08/16/2026
ကိုငှက် (ထူးအိမ်သင်) အလွမ်းပြေ အင်တာဗျူး
အပိုင်း ၁ (နှစ်ချို့ဝိုင် အကြောင်း)
Diatonic Scale တွေကနေ Chromatic Scale များနဲ့ Own Tune လောကကို အရောင်တင်ပေးခဲ့ သူ။ သီချင်းရေးဖွဲ့မှုအတတ်ပညာ ဖန်တီးမှု အားကောင်းသလို အဆိုပညာပါ ကျွမ်းကျင်ပိုင်နိုင်သူ၊ အတွေး အခေါ်လွတ်လပ်သူ၊ အသိအမြင် ရဲရင့်သူ၊ ဂီတသူရဲကောင်းများထဲကတစ်ယောက်။
ဂီတဟာ သူ့ဘဝ၊ ကဗျာဟာ သူ့မိတ်ဆွေ၊ ဂီတနဲ့ပတ်သက်တဲ့ အရာအားလုံးကို ချစ်ခြင်းအားဖြင့် မိတ်ဖွဲ့တတ်သူ။ အနိုင်းမဲ့ ဗုဒ္ဓရဲ့ ကျေးဇူးတော်ကို သီကျူးပေးဆပ်သူ၊ ခမ်းနားတဲ့ အိပ်မက်တွေရဲ့ စိတ်ဝိညာဉ်တွေကို လွတ်လပ်စွာ ပျံသန်းခွင့်ပေးသူ။ သူ့ဖြတ်သန်းမှုက လတ်ဆတ်ဆဲ၊ နုပျိုဆဲ၊ သစ်လွင်နေဆဲဆိုတာ ပြိုးခနဲ ပြက်ခနဲ မြင်တွေ့လိုက်ရတဲ့ တစ်ခဏ …. ။
🔸 ကိုမျိုး(I.R) 🔸 ကိုငှက်ရဲ့ “နှစ်ချို့ဝိုင်” အစီအစဉ်က လုံးဝ ပျက်သွားပြီလား။ ပရိသတ်ကအခုထိ စိတ်ဝင်တစား စောင့်မျှော်နေကြတယ်လေ။
🔸 ထူးအိမ်သင် 🔸 နှစ်ချို့ဝိုင် အစီအစဉ်က မပျက်ပါဘူး။ ဘာကြောင့် ဒီလောက်ထိ ကြာနေတာလဲ ဆိုတာက ကျွန်တော်တို့ ဒီသီချင်းတွေကို ပြန်နားထောင်လိုက်၊ သီချင်း Arrangement တွေ၊ တီးထားတာတွေ၊ ရွေးထားတဲ့ Style တွေ၊ Rhythm တွေ၊ နောက် ဒီ Voice တွေ အဲဒါတွေကို စိတ်တိုင်းမကျတော့တာနဲ့ အားလုံးသွင်းထားတဲ့ သီချင်း ၂၅ ပုဒ်၊ အပုဒ် ၃၀ လောက်ရှိမယ်။ ဒါပေမဲ့ အဲဒါတွေကို မကျေနပ်တော့တာနဲ့ ရပ်ထားလိုက်တာ ဆိုပါတော့။ အခု အဲဒါကို ပြန်သွင်းနေပါပြီ။ ကိုဇော်သစ် (နှင်းဆီလှိုင်း) နဲ့ပဲလုပ်မှာပါ။ သီချင်းတွေကတော့ ရွေးထားတာအများကြီးပဲဗျာ။ ပရိသတ်လက်ထဲရောက်မှပဲ ဘယ်သီ ချင်းတွေ ဖြစ်မလဲဆိုတာ အတိအကျ သိပါလိမ့်မယ်။ သီချင်းအကုန်လုံး Version အသစ်တွေချည်း လုပ်ထားတာပါ။ Band က Emperor ပါ။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 “အစိမ်းရောင်ရက်စွဲများ” Album ထဲမှာ မောင်မောင်ဇော်လတ်နဲ့ တွဲရေးထားတဲ့ “မဟာဝီရ အိုဗုဒ္ဓ ” သီချင်းက တော်တော်ထူးခြားတယ်နော်။ ကိုငှက်တို့ ဘယ်လိုစိတ်ကူးနဲ့ ဒီသီချင်းကို ဖန်တီးခဲ့ကြတာလဲ။ ဒီသီချင်းအတွက် ကိုငှက်တို့ အချိန်ဘယ်လောက်ယူခဲ့ကြလဲ။
🔸 ထူးအိမ်သင် 🔸 ဒီ “မဟာဝီရ အိုဗုဒ္ဓ” က ဒီသီချင်းရဲ့ Melody Sketch အကြမ်းလေးကို မောင်မောင်ဇော်လတ် ကျွန်တော့်ကို ပေးထားတာကြာပြီ။ သူ မန္တလေးဆေးကျောင်းတက်ခါစ၊ 1 St MB, 2 nd MB, နှစ်လောက်ကတည်းက သူ ဒီ Melody Sketch လေးကိုပေးထားတာ။ ဒါလေးကို ဒီ Melody ထဲမှာ ဘာ Theme ကိုထည့်မလဲ ဆိုပြီးတော့ စဉ်းစားရင်း စဉ်းစားရင်းနဲ့ကိုကြာနေတာ။ နောက်ဆုံး ဒီဗုဒ္ဓအကြောင်းကို ဗုဒ္ဓကို ပူဇော်တဲ့ သီချင်းရေးတော့မယ်ဆိုတဲ့ အခါကျတော့ အဲဒီ Melody Sketch လေးကိုပြန်ပြီး “မဇ္ဈိမဒေသ”အတိုင်း အဲဒီအငွေ့အသက်လေးပါအောင် ပြန်ပြီးတော့ Edit ပြန်လုပ်ယူတယ်။ အဲဒီလို ပြန်လုပ်ယူပြီးတော့မှ ဒီ Theme ကို ဒီ Melody ထဲမှာ ဝင်အောင်ထည့်ခဲ့တာပါ၊ ဘယ်လောက်ကြာလဲဆိုတာတော့ တွက်ကြည့်ပေါ့ဗျာ။ ၁၉၉၂၊ ၁၉၉၃ လောက်ကတည်းက စပြီး ဒီသီချင်း ကို ရေးခဲ့ကြတာ။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 အဲဒီ“မဟာဝီရ အိုဗုဒ္ဓ ”သီချင်းကို ပြန်နားထောင်ပြီးတော့ ကိုငှက်ရဲ့ စိတ်ထဲမှာ ဘယ်လို Feeling မျိုး ပေါ်လာခဲ့ဖူးလဲ။
🔸 ထူးအိမ်သင် 🔸 ဒီသီချင်းကိုပြန်နားထောင်တော့ ကျွန်တော့်စိတ်ထဲမှာ ဒီသီချင်းကို အဲဒီအချိန်တုန်းက ဒီထက်ပိုကောင်းအောင် လုပ်ခဲ့သင့်တယ်။ လုပ်နိုင်သင့်ခဲ့တယ်လို့ တွေးမိတယ်။ ဗုဒ္ဓကို ပူဇော်တဲ့နေရာမှာ ဒီထက်ပိုပြီးတော့ အမွန်အမြတ်နဲ့ ပူဇော်ချင်တဲ့ စိတ်မျိုးရှိတော့ အားမလိုအားမရဖြစ်တယ်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
ကိုမျိုး(I.R) 🔸 နောက်ပိုင်း ကိုငှက်ကို အတွဲခွေတွေမှာ မကြာမကြာတွေ့လာရတယ်။ မကြာခင်က ထွက်သွားတဲ့ “အလိုအပ်ဆုံး” စီးရီးထဲမှာ တူးတူးရဲ့ သီချင်းတစ်ပုဒ်ကို ပြန်ဆိုထားတယ်နော်။ သူများသီချင်းဟောင်းတွေကို ပြန်ဆိုရတဲ့အပေါ် ကိုငှက်ရဲ့ Feeling ကဘယ်လိုရှိလဲ။ စီးပွားရေးအရလား၊ လူမှုရေးကြောင့်လား၊ ဒီသီချင်းတွေကို ပြန်ဆိုချင်တဲ့စိတ်က ပြင်းပြလို့လား။
🔸 ထူးအိမ်သင် 🔸 အင်း …. သူများသီချင်းဟောင်းတွေကို ပြန်ဆိုရတဲ့ကိစ္စက အဓိကက လူမှုရေးကြောင့်ပါ။ ပြန်ဆိုပေးရတော့မယ်ဆိုတဲ့ အချိန်ကျတော့လည်း တကယ့်ကို ကိုယ်ဆိုချင်တဲ့သီချင်းတွေ၊ ဟိုတုန်းက တကယ်ကို ကြိုက်ခဲ့တဲ့ သီချင်းတွေ၊ အဲဒါလေးတွေကို သေသေချာချာ ရွေးချယ်ပြီးတော့မှ ဆိုခဲ့တာပါ။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 ကိုငှက်ရဲ့ သီချင်းတွေကို လေးဖြူ၊ ထွဏ်းထွဏ်း၊ စည်သူလွင်၊ အဲလက်စ်နဲ့ တခြားသူတွေ ပြန်ဆိုထားတာကိုကော ဘယ်လိုမြင်လဲ။ လက်ခံနိုင်ရဲ့လား။
🔸 ထူးအိမ်သင် 🔸 ကောင်းပါတယ်၊ သူတို့ Style နဲ့ သူတို့ဖန်တီးမှုနဲ့ သူတို့ဆိုကြတာ ကျွန်တော် လက်ခံနိုင်ပါတယ်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 အဆိုနဲ့ပတ်သက်လို့ Technique ထက်၊ အဆိုရှင်ရဲ့ ပင်ကိုသံက ပိုကောင်းဖို့ လိုအပ်ပါသလား။ ကိုငှက် အဆိုနဲ့ပတ်သက်ပြီး သင်တန်းတွေဘာတွေ ဖွင့်ဖို့ စိတ်ကူးမရှိဘူးလား။
