12/04/2026
မွန်နှင့် တလိုင်း
နိုင်ပန်းလှ
(၁၉၅၇-၅၈ ခုနှစ်ထုတ် တက္ကသိုလ်မွန်အသင်းမဂ္ဂဇင်းတွင် ဖော်ပြထားသော ဆရာနိုင်ပန်းလှ၏ ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။)
'တလိုင်း' ဝေါဟာရ အခေါ်အဝေါ် အရေး၊ အသားအသုံးအနှုန်းကို အဘယ်ကြောင့် မွန်လူမျိုးများ ရွံမုန်းရသနည်း၊ အခေါ်မခံချင်ကြသနည်း၊ မနှစ်သက်ကြသနည်း၊ တလိုင်းဝေါဟာရ ဘယ်အချိန်က ပေါ်လာသနည်း စသည့် မေးခွန်းများကို ဖြေကြားရန် အထူးလိုအပ်ပေသည်။
တလိုင်းဝေါဟာရ အဓိပ္ပာယ်
'တလိုင်း' ဝေါဟာရသည် မွန်ဘာသာစကား 'ဣတလီု' နှင့် 'ဣတလေင်' ဝေါဟာရ ဖြစ်သည်။ မြန်မာအသံထွက်မှာ 'ဣတလိမ်' 'ဣတလိုင်း' ဖြစ်သည်။ အဓိပ္ပာယ်မှာ (ဣတ-အဖေ) 'လီု' သို့မဟုတ် 'လေင်' ပျက်စီးပြီးဟု ဖြစ်သည်။
(ဣတလိမ်နှင့် ဣတလိုင်းဝေါဟာရကို မည်သို့အား ခေါ်ဝေါ်သနည်းဟူမူ အဖေပေါ်ဘဲ မွေးသောသူ) (အဖနိုင်ငံခြားသားဖြစ်၍ မိမိတိုင်းပြည်သို့ ငွေစုပြီး ပြန်သွားသဖြင့် တိုင်းရင်းသူအမိနှင့်အတူ ကျန်ရစ်သောသားသမီး) ယင်းသို့သောနည်းဖြင့် အမေပြနိုင် အဖပျက်စီးသွားသော သူတို့ကိုသာ ခေါ်ဝေါ်ခြင်းဖြစ်သည်။
ဣတလိုင်းမှ ရွေ့လျားပြီး တလိုင်းအခေါ်အဝေါ်ကို မွန်လူမျိုးအားလုံးအား အဘယ်ကြောင့် မြန်မာက ခေါ်ဝေါ်သည်ကို သုတေသနဆရာကြီးများက အမျိုးမျိုးတင်ပြချက် ပေးခဲ့ပါသည်။
မွန်လူမျိုး
မွန်လူမျိုးသည် မြန်မာပြည်မြောက်ပိုင်းမှ မွန်ဂိုလီးယားပြည်မှတစ်ဆင့် ဧရာဝတီမြစ်၊ သံလွင်မြစ်နှင့် မဲခေါင်မြစ်မှ တဆင့်စုဆင်းလာခြင်း ဖြစ်သဖြင့် မွန်ဂိုလွိုက်အနွယ်ဖြစ်ပြီး မွန်လူမျိုးဟူ၍ အမည်တွင်ခဲ့ခြင်းဖြစ်လေသည်။ ရှေးက 'မွန်ခမာ' သို့မဟုတ် 'မွန်အာနမ်' လူမျိုးစုဟူ၍ ထင်ရှားခဲ့ကြသည်။
'မွန်ခမာ' လူမျိုးစုအနက်တချို့မှာ ဗြဟ္မပုတြမြစ်ဝှမ်းမှတစ်ဆင့် စုဆင်း၍ အိန္ဒိယအာသံနယ်ဖက်သို့ ရောက်သွားကြသည်ဟုလည်း ပညာရှင်များ ယူဆကြသေးသည်။ မွန်ခမာနွယ်လူမျိုးစုတွင် ပါဝင်သော လူမျိုးများမှာ အိန္ဒိယမှ 'ကိုလာရိယ' ခေါ် 'မွန်ဒ' လူမျိုး၊ အာသံနယ်ရှိ 'ခါစီယာ' လူမျိုး၊ မြန်မာပြည်ရှိ မွန်-ပလောင်၊ ဝနှင့် ရိကန်လူမျိုးများ၊ မလေးကျွန်းဆွယ်မှ 'စမင်' နှင့် 'စကိုင်' လူမျိုးများ၊ ယိုးဒယားပြည်မှ မွန်၊ လဝ၊ ချောင်နှင့် ကချီလူမျိုး၊ ကမ္ဘောဒီးယား .... ခေါ် ကန်ဗောဂျင်လူမျိုးစုများ၊ အာနမ်ပြည်မှ အာနမ် သို့မဟုတ် ယုအန်လူမျိုးများ ပါဝင်သည်ဟု မနုဿဗေဒပါရဂူကြီးများ ဖော်ပြကြသည်။
