Poetry For Youth

Poetry For Youth

21/03/2026

ငါတို့ကြားမှာပြဿနာတွေရှိခဲ့တာ
ငါလည်းသိတာပေါ့ ဒါပေမယ့်ငါတို့ဘယ်အချိန်ကစပြီး စကားတွေနည်းခဲ့ကြတာလဲ မပြောဖြစ်တာတွေများလာလို့၊မျိုသိပ်ခဲ့ရတာတွေကြောင့် ငါတို့ဇာတ်လမ်းကအဆုံးသတ်ခဲ့ရတာ
လားဆိုတာ ငါကိုယ်တိုင်လည်းဝေဝါးနေတုန်းဘဲ
ငါတို့မှာတောင့်ခံနိုင်တဲ့အားအင်တွေကုန်သွားတာ
ငါကလည်း တစ်ယောက်တည်း ထင်ချင်သလိုထင်ရင်း မင်းကိုဘာတစ်ခုမှ မပွင့်လင်းခဲ့သလို မင်းကလည်း ငါ့ကိုဘာတစ်ခွန်းမှမမေးဖြစ်ခဲ့ဘူးလေ
အရာအားလုံးက ငါတို့အပေါ်မှာဘဲမူတည်နေခဲ့တာမလား
ငါတို့က မပွင့်လင်းခဲ့ကြတာ
ငါတို့က မျိုသိပ်ခဲ့ကြတာ ငါတို့ကအချင်းချင်းနာကျင်ရမှာကို
ကြောက်ရင်း အဝေးကိုဘဲတွန်းပို့မိနေကြတာ
အဲ့ကနေ ငါတို့တကယ်ကိုဝေးသွားရတာ

-သက်ထားရွှေစင်(THSS)-

19/03/2026

ငါ့ဘက်ကအရာရာကို စတင်ပြီးလက်လျှော့လိုက်တာရဲ့ တစ်ခုတည်းသောအကြောင်းအရင်းက မင်းရဲ့အပြုအမူတွေကြောင့်ဘဲ
ငါကပြောပြခဲ့ပါတယ် ပြန်ပြင်ကြရအောင် ပြန်ပြီးအသစ်ပြန်စကြရအောင် ငါတို့ဆက်ဆံရေးတွေကအသက်မပါတော့ဘူးဆိုပြီးပြောပြခဲ့သမျှ မင်းထင်တာအကုန်က ငါကအတွေးတွေလွန်နေလို့ ပြဿနာကို ငါကအမြဲစတယ်လို့ထင်ခဲ့မှာပေါ့
ဒါပေမယ့် မင်းသိလား
ငါပြောပြခဲ့တယ် ငါလည်း သည်းခံနိုင်တဲ့အတိုင်းအတာကုန်သွားတဲ့အခါ ငါမျှော်လင့်သလိုမဖြစ်လာနိုင်ဘူးဆိုတာသိတဲ့အခါ ငါမင်းအနားကထွက်သွားခဲ့တယ် အဲ့အခါကျတော့ မင်းက နစ်နာသူပါပေါ့ အချစ်အိုလေးရေ
ကိုယ့်အမှားကို မြင်အောင်ကြည့်ပါဦး
ငါ့နေရာကိုတစ်ခါလောက်ဝင်ကြည့်ပါဦး..

-သက်ထားရွှေစင်(THSS)-

14/02/2026

_ချန်ထားဖို့ ကျန်ရစ်ခဲ့သော အစအနများ

အချစ်ရေ ငါတို့က ပါရာဆိုက်တွေ

ဖဲ့ယူလို့ရတဲ့အချိန်တွေမှာ ငါတို့အလစ်အငိုက်မိခဲ့ကြတယ်
ငြိမ်နေလိုက်တာဟာ ပြေးတာနဲ့တူတူပဲဆိုတဲ့ဒဿနတွေကို ငါ့တစ်ဘဝလုံးစာထမ်းထားခဲ့ပြီးနောက် အားလုံးကိုသဲထဲရေသွန်ပဲ လုပ်ပစ်လိုက်မိတယ်
ဘဝဆိုတာရှင်သန်ခြင်းတဲ့ ၊ စက္ကူပန်းပင်လေးထက်လေးလံတဲ့ ဒုက္ခလှလှတွေကိုထမ်းပိုးပြီး ၊ တစ်လမ်းပြီးတစ်လမ်း အလွဲလွဲအချော်ချော်ဖြစ်ခဲ့ပြီးပြီ
တချက်တချက်အသက်ရှူဖို့မေ့နေသလို ၊ တချက်တချက်သက်ပြင်းတွေချည်းချလိုက်ရသလို
ဘဝဟာဘာမှထပ်မခြယ်တော့ရင်တောင် အရောင်စုံပြီးသားဖြစ်နေမှာ

