15/02/2024
ကလေးများ ပုံဆွဲခြင်းနှင့် သဘာ၀များ အပိုင်း(၅)
---------------------------------------------
ဘယ်သန်လား ညာသန်လား
-----------------------------------------
ကျနော်တို့ ကလေးဘ၀မှာ ပြဿနာကြီး တစ်ခုရှိတယ်။ လူတိုင်းက ညာသန်ပြီး ညာနဲ့စာရေးတယ် ညာနဲ့ အားပြုကြတယ်။ ကျနော်က ဘယ်သန် ဘယ်နဲ့ အားပြုတယ် ဘယ်နဲ့ စာရေးတယ်ပေါ့။ ဒီတော့ လူတွေ အများစုနဲ့ ကွဲထွက်ကုန်တယ်။ မိဘတွေဘိုးဘွားတွေက ညာနဲ့စာရေးဖို့ အားပြုဖို့ ဖိအားပေးကြတယ်။ ဒီတော့ ကျနော့်မှာ စာရေးတာ ထမင်းစားတာ ညာလက်ဖြစ်လာတယ်။ ဒါပေမယ့် ဘောလုံးကန် တူထုစတာတွေမှာတော့ ဘယ်လက်ကိုသာ အသုံးပြုတယ်။
ဒီတော့ တဖြည်းဖြည်း အရွယ်ရောက်လာလေလေ ဘယ်ပဲသန်သလိုလို ညာပဲသန်သလိုလိုဘ၀ကိုရောက်လာတယ်။ အလေ့များတော့ အကျင့်ဖြစ်တယ်ဆိုပေမယ့် အသက်ရလာတော့ ဘယ်သန်ကို ညာသန်ဖြစ်အောင် လိုက်လံဖိအားပေးတာ ကောင်းသလားမကောင်းသလား အဆင်ပြေလား မပြေလားဆိုတာ တွေးမိလာတယ်။ ဒါကလဲ ဘယ်သန်မွေးထားတဲ့ ကလေးမိဘတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သင်ခန်းစာ ဘ၀အတွေ့အကြုံတွေ ဖတ်မှတ်လေ့လာထားတာတွေကို ပြန်လည်အတုယူ သင့်ကြားနိုင်အောင် တင်ပြလိုက်တယ်။
ကျနော်တို့ ငယ်ငယ်က ဘယ်သန်ဖြစ်တော့ ကျောင်းမှာ ခုံတစ်ခုံမှာ ၃ယောက်(သို့) ၄ယောက် ထိုင်ရတဲ့အခါ အလယ်ခေါင်ရောက်နေခဲ့ရင် ဘယ်သန်ကျနော့်အတွက် စာရေးရတာ အစဉ်မပြေတာမျိုးရှိတယ်။ ညာသန်တွေ ရေးတဲ့လက်နဲ့ ဘယ်သန်တွေရေးတဲ့လက် ထားပုံခြင်း ဆန့်ကျင်နေတာမို့ တတောင်ခြင်း တိုက်ကြပါတယ်။ ဒီအခါ ဘယ်သန် ကျနော်က ခုံရဲ့ ဘယ်ဖက် ထိပ်စွန်းမှာ ထိုင်မှသာ ညာသန်တွေနဲ့ လက်မတိုက်တော့ပါဘူး။ ဒါပထမဆုံး ပြဿနာပါပဲ။
ဒုတိယတစ်ခုက ကိုယ်သန်တဲ့ဘယ်နဲ့ စာရေးတာ ပစ္စည်းတစ်ခုခုကိုင်တာမျိုးတွေဆို လူအများစုက အားမလို အားမရ ခံစားစေရသလို မိမိကိုယ်တိုင်လဲ ကိုယ်လို ဘယ်သန်ခြင်းတွေတဲ့အခါမှာတောင် သူကိုင်တာ မသန်သလို ခံစားရပါတယ်။ ဒါဘာလို့လဲဆိုတော့ ကျနော်တို့ဘယ်သန်တွေဟာ လူများစု ညာသန်တွေရဲ့ ပြုမူ ကိုင်တွယ်ပုံတွေကိုပဲ မသိစိတ်က အသားကျနေတာမို့ဖြစ်တယ်။
