01/12/2023
#မုန့်အရွယ်မှာ မုန့်
ဒုတ်အရွယ်မှာ ဒုတ်
အလုပ်အရွယ်မှာ အလုပ်
အမှန်ပဲ
သားသမီးကိုချစ်ရင်ခိုင်းပါ
နေရာတကာလိုက်မလုပ်ပေးပါနဲ့
သူ့အရွယ်နဲ့တန်တဲ့ အလုပ်တွေကို ခွဲတမ်းချပေးပါ
ပန်းကန်ဆေးခိုင်းပါ
တံမြတ်စည်းခိုင်းခိုင်းပါ
အိပ်ယာသိမ်းခိုင်းပါ
ရေခဲသေတ္တာထဲ ရေဘူးတွေဖြည့်ခိုင်းပါ
အိမ်သာဆေးခိုင်းပါ
အိမ်အကူရှိရင်လည်း တစ်ခြားသူလုပ်နိုင်တဲ့ အလုပ်တွေကို လုပ်ခိုင်းပါ
ဒီလိုလုပ်ခိုင်းတာဟာ
ကလေးကိုခိုင်းတယ်လို့မမြင်ပါနဲ့
အလုပ်တစ်ခုကို သူလုပ်နိုင်တယ်
သူလုပ်ပြီးသွားပြီ သူလုပ်တတ်တယ်ဆိုတဲ့ ယုံကြည်မှုကို တဖြေးဖြေးချင်း
တည်ဆောက်ပေးတာပါ
ကလေးကိုချစ်ရင် နေရာတကာလိုက်လုပ်မပေးပါနဲ့...ခိုင်းပါ
စလုပ်လုပ်ချင်းမှာတော့ အချိုးမပြေတာတွေ Concept မမိတာတွေ ကျကွဲတာတွေ မသေသပ်တာတွေဖြစ်ပေမယ့်
ဒီအချက်တွေဟာ ဘာ့ကြောင့်ဖြစ်ရတယ် မဖြစ်အောင်ဘယ်လိုလုပ်ရမယ်
နောက်တစ်ခါဖြစ်ရင် ဘယ်လိုတာဝန်ယူရမယ်ဆိုတာမျိုး အကျင့်လုပ်ပေးပါ
ပန်းကန်ကွဲရင် မုန့်ဖိုးထဲကပြန်ဝယ်ရမယ်ဆိုတာမျိုး
ဒီအလုပ်ပြီးမှ အပြင်ထွက်ဆော့ရမယ်ဆိုတာမျိုး
ဒီဟာမပြီးရင် ဟိုဟာလုပ်ခွင့်မပြုဘူးဆိုတာမျိုး
အကျင့်လုပ်ကြည့်ပါ
ရိုက်နှက်တာထက်စာရင်
တာဝန်ယူမှုရှိအောင်လုပ်ပေးခြင်းက
ပိုထိရောက်ပါတယ်
ဘာမှမလုပ်တတ်တဲ့ကလေးတွေဟာ
ဘာမှမသိပါဘူး
အလုပ်သေးသေးလေးတွေ
မလုပ်ဖူးတဲ့ကလေးတစ်ယောက်ဟာ
ယုံကြည်မှုလည်းမရှိကြပါဘူး
"ဒါလေးများ သားလုပ်တတ်တယ်"
"အဲဒါ သမီးလုပ်တတ်တယ်" ဆိုတဲ့စကားတွေ
သင့်ကလေးဆီကကြားဖူးပါသလား
မှားမှာမစိုးရိမ်ပါနဲ့
သင့်ကလေးမလုပ်ဖူးမှာကိုပဲကြောက်ပါ
အသက်၁၆နှစ်အရွယ်လူငယ်တစ်ယောက်ဟာ
ဖုန်းမပြောတတ်
ရပ်ကွက်ရုံးမှာထောက်ခံစာမဖြည့်တတ်
အိမ်ကလိုက်မပို့ရင်
ဘယ်မှမသွားတတ် မလာတတ်
ဧည့်သည်လာရင် အိမ်ထဲဝင်ပြေး
ဘာတစ်ခုမှမသိဘဲ
ကျူရှင်တက်ဖို့နဲ့စာကျက်ဖို့
ရတဲ့စာကိုအလွတ်ချရေးပြီး
အဆင့်၁ရဖို့သာကြိုးစားနေတယ်ဆိုရင်
ဒါဟာတော်တော်လွဲမှားနေတဲ့
အုပ်ထိန်းမှုအောက်မှာကြီးပြင်းလာတဲ့
ကလေးဖြစ်နေတာသေချာပါပြီ
အသက်၂၀ ကျော်တဲ့အထိ
ထမင်းခူးပေးရတုန်း
မိဘမချက်ထားရင် ဘာမှမစားတတ်ဘူး
ဘာလုပ်လုပ် မိဘပါမှ လုပ်တတ်တယ်
မိဘပြောမှ စလုပ်တယ်ဆိုတာ
ဂုဏ်ယူရမယ့် အရာတွေ မဟုတ်ပါဘူး
သင့်ကလေးသင့်ကိုလိုအပ်တာထက်ပိုပြီး မှီခိုလွန်းနေတာဟာ
သင့်ကိုချစ်လို့ဆိုတာထက်
သင်သူတို့ကိုမသုံးမကျအောင်
ပုံသွင်းထားခဲ့လို့ဆိုတာ မမေ့ပါနဲ့
