25/01/2021
``မဇ္ဈိမဒေသက မဟာဝီရ အိုဗုဒ္ဓကို ပူဇော်သူ´´
********************************** 🙏🙏🙏
🎤 “အစိမ်းရောင် ရက်စွဲများ” အယ်လ်ဘမ်ထဲမှာ မောင်မောင်ဇော်လတ်နဲ့ တွဲရေး ထားတဲ့ "မဟာဝီရ အို..ဗုဒ္ဓ” သီချင်းက တော်တော်ထူးခြားတယ်နော်။ ကိုငှက်တို့ ဘယ်လိုစိတ်ကူးနဲ့ ဒီသီချင်းကိုဖန်တီးခဲ့ကြတာလဲ။ဒီသီချင်းအတွက် ကိုငှက်တို့ အချိန်ဘယ်လောက်ယူခဲ့ကြလဲ။
✳️ဒီ "မဟာဝီရ အို.. ဗုဒ္ဓ”က ဒီသီချင်းရဲ့ Melody Sketch အကြမ်းလေးကို မောင်မောင်ဇော်လတ်က ကျွန်တော့်ကိုပေးထားတာကြာပြီ။ သူ မန္တလေးဆေးကျောင်းမှာတက်ခါစ 1st MB, 2nd MB နှစ်လောက်ကတည်းက သူဒီ Melody Sketch လေးကိုပေးထားတာ။ ဒါလေးကို ဒီMelody ထဲမှာဘာ Theme ထည့်မလဲဆိုပြီးတော့စဉ်းစားရင်း စဉ်းစားရင်းနဲ့ကိုကြာနေတာ၊ နောက်ဆုံး ဒီဗုဒ္ဓအကြောင်းကို ဗုဒ္ဓပူဇော်တဲ့သီချင်းရေးတော့မယ်ဆိုတဲ့အခါကျတော့ အဲဒီ Melody Sket လေးကို ပြန်ပြီး "မဇ္ဈိမဒေသ" အတိုင်း အဲဒီ အငွေ့အသက်ကလေးပါအောင် ပြန်ပြီးတော့ Edit ပြန်လုပ်ယူတယ်။ အဲဒီလို ပြန်လုပ်ယူပြီးတော့မှ ဒီ Theme ကို ဒီ Melody ထဲမှာဝင်အောင်ထည့်ခဲ့တာပါ။ ဘယ်လောက်ကြာလဲဆိုတာတော့ တွက်ကြည့်ပေါ့ဗျာ။ ၁၉၉၂၊ ၁၉၉၃ လောက်ကတည်းကစပြီးဒီသီချင်းကို ရေးခဲ့ကြတာ။
🎤 “မဟာဝီရ အို..ဗုဒ္ဓ” သီချင်းကို ပြန်နားထောင်ပြီးတော့ ကိုငှက်ရဲ့ စိတ်ထဲမှာ ဘယ်လို Feeling မျိုးပေါ်လာခဲ့ဖူးလဲ။
✳️ဒီသီချင်းကိုပြန်နားထောင်တော့ ကျွန်တော့်စိတ်ထဲမှာ ဒီသီချင်းကိုအဲဒီအချိန် တုန်းကဒီထက်ပိုကောင်းအောင်လုပ်ခဲ့သင့်တယ်။ လုပ်နိုင်သင့်ခဲ့တယ်လို့တွေးမိတယ်။ ဗုဒ္ဓကိုပူဇော်တဲ့နေရာမှာ ဒီ့ထက်ပိုပြီးတော့ အမွန်အမြတ်နဲ့ပူဇော်ချင်တဲ့ စိတ်မျိုးရှိတော့ အားမလိုအားမရဖြစ်တယ်။
🎤 မဟာဝီရ အိုဗုဒ္ဓ” သီချင်းကိုဖန်တီးတော့ Arrangeကို ကိုငှက်နဲ့ကိုမောင်မောင်ဇော်လတ်တို့ပေါင်းလုပ်ကြတာလား၊ IC ကပဲ Arrange လုပ်ပေးတာလား။ Arrange ကိုဘယ်လောက်ကြာကြာအချိန်ယူစဉ်းစားခဲ့ကြသလဲ။
