13/07/2023
ညအိပ်ရာဝင်ချိန် ရန်ဖြစ်ပြီး ပြန်မတည့်မချင်း
လုံးဝ အိပ်လို့ မပျော်တော့တာလည်း
ချစ်ခြင်းရဲ့ သေင်္ကတတစ်ခုပဲနော်။
ငါတို့ဟာ ခုနတုန်းကပဲ ” ဒီညတော့ စောစောအိပ်မယ် ၊ ခေါင်းသိပ်မကြည်ဘူး” လို့ ပြောခဲ့ပြီး
ရန်ဖြစ်ပြီးနောက် နာရီတွေတောင် မေ့သွားတာ။
တစ်နေ့တာလုံးပင်ပန်းခဲ့သမျှက အခုပြဿနာဖြစ်နေတာလောက်တော့
ဘာမှမဟုတ်တော့ဘူးလို့ တွေးမိသွားတာ။
ယုံလား ၊ ♥️
ငါတို့တွေဟာ အပြန်အလှန် ဖုန်းတွေချပြီး စိန်ခေါ်နေခဲ့ပေမယ့် နောက်ကွယ်မှာတော့
မင်းဘက်ကပဲ အရင်စဆက်လာနိုးနိုး၊ ကိုယ့်ဘက်ကပဲ ပြန်ဆက်လိုက်ရနိုးနိုးနဲ့
မာနတွေ၊ အတ္တတွေ၊ ခံယူချက်တွေကြောင့် တင်းခံပြီး ရှည်ကြာတဲ့ညနက်ထိ ဆွဲခေါ်သွားနိုင်ပေမယ့် နောက်ဆုံးမှာတော့ ချစ်ခြင်းမေတ္တာဟာ. . . .
” ချစ်တယ် မဟုတ်ဘူးလား ၊ ပြန်တည့်ကြရအောင်နော် ၊
ကိုယ့်ဘက်ကပဲ ပြန်တောင်းပန်ပါတယ် ” ဆိုတဲ့
အပြန်အလှန်ခဝါချမှုမျိုးနဲ့ အပြန်အလှန်ပဲ ကျေအေးကျေနပ်ပြီး နှလုံးသားတွေအနီးကပ်ဆုံးပြန်ရောက်သွားနိုင်ကြတာ။
ဒါကြောင့် ” ရန်ဖြစ်ပြီး အိပ်လို့မပျော်တော့တဲ့ ညတွေကို ပေါ့သေးသေးမတွေးနဲ့။
ဒါဟာ တစ်ယောက်ယောက်အတွက် ကိုယ်က
ဘဝကြီးလောက် အရေးပါနေသေးတယ်ဆိုတဲ့ ခံစားချက်ကောင်းကို ရရှိစေတယ်။ ”
အေး. . ...အဲဒီ့လိုပဲ။
” ရန်ဖြစ်ပြီး အမြဲတမ်း ကောင်းကောင်း အိပ်ပျော်သွားတတ်တဲ့ ညတွေအကြောင်းကိုလည်း ပေါ့သေးသေးမတွေးနဲ့” တဲ့ ။
အဲဒီ့ညမှာ အိပ်လို့မပျော်တဲ့ တစ်ဖက်ကတစ်ယောက်က သူများငါ့ကိုဖုန်း ပြန်ဆက်လာဦးမလား။
သူရော ငါ့ဖုန်းကို စောင့်နေဦးမလား။
ငါ့လိုပဲ သူရော အိပ်လိုမပျော်ရှိနေမလားဆိုတဲ့ အတွေးတွေနဲ့. . . .နောက်မှ တက်တက်စင်အောင်လွဲပြီး သူ စိတ်အေးလက်အေးအိပ်ပျော်သွားခဲ့ပြီဆိုတဲ့အသိက အဲ့တစ်ယောက်ရဲ့ရင်ဝကို ခြေထောက်နဲ့စောင့်ကန်ပြီး
” သွား. . . .နင်က တစ်ဖက်လူအတွက်အရေးမပါဘူး။ သူ့မှာ နင့်အတွက် ခံစားပေးစရာ အချိန်မရှိဘူး။ နင်ဘာဖြစ်ဖြစ် စိတ်မဝင်စားဘူး ” ဆိုတဲ့
သတိပေးချက်တွေနဲ့ အရာအားလုံးရဲ့အဝေးကိုရောက်အောင် ပြင်းပြင်းရှရှ စောင့်ကန်ထုတ်တာခံလိုက်ရသလို ထိတ်လန့်မှုမျိုး ရသွားစေတာ။
ဒါကြောင့် ဒီနှစ်ခုမှာ လုံးဝဆန့်ကျင်တဲ့ သက်ရောက်မှုတွေရှိတယ်။
တစ်ခါတစ်လေ မဟုတ်ဘူး ၊အမြဲတမ်းဆိုရင်ပေါ့၊ ပေါ့သေးသေး မတွေးလိုက်နဲ့တဲ့။
ချစ်ရင် အသေးအဖွဲလေးတွေထိ
ကြီးမားစွာပဲ အာရုံစိုက်ပါ။
#နေမီကျော်