21/05/2020
အသက်နဲ့ရင်းပြီး
တက်ခဲ့သော တောင်တက် စွန့်စားရေးခရီးတစ်ခု
ဗယ်ရက်တောင်တက် စွန့်စားရေးခရီး
တနေရာမှာဆိုရင် တောမီးလောင်ထားတော့ ကျောက်ကြားက သစ်မြစ်တွေအထိ လောင်ထားတော့ ကျောက်တွေကို အားပြုကိုင်ဆွဲရင် လိမ့်ကျမှာလည်း စိုးရတယ်။ တကယ့် ကမ်းပါးစွန်းမှာလည်း အားပြုစရာမရှိဘဲ သွားခဲ့ရတယ်။ ပျားလည်း တုပ်ခံထိတယ်။ တောင်တက်တာ အားပြုဆွဲစရာကလည်း မရှိ၊ ကိုယ်နင်းထားတဲ့ ကျောက်ကလေးတွေ လိမ့်ကျဆင်းသွားမှာလည်း ကြောက်ရ။ တောင်အဆင်းမှာဆိုရင်လည်း ခြေခဏခဏချော်လဲတယ်။ ချော်လဲတော့ ရရာဆွဲရာ ဆူးပင်ကို သွားဆွဲမိတယ်။
ဘယ်နားမှာ ရှိနေတာလဲ?
ဗယ်ရက်တောင်ဟာဆိုရင် သံဖြူဇရပ်မြို့နယ်ရှိ သက္ကောရွာအရှေ့ဘက်ခြမ်းမှာပါ။ တောင်ခြေရောက်ဖို့က ရွာကနေ ၈ မိုင်ခန့် ဆိုင်ကယ်နဲ့ သွားရပါတယ်။ ရာဘာခြံတွေကို ဖြတ်သွားရတာပေါ့။
GPS Point: 15.885457,97.835731
ဘာတွေရှိလဲ?
နွေပိုင်းမို့လို့ အပင်တွေ သိပ်မစိမ်းစိုပေမယ့်၊ တောင်ကျရေတံခွန်ဖြစ်နေတဲ့ စမ်းချောင်းကြောကနေ သွားတာမို့ ရေနည်းည်းလောက်တော့ ကျန်နေသေးတယ်။ တောင်ဂဏန်း ပုဇွန်တွေကို တွေ့ရတတ်ပါတယ်။ နွေပိုင်း သီးတဲ့ ပိန္နဲသီး၊ နာနတ်သီး၊ မရမ်းသီး၊ ဝိသီး စတဲ့ အခြားအသိတွေလည်း ရှိပါတယ်။ မိုးတွင်းဆိုရင် ရေတံခွန်လို တောင်ကမ်းပါးရှိတဲ့အတွက် ရေတံခွန်လည်း တွေ့ရနိုင်တယ်။
ဘယ်လိုသွားရလဲ?
တကယ်ဆိုရင် အရမ်းတောကျွမ်းတဲ့ ဒေသခံမပါဘဲ မသွားစေချင်ဘူး။ အဲရွာရောက်ရင် ရွာသားတွေကို မေးခေါ်ပြီး သွားနိုင်ပါတယ်။ တောသွားသည့်အတွက် တောသွားပစ္စည်းတွေတော့ လိုတာပေါ့။
ဘယ်အချိန်သွားသင့်လဲ?
ဖြစ်နိုင်ရင် ဆောင်းတွင်းသွားတာက ပိုကောင်းပါတယ်။
သို့သော် လူသူအရောက်နည်းတော့ လောလောဆယ် မသွားစေချင်သေးဘူး။
နောင် ၁ နှစ် ၂နှစ်လောက်ဆို ပို၍ သွားလို့ ကောင်းပါလိမ့်မယ်။
Adventure Trip to Bae Reck Mountain in That Kawt village of Thanphyuzayet Township.
GPS Point: 15.885457,97.835731