🔸 ထူးအိမ်သင် 🔸 အဆိုနဲ့ပတ်သက်လို့က ပင်ကိုသံကော Technique ကော ကောင်းရင် အကောင်းဆုံး ပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်တစ်ယောက်တည်း အယူအဆအရ ပြောရရင် ပင်ကိုသံထက် Technology ပေါ့နော်။ ဒီ Singing Technique တွေ လေ့ကျင့်ထားနိုင်မှု၊ ပိုင်နိုင်မှုက ပိုပြီးတော့ အရေးကြီးလိမ့်မယ် လို့ထင်တယ်။ အဆိုနဲ့ပတ်သက်ပြီး သင်တန်း ဘာညာ ဆိုတာကတော့ ကျွန်တော်လည်း သိပ်ပြီး အချိန်မပေးနိုင်ဘူး။ ဒါပေမဲ့ ကလေးတွေကိုတော့
ကြုံရင်ကြုံသလို ကျွန်တော် သင်ပေးပါတယ်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 “အရင်အတိုင်း” တို့ “စကားလုံးမရှိတဲ့ကောင်းကင်” တို့လို ကော်ပီသီချင်းတွေ ဆိုထားတာလည်း တချို့သီချင်းတွေမှာ မူရင်းထက်ကို ကောင်းတယ်လို့ ထင်မိတယ်။ အဲဒီကော်ပီတွေ ပြန်ဆိုတုန်းက ကိုငှက်မူရင်းအတိုင်းပဲ ပြန်ဆိုခဲ့တာလား။ ဒါမှမဟုတ် Mood တို့ Expression တို့ကို သူတို့နဲ့ မတူအောင် ပြောင်းဆိုခဲ့တာလား။
🔸 ထူးအိမ်သင် 🔸 မူရင်းထက် ကောင်းတယ်လို့တော့ မနောက်ပါနဲ့ဗျာ။ အဲဒီလိုတော့ ခင်ဗျားမနောက် နဲ့၊ ကျွန်တော်ကော်ပီသီချင်းဆိုတဲ့ အခါကျလို့ရှိရင် ဘာပဲဖြစ်ဖြစ် ကျွန်တော်မူရင်းသီချင်းပေါ်မှာ အတတ် နိုင်ဆုံးကြိုးစားပြီး သစ္စာရှိပါတယ်။ အဖြစ်နိုင်ဆုံး သူတို့ Mood နဲ့ Expression ကို ကျွန်တော် အတတ်နိုင်ဆုံး ကူးပြောင်းပြီးတော့ ထည့်ယူပါတယ်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 ဂီတပုံစံအမျိုးအစားတွေဟာ ခေတ်တစ်ခေတ်ရဲ့ Image ကို ထင်ဟပ်ပြစေတယ် ဆိုတာကိုကော ကိုငှက်လက်ခံလား။ ဘာကြောင့်လဲ။
🔸 ထူးအိမ်သင် 🔸 သေသေချာချာ လက်ခံတာပါဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဂီတမှ မဟုတ်ဘူးလေ၊ ဒီအနုပညာရပ်တိုင်းဟာ သူပေါ်ပေါက်လာတဲ့ခေတ်ရဲ့ Image ကို ထင်ဟပ်တာပဲ။ ဒီခေတ်ထဲမှာ နေထိုင်တဲ့၊ ဒီခေတ်ထဲမှာ ရှင်သန်သွားတဲ့ အနုပညာရှင်တွေဟာ ဒီခေတ်ရဲ့ ရိုက်ခတ်မှုအရပဲ ဒီခေတ်ရဲ့ Image ကို သူတို့ရဲ့ ဒီအနုပညာလုပ်ရပ်တွေမှာ
ထည့်ပြီးတော့ ဖော်ပြမှာပဲ။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 အဆိုတော်တစ်ယောက်မှာ Mood နဲ့ Expression ဘယ်ဟာက ပိုအရေးပါတယ်လို့ ထင်ပါသလဲ။ ဘာကြောင့်များလဲ။ ကိုယ်ဆိုရမယ့် သီချင်းရဲ့ Melody နဲ့ Theme နဲ့ရော ဆိုင်မယ်ထင်ပါသလား။
🔸 ထူးအိမ်သင် 🔸 Expression ဆိုတာ Mood ရှိမှလာတာဗျ။ Mood ကောင်းမှ Expression ကောင်းနိုင်မှာ၊ ဒီနှစ်ခုကတွဲနေတာကိုး။ Mood ကောင်းဖို့ Mood ရဖို့ဆိုတာကလည်း ကိုယ်ဆိုမယ့် သီချင်း Melody နဲ့ Theme ကို ကိုယ်က နှစ်နှစ်သက်သက် ကျေကျေနပ်နပ်နဲ့ ဆိုင်နိုင်မယ့် အနေအထားမျိုး ရှိမှ Mood ကောင်းမယ်ထင်တာပဲ။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 ကိုငှက်ကြိုက်တဲ့ ဂီတပုံစံတွေကို Top Ten စာရင်းအနေနဲ့ ချရေးကြည့်မယ်ဆိုရင် . . .
