A Place For Films & Music

A Place For Films & Music for people who think films, not only being love

24/05/2026

ရည်ရွယ်ချက်ရှိရှိ ဇာတ်လမ်းထဲက ဇာတ်ကောင်အ‌တွေ့အကြုံနဲ့ ကြည့်‌သူပရိသတ် အတွေ့အကြုံကို တိုက်ရိုက်ဖလှယ်ပေးလိုတာ‌ကြောင့်
ဒီရုပ်ရှင်ဟာ Background Music (နောက်ခံတေးဂီတ၊တီးလုံးတွေ) ကို အသားပေးမထားဘဲ၊ ပတ်ဝန်းကျင်အသံ (Ambient Sounds) တွေကို ပိုအသုံးပြုထားတာသတိထားမိပါတယ်။

ဇာတ်ကြောင်းအသွားအလာကိုက အသက်မသေဘဲ၊လွတ်ရာ
ပြေးရမယ့် Survival Thriller အမျိုးအစားထဲကမို့
ဒီလို ပတ်ဝန်းကျင်အသံကိုပဲ အဓိက ခံစားစေလိုတဲ့အပေါ်မှာ
အပြစ်ပြောစရာမရှိပါ။ ဒါပေမယ့် Visually မြင်ကွင်းအရ
ဇာတ်လမ်းကို ပုံဖော်တဲ့အပိုင်းမှာတော့ ဇာတ်ကောင်အမြင်ကိုယ်စားပြုရမယ့် Point of View နဲ့ ဆက်နွယ်တဲ့ Camera Shot တွေက သိသိသာသာရှုပ်ထွေးနေပါတယ်။

လက်ကိုင်ကင်မရာနဲ့ ရိုက်တဲ့စတိုင် Found Footage ဆန်ဆန် ပြသချင်သလား၊ ဒါမှမဟုတ် ဇာတ်ကောင်ရဲ့ အမြင်ကိုပဲ ဗဟိုပြုပြီး သွားချင်သလားဆိုတဲ့ စတိုင်ရွေးချယ်မှုမှာ ဒါရိုက်တာမပြတ်သားဘူးလို့ကျနော် ဝေဖန်ရမှာပါ။

ဇာတ်လမ်းထဲ ဂူထဲပိတ်မိသွားကြတဲ့အခြေအနေဟာ Low-light Situation လို့ခေါ်တဲ့ အလင်းရောင်နည်းပါးတဲ့ အခြေအနေမျိုး ဇာတ်ဝင်ခန်းအပြင်အဆင်ကို ဦးစားပေးဖန်တီးရတာ‌ကြောင့် ပရိသတ်အနေနဲ့ ဒီကားကို ကြည့်ရှုတဲ့အခါ မိမိတို့ရဲ့ အခန်းမီးအခြေအနေကိုပါ လိုက်လံညှိနှိုင်းပြီး အမှောင်ချကြည့်နိုင်ပိုကောင်းလေပါ။ သာမန်ဖုန်း ဒါမှမဟုတ် အလင်းရောင်များတဲ့နေရာတွေမှာ ကြည့်မယ်ဆိုရင်တော့ ဇာတ်လမ်းထဲ အာရုံစိုက်ဖို့ ခဲယဉ်းသွားပြီး၊ ဇာတ်လမ်းမကောင်းဘူးလို့ သေချာပေါက်ခံစားရစေနိုင်ပါတယ်။

ပြီးတော့ Visual ပိုင်းမှာ ပရိသတ်ကို ဇာတ်လမ်းထဲ စီးမျော‌စေဖို့ သုံးစွဲထားတဲ့ နည်းဗျူဟာက Immersive Cinematography လို့ခေါ်တဲ့ မြင်ကွင်းကျယ် ရုပ်ရှင်ဓာတ်ပုံဘက်ကို အဓိက ပိုယိမ်း၊ ပိုအသုံးပြုထားတာ သိသာတာကြောင့် ဒီကားကို Cinema Experience ရုပ်ရှင်ရုံတွင်းခံစားရမှုမှာ‌တော့ ကြည့်ရတန်တယ်လို့
မှတ်ချက်ပေးကောင်းပေးနိုင်ကြပေမယ့် Netflix ဖြန့်ချီလိုက်တဲ့အခါ
အိမ်မှာထိုင်ကြည့်နိုင်တဲ့ခံစားမှု အပိုင်းမှာတော့ အပေါ်မှာပြောခဲ့သလို
ကြုံသလို ဖုန်းနဲ့ကြည့်မိခဲ့ရင် မျှော်လင့်သလောက်ရင်ထဲမရောက်တာမျိုး ဖြစ်စေနိုင်ပါတယ်။

ဇာတ်လမ်းအစပိုင်း (Setting) က ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလ၊ ဂျပန်စစ်တပ်ရဲ့ နောက်ဆုံးအချိန်တွေကို နောက်ခံထားပါတယ်။ မြန်မာနိုင်ငံကို ဖြတ်ပြီး စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ဖို့အတွက် ရည်ရွယ်ဆောက်လုပ်ခဲ့တဲ့ ဂျပန်ရဲ့ သမိုင်းဝင် သေမင်းတမန် ရထားလမ်း ကို အခြေခံထားတာပါတယ်။

ဒီရထားလမ်းမှာ အင်္ဂလိပ်စစ်သုံ့ပန်းတွေ၊ အိန္ဒိယစစ်သုံ့ပန်းတွေနဲ့ မြန်မာစစ်သုံ့ပန်းတွေကို အသုံးပြုခဲ့တဲ့ သမိုင်းကြောင်းမှာ ဇာတ်ကောင်တွေကို အထိုင်ချပါတယ်။ ဒုတိယကမ္ဘာစစ်မျက်နှာ Archival Footage ကနေ ရုပ်ရှင်မြင်ကွင်းထဲ ပြောင်းလဲပြသွားတဲ့
Transition က ချီးကျူးစရာကောင်းပါတယ်။ ရုပ်ရှင်ရဲ့ Opening Scene နဲ့ Ending Scene မှာ ချိတ်ပြသွားပါတယ်။
ဇာတ်ညွန်း anatomy အရ ဒီ transition မှာ ဇာတ်ကြောင်းပြော‌ နေသူ Narrator က ဂျပန်အရာရှိဇာတ်ကောင် ဖြစ်ပါတယ်။
ဒီ Omukade ဇာတ်ကို သူကိုယ်တိုင်ပြန်ပြောပြဟန် စတင်ခင်းကျင်းသလို၊ သူကိုယ်တိုင်ပဲ ပုံပြင်ကို သိမ်းပေးပါတယ်။

အက်ရှင်ရိုက်ချက်တွေမှာဆိုရင် မုဒိန်းကျင့်မခံရအောင် ဂျပန်ဗိုလ်ကို သုတ်သင်ပြီးမှ မင်းသမီး ထွက်ပြေးရတဲ့အခန်းက Sequence တွေလည်း ကျစ်လျစ်သေသပ်သလို၊ ဇာတ်လိုက်မင်းသမီးရဲ့ အဖေ ဂူထဲကို
အစောပိုင်း ထွက်ပြေးရတဲ့ အခန်းမှာဆိုရင် ကင်မရာကို နောက်ကနေ Follow-up လုပ်ပြီး ရိုက်သွားတဲ့ပုံစံက Long Take
စတိုင်မျိုး ဖန်တီးယူတာသတိထားမိပါတယ်။ (တကယ်တော့ ကွန်ပျူတာ Effects တွေနဲ့ Tracking လုပ်ပြီး ပြန်ဆက်ထားတာ ဖြစ်နိုင်ပါတယ်)။ ဒါပေမယ့် တကယ်ထိပ်တိုက်ရင်ဆိုင်ကြတဲ့
အဓိကဇာတ်ဝင်ခန်းကြီးဖြစ်တဲ့ ဒုတိယအကြိမ်ဂူထဲကိုရောက်သွားတဲ့အခါမှာတော့ ပရိသတ်ခံစားရမယ့် ရသကို အပြည့်အဝ မပေးနိုင်တော့တာ နှမြောစရာကောင်းပါတယ်။

ဇာတ်လမ်းရဲ့ အဓိက ဗီလိန် (Antagonist) ဖြစ်တဲ့ အိုမိုကဒေး (Omukade) ဆိုတာ ဂျပန်ဒဏ္ဍာရီလာ လူသားစား သတ္တဝါဆိုး Mythical Creature ကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်ကားကြာချိန် ၁ နာရီနီးပါးလောက် ရောက်မှသာ ဒီသတ္တဝါကြီးရဲ့ လူတွေကို ဘယ်လိုကူးစက်သလဲဆိုတဲ့ Infectious Pattern
(ရောဂါပိုးကူးစက်မှု ပုံစံ) ကို သိရှိရပါတယ်။

ပြီးတော့ သိပ်မကြာ ၁ နာရီနဲ့ ၅ မိနစ်လောက် ရောက်တဲ့အခါမှာတော့ မြန်မာပရိသတ်တွေ စောင့်မျှော်နေတဲ့ မင်းသားဒေါင်း ရဲ့ အက်ရှင် Performance ကို စတင်မြင်တွေ့ရပါတယ်။ မင်းသားဒေါင်း ဟာ သူ့ရဲ့ သရုပ်ဆောင်မှု အခွင့်အရေး ကို ပါသမျှ မလျှော့ဘဲ အကောင်းဆုံး ကြိုးစားအားထုတ်ထားတာ တွေ့ရပါတယ်။

(ဇာတ်လမ်းထဲက ဇာတ်ကောင်သဘာဝကိုက ဗမာလူမျိုးဇာတ်ကောင်
ပဲဖြစ်တာကြောင့် ဒေသသံ ဗမာစကားနေရာမှာ သဘာဝကျသလို၊
ဒေသသံဖြစ်စရာမလိုတဲ့ ဘာသာခြားစကားပြောခန်းမှာလည်း
သဘာဝကျပါတယ်။ ဝေဖန်သူတွေ အားမရတာတော့
ကျနော်မသိပါ။ ကျနော့်အမြင်အရ သူတာဝန်ကျေပါတယ်။)

