23/01/2024
တရွာလုံးမှာမှတလုံးထဲရှိတဲ့ဖုန်း..
တကယ်ဘုရားဆူး..တလုံးထဲ..
ကျုပ်မှာ..ဆရာတော်အဲ့ဖုန်းဝယ်လာတဲ့နေ့ကဆိုပျော်လွန်းလို့..တင်းကုတ်ထဲက..နွားတွေကိုတကောင်ချင်း..ဖက်တောင်နမ်းမိတယ်..
အမေကဆို..
"ဟဲ့ကောင်လေး..ဘာဖြစ်နေတာလဲ"
"ပျော်လို့..အမေ.."
"ပေါတောတောနဲ့.. သွား..ဝါးရွက်သွားခူးစမ်း..ဖြူမသားပေါက်တော့မယ်"
"ဟုတ်ကဲ့.."
"မြန်မြန်ပြန်လာ..ပီးရင်ထိုင်စောင့်နေ..အချင်းခွေးဆွဲသွားမယ်"
"ဟုတ်ကဲ့.."
ကျုပ်လည်းဝါးရွက်တွေခူးပီး..ဖြူမသားပေါက်မဲ့နားမှာ..ပြုံးပြုံးကြီးထိုင်နေတာ..ဒင်းကလည်း..ကျုပ်များရှက်လို့လားမသိဘူး..တော်တော်နဲ့ကိုမမွေးနိုင်ဘူး....
"ဟိုကောင်လေး...ပေါက်ပီလား"
"မပေါက်သေးဘူး..အမေ"
"အဲ့ဒါဆိုလဲ..ဒီအတိုင်းထိုင်နေမယ့်အစား..အဂုင်္လိမာလ..သုတ်ရွတ်နေပါလား"
"ဟာဗျာ...သားနဲ့ဘာဆိုင်လို့လဲဗျ...သူ့ယောက်ျား..နွားပြာကြီးတောင်ဘာမှမရွတ်ပဲ..ဒိအတိုင်းကြည့်နေတာပဲဟာ"
"ဟဲ့..နွားကတော့..ရွတ်တတ်မလား..လူကရွတ်ပေးလေ.."
ဟုတ်တယ်..ကိုယ်နဲ့လည်းဘာမှဆိုင်တာမဟုတ်ဘူးလေ...ဒီနွားမကလည်း..အရင်နွားတွေတုန်းကတော့..လျှောခနဲ့ထွက်လာပီးခုကြမှလာကြာနေတယ်...
ကျုပ်ပျော်ရတဲ့အကြောင်းရင်းက..
ကျုပ်ပထမနှစ်..တက္ကသိုလ်တက်ပီးပြန်လာတော့ကျုပ်မှာချစ်သူတယောက်ရလာတယ်...
သူမှာကဖုန်းရှိတာကို...အရင်ကကျုပ်ဖုန်းဆက်ရင်ဘေးရွာကိုသွားပြောရတာ...ခုဆိုသွားစရာမလိုတော့ဘူးလေ..
အဲ့ဖုန်းဝယ်ပီးထဲက...တရွာလုံးဆက်လိုက်ကြတာ...တချို့တွေဆို..ဖုန်းကြီးကိုင်ပီး..ကျောင်းထဲပါတ်လျှောက်ပြောနေရတာကို..ပျော်နေတာ...
"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ...@$%&*^.."
အဲ့ဒိလိုပြောတဲ့..အော်ပရေတာအမကြီးနဲ့ပြောနေရတာကို..ခေါင်းတညိမ့်ညိမ့်နဲ့...ကျေနပ်နေကြတာဗျာ..
ကျုပ်ကတော့ဆက်စရာလူရှိတယ်လေ...ကျုပ်စီကို..ဖုန်းကတနေ့သုံးကြိမ်လောက်တော့..အမြဲခေါ်တယ်..,
ကျုပ်မှာထမင်းစားချိန်တောင်..ဆောင့်ကြောင့်ထိုင်စားတယ်..
