24/03/2026
မျက်ရည်များရဲ့အလွန်
(beyond the blues)
အပိုင်း ၁ အခန်း ၂
သေကွဲ
1999,July,23
ကျွန်းစုဆိုတဲ့ဒေသများဟာ သွားရေးလာရေး ခက်ခဲသော နေရာဟုလူအများက ခေါ်ကြသည့်အတိုင်း မြိတ်ကျွန်းစု ဒေသဟာ အရမ်းကိုမှ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော နေရာ တစ်ခုဖြစ်လေသည်။ကမ်းရိုး
တန်းဒေသဖြစ်သည့်အလျောက် July လသည် မိုးအများဆုံးရွာသည့်လ လို့လည်း ပြောရပါလိမ့်မည်။လေပြင်းတိုက်ခြင်း၊မိုးများ အတိုင်းအထက်အလွန်ရွာခြင်းဟာ ဒီဒေသရဲ့ သဘာဝ ဖြစ်သော်ငြားလည်း ဒီနေ့ မှာတော့ ထူးထူးခြားခြား မိုးများ ပိုရွာသွန်းခြင်း၊လေပြင်းမုန်တိုင်းများ တိုက်ခတ်ခြင်း၊လျှပ်စီးလျက်ခြင်း များ ယမန်နေ့များထက် ပိုပြီး ပြင်းထန်ကာ ထိန့်လန့်ဖွယ် အခြေအနေ တစ်ခုဖြစ်နေခဲ့ပေသည်။
တဝူးဝူးတဝါးဝါးနဲ့ တိုက်ခတ်နေတဲ့ လေပြင်းအသံတွေနဲ့အတူ တစ်ဖက်မှာလည်း လူ့ဘဝထဲရောက်လာမယ့် လူသားလေး အတွက်အသက်နဲ့ရင်းပြီး ဘဝတိုက်ပွဲ ဝင်နေရသည့် အမျိုးသမီး တစ်ဦးသည်
နာကျင်မှုကို အလူးအလဲ ခံနေရသည့် အခိုက်အတန့်တစ်ခုလည်း ဖြစ်နေပေသည်။နာရီပိုင်း မျှကြာပြီး သည်နှင့် "အူဝဲ အူဝဲ" ဆိုတဲ့အသံသေးသေးလေးကို ပတ်ဝန်းကျင်တစ်ခုလုံး မကြားရသည့်တောင်မှ ဖေဖေနဲ့ မေမေကတော့ ဒီကလေး လေးရဲ့ လက်ကို ကိုင်ပြီး အနာဂတ်ကို ပုံဖော်ပေး ဖို့အတွက် စိတ်ကူးတွေ ယဉ်ခဲ့ကြတော့လေပြီ။
..........….....................
ဟိုတစ်စ သည်တစ်စ လွင့်မျောနေတဲ့ လှပတဲ့ တိမ်ဖြူ အစ အချို့သည် နှင့်အတူ တောက်ပလွန်းသည့်နေမင်းကြီးကလည်း ကောင်းကင်ပြာလေးကို အရမ်းကိုမှ လှပစေနေလေသည်။ကောင်းကင်ရဲ့ အပြာရောင်နဲ့ အပြိုင် ပင်လယ်ရဲ့ အပြာရောင်သည်လည်း လူများရဲ့ စိတ်ကို အရမ်းကိုမှ ကြည်လင်လှစေသည်။ဒီလောက်လှပတဲ့ နေရာလေး တစ်ခုမှာ ဆယ်နှစ်ရွယ် ကလေးမလေးနှစ်ဦးသည် မမြင်ရသည့် အနာဂတ်အကြောင်းကို စိတ်ကူးယဉ်ပြီး ပြောဆိုနေကြလေသည်။
" ဟဲ့ဆိုမီ နင်ကြီးလာရင် ဘာလုပ်မှာလဲ"
"ငါလား ငါ အဆိုတော်လုပ်မယ်"
"အမလေး ရီချင်လိုက်တာ နင့်လိုမျိုး အရှက်အကြောက်ကြီး
တဲ့သူကလေ သီချင်းဆိုဦးမယ် လူတွေအရှေ့မှာ"
"နင်ကလည်း တစ်ချိန်ကျရင် ငါ ဆိုနိုင်သွားမှာပေါ့"
"အေးပါ ငါစောင့်ကြည့်ရမှာပေါ့ နင် အောင်မြင်ရင် ငါပိုက်
ဆံချေး မှာ"
"ဘာလို့ ချေးရမှာ နင့်ကိုက ..မချေးဘူး"
"နင်နော်....."