ဒီ ရုပ်ရှင်ဇာတ်လမ်းဟာ စကားပြောခန်းနည်းနည်း၊ ပျောက်ဆုံးသူ ရှာဖွေရမယ့် အခန်းများများနဲ့ ပိတ်မိနေတဲ့ ဂူကြီးထဲ မီးတပျပျ စမ်းတဝါးဝါး ရုန်းကန်ရမယ့် အပိုင်းတွေကိုပဲ အဓိက ပုံဖော်ရတာဖြစ်လို့ မင်းသားဒေါင်းအတွက်တော့ ဒါဟာ ၂၀၂၅ ခုနှစ်ထဲ အစပျိုးခဲ့တဲ့ သရုပ်ဆောင်မှု လေ့ကျင့်ခန်းကောင်းတစ်ခု၊ ငါးပွက်တုန်းငါးစာချရသလို အဆာပြေ သွေးပူလေ့ကျင့်ခန်းကောင်းတစ်ခု ဖြစ်ခဲ့တယ်လို့ မှတ်ချက်ပေးရမှာပါ။

(လွန်ခဲ့တဲ့ ၅ နှစ်၊ သူအသက် ၃၁ နှစ်ဝန်းကျင်တုန်းက ကျောက်ဖရားမှသည် ဧရာဝတီ ဆိုတဲ့ ထိုင်းဇာတ်လမ်းတွဲမှာ မောင်စ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Drama Performance အပြည့်နဲ့ တိုင်းထွာရင်လည်း Omukade မှာ သူ ပိုင်နိုင်တဲ့ပုံစံကို သူဆက်လက်ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်တယ်လို့ ကျနော်မှတ်ချက်ပြုပါတယ်)။

မင်းသမီးအနေနဲ့လည်း လွန်ခဲ့တဲ့ ၅ နှစ်တုန်းက အော်စကာဆုမှာ ဝင်ပြိုင်ခဲ့တဲ့ ထိုင်းရုပ်ရှင်ကားကြီး The Medium မှာ အဓိကနေရာမှာ သရုပ်ဆောင်ပြီး International Image ရှိပြီးသားဖြစ်ပါတယ်။အခု သူ့ အသက် ၂၆ နှစ်ပါ။

ခြုံငုံသုံးသပ်ရရင် ဒီရုပ်ရှင်ဟာ Local Content လို့ ပြောနိုင်တဲ့ (ထိုင်း-မြန်မာ သေမင်းတမန်ရထားလမ်း သမိုင်းကြောင်း) ကို အခြေခံထားပေမယ့် ကမ္ဘာတစ်ဝန်းက ပရိသတ်တွေပါ စိတ်ဝင်တစား ကြည့်ရှုနိုင်မယ့် Global Content ပုံစံမျိုး ဖြစ်အောင် ဖန်တီးထားတဲ့ မဟာဗျူဟာရှိနေတာ တွေ့ခဲ့ရပါတယ်။

✒️ YKTM

မျှဝေပါ၊ဆွေးနွေးခဲ့ပါ။



ရုပ်ရှင်၊ရုပ်သံ၊အွန်လိုင်းဇာတ်လမ်း၊ဇာတ်ညွှန်းလက်တွေ့
စဥ်းစားရေးသားခြင်းအွန်လိုင်းCourse.
THE ART OF STORYTELLING &
SCREENWRITNG | PRACTICAL
ANALYSIS, WIRITNG INTENSIVE COURSE
Video Lecture Course ONLINE CLASS ____
ENROL NOW : 09445950592
Chat မှာ VLC ဟုရိုက်၍ စုံစမ်းရန်။

07/05/2026

ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ဖို့ ကာယကံရှင် တွေရဲ့ "Secret" ကို ဘယ်လောက်အထိ ချပြရမလဲ ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ စာရေးဆရာတိုင်း ရင်ဆိုင်ရပါတယ်။

တချို့အကြောင်းအရာတွေက သိရတာ အရသာရှိပေမဲ့ သက်ရှိထင်ရှားရှိသူတွေကို ထိခိုက်စေနိုင်တဲ့အခါ "အမည်လွှဲ" သုံးမလား၊ "ဖြစ်ရပ်" ကိုပဲ သင်ခန်းစာအဖြစ် ယူမလား ... ဒါကိုထည့်စဉ်းစားကြရတယ်။

လူတစ်ယောက်ကို "သူတော်စင်" အဖြစ်ပဲ ပုံဖော်ရင် ဝါဒဖြန့်စာပေ (Propaganda) ဖြစ်သွားတတ်ပြီး၊ "လူဆိုး" လို့ပဲ သမုတ်ရင်လည်း အငြိုးအတေး ဖြစ်သွားနိုင်ပါတယ်။ တကယ့်ဇာတ်လမ်းကောင်းဆိုတာ "လူသားဆန်တဲ့ အမှားအယွင်း" တွေကို မျှမျှတတ တင်ပြနိုင်တာမျိုးမှ
တော်ခါကျတာပါ။

သမိုင်းတန်ဖိုးရှိတဲ့ အမှန်တရားလား? ဒါမှမဟုတ် တစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးမယ့် အချက်အလက်လား? ဒီနှစ်ခုကြားက မျှခြေကို ရှာနိုင်မှသာ "ရသ" ရော "ဗဟုသုတ" ပါ ပြည့်စုံတဲ့ အနုပညာလက်ရာအဖြစ် ကျနော်တို့ ခံစားခွင့်ရပါမယ်။

ရာဇဝင်ကို ပုံဖော်ရတဲ့အခါ ဆောင်ရန်၊ ရှောင်ရန်တွေဆိုတာ
"အဖြူ အမဲ ဒွန်တွဲနေတဲ့ မီးခိုးရောင် အဖြစ်အပျက်" တွေပါပဲ။
ဘယ်လိုကိုင်တွယ်ပြီး ဇာတ်လမ်းကောင်းတစ်ပုဒ် ဖန်တီးမလဲ။

အမှန်တရားကို ဖော်ထုတ်ခြင်းနဲ့ လူ့ကျင့်ဝတ် (Ethics) ကြားက
မျှခြေကို ရှာဖွေရတာဟာ စာရေးဆရာတစ်ယောက်အတွက်
အနုပညာမြောက်တဲ့ စိန်ခေါ်မှုတစ်ရပ်ပါ။

စာတတ်သူတိုင်း စာရေးနိုင်ပါတယ်။ စာအုပ်ထုတ်ဝေထားတဲ့
စာရေးဆရာတွေဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။
ဒါပေမယ့် စာရေးနိုင်သူတိုင်းဟာ ကိုယ်ရေးတဲ့အကြောင်းအရာနဲ့
အပ်စပ်တဲ့နောက်ခံကို ချိတ်ဆက်နိုင်ကြပုံချင်း မတူကြဘူး။

Content နဲ့ Context ကို မသဲကွဲကြတာမျိုးပါ။

Content ဆိုတာ Message ကိုဖန်တီးတယ်။
Context ဆိုတာ Reason ကိုဖန်တီးပါတယ်။

Content ဟာ What? ကိုရေးပြတာဖြစ်ပြီး
Context ဟာ Why + Where + How ကို
ပုံဖော်တာဖြစ်ပါတယ်။

ရာဇဝင်ကို ပုံဖော်ရတဲ့အခါ ဆောင်ရန်၊ ရှောင်ရန်တွေဆိုတာ
"အဖြူ အမဲ ဒွန်တွဲနေတဲ့ မီးခိုးရောင် အဖြစ်အပျက်" တွေပါပဲ။
ဘယ်လိုကိုင်တွယ်ပြီး ဇာတ်လမ်းကောင်းတစ်ပုဒ် ဖန်တီးမလဲ⁉️

✒️ YKTM

ရုပ်ရှင်၊ရုပ်သံ၊အွန်လိုင်းဇာတ်လမ်း၊ဇာတ်ညွှန်းလက်တွေ့
စဥ်းစားရေးသားခြင်းအွန်လိုင်းCourse

THE ART OF STORYTELLING &
SCREENWRITNG | PRACTICAL
ANALYSIS, WIRITNG INTENSIVE COURSE
Video Lecture Course ONLINE CLASS ____
ENROL NOW : 09445950592
Chat မှာ VLC ဟုရိုက်၍ စုံစမ်းရန်။

#ဇာတ်ညွှန်း #ဇာတ်လမ်းတွဲ #သင်တန်း

05/05/2026

ဇာတ်လမ်းတစ်ပုဒ်ရေးဖြစ်ပြီဆိုရင်
Narrative Pattern လို့ခေါ်တဲ့
ဇာတ်ကြောင်းပြောဟန်နဲ့ POV (Point of View) လို့ခေါ်တဲ့
ဘယ်သူ့အမြင်ကနေ ပြောမှာလဲဆိုတာကိုပါ
စနစ်တကျ ခွဲခြမ်းစိတ်ဖြာ (Analysis) လုပ်ဖို့ လိုအပ်ပါတယ်။

ဇာတ်လမ်းကောင်းတစ်ပုဒ်ဆိုတာ အမှတ်မထင်တဲ့ Idea လေးကနေ စတင်ပြီး၊ ခိုင်မာတဲ့ Concept၊ ပြည့်စုံတဲ့ Context နဲ့ Content၊ စနစ်ကျတဲ့ 3-Act Structure တို့ ပေါင်းစပ်လိုက်တဲ့အခါမှသာ ပရိသတ်ရင်ထဲရောက်မယ့် ဖန်တီးမှုတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။

Concept တစ်ခုရလာပြီဆိုရင် အပိုင်းနှစ်ပိုင်း ထပ်ခွဲရပါတယ်။
Context (နောက်ခံအခြေအနေ): ဒါကတော့ Setting ပါ။ ဘယ်ခေတ်ကာလ (Era) လဲ၊ ဘယ်လိုပထဝီဝင်အနေအထား (Geography) လဲ၊ သူတို့ရဲ့ နေထိုင်မှုပုံစံ (Lifestyle) က ဘယ်လိုလဲဆိုတာတွေကို သတ်မှတ်ရပါတယ်။ ဒါကို Premise လို့လည်း ခေါ်နိုင်ပါတယ်။

Content (အကြောင်းအရာ): ဇာတ်ကောင် (Character) က ဘယ်သူလဲ၊ သူ့ရဲ့ အခန်းကဏ္ဍ (Role) က ဘာလဲ၊ သူဘာဖြစ်ချင်တာလဲ (Want)၊ တကယ်ရော ဘာလိုအပ်နေတာလဲ (Need)။ ဒီကြားထဲမှာ ဖြစ်ပေါ်လာတဲ့ တင်းမာမှု (Tension)၊ ခံစားချက် (Mood) နဲ့ ပဋိပက္ခ (Conflict) တွေဟာ Content ပါပဲ။ ဒါကို Logline အဖြစ် အနှစ်ချုပ်နိုင်ပါတယ်။

