16/09/2026
သွေးနှင့် မီးလျှံ
(G.R.R.Martin ၏ Fire and Blood ကို ပြန်ဆိုသည်)
အခန်း ၆ - သတို့သမီး ၃ ဦး၏နှစ်
ခုနှစ်ပြည်ထောင်ကို အောင်နိုင်ပြီး ၄၉ ခုနှစ်
အပိုင်း ၅
အခြားအပိုင်းများ ဖတ်ရန်
https://www.facebook.com/share/p/1CvFwS6KzV/
ဂျေဟဲရစ်နှင့် အယ်လီဆန်းတို့သည် ရဲတိုက်တံခါးအတွင်း၌ လက်ချင်းချိတ်လျက် ၎င်းတို့အား ဆီးကြိုတွေ့ဆုံခဲ့ကြသည်။ မိဖုရားအလစ်ဆာသည် ၎င်းတို့အား တွေ့မြင်လိုက်ရသည့်အခါ ငိုကြွေးခဲ့သည်ဟု ဆိုကြသည်။ “မိုက်လိုက်တဲ့ ကလေးတွေ” ဟု သူမက ဆိုသည်၊ “နင်တို့ ဘာတွေလုပ်လိုက်မိမှန်း နင်တို့ ကိုယ်တိုင်တောင် မသိကြဘူး။”
ထိုအခါ ဘုန်းတော်ကြီးမက်သီးယပ်စ်က မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်စွာ ဘုရင်နှင့် မိဖုရားတို့အား ပြင်းထန်စွာ ဆဲဆိုကြိမ်းမောင်းခဲ့ပြီး ဤယုတ်မာစက်ဆုပ်ဖွယ် မောင်နှမချင်းလက်ထပ်မှုသည် Westeros ပြည်ကြီးတစ်ခုလုံးအား တိုက်ပွဲများအတွင်းသို့ နောက်တစ်ကြိမ် ထပ်မံနှစ်မြုပ်စေလိမ့်မည်ဟု ပြောဆိုခဲ့သည်။ “Dornish Marches နယ်စပ်ကနေ မဟာတံတိုင်းကြီးအထိ လူတွေဟာ အရှင်တို့ရဲ့ မောင်နှမချင်းကာမဆက်ဆံမှုကို ကျိန်ဆဲကြလိမ့်မယ်၊ နတ်ဘုရားတို့ရဲ့ ဘာသာတရားကိုင်းရှိုင်းတဲ့ သားသမီးတိုင်းကလည်း အရှင်တို့ကို အပြစ်သားတွေအဖြစ် ရှုတ်ချကြလိမ့်မယ်။” ဘုန်းတော်ကြီးသည် ဒေါသတကြီး ကြိမ်းမောင်းနေစဉ်အတွင်း သူ၏မျက်နှာမှာ နီရဲလာခဲ့ပြီး နှုတ်ခမ်းမှ တံတွေးများလည်း ဒလဟော စင်ထွက်နေခဲ့ကြောင်း ဘန်နီဖာက ဆိုခဲ့လေသည်။
စေ့စပ်ညှိနှိုင်းပေးနိုင်သူ ဂျေဟဲရစ်သည် သူ၏အေးဆေးတည်ငြိမ်သော အမူအရာနှင့် တည်ငြိမ်သော စိတ်သဘောထားတို့ကြောင့် နောင်ခုနစ်ပြည်ထောင်၏ သမိုင်းမှတ်တမ်းများတွင် ဂုဏ်ပြုခြင်းခံခဲ့ရသော်လည်း တာဂေးရီးယန်းတို့၏ ဒေါသမီးလျှံသည်လည်း သူ၏သွေးကြောများအတွင်း စီးဆင်းမနေခဲ့ဟု ဆို၍ကားမရချေ။ ဘုန်းတော်ကြီးမက်သီးယပ်စ်က အသက်ရှူရန် ခဏမျှ ရပ်တန့်လိုက်သည့်အခါ ဘုရင်မင်းမြတ်က “ငါကိုယ်တော်ရဲ့မိခင်ဖြစ်တဲ့ မိဖုရားကြီးရဲ့ ဆုံးမပြစ်ဒဏ်ပေးမှုကိုတော့ ငါလက်ခံမယ်၊ ဒါပေမဲ့ မင်းဆီကတော့ မဟုတ်ဘူး။ မင်းပါးစပ်ကို ပိတ်ထားစမ်း၊ ဝတုတ်။ မင်းပါးစပ်ထဲက နောက်ထပ် စကားတစ်ခွန်း ထပ်ထွက်လာရင် ပါးစပ်ကို ပိတ်ချုပ်ပစ်မယ်။” ဟု မိန့်တော်မူခဲ့လေသည်။
