05/05/2026
ဝန်ကြီးချုပ် သဒ်ပါတီ၊ ဝန်ကြီးချုပ် ၆၈၀၀ စား 😅🤧
■ တော်လှန်ရေးက ခရီးရှည်မည်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော
(ပြည်သူများ မထိခိုက်ရေးအတွက် NUG နယ်မြေအချို့ ယာယီဆုတ်ခွာပေးခဲ့ရဟုဆို)
Western News| မေ ၅
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၏ တော်လှန်ရေးခရီးမှာ အချိန်တိုအတွင်း ပြီးဆုံးမည့် အပြေးပြိုင်ပွဲမဟုတ်ဘဲ မျှော်မှန်းထားသည့် ပန်းတိုင် မရောက်မချင်း လျှောက်လှမ်းရမည့် ခရီးရှည်ကြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။
ယနေ့ မေလ ၅ ရက်တွင် ကျရောက်သော ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့် အခမ်းအနား မိန့်ခွန်းတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။
"ပြည်သူ့ကာကွယ်ရေး ရဲဘော်အပေါင်းတို့ လက်ရှိ ငါတို့ လျှောက်လှမ်းနေတဲ့ တော်လှန်ရေးခရီးဟာ ခဏလေးနဲ့ ပြီးမယ့် အပြေးပြိုင်ပွဲမဟုတ်ဘဲ ငါတို့ လိုချင်တဲ့ ပန်းတိုင် မရောက်မချင်း လျှောက်လှမ်းကြရမယ့် ခရီးရှည်ကြီးတစ်ခု ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ဘယ်သူက ပိုပြီး ကြံ့ကြံ့ခံနိုင်မလဲ၊ ဘယ်သူက ပိုပြီး ဇွဲရှိမလဲ ဆိုတဲ့အချက်ကပဲ အောင်ပွဲအတွက် အဓိက အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။ ခရီးက ရှည်လွန်းတော့ လူဆိုတာ ပင်ပန်းတတ်တာ သဘာဝပဲ ဖြစ်ပါတယ်။ ပင်ပန်းလှတဲ့အခါ ခဏ နားပါ။ ဒါပြီးရင် လမ်းဆုံးတဲ့အထိ ဆက်လျှောက်ရမှာ ဖြစ်ပါတယ်။ ဒီလိုနားလိုက်တာဟာ လက်နက်ချဖို့ မဟုတ်သလို လမ်းခုလပ်မှာ ရပ်တန့်သွားဖို့လည်း မဟုတ်ပါဘူး” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုသည်။
အားအင်များ ပြန်လည်ပြည့်လာပါက ရှေ့ကို ဆက်လျှောက်ရမည်ဆိုသည့် အသိစိတ်က ရဲဘော်များတွင် အမြဲရှိနေရမည်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက PDF ရဲဘော်များကို တိုက်တွန်းထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မှာ ခုခံစစ်ကနေ ထိုးစစ်ကို ပြောင်းလဲပြီး စစ်ရေးအောင်မြင်မှုများ ရရှိသည်သာမက ထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ သို့သော်လည်း အကြမ်းဖက် စစ်ကောင်စီက သာလွန်အင်အားဖြင့် တိုက်ခိုက်လာမှုကြောင့် ပြည်သူထိခိုက်မှုကို မလိုလား၍ ခုခံစစ်သို့ ပြောင်းလဲကာ နယ်မြေအချို့ လက်လွှတ်ခဲ့ရသည့် အခြေအနေဟု ပြည်ထောင်စုဝန်ကြီးချုပ်က ဆက်လက်ပြောသည်။
"ပြည်သူ့ကာကွယ်ရေး ရဲဘော်အပေါင်းတို့ ငါတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စစ်ရေးအောင်မြင်မှု ရရှိနေတဲ့ကြားကပဲ အကြမ်းဖက် စစ်တပ်ရဲ့ သာလွန်အင်အားနဲ့ ရင်ဆိုင်ကြရတဲ့အခါမှာ ပြည်သူ့လူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့နဲ့ အစုလိုက်အပြုံလိုက် ထိခိုက်နစ်နာမှုတွေ မဖြစ်ပေါ်စေဖို့အတွက် အလေးထား စဉ်းစားခဲ့ရတာတွေကြောင့် အချို့သော စစ်ဆင်ရေးနယ်မြေတွေမှာ နည်းဗျူဟာအရ ခံစစ်အနေအထားတွေ ရင်ဆိုင်ခဲ့ရတာတွေ ယာယီဆုတ်ခွာပေးခဲ့ရတဲ့ မြေပြင်အမှန်တရားတွေ ရှိခဲ့ပါတယ်။ ဒါဟာ ရန်သူကို ကြောက်လို့မဟုတ်ဘဲ ပြည်သူကို မျက်နှာမူတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်သလို ရှေ့ဆက်ရမယ့် ဗျူဟာမြောက် တိုက်ပွဲများအတွက် အင်အားစုဆောင်းတာလည်း ဖြစ်ပါတယ်” ဟု ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလကလည်း စစ်ဆင်ရေးနယ်မြေအချို့တွင် တပ်စခန်းများ လက်လွှတ်ခဲ့ရကြောင်းကို ထုတ်ဖော်ပြောကြားထာပြီး ယင်းအခြေအနေသည် ရှေ့နှစ်လှမ်းတိုးရန် နောက်တစ်လှမ်း ဆုတ်သည့် ဖြစ်စဉ်မျိုးဟု ဆိုသည်။
"လက်ရှိ အချိန်မှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးစိန်ခေါ်ချက်တွေ အမြောက်အမြား ရှိနေသလို၊ စစ်ရေးအရ လက် လွှတ်ဆုံးရှုံးရမှု တချို့လည်း ခပ်စိပ်စိပ် ကြုံတွေ့နေကြရပါတယ်။ တော်လှန်ရေးရဲ့ သဘောဟာ အနိမ့်အမြင့်၊ အတက်အကျတွေ ရှိတတ်သလို၊ ရှေ့နှစ်လှမ်းတိုး နောက်တစ်လှမ်း ဆုတ်ရတဲ့ ဖြစ်စဉ်မျိုးတွေလည်း ရှိတတ်ကြောင်း ပြောကြားလိုပါတယ်။ ဒါ့အပြင် နိုင်ငံရေး မိုးသက်မုန်တိုင်းကြားထဲမှာ ပြင်းထန်တဲ့ လှိုင်းတွေအပေါ် စီးနင်း ကျော်ဖြတ်ကြရတာတွေလည်း ရှိနေတတ်ပါတယ်" ဟု ယာယီသမ္မတက ပြောသည်။
ထို့ကြောင့် မြေပြင်တွင် ဖြစ်ပေါ်နေသော အရှိပကတိများကို လျစ်လျူရှု၍ မရသလို အားလုံးမျှော်လင့်သော ရည်မှန်းချက် ပန်းတိုင်ကိုလည်း မျက်ခြေပြတ်၍ မရကြောင်း ဆိုသည်။
ရဲဘော်များအနေဖြင့် အသိဉာဏ်ပညာကိုယ်ခံအားကို ဖြည့်တင်းရင်း ပြည်သူအားကိုးထိုက်သော၊ စည်းကမ်းသေဝပ်သော ပြည်သူ့တပ်မတော်တစ်ရပ်အဖြစ် ပါဝင်တည်ဆောက်ကြရန် လိုအပ်သည်ဟု ယာယီသမ္မတက ပြောသည်။
"ဒီကနေ့အချိန်အထိ ကျော်ဖြတ်ကူးမြောက်ခဲ့တဲ့ တော်လှန်ရေးခရီးကြမ်းထဲမှာ ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ လက်နက်ကိုင်တော်လှန်ရေးသမိုင်းမှာ မကြုံဖူးတဲ့ အောင်မြင်မှုအထွဋ်အထိပ်တွေကိုလည်း ရရှိခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ကျွန်တော်တို့ဟာ ပြည်သူလူထုတစ်ရပ်လုံး လိုလားတဲ့ ခရီးဆုံးပန်းတိုင်ကိုတော့ မရောက်သေးဘူးဆိုတာ သတိပြုရမှာဖြစ်ပါတယ်" ဆိုသည်။
NUG အစိုးရအနေဖြင့် ပြည်သူ့အစိုးရပီသစွာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးကို ပြတ်ပြတ်သားသား ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ယာယီသမ္မတ ဒူဝါလရှီးလက ကတိပြု ပြောဆိုထားသည်။
NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ပြည်သူ့အာဏာကို ပြည်သူ့ထံ ပြန်လည်အပ်နှင်းနိုင်ရေးအတွက် တိုင်းရင်းသားညီနောင် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ စုစည်းညီညွတ်စွာ လက်တွဲညီညီဖြင့် အောင်ပွဲထံသို့ ဆက်လက်ချီတက်သွားမည်ဟု ပြောဆိုသွားသည်။
#အမျိုးသားညီညွတ်ရေးအစိုးရ #ပြည်သူ့ကာကွယ်ရေးတပ်မတော် #ဖွဲ့စည်းတည်ထောင်ခြင်း #၅နှစ်ပြည့်အထိမ်းအမှတ် #ပြည်ထောင်စုဝန်ကြီးချုပ် #မန်းဝင်းခိုင်သန်း #ယာယီသမ္မတ #ဒူဝါလရှီးလ