ကျွန်တော်တို့ ဇာတ်ညွှန်းရေးတော့မယ်ဆိုရင် အရင်ဆုံး သိထားရမှာက Presentation Medium ပါ။ ကိုယ်ရေးလိုက်တဲ့ ဇာတ်ညွှန်းက ဘယ်နေရာမှာ ပြမှာလဲ၊ ပရိသတ်က ဘယ်လိုပုံစံနဲ့ ကြည့်မှာလဲဆိုတာကို အခြေခံပြီး ရေးသားပုံတွေ ကွာသွားပါတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတဲ့ အရာတွေ၊ ကြားနေရတဲ့ အသံတွေကနေ ဇာတ်လမ်းတစ်ပုဒ် ဘယ်လိုဖြစ်လာသလဲဆိုတာ စဉ်းစားဖူးပါသလား။ တကယ်တော့ Idea ဆိုတာ နေရာတိုင်းမှာ ရှိနေတာပါ။

ဇာတ်လမ်းတစ်ပုဒ်ရဲ့ အစဟာ Idea ပါပဲ။ လမ်းပေါ်မှာ ကျောင်းသားတစ်ယောက် လွယ်အိတ်ကြီးနဲ့ သွားနေတာကို မြင်လိုက်တာမျိုး၊ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်လို့ ဓာတ်တိုင်အောက်မှာ လူတစ်ယောက် ဖုန်းပြောနေတာမျိုးကနေ ဇာတ်လမ်းတစ်ပုဒ် စတင်နိုင်ပါတယ်။

ဒီ Idea တွေကို ကျွန်တော်တို့ရဲ့ အာရုံငါးပါး (အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အတွေ့အထိ) နဲ့ ပေါင်းစပ်ပြီး Experiences (အတွေ့အကြုံ) တွေ၊ Inspiration (စိတ်ကူးစိတ်သန်း) တွေ ထည့်လိုက်တဲ့အခါ ဇာတ်လမ်းဖြစ်ဖို့ ခိုင်မာတဲ့ Concept တစ်ခု ထွက်လာနိုင်ပါတယ်။

✨ရုပ်ရှင်ဇာတ်လမ်း Movie တစ်ပုဒ်ကို Recap လုပ်ပြီး
Video Platform တွေမှာ Monetization နဲ့
ဝင်ငွေရှာမလား၊ ဒါမှမဟုတ် Story Writer တစ်ယောက်အဖြစ်
အသက်မွေးဝမ်းကျောင်းစတင်မလား... ဒီလို Profession
အတွက် မသိမဖြစ် ရှိအပ်တဲ့ အခြေခံ ဗဟုသုတထက်ပိုတဲ့
ဘာသာရပ်ဆိုင်ရာ အတွေးအမြင်တွေ လိုအပ်ပါလိမ့်မယ်။
Myanmar Script Writers Lab မှာ
The Storytelling Professional အတန်းရှိပါတယ်။
KBZpay ဖြင့် သင်တန်းကြေးပေးသွင်းပါက
10% discount ရပါမယ်။
Thai account ဖြင့်လည်း သင်တန်းကြေး
ပေးသွင်းနိုင်ပါတယ်။

ရုပ်ရှင်၊ရုပ်သံ၊အွန်လိုင်းဇာတ်လမ်း၊ဇာတ်ညွှန်းလက်တွေ့
စဥ်းစားရေးသားခြင်းအွန်လိုင်းCourse ဖြစ်ပါတယ်။

THE ART OF STORYTELLING &
SCREENWRITNG | PRACTICAL
ANALYSIS, WIRITNG INTENSIVE COURSE
Video Lecture Course ONLINE CLASS ____
ENROL NOW : 09445950592
Chat မှာ VLC ဟုရိုက်၍ စုံစမ်းရန်။

MMSWL ✒️
Your Story Development Lab ✨

#ဇာတ်ညွှန်း #ဇာတ်လမ်းတွဲ #သင်တန်း

Project Hail Mary
20/04/2026

Project Hail Mary

မှတ်ဉာဏ်ဆိုတာ မီးခလုတ်ဖွင့်လိုက်သလို ဝင်းခနဲ လင်းလာတာမျိုး မဟုတ်ဘဲ၊ မြူတွေ တဖြည်းဖြည်း လွင့်ပြယ်သွားမှ ပတ်ဝန်းကျင်ကို
သေချာမြင်လိုက်ရသလိုမျိုးဖြစ်ပါတယ်။

မှတ်ဉာဏ်ပြန်ရပုံအဆင့်ဆင့်က အစမှာ Sensory Memory (အနံ့၊ အသံ ကို ရင်းနှီးဖူးသလို ခံစားမိလာတယ်။) နောက်မှ Muscle Memory (လုပ်နေကျ၊ကိုင်တွယ်နေကျကို လေ့ကျင့်စရာမလိုပဲ ချက်ချင်းလုပ်နိုင်‌နေတယ်။) နောက်ဆုံးမှ Semantic Memory (နာမည်‌တွေ၊ အဖြစ်အပျက်တွေ၊ နေ့စွဲတွေကို ပြန်မှတ်မိသွားတယ်။) အတိတ်‌မေ့နေတဲ့ လူတစ်ယောက် မှတ်ဉာဏ်ရပုံက ဒါမျိုးပါ။

ဝတ္ထုထဲမှာ Grace ဟာ သူ့နာမည်ကိုတောင် မသိခင်မှာတင် Lab ထဲက ကိရိယာတွေကို ဘယ်လိုကိုင်ရမလဲ၊ Gravity ကို ဘယ်လိုတွက်ရမလဲဆိုတာကို သူ့လက်တွေက အလိုအလျောက် သိနေတာမျိုးပါ။

ရုပ်ရှင်မှာ ဒါကို slow-burn ပုံစံမျိုးနဲ့ ပြနိုင်ခဲ့ရင် ဇာတ်ကောင် Grace ရဲ့ ကြောက်ရွံ့မှု၊ စိတ်ရှုပ်ထွေးမှုကို ပရိသတ်က ပိုပြီး ကိုယ်ချင်းစာနိုင်မယ်လို့ တွေးမိပါတယ်။

ယခု ကျနော်ပြောခဲ့သလို Muscle Memory ကနေ ဖြည်းဖြည်းချင်း Recall ဖြစ်သွားတာကို ပြနိုင်ခဲ့ရင် Project Hail Mary ရုပ်ရှင် ဟာ ပိုကောင်းတဲ့ Intelligent Sci-Fi ဖြစ်သွားနိုင်ပါတယ်။

ဒါပေမယ့် ဒီသဘောကို ဝတ္ထုမှာပဲ သက်ရောက်နိုင်ခဲ့တာတွေ့ရတယ်။

ရုပ်ရှပ်မှာတော့ Text စာသားတွေကို အရုပ် Visual အဖြစ်
ခင်းကျင်းရတဲ့အပြင် ရုပ်ရှင်တစ်ကားစာ မိနစ် ၁၂၀ ဝန်းကျင်
အတွင်း ပြသရတာကြောင့်၊ ရုပ်ရှင်ကြည့် ပရိသတ်ရဲ့အတွေ့အကြုံကို
ဇာတ်လမ်းထဲ နစ်မျောအောင် လုပ်ရတဲ့အခါ မလိုတာတွေလျှော့ပြီး၊
လိုမယ်ထင်တာတွေထပ်ထည့်ရပြန်တော့၊ ဝတ္ထုပရိသတ်စိတ်ကူးနဲ့
ဒီရုပ်ရှင်ဟာတထပ်တည်းကျမယ်လို့ ကျနော်မထင်ပါဘူး။

မကြိုက်ရခြင်းက ပစ္စုပ္ပန် အာကာသထဲက Grace နဲ့
အတိတ်ကာလ ကမ္ဘာပေါ်က Grace ချင်း ယှဉ်ပြသွားတဲ့
parallel narrative ဟာ အထက်မှာ ပြောခဲ့သလို၊
အာကာသထဲက Grace ဟာ တစ်စုံတစ်ရာကိုမြင်လိုက်မှ၊
ကိုင်ကြည့်လိုက်မှ Recall Memory ဖြစ်သွားသလို
Flashback တွေဖြစ်သင့်ပါတယ်။ တနည်းပြောရရင်
narrative ဟာ အာကာသထဲမှာပဲ အထိုင်ချပြီး၊
Flashback တွေနဲ့ non-linear လုပ်လို့ရပါတယ်။
ဒါမှ (ရုပ်ရှင်ကြည့်ပြီးသူတွေသိတဲ့) ဇာတ်သိမ်းခါနီး
Twist ကို ဇာတ်လမ်းထဲက ဇာတ်ကောင် Grace ကိုယ်တိုင်
အံ့ဩမင်သက်ရုံမက၊ ကျနော်တို့ ပရိသတ်ကပါ ဟာခနဲ၊
ဟင်ခနဲ ဖြစ်သွားမှာပါ။

ဝတ္ထုထဲမှာ ဇာတ်ကောင် Grace ဟာ တစ်ခါတလေ သူရဲဘောကြောင်သလို ခံစားရတဲ့၊ စာသင်ရတာကိုပဲ ဝါသနာပါတဲ့ ဆရာတစ်ယောက်အဖြစ် တွေ့ရပါတယ်။ ရုပ်ရှင်ထဲက Grace ကတော့ ဟာသမြောက်ပြီး လူချစ်လူခင်ပေါတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ Ryan Gosling
ဒီကားနဲ့ အော်စကာမျှော်လင့်နိုင်မယ်လို့ ကျနော်မထင်ပါဘူး။

ရုပ်ရှင်ဟာ ဝတ္ထုရဲ့ အဓိက အနှစ်သာရဖြစ်တဲ့ Friendship နဲ့ Problem Solving ကိုမပျောက်ပျက်အောင်တော့ထိန်းသိမ်းထားပါတယ်။ ဝတ္ထုဖတ်ဖူးသူတွေအတွက်တော့ သိပ္ပံဆိုင်ရာအသေးစိတ်အချက်အလက် နည်းသွားတယ်လို့ ခံစားရနိုင်ပေမယ့်၊ ရုပ်ရှင်ပရိသတ်အတွက်တော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံကို ပေးနိုင်ပါလိမ့်မယ်။ ဟောလိဝုဒ်ဘတ်ဂျက်နဲ့ရိုက်တဲ့ CGI တွေနဲ့ အသံစနစ်ကရှယ်၊မြင်ကွင်းကျယ်ကြီးနဲ့ကြည့်ရလေ ပိုမိုက်လေဆိုတဲ့ ဖျော်ဖြေမှုစီးပွားရေးဆန်တဲ့ထုတ်ကုန်တော့ ရုပ်ရှင်က ဖြစ်နိုင်ခဲ့ပါတယ်။

✒️ YKTM


#ရုပ်ရှင် #ဇာတ်လမ်း
#ဇာတ်ညွှန်း

12/03/2026

မကောင်းကြံစည်ဖူးသလား ❓yes ဆိုရင်
ဒါကို Nanno သိလိမ့်မယ်...

Nanno ဆိုဝာာ မကောင်းမှုကံ ကွင်းဆက်ထဲက
အမှန်တရားခပ်သေးသေးလေးတိုင်းကို ညှစ်ထုတ်ဖို့
ကံ၊ကံ၏အကျိုး ကို တင်စားထားတဲ့ ဇာတ်ကောင်။

သူနဲ့မဆိုင်သ၍ သူဟာ ကျောင်းပြောင်းလာတဲ့
သာမန်ကျောင်းသူတစ်ယောက်သာသာပဲ...

ဒါပေမယ့် သူက မကောင်းမှု မှန်သမျှကို သိတယ်။
(ပြောင်းလာတဲ့ ကျောင်းက အပြစ်တွေ၊
ပြဿနာတွေကို သူသိတယ်။)
သိတယ် ဆိုတဲ့အတိုင်း သူ့ကို ဘယ်သူတောင့်တလဲ...
သူနဲ့ဘယ်သူပတ်သက်ချင်လဲ...
သူကရော ဘယ်သူ့ကိုပတ်သက်ရမလဲ
ဒီပေါ်မူတည်ပြီး သူ လှုပ်ရှားတယ်။

ရိုးရိုးမဟုတ်...သာမန်လူတွေမစွမ်းတဲ့ မှော်အတတ်တွေနဲ့
လှုပ်ရှားတယ်။ Nanno ဆိုတာ မသေမျိုး။
သူ သေခြင်းတရားကို မခံစားရဘူး။
ဒဏ်ရာတွေနဲ့ သူ့ကို သေသွားပြီလို့ မြင်ခဲ့ရင်တောင်
နောက်တစ်နေ့ မသေဘဲ ပြန်လာလိမ့်မယ်။
ဒါကြောင့် (သူ့အကြောင်းသိသွားသူတွေအတွက်)
Nanno ဆိုတာ သာမန်မိန်းကလေး မဟုတ်တော့ဘဲ
နတ်ဆိုးလား... နတ်ဘုရားမတစ်ပါးလား...
စုန်းမလား....တစ်ခုခုပဲ...သေချာတာက
သူလူမဟုတ်ဘူးလို့ ကောက်ချက်ချကြလိမ့်မယ်။
ဒါပေမယ့် ဒီလိုကောက်ချက်မချနိုင်ခင်မှာပဲ
အပြစ်ကိုဝန်ခံရင်း သေသွားမယ် ဒါမှမဟုတ်
နှုတ်ဆိတ်ငြိမ်သက်သွားမယ် ဒါမျိုး။

သူ ဘယ်လို ရုပ်ရည်လဲ ဆိုတာထက်
သူ ဘာ လုပ်နိုင်သလဲ ဆိုတာ ပိုအရေးကြီးနေတယ်။
ဒါကြောင့် ယခင်မင်းသမီး kitty Chicha ရုပ်နဲ့ဖြစ်ဖြစ်၊
ယခုမင်းသမီး Becky Armstrong ဖြစ်ဖြစ်၊
နောက်ထပ် နောက်ထပ် ဘယ်သူ့ရုပ်နဲ့ Nanno ဖြစ်ဖြစ်
Nanno ဆိုတာ နေရာတိုင်းမှာ ပေါ်လာနိုင်တယ်။
ထိုင်း ပဲ မဟုတ်... ဂျပန်မှာလည်း ပေါ်လာနိုင်တယ်။
မြန်မာမှာလည်း ရှိနိုင်တယ်။ ဘာကြောင့်ဆိုတော့
ကံ၊ကံ၏အကျိုးဆက်ဟာနေရာတိုင်းမှာ သက်ရောက်နိုင်တယ်။
မကောင်းမှုကံရှိသရွေ့ ဝန်ခံတတ်ဖို့ သူလိုက်နေမှာပဲ။

သူ့ ကမ္ဘာထဲမှာ သူ့ထက် ပိုပြတ်သားတဲ့
Yuri ဆိုတဲ့ဇာတ်‌ကောင် ကျန်ပါသေးတယ်။
Yuri က ဒေါသနဲ့ အာဃာတကို ရှေ့တန်းတင်တယ်။
ချက်ချင်း အပြတ်ရှင်းတဲ့ သဘောတရားကို တင်စားထားနိုင်တဲ့
ဇာတ်ကောင်မျိုးပေါ့ ။

Nanno တို့ Yuri တို့ ဆိုတာ အပြင်လောက (လက်တွေ့ဘဝထဲက)
ရှင်သန်မှု ဆိုတာထက် အပြစ်ဖန်တီးသူနဲ့ အပြစ်ပေးခံရသူ
ကြားထဲက အငုပ်စိတ်တွေကို ကိုယ်စားပြုနေတယ်။

လူတစ်ယောက်ဟာ မကောင်းမှုတစ်ခုခု လုပ်ချင်တဲ့အခါ
စိတ်ထဲမှာ "လုပ်လိုက်ရင် ကောင်းမလား" ဆိုတဲ့ အသံလေး
ရှိတတ်ပါတယ်။ ဒီအသံက သူ တို့အသံပဲ။

ဒါကြောင့် ဇာတ်ကောင်ဖန်တီးထားပုံအရ
သူ ဟာ အပြင်လောကမှာ တကယ်ရှိတဲ့ မိန်းကလေးတစ်ယောက်ထက်၊ လူသားတွေရဲ့ "မကောင်းမှုကို သိလျက်နဲ့ ကျူးလွန်ချင်တဲ့ စိတ်ရိုင်း" ကို ရုပ်လုံးဖော်ထားတဲ့ ကိုယ်ပွား တစ်ခုလို့ ယူဆတာက ဒီဇာတ်လမ်းရဲ့ အနှစ်သာရကို ပိုနီးစပ်စေတယ်။

သူ့ ကမ္ဘာထဲမှာ သူ့ ရဲ့ သာမန်မဟုတ်တဲ့ စွမ်းရည်တွေကို
အပြစ်ကျူးလွန်မှသာ မြင်ရလိမ့်မယ်။

ဒါကြောင့် Nanno ဇာတ်လမ်းကြည့်မယ်(လေ့လာမယ်ဆိုရင်)
တချို့ပြောကြသလို ဦးနှောက်ဖြုတ်ပြီးကြည့်ရတာမဟုတ် ✨
ဦးနှောက်အပိုထည့်ပြီးကြည့်ရတာမျိုး။ ဟက်ဟက်~

ကျနော်တို့ပရိသတ်တွေဟာ ဇာတ်လမ်းတစ်ပုဒ်စီရဲ့
အဖြစ်အပျက်တွေထဲ ဘယ်သူမှမမြင်ချင်တဲ့၊
ဖုံးကွယ်ထားချင်တဲ့ အမှန်တရားကို မြင်နေမယ့်
တစ်ဦးတည်းသော "သက်သေ" အဖြစ်
Nanno နဲ့တူတူ တပြိုင်နက် တည်ရှိရတဲ့ ခံစားချက်
အပိုဦးနှောက်ထည့်ပြီးကြည့်ရတာမျိုးပါ။

Nanno ဆိုတာ နေရာတိုင်းမှာ ပေါ်လာနိုင်တယ်။
ထိုင်း မှာတင် မဟုတ်... ဂျပန်မှာလည်း ပေါ်လာနိုင်တယ်။
မြန်မာမှာလည်း ရှိနိုင်တယ်။

ကံ၊ကံ၏အကျိုးဆက်ဟာနေရာတိုင်းမှာ သက်ရောက်နိုင်တယ်။
မကောင်းမှုကံရှိသရွေ့ ဝန်ခံတတ်ဖို့ သူက လိုက်နေမှာပဲ။

✒️ | YKTM

The Girl From Nowhere ထိုင်းဇာတ်လမ်းတွဲထဲက
Nanno ဇာတ်ကောင်အကြောင်းကို ပင်ကိုယ်အ‌တွေးနဲ့ စာဖွဲ့ရေးသား
ခဲ့တာဖြစ်ပါတယ်။ သူ့ဇာတ်လမ်းဖန်တီးပုံ၊ထုတ်လုပ်မှုနဲ့သက်ဆိုင်တဲ့
အကြောင်းပြောစရာကျန်ပါသေးတယ်။ ပြန်ဆုံပါဦးမယ်နော်။





The Art of Storytelling and Screenwriting |
Practical Analysis, Writing Intensive Course
ဇာတ်လမ်း၊ဇာတ်ညွှန်းလက်တွေ့စဉ်းစားရေးသားအနုပညာ
Online Class : March & April Intake
Write "VLC" in Chat.