✳️Arrangement ကမောင်မောင်ဇော်လတ်ရော၊ ကျွန်တော်ရော၊ IC ရော အားလုံးစုပေါင်းပြီးတော့လုပ်ကြတာပါပဲ။ ကျွန်တော်တို့ဒီသီချင်းရဲ့ body
(ကျောရိုး)ကိုတော့သိပ်ကြာကြာမစဉ်းစားခဲ့ကြပါဘူး။ ဒီကျောရိုးပေါ်မှာအမွန်းအမံလေးလုပ်ဖို့ကတော့နည်းနည်း အချိန်ယူပြီးတော့စဉ်းစားခဲ့ရပါတယ်။
🎤အဲဒီသီချင်းထဲမှာသုံးထားတဲ့အိန္ဒိယဗုံ၊ ပလွေစတဲ့တူရိယာတွေကတကယ့် အစစ်တွေပဲသုံးထားတာလား။ ဒီအိန္ဒိယသံစဉ်မျိုးကိုရဖို့၊ ဒီသီချင်းထဲမှာထည့် အသုံးပြုဖို့ကိုငှက်တို့ဘယ်လိုစိတ်ကူးပေါ်ခဲ့ကြတာလဲ။
✳️တကယ့်တူရိယာအစစ်တွေသုံးထားတာပါ။ ဒီသီချင်းကို ဗုဒ္ဓကိုပူဇော်တဲ့သီချင်း အဖြစ်ဖွဲ့ မယ်လို့စဉ်းစားပြီးတဲ့အခါကျတော့ ဒီဗုဒ္ဓပွင့်တော်မူရာမဇ္ဈိမဒေသရဲ့ အငွေ့အသက်လေးပေါ့။ အဲဒီ မဇ္ဈိမဒေသရဲ့ Taste လေးရအောင်လို့ ကျွန်တော်တို့ တာပလာ၊ ပလွေ၊ ခြူး၊ နောက် လင်းကွင်းသေးသေးလေးတွေပေါ့နော်။ ခွင်ခွင်ဆိုတဲ့ အသံလေးတွေက အစ၊ အဲဒါလေးတွေကိုကျွန်တော်တို့ ဒီမဇ္ဈိမဒေသရဲ့ရသလေးရအောင်လို့ ကျွန်တော်တို့စဉ်းစားပြီးသုံးခဲ့ကြတာပါ။
🎤အဲဒီလိုခေတ်နဲ့လျော်ညီအောင်လုပ်ထားတဲ့ ဗုဒ္ဓနဲ့ပတ်သက်တဲ့သီချင်းမျိုးတွေ ချည်းပဲဖန်တီးပြီးသီးသန့်စုစည်းထုတ်လုပ်ဖို့စိတ်ကူးမရှိဘူးလား။
✳️ကျွန်တော်စဉ်းစားထားတယ်။ ဟိုတုန်းက ဆရာစိုင်းခမ်းလိတ်တစ်ခွေလုပ်ဖူးပါတယ်။ နန်းခမ်းနွဲ့လိတ်ဆိုတဲ့အခွေပေါ့။ တစ်ခွေလုံး ဗုဒ္ဓနဲ့ပတ်သက်တဲ့သီချင်းတွေပါပဲ။ ဒါပေမယ့်ကျွန်တော်လုပ်ချင်တာက ဗုဒ္ဓဝင်ပေါ့ဗျာ။ ဗုဒ္ဓရဲ့ဖြစ်တော်စဉ်အကြောင်းကိုတစ်ခွေစာလောက် ကျွန်တော်လုပ်ချင်တယ်။
🎤ဘာသာရေးစာအုပ်တွေကောဖတ်ဖြစ်လား။ ဘာသာတရား၊ကိုးကွယ်ယုံကြည်မှု နဲ့ပတ်သက်လို့ကိုငှက်ဘာပြောချင်လဲ။
