10/09/2026
ပန်းချီပြပွဲ ဆိုတာ
————————
လူငယ်ပန်းချီဆရာလေးတစ်ယောက်(ကိုယ့်ထက် အများကြီးငယ်လို့ ) နဲ့စကားပြောမိတော့ သူ့ပြပွဲလေး အကြောင်းပြောပြတယ် ။ သူ့အတွက် အကောင်းဆုံးဖန်တီးထားပေမယ့် သူ့ solo မှာ တစ်ကားပဲ ရောင်းရလို့ ပွဲကမအောင်မြင်လိုက်ဘူး လူတွေကတော့ ဖန်တီးရဲတယ်ဆိုပြီး ကြိုက်ကြပါတယ်။ ဝယ်တော့ မဝယ်ကြတဲ့အတွက် နောက်တပွဲလဲ မပြဖြစ်လောက်သေးဘူး ဆိုပြီးပြောလာလို့ ဒီစာလေးရေးလိုက်ပါတယ် ။
အခုနောက်ပိုင်း “Exhibition လုပ်ရင် ပန်းချီကားတွေ ရောင်းရလား၊ ဘယ်လောက်ရောင်းရလဲ” ဆိုတဲ့ မေးခွန်းမျိုးအဓိက ထားမေးကြပါတယ်။ မေးခွန်းမှာတော့ အမှားမရှိပါဘူး ၊ ဒါပေမယ့် ကိုယ့်ခံစားချက်အရ
အဲဒီလိုမေးလာတဲ့အခါ ကျွန်တော့်အနေနဲ့ နည်းနည်းတော့ တစ်မျိုးဖြစ်နေသလို ခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Exhibition ဆိုတာ ရောင်းဖို့တစ်ခုတည်းအတွက် လုပ်တဲ့အရာမဟုတ်ဘူးလို့ ကျွန်တော်မြင်လို့ပါ။
ကိုယ့်ရဲ့ အနုပညာဖန်တီးမှုနဲ့ ပတ်သက်ပြီး လူတွေဘယ်လိုတုံ့ပြန်ကြမလဲ၊ ကိုယ့်အနုပညာကို ဘယ်လိုမြင်ကြမလဲ၊ ဘယ်လောက်စိတ်ဝင်စားကြမလဲဆိုတာတွေကိုလည်း Exhibition ကနေ သိနိုင်ပါတယ်။ ဒါကြောင့် Exhibition မှာ စီးပွားရေးအရ ရောင်းချမှုဆိုတာ အစိတ်အပိုင်းတစ်ခုတော့ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါက Exhibition ရဲ့ တခုတည်းသောရည်ရွယ်ချက်မဟုတ်ပါဘူး။
Exhibition တွေကို ရောင်းအားနဲ့ပဲ တိုင်းတာလာမယ်ဆိုရင် Artistic development မှာ အများကြီး ပြသနာရှိတယ်လို့ မြင်မိပါတယ်။ ကိုယ်တိုင်ပန်းချီဆရာတစ်ယောက် အနေနဲ့ ခံစားမိတာကတော့ အသစ်အသစ်လုပ်ဖို့ အတွက် အဟန့်အတားဖြစ်စေတယ်လို့ခံစားမိတယ်။
ပြပွဲစီစဉ်တဲ့သူကလဲ ရောင်းရမှ သူရင်းနှိးမြှုပ်နှံထားတာတွေ အရင်းကျေ အမြတ်ရမှာဖြစ်တော့ Artist မှာ အဲ့ဒီ pressure ရောက်လာပါတယ်။ ပြတဲ့အခါမှာလဲ ရောင်းရမှ Exhibition အောင်မြင်သလိုဖြစ်တော့ ကိုယ်ရေးတဲ့ကား ရောင်းရပါ့မလား စိတ်ပူပင်မှုရှိလာတယ် ။
ကျွန်နော်တို့မီလိုက်တဲ့ အရင်တုန်းက ပြပွဲတွေကတော့ Sale focus နည်းခဲ့ကြတယ်မြင်မိတယိ။ ပြဖို့အဓိကထားကြတယ်။ ရောင်းချင်မှလဲ ရောင်းရတယ် ၊ ရောင်းတာက နောက်ပိုင်းကိစ္စ ၊ တကား တလေရောင်းရရင်လဲ အတော်ပျော်ကြတယ် ။
သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ယနေ့ခေတ်လို Exhibition ဆိုတဲ့ အယူအဆက အစကတည်းက ရှိခဲ့တာမဟုတ်ပါဘူး။ ဥရောပမှာတော့ ၁၇ ရာစုကစပြီး ပြင်သစ်နိုင်ငံရဲ့ Salon တွေကနေ Public Exhibition ဆိုတဲ့ အယူအဆ ပိုမိုဖွံ့ဖြိုးလာတာကို တွေ့ရပါတယ်။