ဘုန်းတော်ကြီးမက်သီးယပ်စ်မှာ ထပ်မံ၍ အသံမထွက်ဝံ့တော့ချေ။
အရှင်ရိုဂါမှာမူ ဤမျှလောက်ဖြင့် လွယ်လွယ်ကူကူ ထိတ်ပြာသွားတတ်သူ မဟုတ်ပေ။ ပွင့်လင်းပြီး လိုရင်းတိုရှင်း ပြောတတ်သူဖြစ်သည့်အတိုင်း သူသည် ထိမ်းမြားခြင်းမင်္ဂလာအရ ပေါင်းစပ်ဆက်ဆံပြီးပြီလားဆိုသည့် အချက်ကိုသာ မေးမြန်းခဲ့သည်။ “ကျွန်ုပ်ကို အမှန်အတိုင်း မိန့်တော်မူပါ ဘုရင်မင်းမြတ်။ မင်္ဂလာဦးည အခမ်းအနား ပြုလုပ်ခဲ့သလား။ သူမရဲ့ အပျိုစင်ဘဝကို ရယူခဲ့ပြီးပြီလား။”
“မပြုခဲ့ပါဘူး” ဟု ဘုရင်လေးက ပြန်လည်မိန့်ကြားခဲ့သည်။ “မိဖုရားက အသက်ငယ်ပါသေးတယ်။”
ထိုအခါမှ အရှင်ရိုဂါက ပြုံးလိုက်ပြီး “ကောင်းပြီ။ ဒါဆို လက်ထပ်ပြီးပြီလို့ မဆိုနိုင်သေးပါ အရှင်မင်းမြတ်” ဟု ဆိုကာ King’s Landing မြို့မှ သူနှင့်အတူ လိုက်ပါလာခဲ့ကြသော သူရဲကောင်းများထံသို့ လှည့်လိုက်လေသည်။ “ဒီကလေးတွေကို ခွဲထားပစ်လိုက်ကြ၊ ဖြစ်နိုင်ရင်တော့ ညှင်ညှင်သာသာပဲ လုပ်ကြပါ။ မင်းသမီးကို Sea Dragon မျှော်စင်ဆီ ခေါ်ဆောင်သွားပြီး အဲဒီမှာပဲ ထိန်းသိမ်းထားလိုက်ပါ။ ဘုရင်မင်းမြတ်ကတော့ ငါတို့နဲ့အတူ ရဲတိုက်နီကြီးဆီ ပြန်လိုက်ခဲ့ရမယ်။”
သို့သော် သူ၏လူများ ရှေ့သို့ တိုးလာသည့်အခါ ဂျေဟဲရစ်၏ ဘုရင့်သက်တော်စောင့် သူရဲကောင်းခုနစ်ဦးတို့သည် ရှေ့သို့ လှမ်းထွက်လာခဲ့ကြပြီး ၎င်းတို့၏ ဓားများကို ဆွဲထုတ်လိုက်ကြလေသည်။ “ရှေ့တိုးမလာနဲ့တော့” ဟု ဆာ ဂိုင်းလ်စ်မောရီဂန် က သတိပေးလိုက်သည်။ “ငါတို့ရဲ့ ဘုရင်နဲ့ မိဖုရားကို လက်ဖျားနဲ့ ထိရဲတဲ့သူမှန်သမျှ ဒီနေ့ သေပွဲဝင်ရလိမ့်မယ်။”
အရှင်ရိုဂါမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။ “မင်းတို့ရဲ့ ဓားတွေကို အခုချက်ချင်းပြန်သိမ်းကြစမ်း။” ဟု သူက အမိန့်ပေးခဲ့သည်။ “မင်းတို့ မေ့သွားကြပြီလား။ ငါဟာ ဘုရင့်လက်ရုံး ပဲ။”