ချစ်ခြင်းမုန်းခြင်းတွေလိုအလွှာပါးပါးလေးပဲခြားထားတဲ့ ကောင်းခြင်းဆိုးခြင်း
ဒီလိုနဲ့ငါတို့ သတိလက်လွတ်ပြုတ်ကျသွားရတဲ့ ဝဲဂယက်များစွာ

အတိတ်ကိုဘယ်လိုပြန်ငေးငေး အမှန်တကယ်ပြန်မရောက်တော့ဘူးဆိုတာ မင်းသိပြီးသားပဲ ၊ မင်းငေးနေတုန်းပဲဆိုတော့ငါအံ့ဩမိတယ်
ငါကတော့ဘယ်တော့ဖြစ်ဖြစ်ရှေ့ကိုဆက်သွားနေတာပဲ ၊ ငါဘာကိုမှမလွတ်ထွက်သွားချင်ဘူး နောက်မကျချင်ဘူး
လိုတာထက်ပို ကြိုစောင့်ခဲ့တာတောင် တမင်တကာကျော်ချသွားတတ်တဲ့ရထားတွေငါကြုံခဲ့ပြီးပြီ
တခါတလေငါ့ရှင်သန်မှုကို လိပ်ပြာတစ်ကောင်ရဲ့သက်တမ်းအဖြစ်ပြောင်းလိုက်ချင်မိတယ်
ခဏလောက်ပဲဆိုရင်တောင် လှလှပပရှိနေခဲ့ဖို့က ငါ့အတွက်အဓိကပဲ ၊ အဲသလိုငါ စိတ်ကူးယဉ်ထားမှုတွေ
မတက်ဖြစ်တော့တဲ့ပွဲတော်နေ့တွေ ၊ အချက်ပေးခေါင်းလောင်းထိုးသံအကျယ်ကြီးတွေ
ဖြစ်ချင်ပြီးမဖြစ်ခဲ့ရလို့ ၊ မဖြစ်ရတာမှကောင်းသေးတယ်လို့ ငါ့ကိုယ်ငါလိမ်ခဲ့ရတာတွေ
မင်း ရေမနစ်ဖူးရင် ဒီအရေးအသားတွေကိုအတိအကျစိတ်ပျက်သွားမှာပဲ
အချစ်ရေ ငါတို့က ပါရာဆိုက်တွေ ။

_ လဇ်

"Take me back to the NIGHT we met"အဖြစ်အပျက်တွေရဲ့အစက စတင်နှုတ်ဆက်ခြင်း ။ ပြန်တွေးမိတော့ ကိုယ်တို့ခွဲခွာခြင်းမှာနှုတ်ဆက်...
09/02/2026

"Take me back to the NIGHT we met"

အဖြစ်အပျက်တွေရဲ့အစက စတင်နှုတ်ဆက်ခြင်း ။
ပြန်တွေးမိတော့ ကိုယ်တို့ခွဲခွာခြင်းမှာနှုတ်ဆက်ခြင်းတွေမပါနိုင်ခဲ့ဘူး ။

ပထမဆုံးတွေ့ဆုံခဲ့တဲ့ည ။
"The Night We Met" နားထောင်ရင်း မေ့လုနီးပါးအမှတ်တမဲ့တွေက တစ်ခုချင်းပြန်ပေါ်လာတယ်။ နှစ်ပေါင်းများစွာကြာခဲ့တာတောင် ဒီအမှတ်သည်းခြေကမင်းနဲ့ပတ်သတ်ရင်သိပ်ကောင်းနေတုန်းပဲ။
အကယ်၍ အကယ်၍ အကယ်၍ပေါ့။
မင်းနဲ့‌စတွေ့ခဲ့တဲ့ညကိုသာ ပြန်သွားခွင့်ရခဲ့လျှင် ။