သင့်ကလေးက ဘယ်သန်ပေမယ့် ညာလက်နဲ့ရေးရင် ဘာဖြစ်မလဲ။
ဘယ်သန်တွေဟာ စာရေးမတတ်ခင်ကတည်းက ဘယ်သန်မှန်း သိတယ်လို့ မိဘတွေက ပြောပြတယ်။ ပန်းချီနဲ့ ဆေးရောင်ခြယ်ရတာကို နှစ်သက်ပေမယ့် ဘယ်လက်နဲ့ ခရိုင်ယွန်ကို အမြဲတမ်း ကောက်ယူတယ်။ ဒီလို ကောက်ယူမှုတွေတင်မကပဲ ဘယ်ဘက်လက်မှာ ဘောပင် (သို့) ခဲတံကို အသုံးပြုရန် စမ်းသပ် အသုံးပြုကြတယ်။
ကလေးတွေဟာ ဘယ်သန်ဖြစ်စေ ညာသန်ဖြစ်စေ သူတို့ရဲ့ ဉာဏ်ရည်၊ သင်ယူမှု၊ စာရေးခြင်း စတဲ့အလုပ်တွေနဲ့ မသက်ဆိုင်ပါဘူး။ ကလေးတစ်ဦးဟာ စာရေးရန် ရွေးချယ်တဲ့ လက်ကို ဦးနှောက်က သူတို့ ပိုင်နိုင်ကျွမ်းကျင်တဲ့လို့ ခံယူချက်နဲ့ ဆုံးဖြတ်ချက်ချတယ်။ မည်သည့်လက်ကို အသုံးပြုသည်ဖြစ်စေ ယဉ်ကျေးမှုအစဉ်အလာတွေ မိဘဘိုးဖွားတွေရဲ့ ဖိအားပေးတာတွေနဲ့ ညာလက်ကို အသုံးပြုရန် မသင်ကြားသင့်ပါ။ ညာသန်ကလေးလား ဘယ်သန်ကလေးလားဆိုတာ လေးနှစ် ငါးနှစ်အရွယ်လောက်ကတည်းက ရှင်းရှင်းလင်းလင်း ပြသနေသင့်တယ်။ ဒီလိုမှမဟုတ်ရင် ကလေး ကျောင်းစတက်တဲ့ အချိန်ကစပြီး ဒီအခြေအနေကို သေချာပေါက် ရှင်းပေးသင့်ပါတယ်။
ကလေးရဲ့ ကိုင်တွယ်ပုံဟာ ဆုံးဖြတ်ရခက်ခြင်းရှိ၊ မရှိတွေ ကလေးဟာ မည်သည့်လက်ကို ပိုနှစ်သက်ကြောင်းစတဲ့ ဆုံးဖြတ်တွေမှာ အကူအညီပေးရန်အတွက် မိဘများနဲ့ ဆရာတွေ ဆွေးနွေးတိုင်ပင်သင့်တယ်။ အဓိက အာရုံစိုက်သင့်တာကတော့ လက်တစ်ဖက်တည်းနဲ့ လုပ်ဆောင်လေ့ရှိပြီး စည်းမျဉ်းဘောင်တွေနဲ့ ဆုံးဖြတ်စရာမလိုတဲ့ လှုပ်ရှားမှုတွေ ဖြစ်တဲ့ သွားတိုက်ခြင်း၊ အန်စာတုံးပစ်ခြင်း၊ အမြင့်မှာ ထားသော ပုံးထဲမှ အရာများကို ယူစေခြင်း စတာတွေနဲ့ စမ်းသပ်နိုင်ပါတယ်။ ဘယ်ရော ညာပါ အလွယ်တကူ အသုံးပြုနိုင်တဲ့ စမ်းသပ်မှုတွေနဲ့တော့ မစမ်းသပ်သင့်ပါဘူး။ နီးရာ အဆင်ပြေရာလက်နဲ့ ကောက်တာ ကိုင်တာတွေ လုပ်တတ်တာကြောင့်ဖြစ်ပါတယ်။
