲ့ ပက်သက်နေပါသေးတယ်။ လူတစ်ယောက်က သူဟာ တစ်ယောက်တည်းမဟုတ်ပါဘူး၊ သူ့ကို ချစ်တဲ့ ခင်တဲ့ လူတွေရှိတယ်ဆိုတဲ့ ပတ်ဝန်းကျင်ကနေ လက်ခံမှုကို ခံစားရရင် သူကိုယ်တိုင်အတွက်ရော သူများအတွက်ကိုပါ မျှဝေ သနားညှာတာစိတ် ရှိတတ်ကြပါတယ်။ အခုလိုမျိုး ကိုယ်ချင်းစာစိတ်ရှိတဲ့ လူတစ်ယောက်ဟာ မလိုအပ်တဲ့ အစွဲအလန်း၊ ဘက်လိုက်မှုတွေကို ပယ်ဖျက်လာနိုင်ပြီးတော့ “ကိုယ့်ရဲ့ ဖြစ်တည်မှု” ကို အရှိအရှိအတိုင်း လက်ခံပေးနိုင်မယ့် လူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။
#ငါကငါပါ