✳️ဘာသာတရား၊ကိုးကွယ်ယုံကြည်မှုဆိုတာ သူ့အချိန်နဲ့ သူ့ဖြတ်သန်းမှုနဲ့သူရင့်ကျက်မှုနဲ့သာဖြစ်နိုင်တဲ့ကိစ္စဆိုတော့အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့တစ်ယောက်ကိုတစ်ယောက်ဘာမှပြောစရာအကြောင်းမရှိပါဘူး။ ဘာသာတရားနဲ့ပတ်သက်လို့ ဘာလုပ်ဖြစ်သလဲဆိုတော့ကျွန်တော်ဘာမှမလုပ်ဖြစ်ဘူး။ တစ်ခုပဲ ကျွန်တော်ဒီလောကကြီးမှာနေမှု၊ထိုင်မှု ရှင်သန်မှုပေါ့နော်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်မတရားသဖြင့်အသက်ရှင်နေတာမျိုးမဖြစ်အောင်လို့ကိုယ့်ဘာသာကိုယ်ကြိုးစားပြီးတော့နေထိုင်ပါတယ်။ ဒီလောက်ပါပဲ။
🎤 ကိုငှက်အသက်ရလာတဲ့အခါဂီတနဲ့ပတ်သက်တဲ့ဘယ်လိုအလုပ်မျိုးတွေ လုပ်သွားဖို့စိတ်ကူးရှိလဲ။
✳️ကျွန်တော်အသက်ကြီးတဲ့အထိနေရဦးမယ်ဆိုရင်ကျွန်တော် ကလေးတွေကို ဒီဂီတနဲ့ပတ်သက်တာတွေသင်ပေးပြီးတော့အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ်နေသွားဖို့ကျွန်တော် စဉ်းစားထားတယ်။
🎤နောက်ပိုင်းသူတို့ဆီကအယ်လ်ဘမ်တွေမှာတယောတွေကိုတော်တော်ဦးစားပေးထည့်သုံးလာတာတွေ့ရတယ်။orchestra လိုတယောဝိုင်းကြီးတွေကိုလည်း Show ပွဲတွေမှာပွဲထုတ်လာကြတယ်။ ကျွန်တော်တို့ဆီမှာကောအဲ့ဒီလို orchestra ဝိုင်းကြီးတွေဘာ့ကြောင့်မလုပ်နိုင်သေးတာလဲ။
✳️လေးလေးတင်ရီ (တယောဦးတင်ရီ) တို့ ကြိုးစားနေကြတာပဲ။ လေးလေးတင်ရီ ဆိုရင်သူ့တစ်သက်လုံးဒီတယောကိုပဲ ဇောက်ချပြီး စူးစိုက်ပြီးကြိုးစားလာခဲ့ တာပဲ။ တစ်နေ့နေ့ကျရင်တော့ဒီလို string orchestra ကြီးတွေကို Rock Band တွေနဲ့တွဲပြီးတော့ တီးမှုတ်ဖျော်ဖြေတဲ့ concert တွေ ဖြစ်လာမှာပါ။
🎤ကျွန်တော်တို့ဆီကပရိသတ်ရဲ့ဂီတပေါ် ခံစားတတ်တဲ့အာရုံတွေဟာအရင်ကထက်ပိုမြင့်လာတယ်လို့သတ်မှတ်လို့ရမလား။ ကိုငှက်ဘယ်လိုမြင်လဲ။
✳️အင်း ...ကျွန်တော်ကမျက်စိနည်းနည်းမှုန်တယ်ဗျ။ ခင်ဗျားသိပါတယ်ဗျာ။ နည်းနည်းမဟုတ်ဘူး။ အများကြီးကို မှုန်တာ။ ကျွန်တော့်မျက်မှန်ကအထူကြီး လေ။ ကျွန်တော်ဘယ်လိုမှမမြင်တတ်ပါဘူးဗျာ။ (ရယ်လျက်)
#ထူးအိမ်သင်
#ဌက်
Photo & Content Credit to Original Owner& Interviewer