Yangon Camera Museum

Call Directions Website Contact the establishment

Yangon Camera Museum Camera Collector in Yangon.

29/05/2026

❝ မြန်မာနိုင်ငံဓာတ်ပုံအသင်းက ကြီးမှူးမည့် အခြေခံဓာတ်ပုံသင်တန်းမကြာမီဖွင့်မည် ❞

ထူးချွန်ဓာတ်ပုံပညာရှင်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံဓာတ်ပုံအသင်းက ကြီးမှူးဖွင့်လှစ်မည့်အခြေခံဓာတ်ပုံသင်တန်းမကြာမှီဖွင့်လှစ်​တော့မယ်လို့သိရပါတယ်။

ဓာတ်ပုံပညာအသိပညာပြန့်ပွါးရေးအတွက်ရည်ရွယ်၍ တနှစ်တကြိမ်သာဖွင့်လှစ့်သည့်အခြေခံဓာတ်ပုံသင်တန်းစာတွေ့/လက်တွေ့သင်တန်းဖြစ်ပါတယ်။ နိုင်ငံကျော်ဓာတ်ပုံ ပညာရှင်ကြီးများက စာလက်တွေ့သင်တန်းပို့ချပေးမှာဖြစ်ပြီး ထိပ်တန်းဓာတ်ပုံ ပညာ ရှင်ကြီးများကလည်း ဟောပြောပို့ချပေးမယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံ ဓာတ်ပုံ အသင်းရဲ့ ပညာပြန့်ပွားရေးအစီအစဥ်အရ အမှတ်စဥ် (၅၁) အခြေခံဓာတ်ပုံသင်တန်းကိုဇူလိုင်လ (၁)နေ့မှစတင်ဖွင့်မှာဖြစ်ပြီး ဇွန်လ(၁)ရက်နေ့မှာ စာရင်း စတင်လက်ခံသွားမယ်လို့သိရပါတယ်။ သင်တန်းသားလူဦးရေကန့်သတ်ထားတာ​ကြောင့် အချိန်မီစာရင်းပေးသွင်းဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာ နိုင်ငံ ဓါတ်ပုံအသင်း အမှတ်(၂၇/၂၉ ပထမထပ်) ၃၅လမ်း(အောက်ဘလောက်)
အိန္ဒိယသံရုံးအနီးဘဏ်လမ်းနှင့်ကုန်သည်လမ်းကြား ကျောက်တံတားမြို့နယ် ၊ရန်ကုန်မြို့၊ ဖုံး 09420355570အသင်းရုံးသို့ ရုံးချိန်အတွင်းအမြန်စာရင်းပေးသွင်းနိုင်​ကြောင်း မြန်မာနိုင်ငံဓာတ်ပုံအသင်း၊အမှုဆောင်အဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

အပြည်ပြည်ဆိုင်ရာ ပြတိုက်များ​နေ့အား ဂုဏ်ပြုကြိုဆိုပါသည်။
18/05/2026

အပြည်ပြည်ဆိုင်ရာ ပြတိုက်များ​နေ့အား ဂုဏ်ပြုကြိုဆိုပါသည်။

13/02/2026

❝ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှသည်…ဗိုလ်ချုပ်စိတ်ဓာတ်မျိုးဆီသို့ .. ❞

၁၁၁ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဂုဏ်ပြု​ဆောင်းပါး (၁၃-၂-၂၀၂၆)

ဖေဖော်ဝါရီလ ၁၃ ရက်နေ့သည် ကျွန်ုပ်တို့နိုင်ငံ၏ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ ဖြစ်သည်။ ထိုနေ့မတိုင်မီ ဗိုလ်ချုပ်မွေးနေ့ အကြို အထိမ်း အမှတ်အခမ်းအနားများကိုလည်း စည်ကားသိုက်မြိုက်စွာ နိုင်ငံတစ်ဝန်းတွင် ကျင်းပ လျက်ရှိသည်။ ထို့အပြင် ဗိုလ်ချုပ်မွေးနေ့ရောက်တိုင်း လည်း ဗိုလ်ချုပ်အတွက် ကောင်းမှုကုသိုလ်လုပ်ပေးခြင်း၊ မွေးနေ့ပွဲများ ပြုလုပ်ပေးခြင်းများကိုလည်း တွေ့ရမည် ဖြစ်သည်။

■စာသင်ကျောင်းများတွင် ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်..

