24/05/2026
Fu_tu_ re MUSIC
တခါတုန်းက ကမ္ဘာကြီးဟာ သီချင်းတစ်ပုဒ်တည်းကို နားထောင်နေခဲ့ဖူးတယ်။
ခွေးခြေခုံ လက်ဖက်ရည်ဆိုင်လေးတွေထဲမှာ။
အိုင်းရစ်တွေရဲ့ ဘီယာခွက်တွေထဲမှာ။
ကျောက်မီးသွေးတွင်းတွေရဲ့ မြေအောက်မည်းမည်းမှောင်မှောင်တွေထဲမှာ။
ဘွန်ဂျိုဗီလား
ပရက်စလေလား
ထူးအိမ်သင်လား
လူမျိုးဆက်ပေါင်းများစွာ ၊ ဂီတမျိုးဆက်ပေါင်းများစွာ ပေါ်ပေါက်ခဲ့ကြတယ်။
ဂီတ ဟာ ယဉ်ကျေးမှုဖြစ်တယ်။
ဂီတ ဟာ အမျိုးသားရေးဖြစ်တယ်။
ဂီတ ဟာ ဘာသာရေးဖြစ်တယ်။
သားသတ်လွတ်စားတဲ့ အီမိုတွေ။
လူ့အခွင့့်အရေးသမား ပန့်ခ်တွေ။
ငြိမ်းချမ်းရေးအတွက် သီချင်းတစ်ပုဒ်။
အရင်က ကမ္ဘာကြီးဟာ mono culture လိုပဲ။
Bob Dylan ကြီး အီလက်ထရစ် ဂစ်တာ ကောက်ကိုင်လိုက်တဲ့သတင်းဟာ ကမ္ဘာ့ဂီတမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တယ်။ အမည်ခံတင်မဟုတ်တဲ့ စူပါစတားတွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာခဲ့တယ်။ လူတွေရဲ့ အသည်းကျော်ပဲလှော်တွေ ၊ ကိုးကွယ်ရာတွေ။ မက်တယ်လစ်ကာ၊ ကတ်ကိုဘိန်း၊ ဖရက်ဒီမာကျူရီ ၊ အေမီဟောက်ဝှိုင်း ။
ဂျင်မီ ဟန်းဒရစ်၊ အဲရစ်ကလပ်ပ်တန် ၊ ပက်ဂါနီနီ
သို့သော်
ကမ္ဘာကြီးရဲ့ လိုလားမှုနဲ့ ဦးတည်ချက်ဟာ ပြောင်းလဲသွားပါပြီ။ ဒါဟာ PoP Culture ပေါ်ပေါက်လာခြင်းနဲ့အတူ နည်းပညာခေတ်မှာ ဒိုင်မစ်ရှင် ပြောင်းသွားခဲ့ပြီ။ လူတွေ ဘာလိုအပ်တာလဲ။
လူတွေ ဘာလိုက်ရှာကြလဲ။
လူတွေ အတွက် ဘာဂီတတွေ လိုအပ်လာသလဲဆိုတာ အရွေ့ကြီးတစ်ခု ဖြစ်ပျက်သွားခဲ့ပြီ။
လူတွေဟာ POP ဂီတ ကို လိုအပ်ခဲ့တယ်။ ကမ္ဘာကြီးဟာ သူနဲ့အလိုက်ဖက်ဆုံး ဂီတ နဲ့ တွေ့သွားတယ်။ Pop Music ။ ဘာလို့လဲ ဆိုတော့ လွယ် လို့။
လူတွေ ဘာလိုအပ်တာလဲ။ အလွယ် ။
လူတွေ ဘာလိုက်ရှာကြလဲ ။ အလွယ် ။
လူတွေ လွယ်ကူခြင်းရဲ့နောက်ကို နည်းပညာအားကိုးနဲ့ စိုက်စိုက်မြိုက်မြိုက် လိုက်သွားခြင်းနဲ့အတူ Pop Culture ကို လူတွေ ကြိုက်လာကြတယ်။
သို့သော်
ကြာရှည်မခံခဲ့။ အနှစ်(၃၀) လောက် Pop culture ဖြတ်သန်းလာပြီးတဲ့နောက်မှာ လူတွေလက်ပန်းကျလာကြတယ်။
ထပ်ပြီးစဉ်းစားကြရပြန်ပြီ။
ဘယ်လဲ
ဘာလဲ
ကမ္ဘာကြီးဟာလည်း နောက်ဒိုင်မစ်ရှင်တစ်ခုကို ချိန်းသွားတယ်။
ဗဟိုချက် မဲ့မှု။
အစိတ်စိတ်အမွမွ ကွဲထွက်ကုန်တယ်။ ဂီတအမျိုးအစားပေါင်း ထောင်ချီသောင်းချီအထိ။
Drift Phonk, Post Punk , Vina, Hyper Pop , Afrobeats & Amapiano
အင်ဒီဗီကျူရယ်ဆန်လာတဲ့ ခေတ်ထဲမှာ လူတွေဟာ အထီးကျန်ဆန်လာတယ်။ တစ်ယောက်တည်း မျက်ရည်ကျတတ်လာတယ်။ အောင်မြင်ရင်လည်း မင်းတစ်ယောက်တည်း။ ကျရှုံးရင်လည်း မင်းတစ်ယောက်တည်း ။
မြောက်များလှစွာသော ဒစ်ဂျစ်တယ်ကုဒ်တွေကြားမှာ၊ အဆုံးအစမရှိတဲ့ သတင်းအချက်အလက်တွေကြားမှာ လူတွေအတွက် အနာဂတ်ဖြေဆေးဟာ ပျောက်ဆုံးနေတုန်းပဲ။ လူတွေ လိုက်မရှာနိုင်ကြတော့ဘူး။ ဘဝကို အယ်လ်ဂိုရစ်သမ် ထဲ ပစ်ထည့်ထားလိုက်တယ်။ တကိုယ်ရည်စာ ကိုက်ညီတဲ့ အရင်ဂီတလေးတွေနဲ့ပဲ ပျော်မွေ့ပစ်လိုက်တယ်။
Oldies
80s
90s
Y2K တစ်ခေတ်ပြန်လည်လာကြရင်းနဲ့ nostalgia ခေတ် ဖြစ်လာတယ်။လူတွေမှာ အတိတ်ကိုယ်စီနဲ့။
ဒါတွေကို ကုစားဖို့
ဘယ်မလဲ အသစ်
ဘယ်မလဲ ဗဟို
ဝါးအစည်း ပြယ်သွားခဲ့ပြီ။
ဒီအချိန်ထိ ကမ္ဘာကြီးမှာ POP နဲ့ တိုင်ပတ်နေတုန်း။
ဗဟိုချက်ဟာ ပျောက်ဆုံးသွားခဲ့သလို Pop ကိုယ်တိုင်ကလည်း တစ်စစီ ဆုပ်ဖြဲခံနေရတယ်။ အမွေခံ music genre အသစ်လေးတွေနဲ့ပါ လူတွေဟာ စိတ်ဖြေနေရတယ်။ ကမ္ဘာကျော်ကြီးတွေကတော့ POP သီချင်းတွေထဲမှာပဲ ဂုဏ်သတင်းနဲ့ပိုက်ဆံ ကို အားရပါးရ ရှာလို့ကောင်းကြတုန်း။