“ဟုတ်တယ်လေ” ဟု စိတ်ချဉ်ပေါက်နေသောဆမ်က ပြောခဲ့သည်။ “ဒါပေမဲ့ ငါတို့က ဘုရင့်သက်တော်စောင့်တွေ၊ ဘုရင့်လက်ရုံးရဲ့ သက်တော်စောင့်တွေ မဟုတ်ဘူး၊ ပြီးတော့ ပလ္လင်ပေါ်မှာထိုင်နေတာ ဒီကလေးပဲ၊ မင်းမဟုတ်ဘူး။”
ရိုဂါဘရာသီယွန်သည် ဆာ ဆမ်ဂွတ်၏ စကားကြောင့် ဒေါသတကြီး ကြိမ်းမောင်းလိုက်ပြီး “မင်းတို့က ခုနစ်ယောက်ပဲ ရှိတာ။ ငါ့နောက်မှာ သစ္စာခံအယောက်ငါးဆယ် ရှိတယ်။ ငါတစ်ခွန်း ပြောလိုက်တာနဲ့ သူတို့က မင်းတို့ကို တစ်စစီ ဖြစ်အောင် ခုတ်ထစ်ပစ်လိုက်လို့ရတယ်” ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။
“သူတို့လက်ချက်နဲ့ ငါတို့သေချင်လဲ သေမှာပါ။” ဟု သူ၏လှံကို ဝှေ့ယမ်းရင်း ငယ်ရွယ်သော သစ်တောက်ငှက် ပိတ် က ပြန်လည်ဖြေကြားခဲ့သည်၊ “ဒါပေမဲ့ အရှင်လက်ရုံး၊ အရှင်ကတော့ ပထမဆုံး သေရမယ့်သူ ဖြစ်လိမ့်မယ်၊ အဲဒါကိုတော့ ကတိပေးတယ်။”
မိဖုရားကြီး အလစ်ဆာသာ ထိုအချိန်၌ ဟန့်တားခြင်းမပြုခဲ့လျှင် မည်သို့ဖြစ်ပျက်သွားမည်ဆိုသည်ကို မည်သူမျှ မပြောနိုင်ချေ။ “ငါ့တစ်သက်မှာ သေတာတွေ လုံလောက်အောင် မြင်တွေ့ခဲ့ရပြီးပြီ” ဟု သူမက ဆိုသည်၊ “ငါတစ်ယောက်တည်းအတွက် မဟုတ်ဘူး။ ငါတို့အားလုံးလည်းအတွက် သေတဲ့ကိစ္စတွေက လုံလောက်ပြီထင်တယ်။ မင်းတို့ရဲ့ ဓားတွေကို သိမ်းလိုက်ကြ။ ဖြစ်ပြီးတာတွေက ပြီးကုန်ပြီ၊ အခုဆိုရင် ငါတို့အားလုံး ဖြစ်ပြီးတာတွေနဲ့အတူ ယှဉ်တွဲ နေထိုင်ဖို့ ကြိုးစားရတော့မယ်။ နတ်ဘုရားတွေက ဒီနိုင်ငံတော်အပေါ် သနားဂရုဏာ ထားတော်မူပါစေ။” သူမသည် သားသမီးများထံသို့ လှည့်လိုက်သည်၊ “ငါတို့ အေးအေးဆေးဆေးပဲ ပြန်ကြမယ်။ ဒီနေ့ ဒီမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို ဘယ်သူ့ကိုမျှ မပြောကြပါနဲ့။”
“သားတော်အနေနဲ့ မယ်တော် အမိန့်ပေးတဲ့အတိုင်းလိုက်နာမှာပါ။” ဘုရင်ဂျေဟဲရစ်သည် သူ၏နှမတော်အား ပိုမိုနီးကပ်စွာ ဆွဲယူလိုက်ပြီး သူမ၏ခန္ဓာကိုယ်ကို သူ၏လက်မောင်းဖြင့် သိုင်းဖက်လိုက်သည်။ “ဒါပေမဲ့ ဒီပေါင်းဖက်မှုကို မယ်တော် ဖျက်ဆီးနိုင်မယ်လို့တော့ မထင်လိုက်ပါနဲ့။ သားတော်နဲ့ နှမတော်တို့ဟာ အခုဆိုရင် တစ်သားတည်း ဖြစ်သွားကြပြီ၊ နတ်ဘုရားတွေရော လူတွေပါ သားတော်တို့ကို ခွဲခြားနိုင်မှာ မဟုတ်ဘူး။”