12/03/2026

ဒီရုပ်ရှင်ဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေရဲ့ Hollywood လေထုကို အကောင်းဆုံးပုံဖော်နိုင်ခဲ့တဲ့ ၂၀၁၉ ခုနစ်ထွက်ရုပ်ရှင်တစ်ကားအဖြစ်
နှစ်များစွာထင်ကျန်ဦးမှာပါ။

ဒီရုပ်ရှင်ဟာ ပုံမှန်ရုပ်ရှင်တွေလို ဇာတ်လမ်းအနိမ့်အမြင့်ထက်
ဇာတ်ညွှန်းအခေါ်အဝေါ် A Day in the Life လို့ ခေါ်တဲ့
နေ့စဉ်ဘဝစီးကြောင်းပုံစံမျိုးနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။

ဇာတ်ညွှန်းတည်ဆောက်ပုံဟာ ဖြည်းဖြည်းချင်းသွားတဲ့ Slow Burn အမျိုးအစားဖြစ်ပေမဲ့ ဒါဟာ ဇာတ်ညွှန်း၊ဒါရိုက်တာ Tarantino ရဲ့
ရည်ရွယ်ချက်ရှိရှိနဲ့ ပရိသတ်ကို ခေတ်ကာလအငွေ့အသက်တွေထဲ
နစ်ဝင်သွားအောင် ဖန်တီးယူထားတာ ဖြစ်ပါတယ်။

Tarantino ရဲ့ ထုံးစံအတိုင်း အဓိပ္ပာယ်မရှိဘူးလို့ ထင်ရတဲ့ စကားပြောခန်း တွေကတစ်ဆင့် ဇာတ်ကောင်တွေရဲ့ စိတ်နေစိတ်ထားနဲ့ သဘာဝကို ပရိသတ်က တဖြည်းဖြည်းချင်း နားလည်လာအောင် ဆွဲဆောင်သွားပါတယ်။

ဒီရုပ်ရှင်မှာ Tarantino ရဲ့ အမှတ်အသားဖြစ်တဲ့ "Foot Fe**sh" ခေါ် မင်းသမီး ခြေထောက်‌တွေ ကို အသားပေးရိုက်တဲ့ ပုံစံတွေ လည်း အစဉ်အလာမပျက် ထည့်သွင်းပြသွားတာ တွေ့ရပါတယ်။

ပြီးတော့ ရုပ်ရှင်ရဲ့ အနှစ်သာရအရှိဆုံး အပိုင်း‌ပြောပါဆိုရင် လက်တွေ့ဘဝမှာ ဖြစ်ခဲ့တဲ့ ဝမ်းနည်းစရာ သမိုင်းဖြစ်ရပ်ကို အနုပညာနဲ့ ပြောင်းလဲယူလိုက်တဲ့ အပိုင်းဖြစ်ပါတယ်။

တကယ့်လက်တွေ့ဘဝ ၁၉၆၉ ခုနှစ်မှာ မင်းသမီး Sharon Tate ဟာ
ကိုယ်ဝန် ၈ လနဲ့ ရှိနေစဉ် Charles Manson ဆိုသူ အယူဝါဒကြောင်
အရူးတစ်ယောက်ရဲ့စေခိုင်းချက်နဲ့ သူ့နောက်လိုက်တွေရဲ့ ရက်ရက်စက်စက် Tတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ (Google မှာ မှုခင်းဓါတ်ပုံတွေရှာဖွေကြည့်နိုင်ပါတယ်။) Hollywood သမိုင်းမှာ အလွန်ရုပ်ဆိုးပြီး ကြောက်မက်ဖွယ်အကောင်းဆုံး မှုခင်းဖြစ်ရပ်ဆိုးကြီးတစ်ရပ်ပါ။

ဒါကို Tarantino ဟာ Alternate History
အနေနဲ့ ပြောင်းလဲခဲ့တာပါ။ ရုပ်ရှင်ထဲမှာ လူသတ်သမားတွေဟာ
မင်းသမီး Sharon Tate ရဲ့ အိမ်ကို မရောက်ဘဲ မင်းသား Rick Dalton တို့အိမ်ကို မှားဝင်သွားခဲ့တာမျိုး ရုပ်ရှင် အနုပညာနဲ့ ဖန်ဆင်း
ခဲ့ပါတယ်။ လူသတ်သမားတွေကပဲ ရက်ရက်စက်စက် ပြန်လည်နှိမ်နင်းခြင်း ခံလိုက်ရပါတယ်။ လက်တွေ့မှာ မင်းသမီး သေခဲ့ရသလို လူဆိုးအဖွဲ့ကို ရုပ်ပျက်ဆင်းပျက်ပေးသေလိုက်တာပါ။

ဒါကြောင့်ပြောတာပါ...လက်တွေ့မှာ အတိတ်က ဖြစ်ခဲ့တဲ့ နာကျင်စရာ သမိုင်းဆိုးတွေကို ပြန်ပြင်လို့မရတော့ပေမဲ့၊ ရုပ်ရှင်ဆိုတဲ့ အနုပညာမီဒီယာကို အသုံးချပြီး စိတ်ကူးယဉ်ကမ္ဘာတစ်ခုထဲမှာတော့ စိတ်ကျေနပ်စရာကောင်းတဲ့ အဆုံးသတ်အဖြစ် ဖျော်ဖြေပေးနိုင်တယ်ဆိုတာကို သက်သေပြနိုင်တဲ့ အနုပညာ ကုထုံး တစ်ရပ်ဖြစ်ခဲ့ပါတယ်။ Sharon Tate
မိသားစုနဲ့ သူ့ပရိသတ်တွေလည်း ရုပ်ရှင်ကြည့်ပြီး အနာဟောင်းကို
ပြန်မ‌ဆွမိဘဲ စိတ်သက်သာရာ ရသွားမယ်ထင်ပါတယ်။

✒️ | YKTM

Once Upon a Time in Hollywood ရုပ်ရှင် ဇာတ်ညွှန်းအကြောင်းပင်ကိုယ်အ‌တွေးနဲ့ စာဖွဲ့ရေးသားခဲ့တာဖြစ်ပါတယ်။
ဒီရုပ်ရှင်မှာ လီယို နဲ့ ဘရတ်ပစ် ဘယ်သူ့ပိုကြိုက်ဆိုတဲ့
ချိန်ခွင်လျှာညှိဖို့ပြောတန်မစွမ်းပါဘူး။ ဇာတ်ပို့သူ ဘရတ်ပစ်
အကောင်းဆုံးဖြစ်ခဲ့သလို၊ ဇာတ်ဆောင် လီယိုနာဒိုလည်း
တပြားသားမှမလျော့ခဲ့ပါဘူး။ ဘရတ်ပစ်က ဇာတ်ပို့ အော်စကာ
ရခဲ့ပါတယ်။ လီယိုမရခဲ့ပါဘူး။ အဲ့ဒီနှစ် ဇာတ်ဆောင်မင်းသားဆုကို
Joker ရုပ်ရှင်နဲ့ ဟွာကင်းဖီးနစ် ဆုရသွားတာပါ။
အကောင်းဆုံး ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ ဇာတ်ကားဆု
အားလုံးကိုလည်း (ကိုရီးယားရုပ်ရှင်) Parasite နဲ့
ဘောင်ဂျွန်ဟို တစ်ဦးတည်း ရသွားခဲ့ပါတယ်။
တာရမ်တီနို တာထွက် မှားခဲ့သလားပေါ့လေ ...




The Art of Storytelling and Screenwriting |
Practical Analysis, Writing Intensive Course
ဇာတ်လမ်း၊ဇာတ်ညွှန်းလက်တွေ့စဉ်းစားရေးသားအနုပညာ
Online Class : March & April Intake
Write "VLC" in Chat.

11/03/2026

ပင်ပေါင်ကစားသမား တစ်ယောက်ရဲ့ ဘဝကို အခြေခံထားပေမဲ့ တကယ်တမ်းတော့ လူငယ်တစ်ယောက်ရဲ့ အတ္တ၊ အောင်မြင်မှုအပေါ် မောဟဇောနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေခြင်းအကြောင်းကို ရုပ်ရှင်အနုပညာနဲ့ ထွင်းထုထားတာဖြစ်ပါတယ်။

ဒီကားဟာ ရိုးရိုးရှင်းရှင်း အားကစားဇာတ်လမ်းမျိုးမဟုတ်ဘဲ
ဇာတ်ကောင်စရိုက်အ‌ပြောင်းအလဲကို ပင်ပေါင်ဘောလုံးလိုပဲ
နိမ့်လိုက် မြင့်လိုက်နဲ့ ပရိသတ်ကို လိုက်ကြည့်စေတဲ့
ဇာတ်လမ်းမျိုးဖြစ်ပါတယ်။

ဇာတ်အဖွင့်မှာတင် ဇာတ်ကောင် Marty ရဲ့ ထူးခြားတဲ့ စရိုက်ကို ပရိသတ်လက်ထဲ ထည့်ပေးပါတယ်။ ဉာဏ်လျင်တယ်။
ပတ်ဝန်းကျင် အကဲခတ်မှု အားကောင်းတယ်။
အောင်နိုင်လိုစိတ်ပြင်းထန်တယ်။ ဒါတွေပေါ့။

အဖွင့်ပိုင်းမှာ သုံးထားတဲ့ ဇာတ်ညွှန်းခွဲထားပုံဟာ
ပရိသတ်ကို ဇာတ်ကောင်နဲ့ တစ်သားတည်းဖြစ်အောင်
လုပ်တာမျိုးမဟုတ်ဘဲ...
သူ့ရဲ့ အတ္တကို အဝေးကနေ စောင့်ကြည့်ရသလို
ခံစားချက်မျိုးရအောင် ဖန်တီးထားပါတယ်။

ဇာတ်ညွှန်းဟာ Marty ရဲ့ အပြင်ပန်း အောင်မြင်မှုထက်
သူ့ရဲ့ အတွင်းစိတ်မလုံခြုံမှု (Insecurity) ကို ပိုပြီး
အသားပေးရေးထားတဲ့ ဇာတ်ညွှန်းလို့လည်း‌ ပြောရမယ်။

သူဟာ ပင်ပေါင်ခုံပေါ်မှာ ဘုရင်တစ်ဆူလို ပြုမူပေမဲ့ ခုံပေါ်က ဆင်းလိုက်တာနဲ့ လမ်းပျောက်နေတဲ့ လူငယ်တစ်ယောက် ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ ဇာတ်ညွှန်းအတွက် လူငယ်ဘဝရဲ့ အတ္တနဲ့ မာနဆိုတာ တကယ်တော့ မိမိကိုယ်ကို ကာကွယ်ဖို့ တည်ဆောက်ထားတဲ့ တံတိုင်းတွေသာ
ဖြစ်တယ်ဆိုတာကို ပီပြင်စေပါတယ်။

ဇာတ်လမ်းကို Linear (တောက်လျှောက်သွားတဲ့ ပုံစံ) သုံးထားပေမဲ့ ဇာတ်ဝင်ခန်းတိုင်းမှာ Tension တွေကို ပင်ပေါင်ဘောလုံး
ရိုက်သံတွေလိုပဲ စည်းချက်မှန်မှန်နဲ့ မြှင့်သွားတာတွေ့ရမယ်။

