04/01/2020
"ပန်းယွန်းတို့ ပွင့်လန်းရာမြေ"
(မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရေးသားခဲ့သော 7Day Journal ပါဆောင်းပါး)
မြန်မာရိုးရာအနုပညာလက်ရာဟု ဆိုလိုက်လျှင် ယွန်းထည်များ၊
ရွှေချည်ထိုးများကို ချက်ခြင်း မြင်မိကြသည်။ သို့ရာတွင် ယင်းတို့ကို
နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများကို အမှီပြု ထုတ်လုပ်နေကြရသည် ဟု ခရီးသွား လမ်းညွှန်စာအုပ်များတွင် တွေ့ရသည်။
ပုဂံခရီးတထောက်တွင် လွန်ခဲ့သော အနှစ် ၃၀ နီးပါးက ရောက်ဖူးခဲ့သည့် ယွန်းဆိုင်တဆိုင်ကို လိုက်ရှာကြည့်သည်။ အဆင့်မှီယွန်းထည်ကိုသာ ထုတ်လုပ်ပြီး မြန်မာ့ယွန်းကို ဂုဏ်တင်နိုင်ရန် အရှုံးခံ ထုတ်လုပ် ထိန်းသိမ်း ထားသည့် ဆိုင်ဟု ဒေသကျွမ်းသည့် မိတ်ဆွေက လွန်ခဲ့သည့် အနှစ် ၃၀ က ပြောပြခဲ့သည်။ ထိုစဉ်က မိတ်ဆွေဧည့်လမ်းညွှန်တဦး၏ အကူအညီဖြင့် ညဖက်ရောက်သွားခဲ့ခြင်း ဖြစ်ပြီး နေရာလည်း မမှတ်မိ၊ ဆိုင်အမည်လည်း မမှတ်မိခဲ့ပါ။ သို့သော် ညောင်ဦးသား ကားဆရာက အမပြောပြပုံအရဆိုရင် ဒီဆိုင်ပဲ ဖြစ်မယ်ဟု ဆိုကာ လိုက်ပို့သဖြင့် ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်သွားခဲ့သည်။ မြင်းကဘာရွာက ရွှေဥသြဆိုင်ပင်။
ဆိုင်သို့ ရောက်ချိန်တွင် မိမိကို ခေါ်လာမိတ်ဆက်ခဲ့ဖူးသူ ကွယ်လွန် ခဲ့ပြီဖြစ်သော ဧည့်လမ်းညွှန်၏ အမည်ကို ပြောပြသည်နှင့် တရင်းတနှီး ရှိသွားခဲ့ကြသည်။ မျိုးဆက် ၄ ဆက် ဆက်လက် လုပ်ကိုင်နေကြသော မိသားစု ယွန်းလုပ်ငန်း ဖြစ်သည်။ ဆိုင်တွင်းက လုပ်ငန်းကို လှည့်လည် ရှင်းပြရင်း ယွန်းလုပ်ငန်း အဆင့်ဆင့်ကို လုပ်ကိုင်နေကြသူ လက်မှုပညာ သည် ၁၅ ယောက်ခန့်၏ လုပ်ငန်းများကို ကြည့်ရှုမှတ်တမ်းပြုခွင့် ရခဲ့သည်။
ယွန်းကို အမြင်လှရုံသာမက ယွန်းထည်၏အရည်အသွေး စံတင်နိုင်လောက်အောင် လုပ်ကိုင်သူ မရှိလှကြောင်း ဆိုင်ပိုင်ရှင်က ရှင်းပြသည်။ ဈေးကွက်က အ၀ယ်လိုက်သည့် အရည်အသွေးနိမ့်ကာ
ဈေးမကြီးသည့် ယွန်းပစ္စည်းများကိုသာ ထုတ်လုပ်သူအများစုက အားထားနေသဖြင့် မြန်မာ့ယွန်းလက်ရာ မကျရအောင် တောင့်ခံထားရ သည်ဟု ဆိုသည်။ နိုင်ငံအတော်များများတွင် ရိုးရာလက်မှုပညာများ မပျောက်ပျက်ရအောင် မူလရိုးရာထုတ်လုပ်မှုများကို ယဉ်ကျေးမှု အဖွဲ့အစည်းများက ထိန်းသိမ်းထားလျက်ရှိရာ ရိုးရာလုပ်ငန်းများ ရှင်သန်နေဆဲ မြန်မာနိုင်ငံတွင် ယခုလိုကျန်ရှိနေသော ဤအဆင့်မှီ ယွန်းလုပ်ငန်းအတွက် အားရပီတိ ဖြစ်မိသည်။ လွန်ခဲ့သော နှစ် ၃၀ က