အဲဒီ Salon ပြပွဲတွေမှာ Artist တွေက ကိုယ့်ရဲ့ အနုပညာလက်ရာတွေကို စုစည်းပြီး Public ကို ပြသခွင့်ရကြပါတယ်။ ဒါကြောင့် Exhibition ဆိုတာ လူအများရှေ့မှာ ကိုယ့်အနုပညာကို ပြသပြီး အသိအမှတ်ပြုမှုရဖို့ အရေးကြီးတဲ့နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
နောက်ပိုင်း ၁၉ ရာစုမှာ Impressionism ပေါ်လာတဲ့အချိန်မှာလည်း အရေးကြီးတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်လာပါတယ်။ Impressionist Artist တွေရဲ့ လက်ရာတွေဟာ အဲဒီခေတ်ရဲ့ Official Salon ကနေ အမြဲတမ်း လက်ခံခံရတာမဟုတ်ပါဘူး။ ဒါကြောင့် သူတို့ကိုယ်တိုင် Independent Exhibition တွေ စီစဉ်ပြီး Public ကို ပြသလာကြပါတယ်။
အဲဒီကနေစပြီး Exhibition ဆိုတာ အဖွဲ့အစည်းတစ်ခုက လက်ခံပေးမှ ပြနိုင်တဲ့နေရာတစ်ခုမဟုတ်တော့ဘဲ Artist တွေကိုယ်တိုင် ကိုယ့်ရဲ့အနုပညာကို Public ဆီ ရောက်အောင် ဖန်တီးနိုင်တဲ့ Platform တစ်ခုလည်း ဖြစ်လာပါတယ်။
အဲဒီနောက်ပိုင်း ၁၉ ရာစုကနေ ၂၀ ရာစုအတွင်းမှာ Exhibition ဆိုတဲ့ အယူအဆက ပိုပြီး ဖွံ့ဖြိုးလာပြီး Artist တစ်ယောက်ရဲ့ Career၊ Identity နဲ့ သူ့ရဲ့အနုပညာကို Art World ထဲမှာ သတ်မှတ်ပေးနိုင်တဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် ကျွန်တော့်အမြင်မှာ Exhibition ဆိုတာ ပန်းချီကားရောင်းဖို့အတွက်ပဲ လုပ်တဲ့ပွဲမဟုတ်ဘဲ၊ ကိုယ့်ရဲ့အနုပညာကို Public နဲ့ ဆက်သွယ်ဖို့၊ ကိုယ့်ရဲ့ Artist Identity ကို တည်ဆောက်ဖို့နဲ့ ကိုယ့်အနုပညာကို Art World ထဲမှာ နေရာတစ်ခုရအောင် တည်ဆောက်ဖို့ လုပ်တဲ့အရာ လို့ မြင်ပါတယ်။ရောင်းတာကတော့ အဲဒီအရာတွေထဲက တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနေရာမှာ ရောင်းအားကို လုံးဝမလိုအပ်ဘူးလို့ ပြောချင်တာတော့ မဟုတ်ပါဘူး။ Artist တစ်ယောက်အနေနဲ့ ကိုယ့်အနုပညာနဲ့အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့၊ ဆက်လက်ဖန်တီးနိုင်ဖို့နဲ့ ကိုယ့်ရဲ့အနုပညာလုပ်ငန်းကို ရေရှည်တည်တံ့အောင် လုပ်နိုင်ဖို့ ရောင်းချမှုက အရေးကြီးပါတယ်။
အနုပညာရှင်တစ်ယောက်က အချိန်၊ အားစိုက်မှုနဲ့ ငွေကြေးတွေ အသုံးပြုပြီး လက်ရာတွေ ဖန်တီးရပါတယ်။ ပြပွဲတစ်ခုလုပ်ဖို့ဆိုရင်လည်း နေရာငှားရမ်းခ၊ ပုံနှိပ်ခ၊ ဘောင်သွင်းခ၊ သယ်ယူပို့ဆောင်ခနဲ့ ကြော်ငြာစရိတ်တွေ ရှိပါတယ်။ ဒါကြောင့် ရောင်းချမှုက အနုပညာရှင်တစ်ယောက်ရဲ့ ဖန်တီးမှုကို ဆက်လက်လည်ပတ်နိုင်အောင် ထောက်ပံ့ပေးတဲ့ အရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် ပြပွဲတစ်ခုအောင်မြင်မှုကို ပန်းချီကား ဘယ်နှစ်ကားရောင်းရလဲဆိုတာတစ်ခုတည်းနဲ့ မတိုင်းတာသင့်ပါဘူး။ ပြပွဲကို လူဘယ်လောက်လာကြည့်ကြလဲ၊ လက်ရာတွေအပေါ် ဘယ်လိုတုံ့ပြန်ကြလဲ၊ အနုပညာရှင်နဲ့ ပရိသတ်ကြား ဘယ်လိုဆက်သွယ်မှုတွေ ဖြစ်လာလဲ၊ နောက်ထပ်အခွင့်အလမ်းတွေ ဘယ်လောက်ပေါ်လာလဲဆိုတာတွေလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
