11/02/2026
🐦 စင်ကာပူမှာ ခိုစာကျွေးတဲ့ အမျိုးသမီးကြီး ဒေါ်လာ (၃၂၀၀) ဒဏ်ရိုက်ခံရ
(မြန်မာငွေနဲ့ဆို သိန်း ၁၀၀ ဝန်းကျင်)
စင်ကာပူနိုင်ငံမှာ နေထိုင်တဲ့ အသက် (၇၁) နှစ်အရွယ် အိန္ဒိယနွယ်ဖွား အမျိုးသမီးကြီးတစ်ဦးဟာ အာဏာပိုင်တွေက အကြိမ်ကြိမ် သတိပေး တားမြစ်ထားတဲ့ကြားက ခိုတွေကို အစာကျွေးခဲ့လို့ စင်ကာပူဒေါ်လာ (၃,၂၀၀) (မြနိမာငွေ သိန်း ၁၀၀ ခန့်) ဒဏ်ရိုက်ခံလိုက်ရပါတယ်။
အိန္ဒိယနွယ်ဖွား အမျိုးသမီးကြီး Sanmugamnathan Shamla က စင်ကာပူ Toa Payoh အရပ်မှ သူမရဲ့အိမ်အနီးမှာ ခိုတွေကို အစာကျွေးခဲ့တာ ဖြစ်ပါတယ်။
စင်ကာပူ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေ (Wildlife Act) အရ အမှု (၄) ခုအတွက် အပြစ်ရှိကြောင်း သူမက ဝန်ခံခဲ့ပြီး အခြား ဥပဒေချိုးဖောက်မှု (၅) ခုကိုလည်း ထည့်သွင်းစဉ်းစားကာ ယခုကဲ့သို့ ဒဏ်ရိုက်ခဲ့တာဖြစ်ကြောင်း Channel NewsAsia က ဖော်ပြပါတယ်။
ဒီအမျိုးသမီးကြီးက ၂၀၂၅ ခုနှစ်မေလမှာလည်း သူမရဲ့ အိမ်အနီး ငှက်စာကျွေးမှုနဲ့ အမျိုးသားပန်းခြံများဘုတ်အဖွဲ့က ခိုဖမ်းတာကို နှောင့်ယှက်မှုတို့ဖြင့် ဒေါ်လာ (၁,၂၀၀) ဒဏ်ရိုက်ခံခဲ့ရဖူးပါတယ်။
ထိုသို့ ဒဏ်ရိုက်ခံရပေမဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လကနေ ၂၀၂၆ ဇန်နဝါရီလအထိ ညဖက်တွေမှာပါ ခိုတွေကို အစာကျွေးနေတာကို အာဏာပိုင်တွေက ထပ်မံ တွေ့ရှိခဲ့ပြန်ပါတယ်။
ဒီအမျိုးသမီးကြီးက ခိုစာကျွေးနေတဲ့ သက်သေပြဖို့ တရားခွင်မှာ တောင်းဆိုခဲ့သေးရာ အာဏာပိုင်တွေက သူမ ခိုစာကျွေးနေတဲ့ ဗီဒီယိုဖိုင် (၄) ခုကို ပြသခဲ့ပါတယ်။
သူမဟာ ဥပဒေကို တမင်တကာ ဂရုမစိုက်ဘဲ ထပ်တလဲလဲ ချိုးဖောက်နေသူလို့ အစိုးရရှေ့နေက စွပ်စွဲခဲ့ပါတယ်။ ဒီအမျိုးသမီးကြီးက ခိုစာမကျွေးတော့ကြောင်း လွှတ်တော်အမတ်ထံ ဝန်ခံကတိပေးခဲ့ပေမဲ့ (၃) ရက်အကြာမှာပဲ ခိုစာကျွေးတာ ထပ်လုပ်ခဲ့ပါတယ်။
ဒီအမျိုးသမီးကြီးဟာ ရှေ့နေမပါဘဲ တရားရင်ဆိုင်ခဲ့ပြီး သူမက အလုပ်လက်မဲ့ဖြစ်ကြောင်းနဲ့ ဒဏ်ငွေကို ဒေါ်လာ (၁,၀၀၀) ကနေ (၂,၀၀၀) ကြား လျှော့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
"ကျန်တဲ့ ဒဏ်ငွေကို လူထုအကျိုးပြု လုပ်အားပေး (Community Service) လုပ်ပြီး ပေးဆပ်ပါရစေ" လို့ ပြောခဲ့ပေမဲ့ တရားသူကြီးက ဒဏ်ငွေ ဒေါ်လာ (၃,၂၀၀) ချမှတ်လိုက်ရာမှာတော့ ထို့နေ့မှာပင် အပြည့်အဝ ပေးဆောင်သွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
စင်ကာပူဥပဒေအရ တောရိုင်းတိရစ္ဆာန်တွေကို ခွင့်ပြုချက်မရှိဘဲ အစာကျွေးပါက တစ်ကြိမ်ကို ဒဏ်ငွေ ဒေါ်လာ (၁၀,၀၀၀) အထိ ချမှတ်နိုင်ပါတယ်။