ယင်းအကြောင်းအရာများတို့သာ သန္တရစကားအခေါ်အဝေါ် တူညီပုံများကို (Skeat, Blagden, Garnier, Forbs, Max Mlular, Grierson, Phayer, Mason) အစရှိသော ပါရဂူများ ပြုစုသည့် စာအုပ်များတွင် လေ့လာနိုင်၏။
လူမျိုးစုအခေါ်အဝေါ်တွင် မွန်ခမာ၊ မွန်အာနမ်ဟူ၍သာ ခေါ်ခဲ့ကြပြီး တလိုင်းခမာ၊ တလိုင်းအာနမ်ဟူ၍ကား မကြားဖူးသဖြင့် မွန်လူမျိုး၏ အမည်ရင်းမှာ 'တလိုင်း' မဟုတ်ကြောင်း အလွန်ထင်ရှားလှပေသည်။
တချို့ပါရဂူများက မွန်လူမျိုးများသည် အိန္ဒိယပြည်ထောင်စု တိလိင်္ဂနတိုင်းမှ ပင်လယ်ခရီးဖြင့် ရောက်လာသည်ဟု ယူဆပြီး တချို့ပါရဂူများက မွန်ရာဇဝင်၊ ဒဏ္ဍာရီသမိုင်းများကို လေ့လာပြီး သုဝဏ္ဏဘူမိ သထုံပြည်သို့ တိလိင်္ဂနတိုင်းမှ မင်းညီမင်းသားများ လာရောက်ခဲ့ဖူးသဖြင့် မွန်ကိုတလိုင်းဟူ၍ ခေါ်ဝေါ်ခဲ့ဟန်တူသည်ဟု ထင်ကြေးပေးကြ၏။
ဤယူဆထင်မြင်ချက်မှာ ယုတ္တိမရှိကြောင်း အခြားပညာရှင်များက ဆိုပြန်၏။ မွန်ခမာလူမျိုးစုနှင့် တိဘက်တိုဘားမင်းလူမျိုးစု ပါဝင်သော မွန်နှင့် ပျူလူမျိုးတို့သည် အိန္ဒိယတောင်ပိုင်းမှ စာပေယဉ်ကျေးမှုနှင့် ထေရဝါဒဗုဒ္ဓဘာသာများကို ရရှိကြောင်း မှန်ကန်ပေသည်။
သို့ရာတွင် အိန္ဒိယတောင်ပိုင်းမှ လူမျိုးဆင်းသက်လာခြင်းမှာ မဖြစ်နိုင်ချေ။ တိလိင်္ဂနတိုင်းမှ လာသောမွန်များသည် ရာမညဒေသတစ်ခုကိုသာ အုပ်စိုးမှုပြုသည်မဟုတ်၊ ရှေးက ဒွါရဝတီနိုင်ငံ ယခု ယိုးဒယားနိုင်ငံ၊ မလေးကျွန်းဆွယ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား စသည်များပါဝင်သော တိုင်းပြည်များအားလုံးကို အုပ်စိုးခဲ့သည်ဟု ဒဏ္ဍာရီသမိုင်းစဉ်အရ ယူဆနိုင်သည်။
သုဝဏ္ဏဘူမိဆိုသည်မှာလည်း သထုံမြို့သာမဟုတ် ယိုးဒယား၊ ကမ္ဘောဒီးယားအထိ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်လုံးကို သုဝဏ္ဏဘူမိ ရွှေတိုင်းပြည်ဖြစ်ကြောင်းကို ပညာရှင်များ ဖော်ပြကြသည်။