နှစ်စဉ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွေးနေ့မတိုင်မီ အကြိုမွေးနေ့ အထိမ်းအမှတ်များအဖြစ် ကျောင်းများတွင် ကဗျာရွတ် (မူလတန်းအဆင့်)၊ ကျပန်းစကားပြော (အထက်တန်းအဆင့် ) ၊ ပန်းချီ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း )နှင့် ဗိုလ်ချုပ်မိန့်ခွန်း ကောက်နုတ်ချက် ပြောပြိုင်ပွဲ (အထက်တန်းအဆင့် ၊ ဝါသနာရှင်ပြည်သူများ) နှင့် အခြားသောပြိုင်ပွဲများကို မြို့ရွာရပ်ကွက်များအတွင်း ပြုလုပ်ကြသည်။ ထိုသို့ပြုလုပ်ကြရခြင်းမှာ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်ချက်များကို လူငယ်အစဉ် အဆက်တို့ သိရှိကြစေရန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဖြောင့်မတ်တည်ကြည်စိတ်၊ ရဲဝံ့စိတ်၊ မဆုတ်မနစ် အားထုတ်တတ်သော စိတ်များကို အနာဂတ်ကျောင်းသား လူငယ်တို့ အတုယူနိုင်ကြစေရန်၊ စိတ်ဓာတ်ရော၊ အရည် အသွေးပါပြည့်ဝ၍ နိုင်ငံအတွက် ရွပ်ရွပ်ချွံချွံ သယ်ပိုး ထမ်းရွက်လိုသည့် လူငယ်လူရွယ်များ ဖြစ်လာကြစေရန် ရည်ရွယ်ပြီး နှစ်စဉ်ပြုလုပ်ကြခြင်းဖြစ်သည်။
မြို့ရွာရပ်ကွက်များတွင်လည်းပြုလုပ်ကြ..
ထို့အပြင် မြို့ရွာရပ်ကွက်များရှိ လွတ်လပ်ရေးကျောက် တိုင်ကွင်းနှင့် ဗိုလ်ချုပ်ရုပ်တု တည်ရှိရာနေရာများ အတွင်း၌ ဗိုလ်ချုပ်အောင်ဆန်းသီချင်းဖြင့် သီဆိုဖျော် ဖြေခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် အတ္ထုပ္ပတ္တိများအကျဉ်းပြောကြားခြင်း၊ ရိုးရာအကများ၊ ပြဇာတ်များဖြင့် ဖျော်ဖြေခြင်း၊ စာရေးဆရာများက ဆွေးနွေးဟောပြောခြင်း၊ ပြိုင်ပွဲများမှ ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်းနှင့် ကျွေးမွေးဧည့်ခံခြင်းတို့ကို နှစ်စဉ် ကျင်းပလေ့ရှိကြသည်။

■နာမည်မသေသည့်ဗိုလ်ချုပ်…

ဗိုလ်ချုပ်အောင်ဆန်းမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် မကွေးခရိုင် နတ်မောက်မြို့တွင် အဘ ဦးဖာ၊ အမိ ဒေါ်စုတို့မှ ၁၉၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် စနေနေ့တွင် မွေးဖွားခဲ့ပြီး အသက် ၃၃ နှစ်အရွယ်တွင် လုပ်ကြံမှု ကြောင့် ကျဆုံးခဲ့ရသည်။ ဗိုလ်ချုပ်ကျဆုံးသွားသော်လည်း ဗိုလ်ချုပ်၏အမည်မှာမူ ယနေ့အထိမသေဘဲ ကျန်ရှိနေ သည်။ ထိုအမည်များမှာ ဇာတာအမည်မှာ ထိန်လင်းဖြစ် သည်။ နောက်ပိုင်း ကျောင်းဝင်အမည်မှစတင်ကာ အောင်ဆန်းအမည်ဖြင့် ပြောင်းလဲခဲ့သည်။ နိုင်ငံရေးလောက ထဲ ဝင်ရောက်ချိန်တွင် သခင်အောင်ဆန်းဖြစ်ပြီး တရုတ် နိုင်ငံ အမွိုင်မြို့သို့ ထွက်သွားချိန်တွင် ထန်လုရှောင် အမည်ဖြင့်လည်းကောင်း၊ ဂျပန်နိုင်ငံတွင် စစ်ပညာသင် ချိန်တွင် အိုမိုဒါမွန်ဂျိအမည်ဖြင့် လည်းကောင်း ပြောင်းလဲခဲ့ပြီး မြန်မာပြည်အတွင်း ပြန်လည်ဝင်ရောက် လာချိန် စစ်ဘက်အခေါ် အမည်မှာ ဗိုလ်တေဇဖြစ်သည်။ ဖက်ဆစ်ဆန့်ကျင့်ရေး လုပ်ငန်းများတွင် လျှို့ဝှက်အမည် ဦးနောင်ချို ဖြစ်ပြီးနောက်ဆုံး အာရှနှင့် ကမ္ဘာတစ်လွှား သိသောအမည်မှာ ဗိုလ်ချုပ်အောင်ဆန်းဟူ၍ ဖြစ်သည်။ ဗိုလ်ချုပ်မှာ လူပင်သေသော်လည်း နာမည်ကသေမသွားဘဲ ယနေ့အချိန်ထိ သူလုပ်ဆောင်ခဲ့သည့် အလုပ်များ၌ သူ့ အမည် သူ့မှတ်တမ်းများ ကျန်နေခဲ့သည်ကို တွေ့ရသည်။

