11/03/2026
နွေဦးတော်လှန်ရေး ( ၆၅၁)
နေဝန်းကြီး
^^^^^^^^^^^^
( တော်လှန်သောနိုင်ငံရေးသမား သတင်းစာဆရာ- ဟံသာဝတီဦးဝင်းတင် ၏ ၂၀၂၆ မတ်လ ၁၅-
၉၆ နှစ် မွေးနေ့သို့- ဂါရဝပြု ဦးညွှတ်ကဗျာ )
ဗရုတ်သုက်ခ အယ်ဒီတာမဟုတ်
ကသောင်းကနင်း သတင်းစာဆရာမဟုတ်
ဗလုံးဗထွေးပညာတတ်မဟုတ်
ပုပ်သိုးနေတဲ့ လစ်ဘရယ် မဟုတ်
ဖက်ဆစ်နံ့ နံစော်နေတဲ့ ရိုဘော့စက်ရုပ်မဟုတ်...
၂၀ -၂၁ ရာစုထဲက ကလောင်လှန်ချွန်ကိုင်ထား
စပါတာကပ်စ်....
ကလောင်ဓါးလွတ် ကိုင်ဆောင်ထား
စပါတာကပ်စ်....
တိုင်းပြည်ရဲ့ နိုင်ငံရေးခေတ်သစ်
ကန့်လန့်ကာဖွင့်လှစ်သောသူ....
ဖက်ဆစ်အကျဥ်းထောင်ကြီးထဲက... စစ်ကျွန်လူထု
သူက ဖက်ဆစ်အကျဥ်းထောင်ကြီးထဲကတော်လှန်သောအယ်ဒီတာ
သူက တက်ကြွ တော်လှန်နိုင်ငံရေးမှူး
သူက အယ်ဒီတာစားပွဲမှာလင်းတဲ့မီးပြတိုက်
သူက အယ်ဒီတာစားပွဲမှာ ထွန်းပတဲ့ နေဝန်းကြီး
သူက မဟာတက်မကိုင်
သူက ပြည်သူတို့ရဲ့ မီဒီယာ အယ်ဒီတာနေမင်းကြီး ။
ဒုတိယနာဇီတို့ရဲ့ရက်စက်ကြမ်းကြုတ်မှု သိရှိသူ
ဒုတိယ နာဇီဖက်ဆစ်တို့ရဲ့လူသားမဆန်မှု သိမြင်နေသူ
ဒုတိယ နာဇီဖက်ဆစ်တို့ရဲ့ကလိန်ကျကောက်ကျစ်မှု လက်မခံ
အောက်တန်းကျမှုကိုမုန်းတီးစက်ဆုတ်သူ
အဖိနှိပ်ခံတို့နဲ့ ထပ်မျှထပ်တူ...။
သူဟာ အသေကောင်တကောင်လို
ခေတ်ပျက်ကျမ်းခင်းပေါ်မှာ စန့်စန့်ကြီးသေမနေဘူး
သူဟာ တော်လှန်တက်ကြွ အသက်ရှူရှိုက်
သူဟာ ခေတ်ကိုတုန့်ပြန်အားကောင်းတဲ့ ထက်မြက်သူ
သူဟာ အကြီးကြယ်ဆုံးသော ယထာဘူတသမား
သူဟာ ခေတ်ကိုလှေကြုံစီးသူ မျှောလိုက်သူမဟုတ်
သူဟာ တိုက်ပွဲလဲဖြစ်တယ်... နိုင်ငံရေးထိုးစစ်တိုက်ပွဲဖြစ်သူ
သူဟာ လွတ်မြောက်ရေးတပ်သားပြည်သူတို့ရဲ့ နေလုံးတပ်မှူးကြီးပေါ့ ။
သူ့ရဲ့တိုက်ပွဲထဲမှာ
ပြည်သူလူထုမျှော်လင့်ချက်များတည်ရှိနေပေါ့
ပြည်သူတို့ရဲ့ပျော်ရွှင်ချမ်းမြေ့မှုများတည်ရှိနေပေါ့
ပြည်သူတို့ရဲ့ဘဝပေါင်းမျာစွာပေါ်
သူ့ရဲ့တိုက်ပွဲနေခြည်က ဖြာကျနေပေါ့ ....
သူ့ဦးနှောက်ထဲမှာ ဖက်ဆစ် မိစ္ဆာ ဋီကာကျမ်းစာအုပ်ရှိတယ်
သူ့ဦနှောက်ထဲမှာ ကမ္ဘာသစ်ထုဆစ်
ခေတ်သစ်ပိသုကာ ကျမ်းစာအုပ်ရှိတယ်....
ရန်သူ့အကျဥ်းထောင်ထဲမှာ
နှစ်ပေါင်း နှစ်ဆယ်နီးပါး တိုက်ပိတ်ခံရစဥ်
မြတ်နိုးတွယ်တာ သံယောဇဉ် ... တော်လှန်ရေးနဲ့အိမ်ထောင်ပြုလိုက်ရဲ့
တော်လှန်ရေးဟာသူ့ဇနီး မဟေသီ သူ့ဒေဝီ ဖြစ်ပွားခဲ့
တော်လှန်ရေးသားဦးရတနာ သူ ကိုယ်တိုင်ဖြစ်လာခဲ့....
ငါတို့နှလုံးအိမ်ထဲက နေဝန်းကြီးတဆူ
အဲဒီလူ. .. သူပါပဲ
အပ်ချ မတ်ချ ဧကန်မလွဲ။ ။
မောင်စိုးချိန်
မတ်လ ၈ - ၂၀၂၆