သို့ပါ၍ အကယ်၍ တိလိင်္ဂနတိုင်းမှ မင်းများကို အစွဲပြု၍ တလိုင်းဟု ခေါ်ခဲ့မှန်ပါမူ မွန်လူမျိုးကိုသာမက ကမ္ဘောဒီးယားခေါ် ခမာလူမျိုးနှင့် အခြားမွန်ခမာလူမျိုးစုများကိုလည်း တလိုင်းဟု ခေါ်ဝေါ်ခဲ့တန်ရာသည်။
ယခုမူကား တလိုင်းဝေါဟာရကို ယိုးဒယားနှင့် အရှေ့နိုင်ငံများတွင် လုံးဝမသိရှိ၊ လုံးဝမသုံးနှုန်း၊ 'မွန်လူမျိုး' ဟုသာ သိကြ၏။ ရာမညတိုင်းသားဖြစ်၍ 'ရာမဉ်' (R,man.) ဟူ၍သာ ထင်ရှားခဲ့ကြသည်။
တိလိင်္ဂနတိုင်းကို အစွဲပြု၍ မွန်ကို တလိုင်းဟု ခေါ်ခဲ့မှန်ပါမူ ရာမညတိုင်းကိုလည်း တလိုင်းနဂရ၊ တလိုင်းဂုဏ၊ တလိုင်းမညဟူ၍ ခေါ်ဝေါ်ခဲ့တန်ရာသည်။
ရာမညတိုင်း၏ အမည်မှာ တလိုင်းဝေါဟာရနှင့် လုံးဝမသက်ဆိုင်၊ (ရး) မှ (ရာ) ဖြစ်လာပြီး 'တိုင်းပြည်' ဟု အဓိပ္ပာယ်ထွက်ပြီး (မည) (မည) (မဉ်) (မွန်) ဟု ရေး၍ မွန်လူမျိုးဟု အဓိပ္ပာယ်ရပါသည်။ (ရး ဝေါဟာရသည် သက္ကတဘာသာ (Rastra) မှ ဆင်းသက်လာသည်။) ရာမည-ရာမည-မွန်တိုင်းပြည်ဟု အဓိပ္ပာယ်ရပါသည်။
မွန်ဘာသာကျောက်စာများကို လေ့လာရာတွင်လည်း ခရစ်တော်နှစ် ၆-ရာစုက ထိုးသည့် ရှေးအခါက ဒွါရဝတီမွန်နိုင်ငံဟု ထင်ရှားခဲ့သော ယခု ယိုးဒယားပြည် ပရပထုံမြို့တွင် တူးဖော်ရရှိသော မွန်ကျောက်စာ၊ ၈ ရာစုထိုး လော့ပူရီမွန်ကျောက်စာ၊ ၁၁ ရာစုထိုး လင်ဖွန်းမွန်ကျောက်စာများ၊ ၁၁ ရာစုထိုး သထုံမနူဟာမင်းမွန်ကျောက်စာများ၊ ၁၁ ရာစုထိုး ပုဂံကျန်စစ်သားမွန်ကျောက်စာများ၊ ဟံသာဝတီခေတ် ၁၅ ရာစုထိုး ဓမ္မစေတီ၊ ရှင်စောပုမွန်ကျောက်စာများ၊ ကြေးပြားစာများ၊ ခေါင်းလောင်းစာများနှင့် ပေမူများအားလုံးတို့တွင် မွန်လူမျိုးကို တလိုင်းဟူ၍ လုံးဝမရေးသား၊ မသုံးနှုန်းခဲ့ဖူးချေ။ ထို့ကြောင့် မွန်လူမျိုး၏ နာမည်ရင်းမှာ တလိုင်းမဟုတ်ကြောင်း ထင်ရှားလှပေသည်။