တချို့ပြပွဲတွေမှာ ပန်းချီကားတွေ အများကြီးမရောင်းရပေမယ့် အဲဒီပြပွဲကနေ အနုပညာရှင်ရဲ့ လက်ရာတွေကို လူတွေ ပိုသိလာနိုင်ပါတယ်။ တချို့ကတော့ အဲဒီပြပွဲကို ကြည့်ပြီး နောက်ပိုင်းမှာ အနုပညာရှင်နဲ့ ဆက်သွယ်လာတာ၊ အခြားပြပွဲတွေမှာ ပါဝင်ဖို့ ဖိတ်ကြားတာ၊ ပူးပေါင်းလုပ်ဆောင်ဖို့ အခွင့်အရေးတွေ ရလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
အဲဒီလိုအရာတွေက ချက်ချင်းငွေကြေးအဖြစ် မမြင်ရပေမယ့် Artist တစ်ယောက်ရဲ့ ရေရှည်လမ်းကြောင်းအတွက် အရေးကြီးတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် Exhibition တစ်ခုကို ကြည့်တဲ့အခါ “ဘယ်လောက်ရောင်းရလဲ” ဆိုတဲ့ မေးခွန်းတစ်ခုတည်းနဲ့ မကြည့်ဘဲ “ဒီပြပွဲက ဘာကိုပြောချင်တာလဲ၊ ဘယ်လိုအနုပညာအတွေ့အကြုံကို ပေးနိုင်ခဲ့လဲ၊ Artist နဲ့ ပရိသတ်ကြား ဘယ်လိုဆက်သွယ်မှု ဖြစ်လာခဲ့လဲ” ဆိုတာတွေကိုပါ စဉ်းစားကြည့်သင့်ပါတယ်။
အနုပညာဆိုတာ တစ်ခါတလေ ချက်ချင်းအကျိုးအမြတ်ရဖို့ ဖန်တီးတဲ့အရာမဟုတ်ပါဘူး။ တချို့လက်ရာတွေက အချိန်ကြာလာမှ တန်ဖိုးကို လူတွေ ပိုနားလည်လာကြပါတယ်။ တချို့ပြပွဲတွေကလည်း ပြီးသွားတဲ့အချိန်မှာ ရောင်းအားနည်းနိုင်ပေမယ့် နောက်ပိုင်းမှာ Artist ရဲ့ အနုပညာလမ်းကြောင်းအတွက် အရေးကြီးတဲ့ အခြေခံတစ်ခု ဖြစ်လာနိုင်ပါတယ်။
အဆုံးမှာတော့ Exhibition ဆိုတာ ရောင်းချဖို့အတွက်ပဲ မဟုတ်သလို၊ ရောင်းချမှုကိုလည်း လျစ်လျူရှုလို့ မရပါဘူး။ အနုပညာရဲ့ အဓိပ္ပာယ်၊ ပရိသတ်နဲ့ ဆက်သွယ်မှု၊ Artist ရဲ့ ဖန်တီးမှုလမ်းကြောင်းနဲ့ စီးပွားရေးအရ ရေရှည်တည်တံ့နိုင်မှုတွေ အားလုံးကို မျှတစွာ စဉ်းစားဖို့လိုပါတယ်။
ကျွန်တော့်အမြင်မှာတော့ Exhibition တစ်ခုရဲ့ တန်ဖိုးဆိုတာ ပန်းချီကား ဘယ်နှစ်ကားရောင်းရလဲဆိုတာထက် ပိုကျယ်ပြန့်ပါတယ်။ ကိုယ့်အနုပညာကို လူတွေဆီ ရောက်အောင် ပို့ဆောင်နိုင်ခဲ့သလား၊ လူတွေရဲ့ စိတ်ထဲမှာ မေးခွန်းတစ်ခုခု ချန်ထားနိုင်ခဲ့သလား၊ကိုယ့်ရဲ့ ဖန်တီးမှုလမ်းကြောင်းကို နောက်တစ်ဆင့် ရွှေ့နိုင်ခဲ့သလားဆိုတာတွေကလည်း ပြပွဲတစ်ခုရဲ့ အောင်မြင်မှုကို သတ်မှတ်ပေးနိုင်တဲ့ အရေးကြီးတဲ့အရာတွေ ဖြစ်ပါတယ်။
အထူးသဖြင့် ယနေ့ခေတ် Contemporary Art မှာ Exhibition ဆိုတာ “ရောင်းပွဲ” ထက် “Artist တစ်ယောက်ရဲ့ position ကို Art World ထဲမှာ သတ်မှတ်ပေးတဲ့နေရာ” လို့ နားလည်ရင် ပိုမှန်ပါတယ်။
KZL
P.S. အဲဒီညီလေးလဲ ဒီစာဖတ်မိရင် စိတ်အင်အားတစ်ခုရပါစေ 🍎