- အိုင်ဗရီ


#အိုင်ဗရီ

-  မနေ့ညက paralysis  တစ်ယောက်မင်းအခန်းရှေ့ကဖြတ်ပြေးသွားတယ်ဆိုတဲ့သတင်းကြားတယ် တာဝေးအပြေးပြိုင်ကွင်းပေါ်ကသူ့ရည်ရွယ်ချက်က ဘ...
19/12/2025

- မနေ့ညက paralysis တစ်ယောက်မင်းအခန်းရှေ့ကဖြတ်ပြေးသွားတယ်ဆိုတဲ့သတင်းကြားတယ်

တာဝေးအပြေးပြိုင်ကွင်းပေါ်ကသူ့ရည်ရွယ်ချက်က ဘယ်တော့မှမရရှိနိုင်တော့တဲ့အချစ်အတွက်တဲ့
ပထမနဲ့ပန်းမဝင်ရင် သူသေသွားတော့မယ်ဆိုတဲ့ယုံကြည်မှုတစ်ခုလည်းရှိနေသေးတယ်
ဘယ်စိတ်ခံစားချက်ကိုမှပြက်ရယ်မပြုဖို့ မကြည်ပြာမှာခဲ့သားပဲ ၊ ကျတော်မငိုပါဘူး
တချို့လူတွေညအိပ်ရင်းလမ်းထလျှောက်ကြတာလည်း အိပ်မက်ထဲမှာထွက်ပြေးနေကြတာဖြစ်မှာပေါ့
လူဟာ တနည်းမဟုတ်တနည်းပြေးနေရတာပါပဲ
မရောက်သေးတာတွေအတွက်ပြေးရတယ်၊ မရောက်နိုင်တော့တာတွေအတွက်ပြေးရတယ်

မနေ့ညက paralysis တစ်ယောက်မင်းအခန်းရှေ့ကဖြတ်ပြေးသွားတယ်ဆိုတဲ့သတင်းကြားတယ်
သူပြေးနေတာ တစ်ယောက်ယောက်နဲ့ပင်လယ်လေကိုအတူတူရှူဖို့ ၊ ပြီးတော့ အတူတူသေဖို့
သူ့စိတ်အားထက်သန်မှုဟာ သာမန်နေ့ရက်တစ်ရက်ကနေ ဘုရားသခင်ငါတို့ရှေ့ရောက်ရှိလာသလို ၊
အကြာကြီးဆိုင်းနေတဲ့ အကြောတွေပြေပြီး ခြေလက်တွေပြန်လှုပ်လို့ရသွားသလိုမျိုး
နှစ် ၁၀၀ကျော်ကအချစ်အတွက် မြေအောက်လှိုဏ်ခေါင်းတူးပြီးလာရသလိုမျိုး မောဟိုက်မှုတွေ
မကြည်ပြာပြောသလို ကျတော်ဘယ်အဖြစ်အပျက်ကိုမှပြက်ရယ်မပြုပါဘူး
အဖြစ်အပျက်တချို့ကသာ ကျတော့်ကိုလှောင်ရယ်သွားဖူးကြပါတယ်
သူတို့ပြောတဲ့တာဝေးပြေးပွဲကကောင်လေးက ကျတော်ဖြစ်နေပြီး ၊ ကျတော်ဟာကျတော့်အဖြစ်အပျက်ကိုမရယ်နိုင်သလိုမောပန်းမှုတွေနဲ့
မကြည်ပြာနားဝင်ချိုလောက်အောင်အသံသာတဲ့ ရေဒီယိုတစ်လုံးဖြစ်ခွင့်မရတာကလည်းဝမ်းနည်းစရာပါပဲ

