27/09/2026
YBS 87 လိုင်းကားပေါ်တွင် ခါးပိုက်နှိုက်ခံရ၍ ရဲစခန်းအတွင်းသို့ ယာဉ်မောင်းက တန်းမောင်းပြီး စစ်ဆေးခဲ့ရ
Democratic Press
၂၀၂၆ စက်တင်ဘာ ၂၇
📌 ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် YBS 87 လိုင်းကားပေါ်၌ လူငယ်တစ်ဦး ဖုန်း ခါးပိုက်နှိုက်ခံရသဖြင့် ယာဉ်မောင်းဖြစ်သူက ရန်ကင်းမြို့မ ရဲစခန်းဝန်းအတွင်းသို့ တန်းမောင်း၍ စစ်ဆေးခဲ့။
📌 အကြမ်းဖက်စစ်အုပ်စု လက်ထက် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေသဖြင့် ရန်ကုန်မြို့၌ ခရီးသည် အစီးများသည့် အချိန်များတွင် ခါးပိုက်နှိုက်ခံရမှုနှင့် ရာဇဝတ်မှုများ ပိုမို များပြားလာနေ။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် YBS 87 လိုင်းကားပေါ်တွင် ယမန်နေ့ စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက လူငယ်တစ်ဦး ဖုန်း ခါးပိုက်နှိုက်ခံရသဖြင့် ယာဉ်မောင်းဖြစ်သူက ရန်ကင်းမြို့မ ရဲစခန်းဝန်းအတွင်းသို့ တန်းမောင်းသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အသက် ၂၀ အရွယ် လူငယ်တစ်ဦးသည် မြန်မာပလာဇာ မှတ်တိုင်မှ တက်လာပြီး တစ်မှတ်တိုင်ပင် မရောက်သေးမီ ဖုန်း အနှိုက်ခံလိုက်ရကြောင်း သိရှိသွားခဲ့ခြင်း ဖြစ်သည်။
"ကောင်လေးက မြန်မာပလာဇာ မှတ်တိုင်က တက်လာတာ။ တစ်မှတ်တိုင်တောင် မရောက်သေးဘူး၊ ဖုန်း အနှိုက်ခံရတာ သိလို့ ပြောတဲ့အချိန် ကားသမားက ရဲစခန်းကို တန်းမောင်းသွားတာ" ဟု ဖြစ်စဉ်အတွင်း ပါဝင်ခဲ့သည့် ခရီးသည်တစ်ဦးက ပြောဆိုသည်။
ယာဉ်မောင်းဖြစ်သူက အနီးနားရှိ ရန်ကင်းမြို့မ ရဲစခန်းအတွင်းသို့ ကားကို တန်းမောင်းသွားပြီးနောက် ရဲတပ်ဖွဲ့က ခရီးသည် တစ်ဦးချင်းစီအား စစ်ဆေးခဲ့သော်လည်း ခါးပိုက်နှိုက်ကို ဖမ်းဆီးရမိခြင်း မရှိခဲ့ပေ။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ခါးပိုက်နှိုက်သည် ကားပေါ် မရောက်မီ မှတ်တိုင်တွင် တက်စဉ်ကတည်းက နှိုက်သွားခြင်း ဖြစ်နိုင်ကြောင်း ကားပေါ်ပါ ခရီးသည်များက သုံးသပ်ကြသည်။
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေ စိုးမိုးရေး ပျက်ပြားနေသည့် ရန်ကုန်မြို့တွင် ခရီးသည် အစီးများသည့် နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်များ၌ ခါးပိုက်နှိုက်ခံရမှုများ ပိုမို ဖြစ်ပွားနေပြီး ဒေါက်တိုင်များကလည်း ပြည်သူ့လုံခြုံရေးအတွက် မည်သို့မျှ အကူအညီ မပေးနိုင်ဘဲ ဖြစ်နေကြောင်း မြို့ခံများထံမှ သိရသည်