ဘုန်းကြီးကျောင်း..လော်စပီကာက
"ကိုဇေ..ဖုန်းလာနေတယ်"ဆိုရင်..လက်တောင်မဆေးဘူး..အတင်းပြေးတာပဲ..
ချစ်တာကို...(ဤကားစကားချပ်)
ကျုပ်ဖုန်းပြောဖို့သွားပီဆို..ရွာထဲက..ခလေးတွေပါ..ကျုပ်နောက်ပြေးလိုက်လာကြတာ..
နားထောင်ကောင်းလို့တဲ့..
တရွာလုံးမှာလည်း..ခုလိုရည်းစားနဲ့ဖုန်းပြောတာကျုပ်တယောက်ပဲရှိတာကို..
နောက်ပိုင်းကြတော့..ခလေးတွေတင်မဟုတ်ဘူး..လူပျိုပေါက်တွေ..အပျိုပေါက်တွေပါပါလာတာ...ကျောင်းထဲမှာတဟေးဟေးနဲ့ပေါ့..
ခုခေတ်စကားနဲဆို..ရွာဆယ်လီပေါ့ဗျာ...ကျုပ်ကဖုန်းပြောလို့ပီးရင်..
"အချစ်..အာဘွား"..ဆိုအောက်ကခလေးတွေကလည်း..အာဘွားဆိုအကျယ်ကြီးအော်ကြတာ...ပျော်ဖို့တော့ကောင်းတယ်ဗျ...
မှတ်မှတ်ရရ..အဲ့ဒိဖုန်းပြောတဲ့ကိစ္စနဲ့ပဲ..ဘုန်းကြီးကြိမ်နဲ့တခါအဆော်ခံဘူးတယ်..
ဖြစ်ချင်တော့..အဲ့နေက..ချစ်သူသက်တမ်းတနှစ်ပြည့်တဲ့နေ..အဲ့လိုရက်မျိုးဆို..လွှတ်ပြောကောင်းတာပေါ့..
မြို့မှာတောင်လိုင်းသိပ်မမိတဲ့ဖုန်းက..ရွာမှာဆိုတောစဉ်းစားသာကြည့့်..ဖုန်းတခါပြောဖို့အရေး...ကျောင်းခေါင်းမိုးပေါ်တွေတက်ရ..ဟိုအပင်ပေါ်ပြေးတက်ပြောရ..ဒီအပင်ပေါ်တက်ရနဲ့.
လွယ်တော့မလွယ်ဘူးဗျ..ယောက်ျား လေးတွေက..ကိစ္စ မရှိပေမယ့်..မိန်းခလေးတွေကြမလွယ်ဘူးလေ..
ဖြစ်ချင်တော့...
အဲ့လိုအပင်ပေါ်တက်ပြောရင်းပြုတ်ကျလို့တယောက်လက်လည်းကျိုးသွားရော..ဆရာတော်က..ဖုန်းကို..ဘယ်သူမှပေးမပြောပဲထင်ရူးသေတ္တာထဲသော့ခတ်ထားလိုက်တာ...
ကျုပ်မှာကဒီနေ့ဖုန်းကိုမပြောမဖြစ်ပြောကိုပြောရမယ်လေ..
အဲ့တော့မနက်ထဲက..ကျောင်းကိုလာပီးသော့ဘယ်နားထားလဲဆိုတာ..လာချောင်းရတာ..
ညနေစောင်းမှသော့ထားတဲ့နေရာသိလို့..
သေတ္တာဖွင့်ပီးဖုန်းယူမလို့လုပ်နေတုန်း..ကပ္ပိယကြီးအသံကြားတာနဲ့..သေတ္တာထဲဝင်ပုန်းနေလိုက်တာ...ကပ္ပိယကြီးကလည်းကျုပ်အထဲမှာရှိမှန်းမသိဘူးလေ..သော့ခတ်ဖို့မေ့သွားတယ်ထင်ပြီးပိတ်သွားတာ..