သင့်ကလေးဟာ သဘာဝအတိုင်း ဘယ်သန်ဖြစ်နေပါက စာရေးခြင်းနဲ့ ပုံဆွဲရန်အတွက် ညာလက်ကို ဘာကြောင့် လိုချင်ကြတာလဲ။ မိဘတွေဟာ အစဉ်အလာတွေ ယဉ်ကျေးမှုတွေ အခြားကလေးတွေရဲ့ အပြုမူတွေနဲ့ ကွဲလွဲနေတာ မလိုချင်တာကြောင့်ပါပဲ။ ဒါမဖြစ်သင့်တဲ့ ကိစ္စပါ။ စာရေးတဲ့အခါမှာလဲ ဘယ်မှ ညာကို စီတန်းရေးသွားတာကြောင့် ညာသန်မှပိုအဆင်ပြေတယ်။ ဘယ်သန်ဆို ကိုရေးသွားတာတွေ လက်နဲ့အုပ်ပြီး မမြင်ရလို့ စာတန်းဖြောင့် မဖြောင့် ချိန်ရတာအဆင်မပြေဘူးတွေ၊ ဘယ်လက်ရေးက မလှဘူးဆိုတာတွေ စတဲ့အကြောင့်ပြချက်တွေလဲ တွေ့ရပါမယ်။
လက်ရေးလှမလှဆိုတာ ဘယ်လက်ဖြစ်စေ ညာလက်ဖြစ်စေ မဆိုင်ပါဘူး။ ရေးတဲ့သူရဲ့ စနစ်ကျမှု သေချာမှု စိတ်ဝင်စားမှုနဲ့သာ ဆိုင်ပါတယ်။ ဒီလိုပဲ မွေးရာပါ လက်မပါသူတွေ ခြေထောက်နဲ့ ညှပ်ပြီး စာရေးကြတာ ၀ိုင်းစက်နေတာ ကျနော်တင်ထားတဲ videoတစ်ခုမှာ တွေ့ဖူးကြမယ်။ စာရေးတဲ့အခါ ဘယ်မှညာကိုသွားတာကို ပိုအဆင်ပြေပေမယ့် ဘယ်လက်နဲ့ရေးတာကြောင့် အုပ်ပြီးမမြင်ရဖူးဆိုတာဟာလဲ အလေ့ကျင့် ကျွမ်းကျင်ပိုင်နိုင်မှုနဲ့သာ သက်ဆိုင်ပါတယ်။
ခုရက်ပိုင်း စာကို ပြောင်းပြန်ရေးတဲ့ ဇွဲထက်ရွှေဆိုင်ဝန်ထမ်းအကြောင်း ကြားကြလိမ့်မယ်။ ဘယ်သန်တယ် ညာသန်တယ်ဆိုတာထက် ဇောက်ထိုးရေးတာက တစ်ကွက်ဆန်းသွားပါပြီ။ သူလဲ ငယ်ငယ်ကတည်းက ဒီလိုရေးတယ်၊ ကြီးလာတော့ ပြင်ကြည့်တယ်။ မရဘူး။ နောက်တော့ ဇောက်ထိုးပဲ ဘာလာလာရေးတယ်။ သန်ရာသန်ရာပဲ ပိုကောင်းပါတယ်။ စည်းမျဉ်းတွေ ယဉ်ကျေးမှုတွေ အစဉ်အလာတွေ အရေးမကြီးပါဘူး။ မိမိကိုယ်တိုင် နှစ်သက်ကြေနပ်နေဖို့သာ ပိုရေးကြီးပါတယ်။
ကျနော်ကိုယ်တိုင် ဘယ်သန်ဘ၀မှ ညာနဲ့ အသုံးပြုလာခဲ့ရတဲ့ အတွေ့ အကြုံတွေကို ပြောပြပါမယ်။ ငယ်ငယ်က ခုချိန်ထိ ညာနဲ့ စာရေးခဲ့တော့ ကြီးလာတဲ့ အခါ ဘယ်နဲ့စာမရေးတတ် တော့ပါဘူး။ ဒါပေမယ့် ဇွန်းကိုင်တာ တူထုတာ ဘောလုံးကန်တာ စတာတွေမှာ ဘယ်ဖက်ပဲ သန်တာကြောင့် ဘယ်ကိုပဲ အားပြုပါတယ်။ ညာနဲ့ ထမင်းစားတယ်၊ မျက်နှာသစ်တယ်၊ စာရေးတယ်၊ ဘယ်နဲ့ ကျန်အများစုကို ပြုလုပ်ခဲ့တာကြောင့် ဘယ်သန်လိုလို ညာသန်လိုလို ဖြစ်နေ ပါတော့တယ်။