🔸 ထူးအိမ်သင် 🔸 ကျွန်တော် ဂီတပုံစံအားလုံးနီးပါးကို ကြိုက်ပါတယ်။ Top Ten ချရေးလို့ကို မဖြစ်နိုင်ပါဘူး။ ကျွန်တော်ကြိုက်တာတွေက အများကြီးပဲဗျ။ ဘယ်ဟာ အကြိုက်ဆုံးဆိုတာလဲ ကျွန်တော့်မှာ မရှိပါဘူး။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 “မြို့ပြလရောင်တမ်းချင်း” လို Blues ပုံစံမျိုးတွေကော နောက်ထပ်လုပ်ဖို့ အစီအစဉ်ရှိသေးလား။
🔸 ထူးအိမ်သင် 🔸 Blues သီချင်းတွေလည်း ကျွန်တော် ရေးဦးမှာပဲ။ ဆိုလည်း ဆိုဦးမှာပဲ။ ကြိုက်တယ်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 Alternative Music ပုံစံဟာ Circle ပုံစံဆန်တယ်၊ သီအိုရီကို ချိုးဖျက်ထားတဲ့ music ပုံစံတစ်ခုလို့ ပြောကြတဲ့အပေါ်မှာ ကိုငှက်ရဲ့ အမြင်က ဘယ်လိုရှိလဲ။
🔸 ထူးအိမ်သင် 🔸 အင်း … Alternative Music အကြောင်းပြောဖို့က တော်တော်တောင် နောက်ကျနေပြီထင်တယ်။ ကျွန်တော့် အယူအဆကတော့ Chord Phrasing မှာ သီအိုရီဆိုတာ မရှိဘူးဗျ။ သုံး ကျေသွားတတ်တဲ့ Flow မျိုးပေါ့နော်။ အဲဒါမျိုးပဲ ရှိလိမ့်မယ်။ သာမန်သွားနေကြ Phrase မျိုးမသွားဘဲနဲ့ တခြား Phrase တစ်မျိုး ပြောင်းပြီးသုံးတာပေါ့။ အဲဒါ သီအိုရီနဲ့တော့ မဆိုင်လှဘူး။ သီအိုရီဖျက်တယ်လို့ ပြောတာကိုလည်း ကျွန်တော် သိပ်လက်မခံချင်ဘူး။ သီအိုရီချိုးတယ်တို့၊ သီအိုရီဖျက်တယ်လို့ ပြောတာတွေ ကျွန်တော် သိပ်လက်မခံနိုင်ဘူး။ ကျွန်တော့်အမြင်အရတော့ Dimension တွေပြောင်းလိုက်တယ်လို့ ထင်တာပဲ။ Circle ပုံစံဆန်တယ် ဆိုတာကလည်း ဒီဂစ်တာ Riff တွေကိုထပ်တလဲလဲ သုံးထားတဲ့ အခါ ကျတော့ ဒီထဲမှာသွားတဲ့ Melody ကလည်း နည်းနည်းလေး လည်ချင်တဲ့ သဘောပေါ့။ နည်းနည်း စက်ဝိုင်းဆန်တဲ့ ပုံစံမျိုး ဖြစ်လာကြတာပေါ့။ သူတို့ အဲဒီလိုမြင်ကြတယ် ထင်တာပဲ။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 ကျွန်တော်တို့ဆီက Own Tune တွေဟာ Adaptation အဆင့်မှာပဲ ရှိနေသေးတယ်လို့ ထင်လား။ ကိုငှက်ရဲ့ အမြင်ကို သိပါရစေ။
🔸 ထူးအိမ်သင် 🔸 ကျွန်တော်တို့ Own Tune တွေ၊ Adaptation အဆင့်မှာပဲ ရှိနေသေးတယ်လို့ ကျွန်တော်မထင်ဘူး။ Adaptation ထက်တော့ အများကြီး တိုးတက်လာပြီလို့ ကျွန်တော် ထင်တာပဲ။ တစ်ခုတော့ရှိတာပေါ့ဗျာ။ ကလေးတွေအနေနဲ့က (တချို့ဆိုရင်ပေါ့နော်) ကျွန်တော်ကြာဖူးတာက သူတို့ အယူအဆလေးတွေ နည်းနည်းလွဲနေသလားလို့။ အဲ International စည်းမျဉ်းအရ (၈) ဘားအထိတူလို့ ရတယ်တို့၊ ဘယ်နှဘား တူလို့ရတယ်လို့ အဲဒီလို သူတို့တွေးပြီးတော့ ဟိုးနားက ၃/၄ ဘားလောက်၊ ဒီနားက ၃/၄ ဘားလောက် အဲဒီလိုမျိုး စပ်လိုက်ရင် Own Tune တစ်ပုဒ်ဖြစ်တာပဲလို့ထင်ကြတဲ့ ကလေးတွေက ထင်ကြတယ်ဗျ။ အဲဒီကိစ္စကတော့ နည်းနည်းလွဲနေသေးတယ်။ ဒါပေမဲ့ Adaptation အဆင့်ထက်တော့ မကတော့ဘူးလို့ ကျွန်တော်မြင်တယ်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 “Big V” Album လုပ်တုန်းက ကိုငှက်တို့ ယိုးဒယားသွားခဲ့တယ်နော်။ အဲဒီတုန်းက သူတို့ဆီက ဂီတလောကနဲ့ ကျွန်တော်တို့ဆီက ဂီတလောက ဘာတွေကွာခြားနေပါလိမ့်။