ကျုပ်မှာတော့ဖုန်းပြောရပီဟဲ့ဆိုပီး..မကြောက်မယ့်အပြင်ပျော်လိုက်တဲ့ဖြစ်ချင်း..မျက်ရည်တွေတောင်ဝေ့တက်လာတယ်...ကျုပ်လည်းသူနဲ့တညလုံးတွတ်ထိုးလို့ကောင်းနေတာ..
"ကိုကြီး..စားပီးလား.."
ဟုတ်ပါ့သူမေးမှဗိုက်တောင်ဆာလာတယ်..
"အမ်း..စားပီးသွားပီလေ"
"တဂွီဂွီနဲ့ဘာသံတွေလည်း"
"ကြွက်တွေပါ.."
ဆာလိုက်တဲ့..ဗိုက်..အသံပေါင်းစုံကိုထွက်နေတာပဲ..
"အခန်းထဲကဘယ်သူလဲကွ"
"ကိုကြီးဘာသံကြီးလဲ..ဘယ်သူမေးတာလဲ"
"ဆရာတော်နိုးလာလို့.."
ဆရာတော်လည်းအိပ်ချိန်ကြီးမှာသေတ္တာထဲကအသံတွေကြားလို့ထပီး..မေတ္တာတွေပို့..ကျုပ်တို့ကအထဲမှာတခိခိနဲ့ရယ်...ဆရာတော်အသံတိတ်သွားပီဆိုပြန်ပြော...
"ချစ်..ပြောလို့ရပီ"
"ဟိဟိ..ပျော်စရာကြီးနော်"
"အမ်း..ပျော်စရာကြီး.."
"ဟဲ့..ဘယ်သူလဲလို့..အခန်းထဲက"
"ဆရာတော်နိုးလာပြန်ပီလား..ကိုကြီး"
"အမ်း...ခဏလေးနော် "
ဆရာတော်လည်းထလာပီးမေတ္တာတွေပို့ပြန်...
အထဲကကျုပ်တို့မှာလည်း..တခိခိနဲ့ပေါ့
ဆရာတော်အသံတိတ်သွားရင်..ပြန်ပြောလိုက်..
ဆရာတော်လည်းအသံကြားရင်ပြန်ထလာပီးမေတ္တာပို့လိုက်..ကြာတော့..ဆရာတော်လည်း..ငိုသံပါကြီးနဲ့ဖြစ်လာရော..တညလုံးတမှေးမှမမှေးရတာကို..
အဲ့လိုနဲ့မိုးလည်းလင်း..ဖုန်းကအားကုန်ပါလေရော...
ဆရာတော်ထလာတဲ့အချိန်နဲ့...သေတ္တာထဲကဖုန်းအားကုန်လို့ပြောတဲ့..တရုတ်မအသံကြီးလည်းထွက်လာရော..
ဆရာတော်ကမေတ္တာထပ်ပို့ပီး..
"ဟဲ့..ငါလည်းမေတ္တာပို့ရတာ..တညလုံးတရေးမှမအိပ်ရဘူး.နင်ကဘယ်သူတုန်း...ဘာလိုချင်လို့လဲ"
မေးရော...ကျုပ်လည်းယောင်ပီး..
"ဖုန်းအားသွင်းကြိုးလေးလိုချင်လို့ပါဘုရား"
ဘာပြောကောင်းမလဲ..သေတ္တာဖွင့်ပီးကျုပ်ကိုကြိမ်နဲ့ဆော်တော့တာပဲ....
ဆရာတော်လည်းကျုပ်ဖုန်းပြောတဲ့ဒဏ်ကိုမခံနိုင်လို့လားမသိဘူး..အဲ့ဒိအချိန်ထဲက..ရွာကထွက်သွားလိုက်တာ...ပြန်ကိုမလာတော့ဘူး...
ဒီနေ့ဆို..ကျုပ်အိမ်ထောင်ကျတာ..၁၃ နှစ်...တောင်ပြည့်ပီ....သတိရလိုက်တာ..ဆရာတော်ရယ်...
(၁၃)နှစ်ပြည့်..မင်္ဂလာနှစ်ပါတ်လည့်နေ့အမှတ်တရ...
...ko zay....
(20.4.2017)
credit to org