ဒီကိစ္စဟာ ပုံတွေ ဆွဲတဲ့အခါ ပြဿနာတက်ပါတော့တယ်။ စာရွက်ပေါ်မှာ ခဲတံနဲ့ ပုံဆွဲရင် ညာလက်သာ သန်ပါတယ်။ ဘယ်မသန်ပါ။
ကြီးမားတဲ့ ကင်းဗတ်ပေါ်မှာ ခဲတံနဲ့ ပုံဆွဲတဲ့ အခါမှာလဲ ညာဖက်နဲ့သာဆွဲပါတယ်။ ဒါပေမယ့် ပုံကြမ်းကို ဆေးသုတ် ဆေးဖြည့်ဖို့ စုတ်တံကိုင်တဲ့အခါ ညာဖက်လက်ထက် ဘယ်ဖက်ကိုသာ အသုံးပြုပါတယ်။ သို့သော် မျဉ်းကြောင်းသေးလေးများ အနီးကပ်အသေးစိတ် ခြယ်သမှုတွေမှာ ညာလက်က ဘယ်ထက် ပိုသန်နေပြန်ပါတယ်။ စုတ်တံ ခဲတံ စတာတွေ ကိုင်တွယ်အသုံးပြုရမှာ အနီးကပ်ဆိုညာလက် အဝေးဆိုဘယ်လက် ဖြစ်နေတာကို ပြောချင်တာပါ။
ဒီတော့ ဘယ်ရော ညာရော သန်သူလို့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဘယ်ရော ညာရော သန်တယ်ဆိုတာ ကောင်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ဥပမာ ညာသန်တစ်ယောက်ဟာ အရေးကြီးကိစ္စ အားပြု အာရုံစိုက်ရမယ့် ကိစ္စတွေမှာ ညာလက်ကိုသာသုံးပြုပြီး ဘယ်လက် လုံး၀မသုံးတာကြောင့် ညာလက်ဟာ ၁၀၀ရာခိုင်နှုန်း စိတ်တိုင်းကျ ကျေနပ်စွာ အသုံးပြုနိုင်ပါတယ်။ ဒီလို လက်တစ်ဖက်တည်းကို စပယ်ရှယ်လစ် အသုံးပြုထားမှုကြောင့် ကျွမ်းကျင်မှုစကေးမှာ ပိုမိုတိုးတက်ထိရောက်ပါတယ်။ ဘယ်လက်သီးသန့် သုံးသူတွေမှာလဲ ထိုအတူပါပဲ။
သို့သော် ကျနော်တို့လို ဘယ်ညာတွဲသုံးသူတွေကြ ဘယ်လိုလို ညာလိုလိုဖြစ်နေတာမို့ ညာလဲ ကောင်းကောင်းမသန် ဘယ်လဲ ကောင်းကောင်းမသန် တောမရောက် မြို့မရောက် ဖြစ်နေပါတော့တယ်။ သာမန်အသုံးပြုမှုအတွက် အရေးမကြီးပေမယ့် ထူးချွန်စွာ အသုံးပြုမှုအတွက်ကြ အားနည်းချက်တစ်ခုလို ဖြစ်နေတာကြောင့်ပါ။
စာရှည်လို့ နိဂုံးချုပ်တော့မယ်။ မိမိကလေး ဘယ်သန်ကနေ ညာသန်ဖြစ်အောင် ဖိအားပေးတာတွေ မလုပ်ပါနဲ့။ သူအဆင်ပြေ လိုက်လျောညီထွေမှု ရှိအောင်သာ ကူညီပေးကြပါ။.......နဂါး(၂၀၂၄)