🔸 ထူးအိမ်သင် 🔸 အဲဒီက ဂီတလောကက စျေးကွက်ကြီးတယ်။ စျေးကွက် ကျယ်ပြန့်တယ်။ နောက် Album တစ်ခု အောင်မြင်တယ်ဆိုလို့ရှိရင်လည်း၊ သန်းနဲ့ချီပြီးတော့ သန်းပေါင်းများစွာ ရောင်းကြရတာ ဆိုတော့ သူတို့ရဲ့ ဒီ Audio Entertainment Business ကြီးတယ်ဗျ။ လည်ပတ်နေတဲ့ငွေကလည်းများ တယ်ဆိုတော့ အနုပညာရှင်တွေအနေနဲ့လည်း ခံစားခွင့်ပိုရှိတယ်။ နောက် ဒီဂီတ Industry တစ်ခုလုံး၊ ဒီ လုပ်ငန်းကြီးတစ်ခုလုံး ဝင်ငွေကောင်းတဲ့အခါကျတော့ သူတို့သုံးတဲ့ ဒီပစ္စည်းကိရိယာတွေကအစ၊ ကျွန်တော်တို့ထက် ပိုသာတယ်။ ဖန်တီးနိုင်မှုစွမ်းရည်ကို ကျွန်တော်ပြောတာ မဟုတ်ဘူးနော်၊ ရုပ်ဝတ္ထုပစ္စည်းအနေနဲ့ သာတယ်၊ Technology ကျွန်တော်တို့ထက်သာတယ်။ နောက် Music Education ပေါ့။ ဒီဂီတ ပညာရေးပိုင်းမှာလည်း သူတို့ ကျွန်တော်တို့ထက် အများကြီးသာပါတယ်။ ကျွန်တော်တို့ဆီကတော့ စျေးကွက်ကလေးကလည်း ကျဉ်းသေးတာကိုး။ ခံစားခွင့်အနေနဲ့လည်းနည်းတယ်၊ နောက် ဒီမှာလည် ပတ်နေတဲ့ ငွေကြေးကလည်း သိပ်အများကြီးမဟုတ်တော့ ပစ္စည်းကိရိယာကအစ နောက်ကျကျန်ခဲ့တယ်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 Album တစ်ခုအတွက် ပေးလိုက်တဲ့ Title ဟာ အဲဒီ Album အတွက် အရေးပါတယ်လို့ထင်ပါသလား။ Cover Design နဲ့ Wall Sheet တွေကရော။ အခု Media ခေတ်မှာတော့ ကြော်ငြာပေါ့။ အရေးကြီးတယ်လို့ ထင်ပါသလား။
🔸 ထူးအိမ်သင် 🔸 ခင်ဗျားပြောတဲ့အရာတွေအားလုံး အရေးကြီးတယ်လို့ ကျွန်တော်မြင်ပါတယ်။ အင်း … ဒါပေမဲ့လည်း အဓိကကတော့ သီချင်းကောင်းဖို့က အဓိကကျလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 Traditional ဂီတပုံစံတွေကိုကော ကိုငှက်ကြိုက်လား၊ ကျွန်တော်တို့ဆီမှာရှိတဲ့ Traditional ပုံစံတွေကို ခေတ်ပုံစံနဲ့ ပြန်လုပ်ဖို့ စိတ်ကူမရှိဘူးလား။
🔸 ထူးအိမ်သင် 🔸ကျွန်တော်ကြိုက်တယ်။ Traditional Music ရိုးရာဂီတပေါ့လေ။ အခုခေတ် ဒီ အနောက်တိုင်းဂီတပုံစံနဲ့ ပြန်လုပ်ဖို့ ကျွန်တော်ကျိတ်ကြံနေတယ်။ (ရယ်လျက်)။ ဒါပေမဲ့ ကျွန်တော် တစ်ယောက်တည်း လုပ်လို့ဖြစ်မှာမဟုတ်ဘူး။ ကျွန်တော်သိတယ်။ ကျွန်တော် အကူအညီလိုတယ်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 Riche Black Moore တို့ The Corrs တို့ရဲ့ Traditional တွေကိုရော ဘယ်လိုမြင်လဲ။
🔸 ထူးအိမ်သင် 🔸 Black Moore Night ရော၊ The Corrs ရော နှစ်ဖွဲ့စလုံးကိုကြိုက်တယ်။ သူတို့ယူထားတဲ့ အခြေခံ Traditional Score တွေကတော့ မတူဘူးပေါ့ဗျာ။ Black Moore Night ကတော့ Gipsy Scale တွေပေါ့။ ၁၆ ရာစုလောက်က Gipsy တွေရဲ့ ရိုးရာပုံစံပေါ့။ Corrs ကတော့အိုင်းရစ်လူမျိုး တွေရဲ့ ရိုးရာတေးသွား အဖွဲ့အနွဲ့ပုံစံပေါ့။ တစ်မျိုးစီ ကျွန်တော်ကြိုက်တယ်။ ဒါပေမဲ့ နောက်ပိုင်း The Corrs Album တွေက Pop Music ဘက်ကို ပိုယိုင်လာတယ်လို့ ကျွန်တော်မြင်တယ်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 “Queen” အဖွဲ့က Freddie Mercury ကို ကိုငှက်အရမ်းကြိုက်တယ်လို့သိရတယ်၊ ကိုငှက်လိုပဲ တခြားဂီတသမားတွေ တော်တော်များများလည်း ကြိုက်ကြတယ်။ ဘာအချက်တွေကိုကြည့်ပြီး ကြိုက်ခဲ့ကြတာလဲ။ ဘာကြောင့်လဲ။