ရင်နင့်ဖွယ်ရာတွေကိုဟာသအဖြစ်ဘယ်လိုပြောင်းရမလဲဆိုတာကို ဘုရားသခင်ဆီအကူအညီတောင်းလို့မရတော့တဲ့နောက်မှာ
ကျတော့်ကိုယ်ကျတော် အဆုံးစီရင်ပစ်လိုက်တယ်
ဘယ်ကမ္ဘာကိုမဆို စိတ်နဲ့လွင့်သွားလို့ရတာပဲ
အနံ့ပြယ်သွားတဲ့ဆောင်းမနက်ခင်းတွေကို ဘယ်အရာကတန်ခိုးရှင်ဆန်သွားစေတာလဲ
ဒီရက်ပိုင်းရယ်သံအကျယ်ကြီးတွေကြားကနေ ငါထွက်ပြေးနေရသေးတယ်
ငါလမ်းဖြတ်ကူးတုန်းကသတိထားဖို့ ဘယ်သူမှမမှာလိုက်ဘူးဆိုတာ ငါ့ကိုယ်ငါပြန်တရားချနေတယ်
ငါ့ဦးခေါင်းထဲကအဆစ်တွေနေ့တိုင်းလွဲနေသလို ၊ ငါတက်မိသမျှလှေကားတွေရဲ့ လမ်းချော်နေမှုကိုငါစဉ်းစားမရ
မနေ့ညက paralysis တစ်ယောက်မင်းအခန်းရှေ့ကဖြတ်ပြေးသွားတယ်ဆိုတဲ့သတင်းကြားတယ်

လဇ်

- ကိုယ်မင်းကိုဘယ်တော့မှမထားခဲ့ဘူးလို့ ဘယ်တော့မှမယုံပါနဲ့အားလုံးမှာ ကိုယ်စီ သူစိမ်းတွေရှိကြတဲ့အထဲ ကျမကတော့ ကျမရှိခဲ့တဲ့သူ...
08/12/2025

- ကိုယ်မင်းကိုဘယ်တော့မှမထားခဲ့ဘူးလို့ ဘယ်တော့မှမယုံပါနဲ့

အားလုံးမှာ ကိုယ်စီ သူစိမ်းတွေရှိကြတဲ့အထဲ ကျမကတော့ ကျမရှိခဲ့တဲ့သူစိမ်းကိုအမုန်းဆုံးပါပဲ

သံယောဇဉ်တွေကျောက်ဆူးချလိုက်တဲ့အသံကို အလှမ်းဝေးတဲ့အရပ်ကသူကမကြားနိုင်လောက်ဘူး
ဒါကြောင့်ပဲ ကျမ တိတ်တိတ်လေးမေ့ပစ်လိုက်တယ်
လှေကလေးတစ်စင်းပျော်ရွှင်စွာရွက်လွှင့်နေတုန်း ထတိုက်လိုက်တဲ့မုန်တိုင်းရဲ့ညတွေလို မုန်းရ
စက္ကူပန်းပင်တွေအားလုံးရေဖြစ်သွားရင် ဘယ်ကိုမှမစီးဆင်းတော့တဲ့မြစ်ဖြစ်သွားတော့မှာ

ကျမ ကဗျာထဲက "မင်းဟာငါမစွန့်ပစ်နိုင်တော့မယ့် စီးကရက်အပိုင်းအစလေး" ဆိုတဲ့အပိုဒ်ကိုကျမကိုယ်တိုင်ပြန်ဖျက်ပစ်ခဲ့ရတဲ့မနက်တွေ
အချစ်ဟာကိုယ်တို့လွဲချော်ခဲ့တဲ့လမ်းမတိုင်းမှာ
အချစ်ဟာကိုယ်တို့မနမ်းရှိုက်ဖြစ်လိုက်တဲ့စက္ကန့်တိုင်းမှာ
မညာပါနဲ့ ကိုယ်မင်းကိုဘယ်တုန်းကမှမချစ်ခဲ့ဘူးဆိုပြီး ၊ နောက် မယုံပါနဲ့ ကိုယ်မင်းကိုဘယ်တော့မှထားမသွားဘူးဆိုတာ
ကြေမွနေဆဲအပိုင်းအစတိုင်းကိုယ့်ရင်ဝဆီလာစူး‌နေသလိုထင်ရတဲ့ညတွေ
နစ်ဝင်သွားအောင်ပြုံးတတ်ပါရက်နဲ့ ကျွန်မရဲ့ကြေကွဲအပိုင်းအစများသာဖြစ်ခဲ့တာကလည်း ကျွန်မမေ့ပစ်ရမယ့်အကြောင်းတရားများ