“ဘယ်တော့မှ မခွဲနိုင်ဘူး” ဟု သူ၏သတို့သမီးကလည်း ဝင်ရောက်ပြောဆိုခဲ့သည်။ “သမီးကို ကမ္ဘာ့အစွန်အဖျားဆီ စေလွှတ်ပြီး Mossovy ရဲ့ ဘုရင် ဒါမှမဟုတ် Grey Waste ရဲ့ အရှင်သခင်နဲ့ ထိမ်းမြားပေးလိုက်ရင်တောင် ဆေးလ်ဗားဝင်းက ဂျေဟဲရစ်ဆီ အမြဲတမ်း ပြန်ခေါ်လာပေးမှာပဲ။” ထို့နောက် သူမသည် ခြေဖျားထောက်လိုက်ပြီး ဘုရင်လေးထံသို့ သူမ၏မျက်နှာကို မော့ကြည့်လိုက်ရာ ဘုရင်လေးသည် လူအများ စောင့်ကြည့်နေစဉ်အတွင်းမှာပင် သူမ၏နှုတ်ခမ်းကို အမိအရ နမ်းရှုံ့လိုက်လေသည်။
ဘုရင့်လက်ရုံးနှင့် အစားထိုးအုပ်ချုပ်သူ မိဖုရားကြီးတို့ ထွက်ခွာသွားကြသည့်အခါ၊ ဘုရင်လေးနှင့် သူ၏ဇနီးငယ်လေးတို့သည် ရဲတိုက်တံခါးများကို ပိတ်လိုက်ကြပြီး ၎င်းတို့၏ အဆောင်များဆီသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။ Dragonstone သည် ဂျေဟဲရစ်၏ အရွယ်မရောက်သေးသည့် နန်းစံသက် ကျန်ရှိသော ကာလတစ်ခုလုံးအတွက် ၎င်းတို့၏ ခိုလှုံရာနေရာ ဖြစ်ခဲ့လေတော့သည်။ ထိုအချိန်ကာလအတွင်း ဘုရင်လေးနှင့် မိဖုရားငယ်တို့သည် ခွဲခွာလေ့မရှိဘဲ ထမင်းတစ်ဝိုင်းတည်း အတူစားသုံးခြင်း၊ ၎င်းတို့၏ ကလေးဘဝက နေ့ရက်များနှင့် ရှေ့တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများအကြောင်း ညဉ့်နက်သည်အထိ စကားစမြည်ပြောဆိုခြင်း၊ အတူတူ ငါးမျှားခြင်းနှင့် သိန်းငှက်များဖြင့် အမဲလိုက်ခြင်း၊ ကျွန်းပေါ်ရှိ သာမန်ပြည်သူများနှင့် ဆိပ်ကမ်းဇရပ်များအတွင်း လှည့်လယ်ခြင်း၊ ရဲတိုက်စာကြည့်တိုက်အတွင်းမှ တွေ့ရှိရသော ဖုန်တက်နေသည့် သားရေဖုံးစာအုပ်ကြီးများကို တစ်ဦးနှင့်တစ်ဦး ဖတ်ပြခြင်း၊ Dragonstone ရှိ မေစတာများထံမှ အတူတူ သင်ခန်းစာယူခြင်း (“ညီမတော်တို့မှာ သင်ယူစရာတွေ အများကြီး ရှိသေးတယ်” ဟု အယ်လီဆန်းက သူမ၏ခင်ပွန်းအား ပြန်လည်သတိပေးခဲ့သည်ဟု ဆိုကြသည်)၊ ဘုန်းတော်ကြီးအော်စဝစ်ခ်၏ ဘေးတွင် ဝတ်ပြုဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ရေးသားထားခဲ့ကြသည်။ ၎င်းတို့သည် Dragonmont တောင်ပတ်လည်နှင့် Driftmark ကျွန်းအထိ ပျံသန်းလျက် အတူတူ နဂါးစီးခဲ့ကြသေးသည်။