နိုင်ငံခြားသားများ၊ သံတမန်များအပေါ် မှီခိုအားထားခဲ့ရသည့် ဤယွန်းဆိုင်သည် ယနေ့အခါ နိုင်ငံခြားသားများက အမှတ်တရ ၀ယ်ယူမှုအပေါ်တွင်သာ မှီခို ထုတ်လုပ်ခြင်း မဟုတ်တော့ဘဲ အဆင့်မှီမြန်မာ့ယွန်းထည်များကို အသုံးပြုသော မြန်မာစားသောက်ဆိုင် များ အတွက်ပါ ထုတ်လုပ်ပေးနေပြီ ဟု ဆိုင်ရှင်က ပြောပြသည်။
ပုပ္ပါးတောင်က အပြန် တောင်ခြေရှိ ရန်ကုန်စားသောက်ဆိုင်တွင်လည်း ယွန်းထည်အသုံးကို တွင်တွင်ကျယ်ကျယ် တွေ့ရသည်။ ထိုဆိုင်တွင် နိုင်ငံခြား ခရီးသွားများသာမက မြန်မာခရီးသွားများလည်း စားသုံးနေကြရာတွင် အကန့်များပါသည့် ယွန်းဒေါင်းလန်း ကလပ်ကြီးဖြင့် ဟင်းမျိုးစုံထည့်သွင်းရောင်းချသည့် ဟင်းအမယ်ကို စိတ်ဝင်တစား မှာယူ နေကြသည်။ ဒေါင်းလန်းအတွက် စီစဉ်ထားသော စားပွဲမဟုတ် သဖြင့် ကလပ်အမြင့်ကြောင့် စားသောက်ရာတွင် အဆင်မပြေလှသော် လည်း ယွန်းကို တခန်းတနား ပွဲထုတ်လာနိုင်ပြီ ဖြစ်၍ ၀မ်းမြောက်မိသည်။ တရုတ်နှင့် ထိုင်းနိုင်ငံတို့က ၀င်ရောက်လာသော ပလတ်စတိတ်ပန်းကန်၊ မယ်လမင်းပန်းကန်များ၊ သံစတီးစပ် ပန်းကန်များကြားမှ ခန့်ခန့်ထည်ထည် ရိုးရာလက်မှုပညာဖြင့် ယွန်းဒေါင်းလန်းနှင့် လက္ဘ်အုပ်တို့က ကြက်သရေ ၇ှိလှသည်။
မိမိတို့ ငယ်ရွယ်စဉ်က အဖွား၏ ကွမ်းအစ်ကိုဖွင့်ပြီး ကွမ်းသီးများ အပျော်နိုက်စားခဲ့သည်ကို အမှတ်ရမိသည်။ ထိုကွမ်းအစ်ကို အဖွားက နေ့တဓူဝ သုံးစွဲခဲ့ပြီး ဘ၀နေ၀င်ချိန်အထိပင် အဖွား၏ အဖော်ကောင်း ဖြစ်ခဲ့သည်။ ယင်းကွမ်းအစ်ကတော့ ပုဂံနယ်မှ မဟုတ်ပါ။ အဖွား၏ဇာတိ ရှမ်းပြည်နယ်တောင်ပိုင်းအရပ်မှ ဖြစ်သည်။
ရင်ဖုံးအင်္ကျီပေါ်မှ ရှမ်းတိုက်ပုံကို ကြယ်သီးစေ့တပ်ကာ သပ်သပ်ရပ်ရပ်ဝတ်၊ ချည်မြှင်တစမျှမထွက်အောင် အနားကို သေသေသတ်သတ် ချုပ်ထားသည့် ပါတိတ်ထမီ ရင့်ရင့်ဖြင့်၊ ငွေရောင်ထနေသော ဖွေးဖွေးဖြူနေသည့် ဆံပင်ကို အုန်းဆီနိုင်နိုင်ထည့်၊ ဆံထုံးတော် တမာသီးထုံးပြီး မျက်နှာသုတ်ပုဝါကို ခေါင်းပေါင်း၍ ယင်းအပေါ်တွင်မှ ရှမ်းခမောက်ကြီးကို ဆောင်းတတ်သည့် အဖွားသည် ရန်ကုန်မြို့နေအိမ်က အိမ်နီးနားချင်းများအတွက် ထူးထူးခြားခြား ဖြစ်ခဲ့သည်။ ရန်ကုန်ရာသီဥတု မည်မျှပင် ပူလောင်စေကာမူ မိမိ၏ ၀တ်ရုံကို မလျှော့ဘဲ ကွန်ဟိန်းတော်ဖုရား၏ညီမတော်ဟူသော ဂုဏ်နှင့် အညီ နေရမည်ဟု သူက ယူဆသည်။ ထိုစဉ်က ခေတ်လူငယ်မီမီ အဖွား၏ ၀တ်စား ဆင်ယင်ပုံကို ဝေဖန်မိသည်။ အဖွားတို့ တော်ဖုရားမျိုး ခေတ်ကုန်ပါပြီ။ သူများလို ပေါ့ပေါ့ပါးပါး ၀တ်ပါ့လား ဟု ဆင်ခြေတက်ခဲ့ဖူးသည်။ အဖွားကတော့ သူ့ အဆင်အယင်ကို သေသည်အထိ မပြောင်းခဲ့ပေ။