မြန်မာများက မွန်ကိုတလိုင်းဟု အလောင်းဘုရားခေတ်ကစ၍ ခေါ်ဝေါ်သမုတ်ခဲ့သည်ဟု ကျောက်စာဝန်ဟောင်း 'ဖော်ချမ်းမား' နှင့် မွန်အဘိဓာန်ပြုစုသူ 'ဟာစဝ်' နှင့် 'စတီးဗင်း' တို့က ထင်မြင်ယူဆ ဖော်ပြသည့်အချက်ကို မှားသည်ဟု ရေးသားရာတွင် ၁၉၁၂ ခုနှစ်ထုတ်သည့် မြန်မာပြည် သုတေသနအသင်းဂျာနယ်အတွဲ ၂၊ အပိုင်း ၁ တွင် ကျောက်စာဝန် 'ချားလ်ဒူရွိုင်ဆယ်' က ပရိမ္မထီးလှိုင်ရှင်ဘုရား မြန်မာကျောက်စာကို ဖော်ပြ၍ မြန်မာက မွန်ကို တလိုင်းဟူ၍ ခေါ်ဝေါ်သုံးနှုန်းခဲ့သည်မှာ ပုဂံခေတ် သထုံကို တိုက်ခိုက်အောင်မြင်ခဲ့သော အနော်ရထာ လက်ထက်ကပင် ဖြစ်မည်ဟု ထင်မြင်ချက်ပေးထားပြန်သည်။
ပရိမ္မထီးလှိုင်ရှင် ဘုရားကျောက်စာ၌ မွန်နှင့်ပတ်သက်၍ သုံးနှုန်းထားသည်မှာ (ဥဿလမည် တန်လှိုင်ပြည်ကို နည်၂ ညက် ၂ ဖျယ်ခြိမ်ပြီရွယ်ရခြိယ်ထသော ပြညာကြီးသော တန်လှိုင် သုခမိန် ကိုစ်လေတာ၏။) ယင်းကျောက်စာ၏ သက္ကရာဇ်အရ ခရစ်တော်နှစ် ၁၁၀၇- ခုနှစ်ထိုးဟု ဖော်ပြသော်လည်း အရေးအသား၊ အသွင်အပြင် အသုံးအနှုန်းကို လေ့လာခြင်းအားဖြင့် ပုဂံခေတ်ထိုးမူရင်း ကျောက်စာမဟုတ်နိုင်။ စပ်ထိုးခေါ် နောက်ခေတ်လူများက ခေတ်အလျောက် ရေးသားသော အက္ခရာစာလုံးပေါင်းသို့ ပြောင်းလဲ၍ ကမ္ပည်းထိုးခဲ့သော ကျောက်စာပင်ဖြစ်သည်။
ခရစ်တော်နှစ် ၁၁၁၃ ခုနှစ် ထိုးမြစေတီခေါ် ဂူပြောက်ကြီးကျောက်စာတွင် မွန်၊ မြန်မာ၊ ပျူနှင့် ပါဠိဘာသာများဖြင့် တစ်မျက်နှာစီထိုးသော ကျောက်စာသည် မူလထိုးကျောက်စာဖြစ်ပြီး မြန်မာဘာသာမှာ ရှေးအကျဆုံးမူလထိုးဖြစ်သည်။
မွန်နှင့်ပျူဘာသာ ကျောက်စာမူလထိုးတို့ကို ထိုထက်နှစ်ပေါင်း ၅၀၀ ရှေးကျသည်ကိုလည်း တွေ့နိုင်သည်။ မြစေတီမူလထိုး မြန်မာကျောက်စာနှင့် အထက်ပါပရိမ္မကျောက်စာ (စပ်ထိုးကျောက်စာ) ကို နှိုင်းယှဉ်ပါမူ - ပရိမ္မကျောက်စာမှာ မြစေတီကျောက်စာထက် အရေးအသား အသုံးအနှုန်းများစွာ အဆင့်အတန်းမြင့်ပြီး၊ ကဗျာလင်္ကာဆန်ဆန် ရေးနိုင်၏။ စာလုံးပေါင်းလည်း များစွာကွာခြားသည်တို့ကို ထောက်ရှုလျှင် ယင်းကျောက်စာမှာ အင်းဝခေတ်ဦးလောက် သို့မဟုတ် ထို့ထက်အနည်းငယ် စော၍ စပ်ထိုးခဲ့သော ကျောက်စာပင် ဖြစ်တန်ရာသည်။
ကျန်စစ်သား၏ ပုဂံခေတ်ကျောက်စာများမှာ မွန်ဘာသာဖြင့်သာလျှင် ကမ္ပည်းထိုးခဲ့သော မူလထိုးကျောက်စာများကို တွေ့ရပြီး ထိုကျောက်စာများတွင် မွန်လူမျိုးကို 'ရမေည်' (R'men) ဟုသာ သုံးနှုန်းသည်ကို တွေ့ရသည်။ တလိုင်းဟူ၍ လုံးဝမတွေ့ရသဖြင့် ပရိမ္မကျောက်စာမှာ ကျန်စစ်သား၏ ပုဂံခေတ်မူလထိုးကျောက်စာမဟုတ်ကြောင်း ထင်ရှားလှပေသည်။