Marty ရဲ့ အတ္တ အထွတ်အထိပ် ရောက်ချိန်နဲ့
သူ့ရဲ့ ကျရှုံးခန်းတွေကို နှိုင်းယှဉ်ရင်း သူ့ဘဝရဲ့
အလှည့်အပြောင်းတွေကို ကိုယ်စားပြုသွားပါတယ်။

သူ့ရဲ့ မာနက ဘယ်လို အဟန့်အတား ဖြစ်နေသလဲဆိုတာကို
စကားပြောခန်း (Dialogue) တွေကတစ်ဆင့် ထိထိမိမိ ဖော်ပြထားပါတယ်။

ဇာတ်ညွှန်းနဲ့ဒါရိုက်တာ Josh Safdie ရဲ့ ထုံးစံအတိုင်း ဒီကားမှာဇာတ်ညွှန်းရဲ့ စည်းချက်ဟာ အမောတကော ဖြစ်နေတာတွေ့ရမယ်။
Pacing မြန်နေတာမျိုးပေါ့။ ဒါဟာ ဇာတ်ကောင်ရဲ့ စိုးရိမ်စိတ်နဲ့ အောင်မြင်မှု နောက်ကို အပြေးလိုက်နေရတဲ့ သဘောကို ထင်ဟပ်
အောင်ဖန်တီးယူထားတာပါ။ ပရိသတ်ဟာ ရုပ်ရှင်ကြည့်နေရင်း Marty နဲ့အတူ အသက်ရှူ မဝသလို ခံစားရအောင် ဇာတ်ညွှန်းနဲ့ ရိုက်ချက်တွေက ပေါင်းစပ်ဖန်တီးထားတာဖြစ်ပါတယ်။

ဇာတ်ကောင်ကို အောက်ခြေအထိ ဆွဲချလိုက်ပြီးမှ သူ့ရဲ့ လူသားဆန်မှုကို ပြန်လည် တူးဖော်ပြပါတယ်။ ဒါကို ဇာတ်ညွှန်းမှာ
"The Hero’s Journey" ဇာတ်ကြောင်း‌ပြောနည်းအမျိုးအစားထဲ မှတ်ယူပါတယ်။ ဒါပေမယ့် ၂၀၂၅ ခုနစ်ထွက်ရုပ်ရှပ်ဖြစ်တာနဲ့
လျော်ညီစွာ ခေတ်သစ်ဆန်တဲ့ ချဉ်းကပ်မှုမျိုး ဇာတ်လမ်းကို
ပုံဖော်ထားတာပါ။

ပင်ပေါင်ကစားနည်းကို ဘဝရဲ့ တိုက်ပွဲတစ်ခုအနေနဲ့ တင်စားထားပါတယ်။ ဘောလုံးလေး တဖတ်ဖတ် ရိုက်သံဟာ Marty ရဲ့ နှလုံးခုန်သံလိုပါပဲ။ ဇာတ်ညွှန်းဟာ အားကစားကို နောက်ခံထားပြီး လူငယ်တစ်ယောက်ရဲ့ အိပ်မက် ရည်မှန်းချက်နဲ့
ဘဝရှင်သန်ရေး အတိမ်အနက်ကို အဓိက ပုံဖော်သွားတာ ဖြစ်ပါတယ်။

ဇာတ်သိမ်းပိုင်းမှာ ဇာတ်ကောင် Marty ဟာ အောင်နိုင်သူတစ်ယောက် ဖြစ်သွားသလား၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့သွားသလားဆိုတာ ဇာတ်ညွှန်းက လေးလေးနက်နက် အဖြေပေးထားပါတယ်။

ဇာတ်ညွှန်းဆုအတွက် ဆက်ပြောရရင်...
Marty Supreme ဇာတ်ညွှန်းဟာ Original Screenplay နဲ့ Adapted Screenplay ကြားက မျိုးစပ် (Hybrid) ပုံစံမျိုးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ တရားဝင် သတ်မှတ်ချက်အရတော့ ဖြစ်ရပ်မှန်ကို အခြေခံပြီး အသစ်ပြန်လည် ရေးဖွဲ့ထားတဲ့ Original Screenplay ဖြစ်ဖို့ ပိုနီးစပ်ပါတယ်။ ဒါကြောင့်လည်း
အော်စကာဆုပေးပွဲမှာ original Screenplay ဆုအတွက်ပဲ
ဆန်ကာတင်ဝင်သွားတာပါ။

ဒီဇာတ်လမ်းဟာ ပင်ပေါင်ကစားသမား Marty Reisman ရဲ့ ဘဝအကြောင်းကို အခြေခံထားတာ မှန်ပေမဲ့၊ သူ့ရဲ့ ကိုယ်ရေးရာဇဝင်စာအုပ် (Biography) တစ်ခုခုကို တိတိကျကျ ပြန်ရိုက်ထားတာမျိုး မဟုတ်ပါဘူး။

ဒါကြောင့် မူရင်းဇာတ်ညွှန်းဖြစ်တဲ့ Marty Supreme ဇာတ်ညွှန်းဖန်တီးထားပုံက ဇာတ်ကောင်ရဲ့ မာနကို အရွှန်းဖောက်သရော်သွားပေမဲ့၊
ဒီမာနရဲ့ နောက်ကွယ်က အထီးကျန်မှုနဲ့ ကြောက်ရွံ့မှုကို ပေါ်လွင်အောင် ရေးဖွဲ့ထားတာကြောင့် ရုပ်ရှင်ပြီးသွားရင်တောင် ဇာတ်ကောင်ရဲ့ စရိုက်ဟာ ကျွန်တော်တို့ ရင်ထဲမှာ ကျန်ရစ်နေမှာ သေချာပါတယ်။

✒️ | YKTM

Marty Supreme ရုပ်ရှင် ဇာတ်ညွှန်းအကြောင်း
ပင်ကိုယ်အ‌တွေးနဲ့ စာဖွဲ့ရေးသားခဲ့တာဖြစ်ပါတယ်။
ဒီရုပ်ရှင်မှာ မင်းသားသရုပ်ဆောင်ခဲ့မှုအပေါ်သဘောကျအားရသလို၊
"ငါက သက္ကရာဇ် ၁၆၀၀ ကျော်ထဲက မသေဘဲရှင်လာတဲ့
ဗန်ပိုင်းယားကွ၊ မင်းလိုကောင်တွေအများကြီးတွေ့ခဲ့ပြီးသား" လို့
ပြောတဲ့ သူဌေးဇာတ်ကောင်ဘဲကြီးကို အကြိုက်ဆုံးပါပဲ။
သူကအပြင်မှာလည်း ဇာတ်လမ်းထဲကအတိုင်း
တကယ့်စီးပွားရေးလုပ်ငန်းရှင်ပါ။ ရုပ်သံအစီအစဥ်တွေမှာ
သူမကြာခဏပါဖူးပေမယ့်၊ ရုပ်ရှင်မှာတော့ ဒီကားမှာသူ
ပထမဆုံးဝင်သရုပ်ဆောင်တာပါ။ သူ့ကို အော်စကာမှာ
ဆန်ကာတင်စာရင်းထဲ မထည့်ပဲ ချန်ထားခဲ့လို့ ဝေဖန်ရေးဆရာတချို့
အကဲဖြတ်ဒိုင်တွေအပေါ်အပြစ်တင်နေကြတဲ့ သတင်းလည်းဖတ်ရပါတယ်။




The Art of Storytelling and Screenwriting |
Practical Analysis, Writing Intensive Course
ဇာတ်လမ်း၊ဇာတ်ညွှန်းလက်တွေ့စဉ်းစားရေးသားအနုပညာ
Online Class : March & April Intake
Write "VLC" in Chat.

11/09/2025

ဇာတ်တစ်ပုဒ်တည်ဆောက်တဲ့အခါ ဘယ်သူ့နေရာက များများပြောမလဲ
ဆိုတဲ့ Perspective ကို ဇာတ်ညွှန်းသမားတို့ စဉ်းစားရွေးချယ်ရလေ့
ရှိပါတယ်။ ဇာတ်လမ်းအများစုဟာ ဇာတ်ကြောင်းထဲ ဗဟိုပြုထားတဲ့
ဇာတ်ကောင် Central Character ခေါ် ဇာတ်လိုက်နေရာမှ
များများပြောပြလေ့ရှိပါတယ်။ Weapons ဇာတ်လမ်းမှာတော့
ဖြစ်ရပ်ကိုသာ ဗဟိုပြုပြီး ဇာတ်ကောင်တစ်ယောက်ချင်းစီ အတွေ့အကြုံမှ
ပြောပြတဲ့နည်းလမ်း Ensemble Cast ကို ဇာတ်ညွှန်းရေးသူ
ဒါရိုက်တာ Zach Cregger မှ အသုံးပြုထားတာတွေ့ရပါမယ်။

✨(Intertwined Story)

ဒါကြောင့် ဇာတ်လမ်းဖွဲ့စည်းပုံ Narrative Pattern ဟာ Intertwined Story ဖြစ်ဖို့ အခွင့်အလမ်းအများကြီးရသွားတာ
တွေ့ရပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ဦးနဲ့တစ်ဦး ဆက်နွယ်နေတဲ့ပုံစံလို့ နားလည်နိုင်ပါတယ်။ ဇာတ်လမ်းမှာ ဇာတ်ကောင်တစ်ဦးစီ လမ်းကြောင်းက သီးခြားစီ စတင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး ရှုပ်ထွေးတဲ့ ဇာတ်ကွက်ကြီးကို ပုံဖော်လာနိုင်တာမျိုးဖြစ်ပါတယ်။ ဒီလိုမျိုး ဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းတွေကို ပေါင်းစပ်တဲ့ပုံစံကို "Intertwined Story" လို့ ခေါ်ဆိုနိုင်ပါတယ်။

ဇာတ်ကောင်တွေရဲ့ လမ်းကြောင်းတွေက တစ်ဦးနဲ့တစ်ဦး ဆက်နွယ်နေတာကြောင့် အကြမ်းဖက်မှုတစ်ခု ဖြစ်ပေါ်လာတဲ့အခါမှာ အခြားဇာတ်ကောင်တွေအပေါ် ဘယ်လိုမျိုး သက်ရောက်မှုရှိတယ်ဆိုတာကိုပါ မြင်တွေ့ရပြီး၊ ကြောက်ရွံ့မှုကို ပိုပြီး နက်ရှိုင်းစေပါတယ်။

