26/10/2025
“ရိုးသားခြင်းဟာ လူတွေကို စိတ်ချမ်းသာစေတယ်”
🔳 ဘဝမှာ မရိုးသားတဲ့သူတွေနဲ့ ကြုံဖူးကြမယ် ထင်တယ်။ ငွေလိမ်သွားတာ၊ မကောင်းတာကို ကောင်းသယောင် ညာပြီး ရောင်းသွားတာ၊ မဟုတ်တာကို အဟုတ်လုပ် ပြောတာ စသဖြင့်ပေါ့။ အဲဒီအခါ ဘယ်လိုခံစားရသလဲ။ ဘယ်လောက်အခက်အခဲ ဖြစ်ရသလဲ။
ရိုးသားတဲ့သူတွေနဲ့ရော ကြုံဖူးသလား။ ဘယ်လောက်အဆင်ပြေခဲ့ရသလဲ ပြန်စဉ်းစားကြည့်။
ဒါဆို ရိုးသားခြင်းရဲ့ တန်ဖိုးကို သိနိုင်လိမ့်မယ်။
🔳 ကျွန်တော်ဆို Street smart မဖြစ်ဘူး။ လှည့်လိုက်ပတ်လိုက်ရင် လွယ်လွယ်ကလေး ခံရတာ။ အဲဒါကြောင့် ရိုးသားခြင်းရဲ့ တန်ဖိုးကို ပိုပြီး နားလည်တယ်။ ရိုးသားတဲ့သူတွေကိုလည်း ပိုပြီး အသိအမှတ်ပြု ကျေးဇူးတင်မိတယ်။
ရှိသမျှ လူအားလုံးသာ ရိုးသားကြရင် ဘယ်လောက်အလုပ်ရှုပ် သက်သာကုန်ကြမလဲလို့လည်း တွေးမိတယ်။ ဆိုပါတော့၊ လူသတ်မိသွားတယ်။ ကျူးလွန်သူက လာဝန်ခံတယ်။ ရဲတောင် လိုတော့မယ် မထင်ဘူး။ အေး ငါ့အကျိုးစီးပွားအတွက် အာဏာလုတယ်ကွာ။ တန်ပြန်မတွန်းလှန်နိုင်သေးတောင် စင်ပေါ်မှာ ဒီလူတွေ ကြမ်းပိုးကို လိပ်ဖြစ်အောင် တက်တက်ပြောနေတဲ့ စကားတွေ ကြားရပြီး ဒေါသအလိပ်လိုက် ထွက်ရတာတော့ သက်သာသွားမယ်။
🔳 “Liar Liar” ဆိုတဲ့ ဟာသကားကိုလည်း စိတ်ထဲ မှတ်မှတ်ထင်ထင် ဖြစ်ရတယ်။ မရိုးမသားတွေ ပြောပြီး အမှုနိုင်အောင် လုပ်လေ့ရှိတဲ့ ရှေ့နေတစ်ယောက်။ မထင်မှတ်ဘဲ သူ့သားကလေးက ဆုတောင်းလိုက်ရာကနေ ဘယ်လိုမှ လိမ်ပြောမရတော့ဘဲ ပါးစပ်က အမှန်တွေချည်း ထွက်ထွက်ကုန်တော့တာ။
စစချင်းတော့ ပြဿနာတွေ တက်တာပေါ့။ အမှုတွေရှုံး။ ဒုက္ခတွေရောက်။ နောက်တော့ သူက အမှန်တွေချည်းပဲ ပြောမှန်းသိလာကြတဲ့အခါ ပြန်ပြီး အဆင်ပြေလာ၊ အောင်မြင်လာတာကို ရိုက်ပြထားတာ။
စဉ်းစားကြည့်လေ။ ကိုယ့်အလုပ်ခွင်၊ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလူကတော့ လိမ့်မယ်လူ မဟုတ်ဘူး ဆိုတဲ့ နာမည်တစ်လုံး ရသွားရင် ဘယ်လောက်တောင် အလုပ်လုပ်ရ လွယ်ကူသွားမလဲ။