အစေခံများ၏ ပြောဆိုချက်များကို ယုံကြည်ရမည်ဆိုပါက ဘုရင်လေးနှင့် သူ၏မိဖုရားသစ်တို့သည် အဝတ်အစားမပါဘဲ အတူအိပ်စက်ခဲ့ကြပြီး အိပ်ရာပေါ်၌လည်းကောင်း၊ စားသောက်ပွဲ၌လည်းကောင်း၊ အခြားသော အချိန်များ၌လည်းကောင်း မကြာခဏ အနမ်းများ ဖလှယ်ခဲ့ကြသော်လည်း မိဖုရားငယ်၏ အပျိုစင်အဖြစ်ကိုမူ မသိမ်းပိုက်ခဲ့ပေ။ ဂျေဟဲရစ်နှင့် အယ်လီဆန်းတို့သည် ဇနီးမောင်နှံအဖြစ် အမှန်တကယ် ပေါင်းစည်းရန်အတွက် နောက်ထပ် တစ်နှစ်ခွဲခန့်သော ကာလကြာမြင့်ခဲ့သည်ဟု ဆိုကြလေသည်။
အိမ်တော်အရှင်များနှင့် ကောင်စီအရာရှိများသည် ဘုရင်ငယ်လေးနှင့် ဆွေးနွေးတိုင်ပင်ရန်အတွက် Dragonstone ဆီသို့ မကြာခဏ သွားရောက်ခဲ့ကြသည့်အခါတိုင်း ဂျေဟဲရစ်သည် ၎င်းတို့အား သူ၏အဖိုးဖြစ်သူ တစ်ချိန်က Westeros ပြည်ကြီးကို သိမ်းပိုက်ရန် အစီအစဉ်ဆွဲခဲ့ဖူးသော မြေပုံကြီးရှိရာ ခန်းမအတွင်း၌ အယ်လီဆန်းကို သူ၏ဘေးတွင် အမြဲတမ်း ထားရှိလျက် လက်ခံတွေ့ဆုံခဲ့လေသည်။ “အေဂွန်မှာ ရနိစ်နဲ့ ဗီဆင်းနီးယားတို့အပေါ် ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက် မရှိခဲ့သလို ငါ့မှာလည်း အယ်လီဆန်းအပေါ် ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက် မရှိဘူး” ဟု သူက ဆိုခဲ့သည်။
ထိုအိမ်ထောင်ရေး၏ စတင်ရာ သာယာလှသော နေ့ရက်များအတွင်း ၎င်းတို့နှစ်ဦးအကြားတွင် လျှို့ဝှက်ချက်ဟူ၍ မရှိခဲ့သည်မှာ မှန်ပေလိမ့်မည်ဖြစ်သော်လည်း၊ ၎င်းတို့၏ ထိမ်းမြားပေါင်းဖက်မှုမှာမူ Westeros ပြည်ကြီးရှိ လူအများစုအတွက် လျှို့ဝှက်ချက်တစ်ခုအဖြစ်သာ ရှိနေခဲ့သေးသည်။ King’s Landing မြို့သို့ ပြန်လည်ရောက်ရှိသည့်အခါ အရှင်ရိုဂါသည် မိမိတို့၏ လျှာများကို ပါးစပ်ထဲ၌ပင် ထားချင်သေးသည်ဆိုပါက Dragonstone တွင် ဖြစ်ပျက်ခဲ့သမျှကို မည်သူ့ကိုမျှ ထုတ်ဖော်မပြောဆိုကြရန် ၎င်းတို့နှင့်အတူ လိုက်ပါခဲ့သူအားလုံးကို အမိန့်ပေးခဲ့လေသည်။ ထို့ပြင် နိုင်ငံတော်အရပ်ရပ်သို့လည်း မည်သည့်ထုတ်ပြန်ကြေညာချက်မျှ မပြုလုပ်ခဲ့ချေ။ ဘုန်းတော်ကြီးမက်သီးယပ်စ်က Oldtown မြို့ရှိ ရဟန်းမင်းကြီးနှင့် ဘာသာရေးအဖွဲ့အကြီးအကဲများထံ ထိုထိမ်းမြားမှုအကြောင်း သတင်းစကား ပေးပို့ရန် ကြိုးပမ်းခဲ့သည့်အခါ ဂရန်းမေစတာ ဘန်နီဖာသည် ဘုရင့်လက်ရုံး၏ အမိန့်အရ စာပို့ငှက်ကို မစေလွှတ်ဘဲ သူ၏စာကို မီးရှို့ဖျက်ဆီးပစ်ခဲ့လေသည်။
Storm’s End ၏ အရှင်သခင်သည် ဖြည်းဖြည်းချင်း အချိန်ဆွဲရန်ကြိုးစားခဲ့သည်။ ဘုရင်လေးက မိမိအပေါ် ရိုသေလေးစားမှု မရှိဟု ခံစားရသဖြင့် ဒေါသထွက်နေပြီး ဘဝတွင် တစ်ခါမှ ရှုံးနိမ့်သည်ကို မကြုံဖူးသော ရိုဂါဘရာသီယွန်သည် ဂျေဟဲရစ်နှင့် အယ်လီဆန်းတို့အား ခွဲခြားနိုင်မည့် နည်းလမ်းကို ရှာဖွေရန် ဆက်လက်ဆုံးဖြတ်ထားခဲ့သည်။ ၎င်းတို့၏ ထိမ်းမြားမှုသည် အိမ်ထောင်ရေးအရ ပေါင်းသင်းဆက်ဆံမှု မရှိသေးသရွေ့ အခွင့်အရေးရှိနေသေးသည်ဟု သူက ယုံကြည်ခဲ့သည်။ ထို့ကြောင့် မည်သူမျှ မသိရှိလိုက်ဘဲ ထိုမင်္ဂလာပွဲကို ဖျက်ဆီးနိုင်စေရန်အတွက် ထိမ်းမြားမှုကို လျှို့ဝှက်ထားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်ဟု ယူဆခဲ့လေသည်။
မိဖုရားကြီး အလစ်ဆာသည်လည်း အခြားသော ရည်ရွယ်ချက်များကြောင့် အချိန်ဆွဲရန် လိုလားခဲ့သည်။ ဖြစ်ပြီးတာတွေက ပြီးကုန်ပြီ ဟု Dragonstone တံခါးဝတွင် သူမပြောဆိုခဲ့သကဲ့သို့ပင် ထိုဖြစ်ရပ်ကို လက်ခံရန်လည်း ကြိုးစားခဲ့သည်။ သို့သော်လည်း သူမ၏ သားတော်ကြီးနှင့် သမီးတော်ကြီးတို့၏ မင်္ဂလာပွဲတွင် ကြုံတွေ့ခဲ့ရသော သွေးထွက်သံယိုမှုများနှင့် ရုတ်ရုတ်သဲသဲ ဖြစ်ရပ်များ၏ အနိဋ္ဌာရုံ မှတ်ဉာဏ်များသည် သူမအား ညစဉ်ညတိုင်းတွင် ခြောက်လှန့်နေဆဲဖြစ်ရာ၊ အစားထိုးအုပ်ချုပ်သူ မိဖုရားကြီးသည် သမိုင်းကြောင်းတစ်ကျော့ပြန် မဖြစ်စေရေးအတွက် နည်းလမ်းရှာဖွေရန် အသည်းအသန် ကြိုးပမ်းခဲ့ရလေသည်။
ထို့အတောအတွင်း၊ ဂျေဟဲရစ်သည် အသက် ၁၆ နှစ်ပြည့်မြောက်၍ အာဏာကို သူ၏လက်ဝယ်သို့ မယူဆောင်မီအထိ တစ်နှစ်နီးပါး ကာလပတ်လုံး သူမနှင့် သူ၏အရှင်ခင်ပွန်းတို့တွင် အုပ်ချုပ်ရမည့် နိုင်ငံတော်တစ်ရပ် ရှိနေခဲ့သေးသည်။