🔸 ထူးအိမ်သင် 🔸 Freddie Mercury ရဲ့ Queen ကို ဘာကိုကြည့်ပြီး ကြိုက်သလဲဆိုရင် အချက် ပေါင်းများစွာနဲ့ကြိုက်တယ်။ သူ့ရဲ့အရေးစွမ်းရည်၊ အဆိုစွမ်းရည်၊ နောက် ဒီတူရိယာတွေကိုနေရာချတဲ့ အစီအစဉ်လုပ်တဲ့ Arrangement လုပ်နိုင်တဲ့ စွမ်းရည်အကုန်လုံးကို ကြည့်ပြီးတော့ကိုကြိုက်တာ။ ဒီ Freddie Mercury ဆိုတဲ့ ဆရာကြီးက ဘုရားသခင်ရဲ့ လက်ဆောင်ပါပဲဗျာ။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 နောက်ပိုင်း ကိုငှက်သီချင်းရေးအား အတော်နည်းသွားတာကို တွေ့ရတယ်၊ ဘာကြောင့်လဲ။ စိတ်ကျန်းမာရေးနဲ့များ ဆိုင်မလား။
🔸 ထူးအိမ်သင် 🔸 အင်း….(ရယ်လျက်) သီချင်းရေးအား နည်းသွားတယ်ဆိုတာ အကြောင်းက တစ်ခုတည်းပါပဲ။ အကြည်ဓာတ်ခန်းလာလို့။ သီချင်းရေးတယ်၊ သီချင်းတစ်ပုဒ် ဖန်တီးတယ်ဆိုတာ စိတ်ထဲမှာ အကြည်ဓာတ်လေးရှိနေမှ ဒီအကြည်ဓာတ်ကလေးနဲ့ စိုစွတ်နေမှ ရေးလို့ကောင်းတာပါ။ အကြည်ဓာတ်ခန်းတဲ့အခါကျတော့ မရေးချင်တော့ဘူး။ အဲဒါကြောင့်ပါပဲ။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 ခုအချိန်မှာ ကိုငှက် သီချင်းတစ်ပုဒ်ရေးဖို့ အတော်အားယူရလား။ အဲဒီအခါ ကိုငှက်ရဲ့ စိတ်ကို ဘာတွေနဲ့ ဘယ်လိုတည်ဆောက်ယူလဲ။
🔸 ထူးအိမ်သင် 🔸 (ရယ်လျက်) အဲဒီလို သီချင်းကိုအားယူပြီး ရေးရတာမျိုးကို ကျွန်တော်ဝါသနာကို မပါတာ။ သူ့ဘာသာသူ စီးကျလာတဲ့ဥစ္စာကို စောင့်ပြီးတော့ ခံယူရတာမျိုးကိုပဲ ကျွန်တော်လိုချင်တယ်။ အဲဒီလို အားထုတ်ပြီး ညှစ်ယူရတဲ့ သီချင်းမျိုး ကျွန်တော်မလိုချင်ဘူး။ အဲဒါကြောင့် နောက်ပိုင်း သီချင်း အရေးကျဲသွားတာပါ။ စိတ်ကိုတော့ ဘာနဲ့မှ တည်ဆောက်ယူလို့မရဘူးဗျ။ စောစောကပြောသလိုပဲ၊ အကြည်ဓာတ်ခန်းရင် ဘာမှလုပ်လို့မရဘူး။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸လူတစ်ယောက်ဖန်တီးတဲ့ အနုပညာရဲ့ အောင်မြင်မှုဟာ အသက်အရွယ်နဲ့ကော ဆိုင်မယ်လို့ ထင်သလား။
🔸 ထူးအိမ်သင် 🔸 အဲဒီလို ကျွန်တော်ထင်ကို မထင်မိဘူးဗျာ။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 “ ဧရာဝတီ” အကြောင်းကိုရေးထားတဲ့ သီချင်းပုံစံမျိုးကော ထပ်မလုပ်တော့ဘူးလား။ ဒီတစ်ခါ ဘယ်နောက်ခံဒေသကို ဖွဲ့ဆိုဖို့ အာသီသရနေလဲ။ ကိုငှက်ရဲ့ ဇာတိ မော်လမြိုင်မြို့ အကြောင်းကိုကော မရေးဘူးလား။
🔸 ထူးအိမ်သင် 🔸 ထပ်လုပ်ဖို့ရှိတယ်ဗျ။ အင်း …. မော်လမြိုင်မြို့အကြောင်းတော့ မဟုတ်ဘူးပေါ့နော်။ မွန်လူမျိုးတွေရဲ့ ဒေသအကြောင်းပေါ့။ အဲဒီအကြောင်းတော့ ကျွန်တော်ရေးဖို့ရှိတယ်။ ဒါနဲ့စကားမစပ် ပေါ့ဗျာ။ မော်လမြိုင်က ကျွန်တော့်ဇာတိမဟုတ်ဘူးဗျ။ ကျွန်တော်က ပဝတ္တိသားပါ။ ပုသိမ်က ကျွန်တော့် ဇာတိပါ။ မော်လမြိုင်က ကျွန်တော်ကြီးမှ ကျွန်တော့်မိဘတွေ အလုပ်ပြောင်းလို့ ကျွန်တော်လိုက်ပြောင်း သွားတာပါ။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 ဒါနဲ့စကားမစပ် Rap နဲ့ Hip Hop ဂီတ ဘယ်လိုကွဲလွဲမှုရှိသလဲဆိုတာ နည်းနည်း လောက် ရှင်းပြပေးလို့ရမလား။
🔸 ထူးအိမ်သင် 🔸 Rap နဲ့ Hip Hop က အနဂ္ဂတို့၊ ကိုစိုးသိဏ်းတို့၊ ညီသစ်တို့ သူတို့အများကြီး ရှင်းပြ ရေးပြပြီးပါပြီ။ ကျွန်တော်လည်း ဒီလောက်ပဲသိတာပါ။ ဒီမှာစကားစပ်မိလို့ပေါ့လေ။ တစ်ခုပြောရရင် Rap သမားတွေကို Rap Musician လို့မခေါ်ဘူးဗျ။ Rap ဂီတသမားလို့မခေါ်ဘူး။ သူတို့အရပ်အခေါ်နဲ့ ဆိုရင် တော့ Rapper ပေါ့။ နည်းနည်း ခံ့ခံ့ညားညားခေါ်ရင်တော့ Rap Artist Rap အနုပညာရှင် အဲဒီလိုပဲ ခေါ် လေ့ရှိတယ်။ Rap ကို သူတို့က ဂီတတစ်ခုလို့ မယူဆကြဘူး။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 ဧရာဝတီ အကြောင်းရေးထားတဲ့ သီချင်းကို ကိုလေးဖြူက Version အသစ်နဲ့ ပြန်ဆို ထားတယ်နော်။ အဲဒီ Version ရဲ့ Arrange ကို ကိုငှက် စဉ်းစားပေးခဲ့တာလား။