✨ (Logical)

သန်းခေါင်ယံ ည ၂ နာရီ‌ကျော်မှာ ပျောက်ဆုံးသွားခဲ့တဲ့ အတန်းဖော်‌ကလေး ၁၇ ယောက် အမှုမှာ အဓိကသံသယရှိသူ နှစ်ယောက်ဖြစ်လာတဲ့ ၎င်းတို့အတန်းက ဆရာမ နဲ့ မပျောက်ဘဲကျန်ခဲ့ပြီး ကျောင်းဆက်တက်နေတဲ့ ကျောင်းသားလေးတို့ ဇာတ်ကောင်နှစ်ယောက် ဖြစ်တည်မှုထဲ
ပေါင်းထည့်ပြသွားတဲ့ ဇာတ်ကောင်တွေဟာလည်း တဖြည်းဖြည်းစိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။

ဇာတ်လမ်းထဲ ဖြစ်ပေါ်လာတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ weapon လို့ ခေါ်တဲ့ အရာတွေရဲ့ စွမ်းအားတွေကို ရှင်းပြရာမှာ အစကနေအဆုံးအထိ တိကျသေချာတဲ့ logic ကို ထိန်းထားနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဒီလိုမျိုး လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ဖွဲ့တည်တဲ့ Mystery ဇာတ်လမ်းတွေမှာ logic ကင်းမဲ့တဲ့ အဖြစ်အပျက်တွေ ရှိတတ်ပေမဲ့ Weapons ကတော့ ဒီလို မဟုတ်ပါဘူး။ တစ်ခုနဲ့တစ်ခု ဆက်နွယ်နေတဲ့ ဇာတ်ကောင်တွေရဲ့ လမ်းကြောင်းတွေကို ပေါင်းစပ်ပြီး ဇာတ်လမ်းရဲ့ အဓိက လျှို့ဝှက်ချက်ကို ဖော်ထုတ်ရာမှာလည်း သဘာဝကျကျနဲ့ စိတ်ဝင်စားစရာ ကောင်းနေတာကို တွေ့ရပါတယ်။ ဒါက ဒါရိုက်တာ Zach Cregger ရဲ့ ဇာတ်ညွှန်းရေးသားမှုနဲ့ ဇာတ်လမ်းတည်ဆောက်နိုင်မှု ပညာဖြစ်ပါတယ်။

✨ (Visceral Violence)

Weapons ရုပ်ရှင်ရဲ့ visceral violence (အတွင်းကလီစာ ပေါက်ထွက်၊ ပြတ်ထွက်) ကြမ်းတမ်းတဲ့ပြကွက် တွေက ဇာတ်လမ်းရဲ့ ထိတ်လန့်စရာကောင်းတဲ့ ခံစားချက်ကို ပိုပြီး မြင့်တက်စေပါတယ်။

ဒီရုပ်ရှင်မှာ အကြမ်းဖက်မှုတွေကို သွေးထွက်သံယို အသားပေးပြီး ရိုက်ပြတာထက်၊ ကြည့်ရှုသူတွေရဲ့ စိတ်ခံစားမှုနဲ့ အာရုံတွေကို တိုက်ရိုက်ထိခိုက်အောင် ရည်ရွယ်ပြီး ဖန်တီးထားတာကို တွေ့ရပါတယ်။ Barbarian ဇာတ်ကားမှာလိုပဲ ဒါရိုက်တာ Zach Cregger ဟာ ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တွေကို မထင်မှတ်ထားတဲ့ အချိန်တွေမှာ ရုတ်တရက် ထည့်သွင်းပြသပြီး ပရိသတ်ကို ထိတ်လန့်တုန်လှုပ်စေဖို့ လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။

ဥပမာအားဖြင့် ဇာတ်လမ်းထဲက ဇာတ်ကောင်တွေဟာ သူတို့ကိုယ်တိုင် ထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် သတ်ဖြတ်ခံရတာမျိုး မဟုတ်ဘဲ၊ ထိတွေ့ရုံနဲ့တင် အသက်ဆုံးရှုံးစေနိုင်တဲ့ သို့မဟုတ် ကြောက်မက်ဖွယ်ရာ ပုံစံမျိုးစုံနဲ့ ထိခိုက်နိုင်တဲ့ "weapon" တွေရဲ့ စွမ်းအားကို မျက်ဝါးထင်ထင် တွေ့ကြုံရတာမျိုး ဖြစ်ပါတယ်။ အထူးသဖြင့် ဇာတ်လမ်းထဲက စုန်းမကြီးရဲ့
အောက်လမ်း မှော်အတတ်တွေပေါ့လေ။

ဒီလိုမျိုး ပြကွက်တွေက ရိုးရိုးရှင်းရှင်း သတ်ဖြတ်တာမျိုးထက် စိတ်ပိုင်းဆိုင်ရာ ပိုပြီး ရိုက်ခတ်မှုရှိတဲ့အပြင်၊ ကြည့်ရှုသူကိုလည်း ဇာတ်ကောင်တွေနဲ့အတူ စိတ်ဖိစီးမှု ခံစားရအောင် ဆွဲဆောင်နိုင်ပါတယ်။ ရိုးရိုး gore (သွေးထွက်သံယို) ပြကွက်တွေထက် ဇာတ်လမ်းမှာ အဓိကထားတဲ့
Thriller သည်းထိတ်ရင်ဖိုစရာ ရသပုံစံကို ပိုမို ပီပြင်စေပါတယ်။

✨ (Dark Humour, Black Comedy)

Weapons ရုပ်ရှင်ထဲက dark humour (ရွဲ့စောင်းဟာသ) ပြကွက်တွေဟာ ဇာတ်ကားရဲ့ သည်းထိတ်ရင်ဖို ပုံစံကို ပိုပြီး ထူးခြားစေခဲ့ပါတယ်။
Zach Cregger ဟာ Barbarian တုန်းကလိုပဲ ကြောက်မက်ဖွယ်ကောင်းတဲ့ အခြေအနေတွေမှာ ရယ်စရာ၊ ရွဲ့စောင်းစရာ ကောင်းတဲ့ အစိတ်အပိုင်းတွေကို ပေါင်းစပ်တတ်ပါတယ်။ ဒီလိုဟာသမျိုးက ကြည့်ရှုသူတွေရဲ့ စိတ်ဖိစီးမှုကို တခဏဖြစ်ဖြစ် လျှော့ချပေးသလို၊
ဇာတ်လမ်းရဲ့ ပုံမှန်မဟုတ်တဲ့ သဘာဝကိုလည်း ပိုပြီးပေါ်လွင်စေပါတယ်။
ဥပမာအားဖြင့်၊ ဇာတ်ကောင်တွေဟာ အသက်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေမျိုးမှာတောင် တစ်ယောက်နဲ့တစ်ယောက် လှောင်ပြောင်တာမျိုး၊ ဒါမှမဟုတ် အဖြစ်အပျက်ကို အမှတ်မထင် ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်တာမျိုးတွေဟာ ပရိသတ်ကို ရုတ်တရက် ရယ်မောစေနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီနောက်မှာပဲ ပိုပြီး ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေက ဆက်လက်ဖြစ်ပေါ်လာတာကြောင့် ဟာသနဲ့ ထိတ်လန့်မှုကြားက ခြားနားချက်ဟာ ပိုပြီး ပီပြင်လာပါတယ်။
ဒီလိုမျိုး dark humour ကို ထည့်သွင်းအသုံးပြုတာဟာ ဇာတ်ကားကို ပုံမှန်ရိုးရှင်းတဲ့ horror ဇာတ်ကားတွေနဲ့မတူဘဲ ပိုပြီး memorable (အမှတ်ရစရာ) ဖြစ်စေနိုင်ပါတယ်။

ယခုဖော်ပြခဲ့တဲ့အချက်များဟာ Weapons ရုပ်ရှင်ကြည့်ပြီးနောက်
ကျွန်တော် သုံးသပ်ဖြစ်တဲ့ လေ့လာစရာ ဇာတ်လမ်းဖွဲ့စည်းထားပုံ
ဖြစ်ပါတယ်။ ဇာတ်ညွှန်းရေးသူ ဒါရိုက်တာ Zach Cregger
ပြောပုံအရ Weapons ဇာတ်လမ်းအဆက်ရှိနိုင်ပါသေးတယ်။
သူပြောသလိုပဲ ပရိသတ်ဖြစ်တဲ့ ကျနော်တို့လည်းခံစားမိမှာပါ။
ဒီဇာတ်လမ်းဟာ ဖြစ်ရပ်တစ်ခုအတွက် အပြီးသတ်ဖြစ်ပေမယ့်
နောက်ဆက်တွဲများစွာအတွက် အစဖြစ်လို့နေပါတယ်။
အထူးသဖြင့် ဇာတ်လမ်းအစမှာကတည်းက အမည်မဖော်သူ
အသံပိုင်ရှင်ကလေးမလေးတစ်ဦးက သူ့မြို့မှာဖြစ်သွားခဲ့တာကို
အားလုံးကိုယ်စား သူအတွင်းကျကျသိနေသလိုလို ပြောပြနေပုံကိုက
ဒီဇာတ်လမ်းရဲ့ narrative ဟာ ရုပ်ရှင်အစမှာတင် ဆွဲခေါ်နိုင်ခဲ့တယ်လို့
ပြောရမှာပါ။

ဇာတ်လမ်းအစမှာပဲ အဖြစ်အပျက်တစ်ခုလုံးကို ပြန်ပြောပြနေတဲ့ ကောင်မလေးကဘယ်သူလဲ⁉️ သူတို့မြို့မှာ ဒီလိုဖြစ်ရပ်ဆိုးကြီးဖြစ်ခဲ့ပေမယ့် မြို့‌နေရပ်မိရပ်ဖနဲ့အုပ်ချုပ်သူတွေက အစမဖော်တော့ဘဲ ခြေရာဖျောက်ထားလိုက်ပါပြီ။ ဒါပေမယ့် မြို့က လူတိုင်းကိုမေးရင် သမီးပြောသလိုပဲ ပြောပြမယ်တဲ့ ... ဒါဟာလွန်ခဲ့တဲ့နှစ်နှစ်ခန့်က ဖြစ်သွားခဲ့တာပါလို့ပြောရင်း ဇာတ်လမ်းကို နောက်ခံအသံနဲ့ သူဆက်ပြောပြတယ်။သူ့ကို ဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ယောက်ယောက်ဖြစ်လာမယ် လို့ ထင်မိပေမယ့် မပါဝင်ခဲ့ပါဘူး။ ဒါဟာလည်း Weapons ဇာတ်လမ်းတင်ဆက်ပုံရဲ့ ထူးခြားတဲ့ narrative pattern တစ်ခုဖြစ်ပါတယ်။