အမေရီကာနိုတွေမသောက်တော့ဘူးလို့ဆုံးဖြတ်လိုက်တဲ့နေ့က ကျမအမှန်တကယ်လွတ်မြောက်သွားတယ်
ငရဲကိုသွားမယ့်အမြန်ယာဉ်မှန်သမျှ ကျမဖျက်ဆီးပစ်လိုက်တယ်
လူဟာ တနေ့ထပ်တနေ့ပိုပြုံးတတ်ရမယ်ဆိုတဲ့ ကျမယုံကြည်ချက်အတိုင်း ကျမသူ့ကိုထားခဲ့လိုက်တယ်
ဟိုး .. နှစ်တွေမှာ ကျမဟာစက္ကူပန်းပင်လေးအမှန်တကယ်ဖြစ်ခဲ့တယ်ထင်ပါတယ် ၊ ကျမရေအဖြစ်ကိုပြောင်းသွားတာတောင် ကျမအမြစ်‌တွေခိုင်နေတုန်းပဲ ဒါပေမယ့် ကျမရုတ်တရက်ရေလောင်းပေါင်းသင်မှုကိုရပ်လိုက်တယ်
ကျမတို့ဘယ်တုန်းကမှမလျှောက်ရသေးတဲ့လမ်းတွေအကုန်ပြိုကျသွားတယ် ၊ နောက်

ဘယ်တော့မှ ၊ ဘယ်တော့မှမယုံပါနဲ့ ။

- လဇ်

- လူအုပ်ထဲက ကျမနှင့် အချစ်ဆုံးညညကို ကျမဘယ်လိုအဓိပ္ပာယ်မှမဖွင့်ဆိုတော့တဲ့နောက်မှာ ညကသူကိုယ်တိုင်ကဗျာဖြစ်သွားတယ်အတွေးတွေထဲ...
06/12/2025

- လူအုပ်ထဲက ကျမနှင့် အချစ်ဆုံးည

ညကို ကျမဘယ်လိုအဓိပ္ပာယ်မှမဖွင့်ဆိုတော့တဲ့နောက်မှာ ညကသူကိုယ်တိုင်ကဗျာဖြစ်သွားတယ်
အတွေးတွေထဲကခဲနေတဲ့တိမ်တွေကိုတစ်စစီဖြိုချရတာ ထင်တာထပ်ပိုခက်နေပြီး ၊ နောက် လိုတာထပ်ပိုလွယ်နေ
ကျမတစ်လှမ်း လှမ်းတိုင်းအမြဲဝေ့ဝဲလိုက်လာပေးတဲ့ လေထုပါးပါးလေးတွေကြောင့်လည်းပြုံးရ

တနေ့ကအထိလူအုပ်ကြားထဲပြေးနေမိသေးတယ်
ကျမကိုရုတ်တရက်ကြီးအလင်းထဲရောက်သွားစေတာ ဒီဇင်ဘာမှာ
ခပ်ငြိမ်ငြိမ်လေးထိုင်ချလိုက်တော့မှ ကျမမခူးရသေးတဲ့ပွင့်လက်စပန်းတွေဟာ လက်တစ်ဆုပ်စာမကရှိနေပြီဖြစ်ကြောင်းသိရ

မသိမသာ အချက်ပြနေမှုတွေကိုသိဖို့လိုမယ် ၊ ဥပမာ အဆုတ်ထဲရှိုက်သွင်းမိသမျှအောက်ဆီဂျင်တွေချည်းမဟုတ်တာရယ် ၊ ပျော်နေတိုင်းဝမ်းမနည်းတတ်တော့တာမဟုတ်တာရယ်
ကျမရပ်လိုက်တော့မှ ကျမကျော််ချလာမိတဲ့မှတ်တိုင်တွေများခဲ့ကြောင်းပြန်ကြားရ
တချို့အသံတွေဟာ ကျမတို့နားနဲ့မဆံ့လောက်အောင် အမှန်တကယ်ပါးလျနေကြ
ကျမအသည်းအသန်ငိုခဲ့ဖူးတဲ့ညတွေမှာလည်း ကျမခြေထောက်တွေမြေကြီးနဲ့ထိထားတုန်းပဲ
ကျမဘယ်ကိုမှထွက်မပြေးတော့တဲ့နောက် အချစ်ဆုံးညတွေကျမဆီပြန်ရောက်လာတယ် ။

- လဇ်

02/12/2025

Late December Wish to you all 🤍🥂

အားလုံးပဲမတွေ့ရတာကြာပြီနော်
ဒီဇင်ဘာမှာ နွေးနွေးထွေးထွေးနဲ့ ပျော်ရွှင်ကြပါစေ
ရာသီဥတုကအရင်ထပ်နည်းနည်း ( များများ ) ပိုအေးနေပြီမလို့ဂရုစိုက်ကြပါရှင့်