🔸 ထူးအိမ်သင် 🔸 ကိုလေးဖြူက ဒီသီချင်းကို စီးပွားရေးအရ ရောင်းတန်းဝင် ထုတ်လုပ်ဖြန့်ချိဖို့ ပြန်လုပ် တာ မဟုတ်ပါဘူး။ ဂျပန် ဖူကူအိုကာမြို့က သူတို့ကိုဖိတ်ပြီး တီးကြဆိုကြတဲ့အခါကျတော့ Own Tune ဆိုဖို့ သူတို့ကလည်း စိတ်ကူးရှိတယ်။ နောက် မြန်မာလူမျိုး မြန်မာနဲ့ပတ်သက်တဲ့ သီချင်းမျိုးလည်းဖြစ်ရင် ပိုကောင်းတယ် ဆိုပြီးတော့ သူတို့ ဒီသီချင်းကို ရွေးချယ်ပြီးတော့ သူတို့ပြန်တီးပြန်ဆိုကြတာပါ။ ကိုလေးဖြူ ပြန်ဆိုထားတာ ကျွန်တော် နားထောင်ဖူးပါတယ်။ ဒီသီချင်းကို သူတို့ဆီမှာ တီးတော့ အသံလွှင့်တဲ့အချိန်မှာ ဖမ်းထားတဲ့ အခွေလေး ရှိတယ်လေ။ အဲဒါလေးယူလာပြီးတော့ ကျွန်တော့်ကို ပေးနားထောင်ပါတယ်။ ကောင်းပါတယ်။ အဲ …. Arrange ကိုတော့ I.C ကပဲ လုပ်ကြတာပါ။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸ကိုငှက် ဖန်တီးခဲ့တဲ့ သီချင်းတွေထဲက Masterpiece ဖြစ်တဲ့ သီချင်းတစ်ပုဒ်ကို ပြပါဆိုရင် ဘာသီချင်းဖြစ်မလဲ။
🔸 ထူးအိမ်သင် 🔸 အင်း အဲဒီကိစ္စက ကျွန်တော်ပြလို့ရတဲ့ ကိစ္စမဟုတ်ဘူးဗျ။ Masterpiece ဆိုတာ အချိန်ကပြပါလိမ့်မယ်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 အခုနောက်ပိုင်း ဂီတပုံစံတွေကို တော်တော်ရောစပ်လာကြတယ်နော်။ ဘာကြောင့်လို့ ထင်လဲ။
🔸 ထူးအိမ်သင် 🔸 ဂီတပုံစံတွေကို Fuse လုပ်တယ်ပေါ့။ ရောတယ် Hybrid လုပ်တယ်၊ တစ်ခုနဲ့တစ်ခု မျိုးမတူတဲ့ ဂီတနှစ်မျိုးကို ပေါင်းစပ်ပစ်တယ်ဆိုတာက ဘာကြောင့်လဲလို့ပြောရရင် ကျွန်တော်ဥပမာတစ်ခုပေးမယ် အနီရောင်နဲ့ အပြာရောင် မတူတဲ့အရောင် ၂ ခုကိုပေါင်းစပ်လိုက်တယ်။ အဲဒီမှာအရောင် အသစ်ကလေးတစ်ခု ရသွားတယ်။ ခရမ်းရောင်။ အဲဒါပါပဲ။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 Jazz, Blues, Rock စတဲ့ ဂီတပုံစံ တော်တော်များများကို ကိုငှက် ဆိုဖူးတယ်နော်။ ဘာကြောင့်ဂီတပုံစံတစ်မျိုးတည်းကိုပဲ မရွေးခဲ့တာလဲ။
🔸 ထူးအိမ်သင် 🔸 ကျွန်တော်ကဂီတပုံစံတော်တော်များများကို ကြိုက်တယ်ဗျ။ အကုန်လုံးနီးပါးကို ကြိုက်တာဆိုတော့ တစ်ခုတည်းနဲ့ စာချုပ်ချုပ်ပြီးတော့ ကျွန်တော် လက်ထပ်ပေါင်းသင်းလိုက်ရင်း ကျန်တဲ့ဂီတအမျိုးအစားတွေနဲ့ ကျွန်တော်လွဲရတော့မှာပေါ့ဗျာ။ ကျွန်တော်က အားလုံးကိုကြိုက်တာ။ အားလုံးကိုချစ်ချင်တာ။ ဒီ Music အားလုံးကိုချစ်တယ်။ အဲဒါကြောင့်မို့ ခေါင်းစဉ် တစ်ခုတည်းအောက်မှာနေဖို့ ကျွန်တော် ဘယ်တုန်းကမှ စိတ်ကူးရှိကိုမရှိခဲ့ဖူးပါဘူး။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 ကိုမြင့်မိုးအောင်နဲ့ ကိုငှက်တို့က ဘယ်တုန်းကတည်းက ရင်းနှီးခဲ့ကြတာလဲ။ ကိုမြင့်မိုးအောင် နာမည်ရလာတာဟာ ကိုငှက်ရဲ့ လက်တွဲခေါ်မှု တစ်စိတ်တစ်ပိုင်းကြောင့်လို့ ပြောလို့ရမလား။
🔸 ထူးအိမ်သင် 🔸 မြင့်မိုးနဲ့ ကျွန်တော်နဲ့က ၁၉၈၀ - ၈၁ ကျွန်တော်တို့ ပုသိမ်ဒေသကောလိပ်မှာ ကျောင်းအတူတူတက်ကြကတည်းက ခင်ခဲ့ကြတာပါ။ မြင့်မိုးအောင်ဆိုပြီး ဖြစ်လာတာကတော့ သူ့အရည်အချင်းနဲ့သူပါ။ ဘယ်ကျောက်ခဲကိုမှ ဆီကြိတ်လို့ ဆီထွက်မလာပါဘူး။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪
🔸 ကိုမျိုး(I.R) 🔸 ကိုငှက် တစ်ခါတလေ Copy ရေးတယ်နော်။ Copy ရေးတဲ့အပေါ်မှာ ကိုငှက်ရဲ့ Freeling က ဘယ်လိုရှိလဲ။
🔸 ထူးအိမ်သင် 🔸 Copy ရေးတဲ့အပေါ်မှာ ကျွန်တော့်သဘောက လေ့ကျင့်ခန်းလုပ်နေတယ်လို့ပဲ သဘောထားပါတယ်။ အင်း … ဒီလေ့ကျင့်ခန်း အပေါ်မှာတော့ စိတ်ပါလက်ပါ စေတနာထားပြီး ကျွန်တော်လုပ်တယ်။ ဒီလောက်ပါပဲ။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R)🔸ခုထိ Copy နဲ့ Own Tune ဝိဝါဒ ကွဲလွဲနေကြတဲ့အပေါ်ကိုရော ကိုငှက် ဘယ်လိုမြင်လဲ။
🔸 ထူးအိမ်သင် 🔸 အင်း ….. ဘယ်ပန်းပွင့်မဆို သူ့အချိန် သူ့နေ့ရက်ရောက်မှ ပွင့်တယ်ဆိုတဲ့ စကားလည်းရှိသားပဲဗျာ။ Copy တွေပျောက်သွားရမယ့် အချိန်ကျရင် ပျောက်သွားမှာပါ။ အခုထိကတော့ ရှိဖို့လိုအပ်နေသေးလို့ ရှိနေသေးတယ်လို့ပဲ ကျွန်တော်ယူဆပါတယ်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 ကျွန်တော်တို့ဆီမှာ ဂီတမိတ်လို Music ကျောင်းမျိုး၊ ကိုဒူးတို့ရဲ့ Music Academy ကျောင်းမျိုးတွေပေါ်လာခဲ့ကြတယ်။ အဲဒီလို Music ကျောင်းမျိုးတွေနဲ့ ပတ်သက်လို့ ကိုငှက် ဘာပြောချင်လဲ။
🔸 ထူးအိမ်သင် 🔸 အဲလို ကျောင်းမျိုးတွေ များများဖွင့်လေ ပိုကောင်းလေပေါ့ဗျာ။ အဲ … ဒီကျောင်းတွေ အနေနဲ့လည်း နိုင်ငံခြားက တခြား music ကျောင်းတွေနဲ့ Associate လုပ်ပြီးတော့ အဲဒီကျောင်းတွေမှာ သင်တဲ့ Syllabus ( သင်ရိုးညွှန်းတမ်း) အတိုင်းသင်ပေးမယ်။ နောက် သူတို့ကျောင်းက ဆရာတွေနဲ့ စာမေးပွဲလာစစ်ပေးမယ်၊ ပြီးရင် တကယ်လေးစားလောက်တဲ့ Certificate မျိုးပေးရင် ပိုကောင်းမယ်လို့ ကျွန်တော်မြင်တယ်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸 ဂီတနဲ့ပတ်သက်လို့ ကိုငှက်က အတော်လေ့လားအား ကောင်းတယ်လို့ပြောကြတယ်။ ဂီတနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ ဘာတွေ ပြုစုထုတ်ဝေဖို့ အစီအစဉ် မရှိဘူးလား။ စာရေးချင်တဲ့ စိတ်ကောရှိရဲ့လား။
🔸 ထူးအိမ်သင် 🔸 ကျွန်တော့်ထက် လေ့လာအားကောင်းတဲ့ ပုဂ္ဂိုလ်တွေအများကြီးရှိပါတယ်။ သူတို့ ရေးကြပါလိမ့်မယ်။ ရေးလည်း ရေးနေကြတာပါပဲ။ “အလင်္ကာဂျာနယ်” တို့ ဘာတို့ထဲမှာ သူတို့ရေးနေကြတာပဲ။ ကျွန်တော်ကတော့ စာအုပ်တွေ ဘာတွေထုတ်ဖို့ဆိုတာ လောလောဆယ် အစီအစဉ်မရှိသေးပါဘူး။ ကျွန်တော်က စာရေးလည်းပျင်းတယ်ဗျ။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🔸 ကိုမျိုး(I.R) 🔸ခုနောက်ပိုင်း ကျွန်တော်တို့ဆီမှာ လူငယ်ကိုယ်ပိုင်အဖွဲ့လေးတွေ ပေါ်လာကြတာကိုကော ကိုငှက်ဘာပြောချင်လဲ။
🔸 ထူးအိမ်သင် 🔸 ကျွန်တော်ကြိုဆိုပါတယ်။ ဒီလိုအဖွဲ့လေးတွေ များများပေါ်လာလေ ကောင်းလေပဲဗျာ။ ဘာပဲပြောပြောပေါ့ဗျာ၊ အရေအတွက်များများပေါ်လာတဲ့အထဲကပဲ အရည်အချင်းဆိုတာ သူ့ဘာ သာသူဖြစ်လာမှာပဲ။ ပထမတော့ အရေအတွက်ပေါ့ဗျာ။ ဒီအရေအတွက်ကနေမှ အရည်အချင်းဆိုတာ နောက်တစ်ဆင့် လာမှာပေါ့။ ကျွန်တော်က ချာတိတ်တွေကို အားပေးပါတယ်။ Welcome ပါ။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
#ထူးအိမ်သင်
#ကိုငှက်
#နောက်ဆုံး
#ဂီတမှော်ဆရာ
#ကိုရှပ်
#ဂီတလောကအမြင်
#နှစ်ချို့ဝိုင်
゚viralシ