🔳 ကိုယ်ကျင့်သီလကို ဗုဒ္ဓဘာသာမှာ ဘယ်လိုဖွင့်ဆိုသလဲ မကြာခဏ ရေးဖူးတယ်။ “မဟာဒါန” တဲ့။ ကိုယ့်ကြောင့် သူတပါး မထိခိုက်အောင် စောင့်ထိန်းနေထိုင်ခြင်းဖြစ်လို့ အင်မတန်ကြီးမားတဲ့ အလှူပေးမှုလို့ ဆိုတယ်။
ပိုက်ဆံတွေ အများကြီး လှူနိုင်မှ မဟုတ်ဘူး။ ကိုယ်လုပ်တဲ့အလုပ်ကို ရိုးရိုးသားသားကလေး လုပ်ရင်ကိုပဲ အများကို ကူညီရာ ရောက်နေပြီ။
🔳 သို့သော် ဒီနေ့ခေတ်မှာတော့ ရိုးသားခြင်းဖြင့် ကူညီတာက အတော်လေး ရှားပါးနေပြီ။ မရိုးမသားနဲ့ စီးပွားရှာ၊ ပြီးမှ အလှူကြီးပေး၊ ပရဟိတတွေလုပ်။ အဲဒါကို သာဓုခေါ်ကြတဲ့ ဓလေ့က ပိုပိုပြီး ထွန်းကားလာနေပြီ။ ဒီလို ကိုယ့်ရဲ့ မရိုးဖြောင့်မှုတွေကို အလှူအတန်းနဲ့ ပြန်လျှော်ဖွပ်လို့ ရနေတော့ မရိုးမသား ပိုလုပ်လာကြတယ်။ ရိုးသားသူတွေအတွက် ရှင်သန်ကြီးထွားစရာ နေရာမရှိတော့ဘူး။
ဒါကြောင့် မရိုးမသား မသန့်မရှင်း ရှာလာတဲ့ ငွေတွေနဲ့ အလှူလုပ်တာကို သာဓုခေါ်ခြင်းဟာ မုဒိတာပွားတာ မဟုတ်ဘူး။ ရိုးသားခြင်းတွေကို သင်းကွပ်ပစ်နေတာနဲ့ အတူတူပဲ ဆိုတာ သတိထားမိဖို့ လိုတယ်။
🔳 တစ်ခါတလေကျတော့လည်း ရိုးသားမှုဟာ ဆေးခါးတစ်ခွက်နဲ့ တူတယ်။ ရေရှည်မှာတော့ ရောဂါပျောက်မှာ မှန်ပေမဲ့ ခုချက်ချင်းမှာတော့ ဆေးခါးကြီး သောက်ရလိမ့်မယ်။ မသက်မသာ ခံစားရစေမယ်။ အဲဒါကို မဖြစ်စေချင်တဲ့အတွက် ဟန်ဆောင်နေမိတာတွေ၊ ထုတ်မပြောမိတာ၊ မပွင့်လင်းတာတွေလည်း ရှိတယ်။
ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ကျွန်တော် လုပ်မိလေ့ရှိတဲ့ မရိုးသားမှုတွေဟာ အဲဒီကနေ လာတာပဲ။ နောက်ပိုင်းတော့ ပိုပိုပြီး သတိထားဖြစ်လာတယ်။ ရေရှည်မှာ နှစ်ဖက်စလုံးအတွက် မကောင်းဘူး ဆိုတာ ပိုပိုပြီး နားလည်လာလို့။
ဒါကြောင့်လည်း မေတ္တသုတ်မှာ “ရိုးသားပါ အလွန်ရိုးသားပါ” လို့ ထည့်ဟောထားတာ။ တပါးသူကို မေတ္တာထားချင်တဲ့သူဟာ မရိုးသားလို့ မရဘူး။ မရိုးသားရင် အဲဒါ မေတ္တာထားပါတယ်လို့ မဆိုနိုင်တော့ဘူး။