■လူငယ်အများလေးစားအတုယူဖွယ်ရာ
ဗိုလ်ချုပ်အောင်ဆန်း၏ လူငယ်ဘဝမှတ်တမ်း..

အမှန်ဆိုလျှင်ဗိုလ်ချုပ်အောင်ဆန်းမှာ လူငယ်လေး တစ်ဦးမျှသာဖြစ်ပြီး မသမာသူများလက်ချက်ဖြင့် ကျဆုံး သွားရချိန်တွင် အသက် ၃၃ နှစ်ကျော်သာ ရှိသေးသည်။ သို့ဖြစ်၍ ယနေ့ခေတ်လူငယ်များအနေဖြင့်လည်း ဗိုလ်ချုပ် ကို အားကျအတုယူပြီး နိုင်ငံတော်တည်ဆောက်ရေးကိစ္စများတွင် တစ်တပ်တစ်အား ပါဝင်လာစေရေးအတွက် ဗိုလ်ချုပ် ဖြတ်သန်းခဲ့ရသည့် သက္ကရာဇ်များအလိုက် ၎င်းဆောင်ရွက်ခဲ့ သည့် မှတ်တမ်းများကို ပြန်ပြောင်းကြည့်လျှင် ၁၉၃ဝ ပြည့်နှစ် အသက် ၁၅ နှစ်အရွယ်တွင် အစိုးရစစ် သတ္တမတန်းစာမေးပွဲကို တစ်နိုင်ငံလုံးတွင် နဝမ၊ ဗုဒ္ဓဘာသာ စာသင်ကျောင်းများနှင့် အမျိုးသားကျောင်းများ၌ ပထမရပြီး ဦးရွှေခိုဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။
၁၉၃၂ ခုနှစ် အသက် ၁၇ နှစ်တွင် ဆယ်တန်း စာမေးပွဲကို မြန်မာစာနှင့်ပါဠိ ဂုဏ်ထူးနှစ်ဘာသာဖြင့် ထူးချွန် စွာအောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာ သင်ယူခဲ့သည်။ ၁၉၃၃ ခုနှစ် အသက်၁၈နှစ်တွင် ဂန္ထလောက မဂ္ဂဇင်း (The world of Books) ဘာသာပြန် ပြိုင်ပွဲအမှတ် (၄၁)တွင် လန်ဒန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံနှင့် ဘောဂဗေဒ ပညာရှင် ဟရိုဂျေလတ်စကီး၏စာကို ‘ပဲခူးကဝေ’ ကလောင် အမည်ဖြင့် ဘာသာပြန်ဆုရခဲ့သည်။ ၁၉၃၆ ခုနှစ် အသက် ၂၁ နှစ်တွင် အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖြစ် ဆောင်ရွက် သည်။ အိုးဝေမဂ္ဂဇင်း၌ ဖော်ပြခဲ့သော ‘ငရဲခွေးကြီးလွတ်နေပြီ’ ဆောင်းပါးရေးသူ၏အမည်ကို ထုတ်ဖော်ပြောရန် ငြင်းဆန် သဖြင့် သမဂ္ဂဥက္ကဋ္ဌ ကိုနုနှင့်အတူ ကျောင်းထုတ်ခံရသည့် အတွက် ကျောင်းသားသပိတ်ပေါ်ပေါက်ခဲ့သည်။ သပိတ် မှောက်ကျောင်းသားများကောင်စီ ပြန်ကြားရေးတာဝန်ခံ အဖြစ် တာဝန်ယူခဲ့သည်။
၁၉၃၇ ခုနှစ် အသက် ၂၂ နှစ်တွင် ဂျူဗလီဟော၌ ဗကသ တည်ထောင်ရာတွင် ပါဝင်လှုပ်ရှားခဲ့ပြီး မန္တလေးမြို့ ဗဟိုအမျိုးသားအထက်တန်းကျောင်း၌ ဒုတိယအကြိမ် ဗကသ ညီလာခံကျင်းပရာတွင် သဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၃၇ခုနှစ်နှင့် ၁၉၃၈ခုနှစ်များ၌ ရန်ကုန် တက္ကသိုလ်တွင် ဥပဒေတန်းတက်နေစဉ် နယူးဘားမား အင်္ဂလိပ်သတင်းစာ၌ အချိန်ပိုင်းအယ်ဒီတာအဖြစ် သတင်းစာ ခေါင်းကြီးများ ရေးသားခဲ့သည်။
ဒို့ဗမာအစည်းအရုံးတွင် တာဝန်ထမ်းဆောင်..
