09/11/2022
စာရေးဆရာ အကြည်တော် ကွယ်လွန်
-----------------
စာရေးဆရာ ၊ ကဗျာဆရာ အကြည်တော် ဟာ နိုဝင်ဘာ ၉ ရက်၊ ည ၈ နာရီခွဲလောက်က ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ သူရဲ့ မိသားစုတွေဆီက သိရပါတယ်။
ကွယ်လွန်ခဲ့တဲ့ စာရေးဆရာ အကြည်တော်ဟာ အစာရေမြိုပြွန် ကင်ဆာရောဂါ ခံစားနေရသူ ဖြစ်ပြီး အခုနှစ် စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မှာ သွားရောက်ဆေးကုသမှုခံယူခဲ့ပြီးနောက် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ အောက်တိုဘာလက ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ရုတ်တရက် သတိလစ်မေ့မြောသွားပြီးနောက် ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ပင်လုံဆေးရုံမှာ အရေးပေါ် ကုသမှု ခံယူနေစဉ် ကွယ်လွန်ခဲ့တာလို့ သိရပါတယ်။
စာရေးဆရာ အကြည်တော်ကတော့ ဟာသစာပေတွေနဲ့ အောင်မြင်ကျော်ကြားခဲ့သူ ဖြစ်ပြီး သူ့ရေးသားခဲ့တဲ့ ဟာသဝတ္ထု တွေကို ရုပ်ရှင်ဇာတ်ကား အဖြစ် ပြန်လည် ရိုက်ကူးရာမှာလည်း အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။
စာရေးဆရာ အကြည်တော်ရဲ့ နာမည်ရင်းမှာ စောကြည်ဖြူ ဖြစ်ပြီး မွေးချင်း (၇) ယောက်အနက် ခြောက်ယောက်မြောက်သား ဖြစ်တယ်လို့ သိရပါတယ်။
သူဟာ ၁၉၈၈ ခုနှစ်က စတင်ပြီး ကိုကိုကြီး ကလောင်အမည်နဲ့ စာပေလောကသို့ စတင် ဝင်ရောက်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ အကြည်တော် အမည်နဲ့ လုံးချင်းဝတ္ထုတွေ စတင်ရေးသားခဲ့တယ်လို့ သိရပါတယ်။
စာရေးဆရာ အကြည်တော် ရေးသားခဲ့တဲ့ ဝတ္ထုတွေထဲမှာတော့ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ် ၊ ကဝေပျို၏ နိဒါန်း ၊ ဘီလူး၊ မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ဝတ္ထုတွေ အပါအဝင် ဝတ္ထုပေါင်း ၈၀ ကျော်ကို ရေးသားခဲ့တယ်လို့ သိရပါတယ်။