မြန်မာစကားကို တလုံးတလေမျှ မတတ်ဘဲ လမ်းပြရဲကြီးကို
ခြေဟန်လက်ဟန်ပြ၍ ကားလမ်းကူးပြီး ဗိုလ်ချုပ်အောင်ဆန်းဈေးကို ၀တ်စုံပြည့်ဖြင့် ဈေးသွားဝယ်သည့်အထိ အဖွားက သတ္တိရှိခဲ့သည်။ ယင်း ၀တ်ဆင်မှုများအပြင် ရန်ကုန်မြို့ကို ခေတ္တရောက်စဉ် အဖွားသွားလေရာ သယ်ယူသည့် အဆောင်အယောင်များထဲတွင် မမေ့မလျော့ ပါရှိသည်က သူ၏ ယွန်းကွမ်းအစ်ပင် ဖြစ်တော့သည်။
မြန်မာ့ယွန်းထည်တွင် သုံးသော သစ်စေးသည် ပြည်မပိုင်းတွင် မထွက်။ ရှမ်းပြည်နယ်ဘက်မှ မှာယူရသည်ဟု ရွှေဥသြဆိုင်ရှင်က ရှင်းပြနေချိန် တွင် အဖွား၏ ကွမ်းအစ်ကို သတိရမိခြင်း ဖြစ်သည်။ မြန်မာ့ယွန်းပညာကို ဘုရင့်နောင်လက်ထက် ၁၆ ရာစုအစပိုင်းတွင် ရှမ်း၊ လာအို၊ ချင်းမိုင်တို့ ဘက်ဆီမှ အနုပညာလက်မှုပညာရှင်များထံမှ တဆင့်ရယူခဲ့သည်ဟု သမိုင်းမှတ်တမ်းတခုတွင် မှတ်သားထားသည်။ သစ်စည်းသုတ်သော လက်မှုပညာကို ယင်းကာလထက်စော၍ မြန်မာများ သိရှိခဲ့သော်လည်း ယွန်းပညာနှင့် မတူကြောင်း ယွန်းသမိုင်းလေ့လာသည့် ပညာရှင်များက ဆိုသည်။ မူရင်းတရုတ်နိုင်ငံက ယွန်းလက်မှုပညာသည် အာရှဒေသများကို
ပြန့်နှံ့သွားခဲ့ပြီး တကျောင်းတဂါထာ ဆိုသလို ဒေသခံပညာရှင်များ၊ ဓလေ့များနှင့် ဒေသထွက် ပစ္စည်းများကို အခြေခံပြီး လက်ရာများ
ပြောင်းလဲခဲ့သည်။ ယနေ့အာရှထွက် ယွန်းများကို ကြည့်လိုက်လျှင် တရုတ်ယွန်း၊ ဂျပန်ယွန်း၊ ဗီယက်နမ်ယွန်းဟူ၍လည်းရှိပြီး ၎င်းတို့ထဲ တွင် မြန်မာ့ယွန်း၏ ထူးခြားသောလက်ရာများက သီးခြားရိုးရာဓလေ့ကို ကွဲကွဲပြားပြား ပြဆိုနေသည်။
အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့တော်ရှိ စမစ်ဆိုနီယမ် ပြတိုက်များတွင်
ပြသထားသော ဂျပန်၊ တရုတ် စသည့် ရှေးဟောင်း အာ၇ှယွန်းများ ကို တွေ့ရသော်လည်း ၎င်းတို့ထဲတွင် မြန်မာ့ရှေးဟောင်း ယွန်းလက်ရာ များကိုတော့ မတွေ့ခဲ့ရပေ။ ပြပွဲခင်းကျင်းပြသနိုင်သည့် အရေအတွက် မရှိ၍ဟုလည်း ယူဆနိုင်သည်။ သို့တည်းမဟုတ် ခေတ်အဆက်ဆက် ထိန်းသိမ်းနိုင်မှုများ နည်းပါးခဲ့၍လည်း ဖြစ်နိုင်သည်။
၂၀၁၃ ခုနှစ် ရှမ်းပြည်နယ် သီတင်းကျွတ်ပွဲတော်အတွင်း ရှမ်းပြည်နယ် ဟိုပုန်းမြို့နယ်ကို ရောက်ခဲ့စဉ် ဘာသာရေး ကိုင်းရှိုင်းလှသည့် ပအိုးဝ်လူမျိုးများ ရက်သတ္တပတ်လုံး ဘုန်းကြီးကျောင်းများကို လှည့်လည် ဖူးမျှော် လှူဒါန်းကြသည်ကို တွေ့ခဲ့ရသည်။ ရှမ်းပြည်နယ်လူမျိုးစုများထဲတွင် ပအိုးဝ်တို့က သူတို့၏ ၀တ်ရုံအနက်ရောင်ကို တောရောမြို့ပါ