၁၉၃၈ ခုနှစ်အသက် ၂၃ နှစ်တွင် ဒို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခံရပြီး ‘ဗမာပြည်ကွန်မြူနစ်ပါတီ’ကို လျှို့ဝှက်စွာဖွဲ့စည်း၍ တာဝန် ယူဆောင်ရွက်ခဲ့သည်။ ယင်းနှစ် အောက်တိုဘာလ ၁ ရက်နေ့ တွင် ဗမာ့ထွက်ရပ်ဂိုဏ်း အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်သည်။ ၁၉၄ဝ ပြည့်နှစ် အသက် ၂၅ နှစ်တွင် အစိုးရကို အကြည်ညိုပျက်အောင် ဟောပြောမှု အတွက် ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)အရ ဆုငွေ ငါးကျပ် ထုတ်ခံရသည်။ ထို့နောက် နိုင်ငံခြားအကူအညီရရန် သခင်လှမြိုင်(ဗိုလ်ရန်အောင်)နှင့်အတူ ရန်ကုန်ဆိပ်ကမ်းမှ တရုတ်နိုင်ငံ အမွိုင်သို့ နော်ဝေးပိုင် ဟိုင်လီသင်္ဘောဖြင့် လျှို့ဝှက်ထွက်ခွာခဲ့သည်။
၁၉၄၂ ခုနှစ် အသက် ၂၇ နှစ်တွင် ဗမာ့လွတ်လပ်ရေး တပ်ကိုဦးဆောင်ပြီး စစ်ကြောင်းသုံးကြောင်း ဖြန့်လျက် မြန်မာနိုင်ငံအတွင်းသို့ စစ်ချီတက်ခဲ့သည်။ မော်လမြိုင် စစ်ကြောင်းတွင် စစ်ဦးစီးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ သည်။ ယင်းနှစ်ဩဂုတ်လ ၁ ရက်နေ့တွင် ဘီအိုင်အေကို ဗမာ့ ကာကွယ်ရေးတပ်မတော် (ဘီဒီအေ)အဖြစ် ပြောင်းလဲ ပြီးနောက် ဗိုလ်မှူးကြီးရာထူးဖြင့် ဘီဒီအေ၌ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၄၃ ခုနှစ် အသက် ၂၈ နှစ်တွင် ဗိုလ်ချုပ်ရာထူးဖြင့် ဘီဒီအေ စစ်သေနာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ အသက် ၂၉ နှစ်နှင့် ၃၀ နှစ်အရွယ်တွင် မြန်မာအစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီး စစ်သေနာပတိအဖြစ် တာဝန်ယူခဲ့ သည်။

■လွတ်လပ်ရေးအတွက်စွမ်းစွမ်းတမံကြိုးပမ်း..

၁၉၄၆ ခုနှစ် အသက် ၃၁ နှစ်တွင် ရန်ကုန်မြို့ ရွှေတိဂုံ စေတီအလယ်ပစ္စယံ၌ ဖဆပလအဖွဲ့ချုပ်ကြီး၏ ပထမအကြိမ် ပြည်လုံးကျွတ်ညီလာခံကျင်းပရာ သဘာပတိအဖြစ် ဆောင် ရွက်ခဲ့ပြီး ၁၉၄၇ခုနှစ် အသက် ၃၂ နှစ်တွင် အောင်ဆန်း-အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့အပြင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်ပင်လုံမြို့၌ တိုင်းရင်းသားခေါင်းဆောင်များနှင့် သမိုင်းဝင်ပင်လုံ စာချုပ်ကို မြန်မာအစိုးရကိုယ်စားလှယ်အဖြစ် ဦးဆောင် လက်မှတ်ရေးထိုးခဲ့သည်။ ဇွန်လတွင် ပထမအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံကျင်းပရာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်မည့် အခြေခံမူ များကို ကိုယ်တိုင်တင်ပြဆွေးနွေးခဲ့သည်။ နောက်ဆုံးရက် အဖြစ် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အသက် ၃၃ နှစ်အရွယ်၌ မသမာသူလူတစ်စု၏ လုပ်ကြံမှုဖြင့် ကျဆုံးခဲ့ရသည်။

■ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများ စိုက်ထူဂုဏ်ပြု

ယနေ့အချိန်တွင် ဗိုလ်ချုပ်၏ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံသည့် စိတ်ဓာတ်များကို နိုင်ငံသားအားလုံးက သတိတရရှိစေခြင်း၊ ဂုဏ်ပြုကြစေခြင်းနှင့် လူငယ်အများ အားကျအတုယူ စေခြင်းအကျိုးငှာ နိုင်ငံတစ်ဝန်းတွင် ဗိုလ်ချုပ်ရုပ်တုများ ကို ဂုဏ်ပြုစိုက်ထူလျက်ရှိကြသည်ကိုလည်း တွေ့ရမည် ဖြစ်သည်။ ထိုသို့ ရုပ်တုများ စိုက်ထူဂုဏ်ပြုကြသည့်
အထဲတွင်လည်း နေပြည်တော် သပြေကုန်းအဝိုင်းတွင် ထားရှိ သည့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုတစ်ခုလည်း အပါအဝင်ဖြစ်သည်။ ထိုကြေးရုပ်တုမှာ အကြီးဆုံးရုပ်တု ဖြစ်ပြီး ယခုနေ့ရက်တွင် ကျရောက်သည့် ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းလည်း သိရသည်။

■လေးစားအတုယူဖွယ် မွေးနေ့ရှင် အာရှသူရဲကောင်း..

သို့အတွက် နိဂုံးချုပ်အားဖြင့်တင်ပြရလျှင် ကျွန်ုပ်တို့ နိုင်ငံ၏ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း မှာ ကျွန်ုပ်တို့နိုင်ငံအတွင်းတွင်မဟုတ်ဘဲ အာရှတိုက် တစ်ခုလုံးအတွက်ပါ အထက်ဖော်ပြပါ သူ၏ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်များကြောင့် ဂုဏ်သတင်းကျော်စောပြီး သူရဲကောင်းဖြစ်ခဲ့ရသည်။ အာရှတိုက်တစ်ခွင်တွင် ဂုဏ်သတင်း အထူးမွှေးခဲ့သည်။ နိုင်ငံတကာမှ ခေါင်းဆောင် တိုင်းက အားကျအတုယူကာ ၎င်းတို့နိုင်ငံ၏ လွတ်လပ်ရေး အတွက် ကြိုးပမ်းထမ်းဆောင်ခဲ့ကြသည်။ ယနေ့အချိန် တွင်လည်း နိုင်ငံ့ခေါင်းဆောင်များနှင့် လူကြီးလူရွယ်များက ဗိုလ်ချုပ်မွေးနေ့အကြိုပွဲနှင့် မွေးနေ့ပွဲများကိုကျင်းပကာ ဗိုလ်ချုပ်၏ အတုယူလေးစားလောက်သည့် စိတ်ဓာတ် ကြံ့ခိုင်မှု၊ ရဲရင့်တည်ကြည်မှု၊ ဇွဲလုံ့လရှိမှုများကိုသိရှိပြီး နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန်ယူကြ မည့် အနာဂတ်မျိုးဆက်သစ် လူငယ်များ
အနေဖြင့်လည်း ဗိုလ်ချုပ်ကိုအားကျအတုယူ
ကာ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့မှသည်
ဗိုလ်ချုပ်စိတ်ဓာတ်မျိုး လူငယ်တို့၏ အားမာန်ဖြင့် နိုင်ငံ့တာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်ကြစေလိုပါကြောင်း ရည်ရွယ်တိုက်တွန်း လိုက်ရပါသည်။

သန်းဖြိုးနိုင်(ကညင်ကျိုး)

Address

Kamayut

Alerts

Be the first to know and let us send you an email when Yangon Camera Museum posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Yangon Camera Museum:

Shortcuts

Share

Category