✒️YKTM
မျှဝေပါ၊ ဆွေးနွေးခဲ့ပါ။



13/05/2025

စွန့်စားမှုများမှ ၊ အသက်အန္တရာယ်နဲ့
လောင်းကြေးထပ်ပြရဲမှ စတန့်ကောင်းမှာကွ လို့
ပြောချင်သူထဲ ခင်ဗျားပါနေသလား⁉️

ပါတယ်ဆိုရင်ကျနော်ခင်ဗျားကိုပြန်ငြင်းမှာပဲ။

Stunt ဆိုတာ just danger အန္တရာယ်ဇုန်ထဲ
ခုန်ဆင်းပြမှမဟုတ်ဘဲ . . . ရုပ်ရှင်မြင်ကွင်းမှာ
ပရိသတ်ယုံစားသွားအောင် အဖွဲ့လိုက်
စွန့်စားပြနိုင်သမျှတွေ အမြင်လှည့်စားမှု
တွေကိုလည်းထည့်တွက်သင့်တယ်။

လတ်တလော စတန့်ပြကွက်များကို
အလွယ်တကူ နှစ်မျိုး ခွဲထုတ်တဲ့အခါ

(၁) Aerial Stunt ဝေဟင်/အမြင့်ခုန်စတန့် နဲ့
(၂) Geo Stunt မြေပြင်စတန့် ဆိုပြီး

ခွဲလိုက်ကြမယ်ဆိုပါစို့ ____

ဘယ်လို Stunt မျိုး ခင်ဗျားကြိုက်လဲ??

ကွန်ပျူတာအထူးပြုလုပ်ချက်တွေမပါဘဲ
ပကတိအခြေအနေတိုင်း မှတ်တမ်းရအောင်
ယူတဲ့ အမြင့်ခုန်စတန့်မျိုး Real-Life Aerial
Stunt တွေကို မင်းသားကြီး Tom Cruise
ဟာ သူ့ရဲ့ Mission Impossible ရုပ်ရှင်တွေမှာ
လူစားမထိုးဘဲ ကိုယ်တိုင်လုပ်လာတာက
ပရိသတ်အတွက်တော့ ဘယ်သူမှမလုပ်နိုင်တဲ့
အရာကို လုပ်သွားတယ် ဆိုပြီး မင်းသားကြီး
အတွက် ဂုဏ်ယူစရာဖြစ်စေတယ်။

ဒါကြောင့်ပဲ လာမယ့်နှစ်အနည်းငယ်
၂၀၂၈ ခုနစ် အော်စကာဆုပေးပွဲမှာ
Best Stunt Design ဆုကိုပေးအပ်မယ်လို့
ကြေငြာထားတော့ မင်းသားကြီးလို
စတန့်ပြကွက်တွေကပဲ အများကြိုက်
ရေပန်းစားမယ့် အဖြစ်မျိုးလား
မေးစရာရှိပြန်တယ်။

တကယ်တော့ အထက်မှာပြောခဲ့သလို
စတန့်ဆိုတာ အသက်အန္တရာယ်ခြိမ်းခြောက်လေ
ခက်ခဲလေ၊ တန်ဖိုးကြီးလေလို့ ယူဆရပေမယ့်၊
အကောင်းဆုံးပြကွက်ဖြစ်လေလေ လို့တော့
မပြောနိုင်ပါဘူး။

ဆိုတော့ အမြင့်ခုန် စတန့်မျိုးမဟုတ်ဘဲ
မြေပြင်ပေါ်မှာ ဖြစ်ပျက်နေတဲ့
စတန့်အခြေအနေတွေရောဘယ်လိုလဲပေါ့
မေးစရာရှိမယ်။

Air-Based / Aerial Stunt လို့ခေါ်တဲ့
ဝေဟင်/အမြင့်ခုန်စတန့်မျိုးမဟုတ်တဲ့
Geo Location Stunt ခေါ် မြေပြင်စတန့်တွေပေါ့

ဥပမာ (၁) ။ John Wick ဇာတ်လမ်းလို
ကိုယ်ခံပညာ၊ ကျည်ဆံများအကြား
ပစ်ခတ်၊ Tတ်ပုတ်ခန်း လိုဇာတ်ဝင်ခန်းတွေဟာ
အထပ်ထပ်အကြိမ်ကြိမ် ကြိုတင်လေ့ကျင့်
ပြင်ဆင်ထားတဲ့ တိုက်ခိုက်ကွက်များဖြင့်
ဇာတ်တိုက်ပြီး ဒီဇိုင်းဆင်ကြရတယ်။

ဥပမာ (၂) ။ Mad Max ဇာတ်လမ်းလို
ခေတ်လွန်စက်တပ်ယာဥ်များအကြားက
ပစ်ခတ်၊ လုံးထွေး Tတ်ပုတ်ခြင်းတွေဆို
လည်း ကင်မရာရှုထောင့်အတွင်းမှာ
စိတ်ကူးထားသည်အတိုင်း
တိတိကျကျ ပုံဖော်နိုင်ဖို့ ကြိုတင်ဇာတ်တိုက်ပြီး
ဒီဇိုင်းဆင်ကြရတယ်။

ဒါကြောင့် . . . စတန့်ဟာ မြေပြင် ဖြစ်စေ၊
ဝေဟင်မှာဖြစ်စေ ရုပ်ရှင်သည်ပရိသတ်ကို
ခင်းကျင်းပြနေသည့်ဘောင်အတွင်းက
ဖြတ်ထိုးဥာဏ်ရှိရှိ အမြင်လှည့်စားထားမှု
များအပေါ်သာ အဓိက မှီတည်နေခြင်းသဘာဝ
ရှိနေပြီးသားမို့ အထူးပြုလုပ်ချက်များ၊
စတန့်များကို အကောင်းဆုံးဖြစ်၏/မဖြစ်၏
တိုင်းထွာရမည့် ပေတံဟာ ___

1. Creativity & Originality

ဘယ်လောက်ကြီးပဲ စတန့်ကောင်းမွန်နေပါစေ၊
ရှိပြီးသားပြကွက်တစ်ခုကို ပုံတူပွားပြီး၊
နှမ်းဖြူးထားတယ်ဆိုတဲ့ စတန့်ဟာ
အကောင်းဆုံးဆုမရသင့်ပါဘူး။
ဥပမာ_ မင်းသားကြီး Tom Cruise လည်း
ဗီဒီယိုဂိမ်းတွေထဲက စတန့်မျိုး ပုံတူကူးမိဟန်
ရှိနေတာကြောင့် ဝေဖန်သံ ညံဖူးပါတယ်။

2. Technical Ex*****on

စတန့်ရဲ့အသက်ဟာ ယုံအောင်ပြရတာပါ။
လိမ်တာပေါ်သွားရင် fail ပါပြီ။
ဒါကြောင့် စတန့်အကောင်းဆုံးအတွက်
ရွေးချယ်ရေးမှာ အဖွဲ့လိုက်နည်းစနစ်တကျ
ပိပိရိရိ သေသေသပ်သပ် ဘယ်လောက်
လုပ်ပြနိုင်ခဲ့သလဲကိုလည်း ထည့်တွက်
ပေးရပါလိမ့်မယ်။

3. For the story And Visual Impact

ဇာတ်လမ်း၊ဇာတ်ကွက်၊ဇာတ်ကောင်နဲ့
လားလားမှမဆိုင်ဘဲ ထယောင်ပြီး
ရူးနှမ်းပြတဲ့ စတန့်မျိုးဆိုရင်လည်း
fail လိမ့်မယ်လို့ကျနော်ပြောချင်ပါတယ်။

ဇာတ်လမ်းမှာ ဇာတ်ကောင်ကြုံတွေ့နေရတဲ့
အခြေအနေ တင်းမာမှု၊ ရုန်းကန်နေရမှု နဲ့
စိတ်အခြေအနေတွေကို စတန့်ပြကွက်ဟာ
ဘယ်လို အထောက်အကူပေးနိုင်သလဲ။
အဲ့ဒီစတန့်ပြကွက်ဖန်တီးပုံဖော်ထားမှုဟာ
ရုပ်ရှင်အတွက်ဘယ်လောက်အရေးပါသလဲ။
ဒီအချက်တွေမှာ စတန့်ကောင်းခြင်းလက္ခဏာ
တွေ ရှိပါလိမ့်မယ်။

စတန့်ဆိုတာ လွတ်ကျသွားတဲ့ဖန်ခွက်ကို
ကျကွဲမသွားခင် ဖက်ခနဲ လှမ်းကိုင်ပြသလို
အရသာဖြစ်ပါတယ်။ ဒါပေမယ့် အမြဲတမ်း
ချည်း ဖန်ခွက်တွေ ပစ်ချပြီး လိုက်ကောက်
ပြနေရင်တော့ ဇာတ်လမ်းဟာ ဖန်ခွက်
ကောက်တဲ့ဇာတ်ပဲဖြစ်သွားပါလိမ့်မယ်။
ဒီသဘောမျိုးပေါ့။ မင်းသားကြီး Tom Cruise
သည်လည်း အမြဲတမ်းကြီး အမြင့်ခုန်ချနေရင်
သူ့မစ်ရှင်တစ်ခုလုံးရဲ့ ဇာတ်ကြောင်းဟာ
မှေးမှိန်လာပါလိမ့်မယ်။

YKTM
မျှဝေပါ၊ဆွေးနွေးခဲ့ပါ။

THE ART OF STORYTELLING AND
SCREENWRITING PROGRAM |
PRACTICAL ANALYSIS AND
WRITING ONLINE COURSE.


Address

Yagon

Website

Alerts

Be the first to know and let us send you an email when A Place For Films & Music posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share