သူငယ်ချင်းနှစ်ယောက်လည်း စရင်းနောက်ရင်းနဲ့ ရေကူးလိုက်
ကစားစရာတွေနဲ့ဆော့လိုက်နဲ့ ဘဝကြီးကို အေးချမ်းစွာ ဖြတ်သန်းနေကြသည်။သို့သော် လောကဓံဆိုတာကတော့ အသက်ရွယ်မရွေး ဝင်လာတတ်သည်မှာ ဓမ္မတာ ပဲ့မဟုတ်ပါလား။
ဆိုမီသည် ဖေဖေနဲ့ မေမေရဲ့ တစ်ဦးတည်းသော သမီးလေး ဖြစ်သည့်အားလျှော်စွာ သဲသဲလှုပ်အချစ်ခံရလေသည်။ဆိုမီရဲ့မိသားစုလေးမှာ
အရမ်းကိုမှ အဆင်ပြေသည့်အထဲ မပါသော်ငြားလည်း တစ်နေ့တာ အသုံးစရိတ်ရှာနိုင်လောက်သည့် အခြေအနေလေး တစ်ခုနဲ့ ရပ်တည်နိုင်လောက်သည့် အနေအထား မှာတော့ ရှိနေခဲ့သည်။ကျွန်းစု မှာနေထိုင်သူ
များပီပီ ပင်လယ်ကိုပဲ့ မှီခိုပြီး နေထိုင်စားသောက်ကြသည့်သူ များသည့်အထဲ ဆိုမီ့ အဖေလည်း အပါအဝင်ဖြစ်လေသည်။သို့ကြောင့်လည်း ဆိုမီတို့မိသားစုသည် အဖေရဲ့လှေငယ်လေးကို အသက်ထက်ဆုံး သံယောဇဉ် တွယ်တာခဲ့ကြလေသည်။
ရေလုပ်သားအလုပ်ကို အသက်မွေး ဝမ်းကြောင်း အဖြစ်နဲ့ လုပ်က်ုင်နေသည့်ဆိုမီ့အဖေသည် တိမ်ကင်းစင်တဲ့ တစ်နေ့မှာ ပုံမှန်အတိုင်း ပိုက်ကွန်များနဲ့လိုအပ်တဲ့ ပစ္စည်းများကို သေချာ ထုတ်ပိုးကာ အိမ်ကနေထွက်လာခဲ့လေသည်။ဆိုမီ့ အဖေ သည် သူအလုပ်သွားတဲ့အချိန်တိုင်း ဆိုမီ့ပါးလေးကို အနမ်းပေးပြီးမှ သွားလေ့ရှိသည့်အတိုင်း ဒီနေ့လည်း ထုံးစံအတိုင်း ဆိုမီ့ပါး လေးကို နမ်းပြီးမှ ထွက်လာခဲ့သည်။လှေကလေးပေါ်တက်ပြီး သည်နှင့်နေစဉ်ရုန်းကန်ရမယ့် အရာတွေကို လုပ်ရင်းလုပ်ရင်းနဲ့ ပင်လယ်ကြီးဆီသို့ တဖြည်းဖြည်း ရွက်လွင့်လာခဲ့လေပြီ။နာရီပိုင်းမျှကြာပြီးသည်နဲ့ ရုတ်တရက်ဆိုသလို လေပြင်းများ တိုက်ခတ်လာကာ မိုးသီးမိုးပေါက်များ ဒလဟော ရွာချလာပြီး ပင်လယ်ရေများ မြင့်သထက်မြင့်လာခဲ့သည်။သို့နဲ့ လှေငယ်ကလေးဟာ ကြီးမားတဲ့ လှိုင်းဒဏ်ကို အံတု ခံနေရင်းနဲ့ နောက်ဆုံးမှာတော့ ပဲ့ကိုင်တဲ့ သူလည်း မထိန်းနိုင်တဲ့ အဆုံး ရေလှိုင်းကြီးများက လှေကလေးကို ကျားကြီးက ယုန်သူငယ်လေးကို ဝါးမြိုသလိုမျိုး အစိတ်အစိတ်အမွှာမွှာ ဖြစ်အောင် ဝါးမြို ပစ်လိုက်လေခဲ့ပြီ။ဆိုမီ့ အဖေရဲ့ အိမ်ပြန်လမ်းဟာ ဘယ်တော့ မှ မဖောက်နိုင်တော့မယ့် လမ်းသွယ်လေး တစ်ခု သာ ကျန်ခဲ့လေပြီ။ ။
"အမေ ဒီနေ့ကောင်းကင်ကြီး မဲမှောင်နေရော အဖေ ပြန်မလာ
တော့ဘူးလား"
"ပြန်လာမှာပေါ့ ..ပြန်လာမှာပေါ့သမီးရယ် တစ်နေ့နေ့ပေါ့"
မျက်ရည်များ ဒလဟော ကျနေသည့် ဆိုမီ့အမေဟာ သူ့သမီးလေးရဲ့ ပခုံးကိုဖက်ပြီး ပင်လယ်ကြီးကို ငေးမောကြည့်နေခဲ့သည်။ဆယ်နှစ်အရွယ်ဆိုမီ ကတော့ တစ်နေ့ အဖေပြန်လာလိမ့်မယ်ဆိုတဲ့ အသိက သူ့ရဲ့ နှလုံးသားထဲမှာရော ဦးနှောက်ထဲမှာပါ စွဲကျန်နေလေတော့သည်။ ။
..............................................................