နှစ်နှစ်ချိုက်ချိုက် ၀တ်ဆင်နေဆဲ တွေ့ရသည်။ အနက်ရောင်တူညီဝတ်စုံ၊ မျက်နှာသုတ်ပုဝါ ခေါင်းပေါင်းကို အကျအနပေါင်းပြီး ကုန်တင်ကားများ၊ ထော်လာဂျီများဖြင့် ဘုန်းကြီးကျောင်းများသို့ အသွား ပအိုးဝ်တိုင်းရင်းသားများက အလှူစာများကို ပလိုင်းများ၊ ယွန်းအစ် များနှင့်ထည့်ပြီး ယူသွားသည်ကို တွေ့ခဲ့ရသည်။ ဘုန်းကြီးကျောင်းတွင် ဆွမ်းကပ်ရန် ခြေလျှင်သွားရောက်ကြသော ပအိုးဝ်အမျိုးသမီးငယ်များက ယွန်းအစ်များ၊ ယွန်းဂျိုင့်ကြီးများကို ခေါင်းပေါ်ရွက်တင်ပြီး ကားလမ်း နဘေးတွင် လျှောက်သွားနေသည်ကိုလည်း အများအပြားတွေ့ခဲ့ရသည်။
နိုင်ငံခြားသားများအတွက် ရုံသွင်းပြသခြင်း မဟုတ်မူဘဲ နေ့စဉ်အိမ်သုံး ပစ္စည်းအဖြစ် အသုံးပြုနေဆဲ ပြည်နယ်ဒေသ၏ လက်မှုရိုးရာ ယွန်းအလှကို လွန်စွာပင် ကြည်နူးမိသည်။
ရှမ်းပြည်နယ်မှ ယွန်းများနှင့် ပုဂံယွန်းများကွဲပြားပုံကို အသေးစိတ် မသိရသော်လည်း နေ့စဉ်အသုံးပြုနေသဖြင့် အရည်အသွေးကျမည်ဟု မထင်ပါ။ ယွန်းကို ပန်းကန်ခွက်ယောက်သာမက ဘုရားဆင်းတုများ ထုလုပ်ရာတွင်လည်း တွင်တွင်ကျယ်ကျယ်သုံးခဲ့ရာ ၇ှမ်းပြည်နယ်က ယွန်းဘုရားဟုပင် လူသိများခဲ့သည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် နိုင်ငံခြား သံတမန်များအဖြစ် နေထိုင် လုပ်ကိုင်ခဲ့ဖူးသူ မိတ်ဆွေက မြန်မာပြည်သူများ တိုးတက်မှု နိမ့်ကျနေသော်လည်း ရိုးရာဓလေ့ထုံးစံများ မပျက်မစီး ရှိနေသေးသည့် အဖြစ်ကို အကောင်းမြင်သဘောဖြင့် လွန်ခဲ့သော ၁၀ နှစ်ခန့်က
နှိုင်းယှဉ်ထောက်ပြခဲ့ဖူးသည်။
တိုးတက်သော နိုင်ငံအတော်များများတွင် ရိုးရာဓလေ့၊ အနုပညာ လက်ရာများကို အထူးတလည်ပြုလုပ်သော ပြပွဲများ၊ ပြတိုက်များတွင် သာ ပြန်လည်တွေ့နိုင်တော့သည်။
ပျောက်ဆုံးလုဖြစ်နေသော အနုပညာတို့အား တတ်ကျွမ်းသူ အနဲအကျဉ်းမျှကိုပင် အဖွဲ့အစည်းများက ထောက်ပံ့ပြီး မပျောက်ပျက်ရန် တယုတယ ထိန်းသိမ်းနေကြရသည်။ မြန်မာနိုင်ငံတွင်လည်း ဖွံ့ဖြိုးမှုအတွက် အဟန့်အတား မဖြစ်စေသည့် အနုပညာများ၊ ဓလေ့များကို သရုပ်ပြရန် အတွက် မဟုတ်ဘဲ ရိုးရာမပျက် အမှန်တကယ် တန်ဖိုးထား၍ ထိန်းသိမ်းနိုင်မည်ဆိုလျှင် နိုင်ငံ၊ လူမျိုးတို့၏ အနုပညာဂုဏ်သည်လည်း အလိုအလျောက် ပွဲလယ်တင့်မည် ဖြစ်တော့သည်။
ခင်မေဇော် (၀ါရှင်တန်ဒီစီ)