ချစ်စရာဒီဇင်ဘာလေးမှာ ကဗျာတွေပြန်လာတော့မှာမလို့စောင့်ကြည့်ပေးကြပါဦးနော် ။

ချစ်တဲ့ လဇ်

18/10/2025

_ ငါ့ဆံပင်ရှည်တွေကို ဖြတ်ပစ်ဖို့ရာအကြောင်းများ

စောက်ကျိုးနည်းပါပဲ

အချစ်ဆိုတာ အမြင့်ကြီးကနေဇောက်ထိုးကန်ချခံလိုက်ရခြင်းတဲ့
" ဘယ်လောက်ပဲ ခြေမွခံရ၊ ခံရ အပြုံးမပျက်ပါဘူး "တဲ့
ရေဆိုးမြောင်းကနေ ခပ်အက်အက်ထွက်လာတဲ့အသံမှာ သွေးအလိမ်းလိမ်းနဲ့

ရွံစရာတွေချည်းပါပဲ
ငါကိုယ်တိုင်နေ့စဉ်နင်းခြေနေတဲ့ အမှိုက်တွေဟာ သိက္ခာတရားတဲ့
လွန်ခဲ့တဲ့ နှစ်ပေါင်များစွာတည်းက အလွဲသုံးစားလုပ်ခံထားရတာတဲ့

အားလုံးကြိုက်တဲ့ အချစ်သီချင်းကို ငါနားထောင်ပြီး ငိုပြလိုက်တယ်

အံ့ဩဖွယ်ရာကောင်းစွာ နာကျင်စရာအသံက သူ့ဆီကလာတာတဲ့
အခုဆိုငါ ပင့်ကူတစ်ကောင်ရဲ့အမျှင်ကိုတောင် အမှုမဲ့အမှတ်မဲ့မဖျက်ဆီးတတ်တော့ဘူး
ဒီတခေါက်ပြိုလဲမှုအတွက် အကောင်းဆုံးလွတ်လမ်းကို ဘယ်ဘုရားသခင်ကမှ ငါ့ကိုလမ်းမပြပေးနိုင်တော့ဘူးဆိုတာကို မငိုဘဲရှိုက်နေတဲ့ငါ့ဝင်သက်ထွက်သက်တွေက သက်သေပြ
ငါ့ရဲ့ရှုံးနိမ့်မှုကို ဘယ်ဒဿနကမှ မကယ်တင်နိုင်တော့ဘူးလို့ အရိုးထဲထိစူးအောင့်စွာ ငါသတိရ
ငါ့နားရင်းကိုခပ်နာနာဖြတ်ရိုက်လိုက်သလိုအမှန်တရားကို အရမ်းသေးနုပ်တဲ့ငါ့နှလုံးသားက သနားစရာပဲခံယူထားရ

ဘယ်အုတ်ကြားမှာ ငါ့ရဲ့စိတ်တွေမြက်ရိုင်းရှည်တွေအဖြစ်ပြောင်းလဲနေပြီလဲ ငါမသိ

ငါမြင်နေခဲ့တာကမှားပြီး ငါမြင်နေရတာကမှအမှန်တဲ့
ငါ့ကျောရိုးတလျှောက် လေပြင်းတိုက်သလိုခံစားသွားရ
ငါခုခံနေရတဲ့ ထိုးနှက်ချက်တွေအများကြီးထဲမှာ ဖျတ်ခနဲမြင်လိုက်ရတဲ့ ငါ့ရဲ့မှဲ့နက်ကလေး
ငါလုံးဝကြီးရှုံးနိမ့်သွားပြီဖြစ်ကြောင်း ငါကိုယ်တိုင်အလံဖြူပြ

စက်ဆုပ်ဖွယ်ရာပါပဲ
ဒီလောက်နူးညံ့တဲ့စိတ်ခံစားချက်ကို ချောက်ကမ်းပါးရဲ့ဟိုးအောက်ဆုံးမှာရှိနေတဲ့ ငါကပြုလုပ်ထားဝာာတဲ့

ရွံစရာ ။

လဇ်
၁၂.၁၀.၂၀၂၅

_ ဆန္ဒရှိသည့်အတိုင်း ပျံသန်းလာလို့ရတဲ့လိပ်ပြာလေးဖြစ်ချင်တယ် လိပ်ပြာလေးဖြစ်ချင်တယ် ဆန္ဒတွေကိုလိုတာထက်ပို မျိုသိပ်ထားဖို့မ...
01/10/2025