ထိုသို့ဖြင့် အေဂွန်စိုးစံစဉ်မှ နှစ် ၅၀ မြောက် နှစ်သစ်ဆီသို့ ကူးပြောင်းလာပြီး သတို့သမီးသုံးဦး၏နှစ် ကုန်ဆုံးသွားချိန်တွင် Westeros ပြည်ကြီး၌ အခြေအနေများမှာ ဖော်ပြပါအတိုင်းပင် ရှိနေခဲ့လေတော့သည်။
(မှတ်ချက်။ ။Dragonstone တံခါးဝရှိ ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှုကို ထိုနေရာ၌ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသော ဂရန်းမေစတာ ဘန်နီဖာက ရေးသားမှတ်တမ်းတင်ခဲ့ခြင်းဖြစ်လေသည်။ ထိုနေ့မှစ၍ ယနေ့တိုင်အောင် ထိုပုံပြင်သည် ခုနစ်ပြည်ထောင်တစ်လွှားရှိ အချစ်စိတ်လွှမ်းမိုးနေသော မိန်းမပျိုလေးများနှင့် ၎င်းတို့၏ သူရဲကောင်းလောင်းများတို့ အကြိုက်ဆုံး ပုံပြင်တစ်ပုဒ် ဖြစ်ခဲ့ရုံမျှမက စောင်းသမားအမြောက်အမြားကလည်း အယောက်ငါးဆယ်ကို ရဲရင့်စွာ ရင်ဆိုင်ခဲ့ကြသည့် ဝတ်ရုံဖြူဝတ် ဘုရင့်သက်တော်စောင့် ခုနစ်ဦး၏ ရဲစွမ်းသတ္တိအကြောင်းကို သီဆိုကျူးရင့်ခဲ့ကြလေသည်။ သို့သော်လည်း ထိုပြောဆိုချက်များအားလုံးသည် ရဲတိုက်အတွင်း၌ အခြားသော ဘုရင့်သစ္စာတော်ခံတပ်များ ရှိနေမှုကိုမူ ထည့်သွင်းစဉ်းစားရန် လျှစ်လျူရှုခဲ့ကြပေသည်။ ကျွန်ုပ်တို့ထံ ကျန်ရစ်ခဲ့သော မှတ်တမ်းများအရ ထိုအချိန်က Dragonstone ၌ ဆာ မဲရဲလ်ဘူးလော့ခ်နှင့် သူ၏သားတော်များဖြစ်ကြသော အယ်လင်းနှင့် ဟားဝပ်တို့၏ အမိန့်ပေးကွပ်ကဲမှုအောက်တွင် လေးသမားနှစ်ဆယ်နှင့် ကင်းစောင့်စစ်သည် နှစ်ဆယ်ခန့်မျှ ရှိနေခဲ့ကြောင်း သိရသည်။ ထိုအချိန်က ၎င်းတို့၏ သစ္စာခံမှုမှာ မည်သည့်ဖက်၌ ရှိနေခဲ့သနည်းနှင့် ထိုပဋိပက္ခတွင် မည်သို့သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသနည်း ဆိုသည့်အချက်ကိုမူ မည်သည့်အခါမျှ သိရှိနိုင်တော့မည်မဟုတ်ပေ၊ သို့သော် ဘုရင်၏ သက်တော်စောင့်ခုနစ်ဦးတည်းကသာ အရှင်ရိုဂါ၏ တပ်ဖွဲ့တစ်ခုလုံးကို ရင်ဆိုင်ခဲ့ကြရသည်ဟု ယူဆခြင်းမှာမူ လွန်ကဲလွန်းရာ ကျပေလိမ့်မည်။)
အခြားအပိုင်းများ ဖတ်ရန်
https://www.facebook.com/share/p/1CvFwS6KzV/