🔳 တစ်ဖက်မှာလည်း မေတ္တာမပါတဲ့ ရိုးသားမှုကျ ရက်စက်မှု ဖြစ်သွားတတ်ပြန်တယ်။ တချို့လည်း စကားကို ပိဿလေးနဲ့ဘေးပစ် ပြောတတ်တာကို ငါက အမှန်ပြောတာ၊ လူနားဝင်အောင်တော့ မပြောတတ်ဘူး ဆိုပြီး အထင်မှားတတ်ကြသေးတယ်။ တကယ်က ကိုယ့်စကားနဲ့ တစ်ဖက်လူကို တစ်ခုခု နစ်နာသွားအောင်၊ ထိခိုက်သွားအောင် လုပ်လိုက်ချင်တဲ့စိတ်လည်း ပါနေပါတယ်။
တကယ်တမ်း မေတ္တာသာရှိရင် ဒီစကားကိုပဲ ဘယ်လိုအချိန်၊ ဘယ်လိုနေရာမှာ ဘယ်လိုပုံစံ၊ ဘယ်လိုလေယူလေသိမ်းနဲ့ ပြောမလဲ ဆိုတာကို စဉ်းစားတတ်လာလိမ့်မယ်။ အမှန်တရားဆိုတဲ့ ဆေးက ခါးတယ် ဆိုတောင် တိုက်ပုံတိုက်နည်းမှန်တော့ လူနာအတွက် အခါးနည်းနည်းသက်သာတာပေါ့။
🔳 မရိုးသားမှုတွေထဲမှာ အဆိုးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် ပြန်လိမ်နေကြတာပဲ။
မဟုတ်တာလုပ်မိပြီးရင် စိတ်မသက်မသာဖြစ်တော့ ဒါ ငါ လုပ်သင့်တယ်၊ ငါ့အမှားချည်းပဲတော့ မဟုတ်ဘူး၊ ဘယ်သူ့ကြောင့်လည်း ပါတယ် စသဖြင့် ဖြေတွေးလိုက်တယ်။ ဖုံးဖိလိုက်တယ်။ မပျော်ဘဲလည်း ပျော်ချင်ယောင်ဆောင်တယ်။ မကြိုက်ဘဲနဲ့လည်း ကြိုက်ချင်ယောင်ဆောင်တယ်။ ကြာတော့ ကိုယ့်ကိုယ်ကိုယ်ပါ ပျောက်ဆုံးသွားတယ်။ ကိုယ်ဘယ်လိုလူမှန်း ကိုယ်ကိုယ်တိုင်တောင် မသိတော့ဘူး။
တပါးသူကို လိမ်လိုက်ရင် သူ့စိတ်ရဲ့ ငြိမ်းချမ်းမှု ပျက်ဆီးသွားသလို၊ ကိုယ့်ကိုယ်ကိုယ် လိမ်လိုက်တဲ့အခါတိုင်းမှာလည်း ကိုယ့်ရဲ့ ဖြစ်တည်မှုက ပျောက်ဆုံးသွားတတ်ပါတယ်။
🔳 ရိုးသားရတာ လွယ်လားဆို မလွယ်ပါဘူး။ စီးပွားရေးလုပ်လည်း မလွယ်ဘူး။ နေ့စဉ်လူမှုဆက်ဆံရေးမှာလည်း မလွယ်ဘူး။ ကိုယ့်အတွင်းစိတ်ထဲ ဝင်ကြည့်ရတာလည်း မလွယ်ဘူး။
ဘယ်လိုပဲ မလွယ်ပါစေ၊ တတ်နိုင်သမျှတော့ ကြိုးစားကြရပါလိမ့်မယ်။ ရိုးသားသူတွေ ခပ်များများရှိတဲ့ လူ့ဘောင်အဖွဲ့အစည်းဟာ အေးချမ်းတယ်။ တည်ငြိမ်တယ်။ သာယာတယ်။ ကိုယ့်ကိုယ်ကိုယ် ရိုးသားမှု များများရှိရင်လည်း အဲဒီလူဟာ ပျော်ရွှင်မယ်။ စိတ်ကျေနပ်မယ်။ ရှင်သန်ရတာ အဓိပ္ပါယ်ရှိနေမှာလည်း ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၂၆.၁၀.၂၀၂၅