_ ဆန္ဒရှိသည့်အတိုင်း ပျံသန်းလာလို့ရတဲ့လိပ်ပြာလေးဖြစ်ချင်တယ်

လိပ်ပြာလေးဖြစ်ချင်တယ်
ဆန္ဒတွေကိုလိုတာထက်ပို မျိုသိပ်ထားဖို့မလိုတဲ့တောင်ပံတွေတပ်ပြီးမင်းဆီပျံသန်းလာလို့ရရင်ကောင်းရဲ့

ခက်တာက ငါတို့နှစ်ယောက်စလုံး ချောက်ထဲရောက်နေတယ်
အတောင်တွေမိုးစိုတာထက်ပိုဆိုးတဲ့ ပြဇာတ်တစ်ပုဒ်
ငါ နာနာကျည်းကျည်းရွတ်ပြမိခဲ့တဲ့ ကဗျာတစ်ပိုဒ်ထဲကလိုဆို ငါတို့အသက်ရှင်နေသေးတာဟာ ဘာကြောင့်လဲ
အထူးသဖြင့် တစ်ယောက်ဟာတစ်ယောက်ရဲ့နွေးထွေးမှုတွေမပါဘဲ ကောင်းကောင်းမွန်မွန်ရှင်သန်ကြီးပြင်းသွားနိုင်တာဟာ ကြောက်စရာပဲ

ငါ့ရဲ့ပင်ပန်းနေတဲ့ ဆဲလ်ပွား‌တွေနဲ့အတူမင်းဆီမရောက်နိုင်တော့ဘူးဆိုရင် ဘာဆက်ဖြစ်မလဲ
ထင်တာထက် ပိုလင်းနေတဲ့ မနက်ခင်းတွေဟာလည်းစိုးရွံ့ဖွယ်

_ လဇ်

နှစ်ယောက်ရဲ့အမှတ်တရတွေကို တစ်ယောက်ထဲကဆက်သိမ်းထားရမယ့် ဒီအခြေအနေမှာငါတကယ်ပြိုလဲနေပြီ ဟန်နာ။  တောင့်ခံနိုင်မယ်ထင်ခဲ့ပေမယ့်...
26/07/2025

နှစ်ယောက်ရဲ့အမှတ်တရတွေကို တစ်ယောက်ထဲကဆက်သိမ်းထားရမယ့် ဒီအခြေအနေမှာငါတကယ်ပြိုလဲနေပြီ ဟန်နာ။ တောင့်ခံနိုင်မယ်ထင်ခဲ့ပေမယ့်ငါတို့နှစ်ယောက်ထဲသိခဲ့တဲ့အမှတ်တရတွေပဲမလား။ အချိန်တွေဘယ်လောက်ကြာအောင်‌နေမှ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာလဲ ။ အဲ့အချိန်တွေကိုမျှော်လင့်ရင်း မင်းကိုသတိရနေမယ်။ အရာရာဟာ ဒီလောက်ပဲကံပါလာခဲ့တာလား။ သိပ်မတိုတောင်းဘူးလား ဟန်နာရယ် ပြန်ပြင်ဆင်ခွင့်လေးရနိုင်မလား။ မင်းနိုင်ပါတယ် အပြင်ပိုင်းအေးစက်တာရော နှလုံးသားအေးစက်တာပါ မင်းကိုဘယ်မှီပါ့မလဲ ။ နာမည်လေးကြားရုံနဲ့ငိုချင်လာတဲ့အခိုက်အတန့်တွေ ။ အမှတ်တရနေရာတွေရောက်မိတာနဲ့ ငိုင်သွားတဲ့ငါ့အမူအရာတွေ မင်းဘယ်သိပါ့မလဲ။ ကျေးဇူးတင်ပါတယ် အမှတ်တရကောင်းတွေဖန်တီးပေးခဲ့လို့ ထပ်ပြီးလည်းပြောပါရစေ ချစ်ခဲ့ပါတယ်။

အိုင်ဗရီ
ဇူလိုင် ၂၆၊၂၀၂၅။

#အိုင်ဗရီ

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Poetry For Youth publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager

Type