'နေရာတကာအမေပါရတယ်'ဆိုတာ
ဂုဏ်ယူစရာစကားမဟုတ်ပါဘူး
ကိစ္စသေးသေးလေးတွေကို
သူကိုယ်တိုင်အစအဆုံးလုပ်တတ်ဖို့
စဉ်းစားတတ်ဖို့ တာဝန်ယူတတ်ဖို့
တဖြေးဖြေးချင်းသင်ပေးပါ
ဒါမှသာ တဖြေးဖြေးချင်း
လောကရဲ့ပြဿနာတွေကို
သူတို့ဘယ်လိုဖြေရှင်းရမလဲဆိုတာ
တွေးတဲ့အကျင့်ရသွားမှာဖြစ်ပါတယ်
အပြိုင်အဆိုင်ဖွင့်လာကြတဲ့
အမှန်အကန်ကျောင်းတွေရော
အကြံအဖန်ကျောင်းတွေမှာပါ
သူများထက်သာဖို့ငွေတွေအကုန်ခံပြီး
သင်တာလည်းသင်ပါ
အရာတော်တော်များများကိုလည်း
ကိုယ်တိုင်သင်ပေးပါ
ကိစ္စတော်တော်များများကို
သူတို့ကိုယ်တိုင်ဆောင်ရွက်ခိုင်းပါ
လူတော်တော်များများနဲ့ထိတွေ့ခိုင်းပါ
လောကမှာ စာတော်ဖို့ လိုအပ်သလို
အကင်းပါးဖို့ လူရည်လည်ဖို့
လူ့အထာနပ်ဖို့နဲ့ သူတို့ကိုယ်သူတို့ဘယ်ကိစ္စမှာမဆို
ယုံကြည်မှုအပြည့်ရှိဖို့လည်း
လိုအပ်တယ်ဆိုတာ သတိပြုပါ
ကျွန်တော်တို့ နိုင်ငံက ကျောင်းတွေမှာ
မစဉ်းစားခိုင်းပါဘူး
ဤ,သည်မရွေးကျက်ခိုင်းပါတယ်
ဆရာမတွက်နည်းအတိုင်းမတွက်ရင်
အမှတ်မရပါဘူး
ဒါသင် ဒါကျက် ဒါရ ဒါဖြေစနစ်နဲ့
စခန်းသွားခဲ့တာ မျိုးဆက်၂ ဆက်မကတော့ပါဘူး
အိမ်တွေရဲ့ထိန်းကျောင်းမှုကလည်း
လုံးဝပစ်ထားတဲ့မိဘနဲ့
အကုန်လိုက်ကြည့်နေတဲ့မိဘတွေနဲ့သာ
ကြီးပြင်းလာရတော့
လူငယ်တွေရဲ့ခေါင်းထဲမှာ
စဉ်းစားတဲ့ချိန်ဆိုတာ Game နှိပ်မှပဲပေါ်လာတဲ့အခြေအနေဖြစ်လာပါတယ်
နည်းနည်းလေးမေးခွန်းလှည့်လိုက်တာနဲ့
မဖြေတတ်တော့ဘူး
နည်းနည်းလေးမိဘမပါတာနဲ့
ယုံကြည်မှုမရှိကြတော့တဲ့အထိဖြစ်နေပါတယ်
ခေါင်းမပါတဲ့လူငယ်တွေကြီးလာခဲ့လို့
တိုင်းပြည်လည်းအခွံပဲကျန်ပါတော့တယ်
စဉ်းစားတတ်တဲ့မျိုးဆက်တစ်ခု
ယုံကြည်မှုအပြည့်ရှိတဲ့မျိုးဆက်တစ်ခု
ဖန်တီးနိုင်စွမ်း ထိုးဖောက်နိုင်စွမ်းရှိတဲ့
မျိုးဆက်တစ်ခုဖန်တီးပေးဖို့
အချိန်တော်တော်တောင်နောက်ကျနေပါပြီ
ဒါကြောင့်
မူကြိုပို့ဖို့ပဲမစဉ်းစားကြပါနဲ့
ကျောင်းကောင်းကောင်းထားဖို့တစ်ခုပဲ
အာရုံမစိုက်ကြပါနဲ့
သူများထက်အမှတ်ကောင်းဖို့တစ်ခုပဲ
တွန်းအားမပေးပါနဲ့
သူတို့ဖာသာသူတို့ စဉ်းစားတွေးခေါ်ဖို့
အလှည့်ပေးလိုက်ပါ
သူတို့တာဝန်သူတို့ယူတတ်ဖို့
သူတို့ဘဝကိုသူတို့အမှန်တကယ်ကျေနပ်ကြဖို့
အခွင့်အရေးပေးလိုက်ပါ
'ဘာမဆိုငါလုပ်နိုင်တယ် '
'ငါလုပ်တတ်တယ်ဆိုတဲ့'
ယုံကြည်မှုမျိုးကိုသာ ဖန်တီးပေးလိုက်ပါ
ဒါဟာ
သူတို့အတွက်သင်ပေးနိုင်တဲ့
တစ်ဘဝလုံးစာအကောင်းဆုံးလက်ဆောင်ပါ။ ။
Credit