မည်သို့ဆိုစေ ပရိမ္မကျောက်စာကို တွေ့ရသဖြင့် မွန်ကိုတလိုင်းဟူ၍ အချို့က ခေါ်ဝေါ်ခဲ့သည်မှာ အလောင်းဘုရားခေတ်ကျမှ မဟုတ်ဘဲ အင်းဝခေတ် သို့မဟုတ် ထို့ထက် အနည်းငယ်စောသော ခေတ်ကိုပင် ခေါ်ဝေါ် သုံးနှုန်းခဲ့ဖူးသည်ကို သက်သေသာဓကပြနိုင်ပေသည်။
အင်းဝခေတ်တွင် မွန်ဘုရင်နှင့် မြန်မာဘုရင်များသည် ပုဂ္ဂိုလ်အနေဖြင့် အာကာလုမှုကြောင့် ပြည်သူအများ ဒုက္ခရောက်ခဲ့ဖူးသည်။ ဘုရင်များကြောင့် လူမျိုးရေးမုန်းတီးမှုလည်း ရှိကောင်းရှိပေမည်။ ထို့ကြောင့် ထိုခေတ်က မွန်ကိုတလိုင်းဟူ၍ သမုတ်ခဲ့ဟန်တူသည်။
၎င်းပြင် ယင်းကျောက်စာ၌ မွန်ပြည်ကို ဥဿာဟူလည်း ခေါ်သည်ဆိုပြန်ရာ မွန်ဘာသာကျောက်စာများ၊ ပေမူများတွင် မွန်ပြည်များကို ဒွါရဝတီ၊ သုဝဏ္ဏဘူမိသုဓမ္မဝတီ၊ ဟံသာဝတီ၊ ရာမည၊ ကြိဂုမ္ဘ၊ ပရပထုံ၊ သထုံ၊ ဒဂုန်၊ ဗဂိုး၊ ဥပါယ်ဂိုးဟူ၍သာ တွေ့ရ၏။
ဥပါယ်ဂိုးကို မြန်မာက ဥဿာပဲခူးဟု အကြားလွဲ၍ ခေါ်ခဲ့တန်ရာသည်။ မြန်မာတို့မွန်ပြည်ကို ဥဿာဟု ခေါ်သဖြင့် (Orissa) သြရိဿနယ်မှ ကုလားကိုအစွဲပြု၍ ဗဂိုးကို ဥဿာဟု ခေါ်ကြောင်း အချို့ဥရောပတိုက်သား ပညာရှင်များက ထင်မြင်ချက်ပေးပြန်၏။ ပါရဂူများ၏ ထင်မြင်ချက်သည် အားလုံးမှန်ကန်သည်ဟု မယူဆသင့်၊ ထင်မြင်ချက်သည် ထင်မြင်မှုသာဖြစ်၏။
ဟံသာဝတီကို ဥဿာဟု ခေါ်လျှင် မွန်များက အခံမခက်လှသော်လည်း မွန်ကိုတလိုင်းဟု ခေါ်လျှင် အလွန်နာကြ၏။ မွန်မျိုးစစ်သူတိုင်း ခံနိုင်မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် အထက်ဖော်ပြပါ တလိုင်းဝေါဟာရ၏ အဓိပ္ပာယ်ကြောင့်ပင် ဖြစ်လေသည်။
တလိုင်းနာမည်ကို မွန်လူမျိုးများက လုံးဝမနှစ်မြို့ကြချေ။ တလိုင်းဝေါဟာရသည် တိလိင်္ဂနတိုင်းကို အစွဲပြု၍ဖြစ်စေ၊ အမျိုးမစစ် အဖေပျက်စီးသည်ဟူ၍ဖြစ်စေ၊ အခြားမည်သည့်အဓိပ္ပာယ်ဖြင့် သက်ဆိုင်ဆက်စပ်စေကာမူ အခေါ်ခံရသောကာယကံရှင်က အဆဲခံရသလို မကြိုက်နှစ်သက်ကြောင်းကို သိရှိပါက ရှောင်ရှားခြင်းသည် ယဉ်ကျေးမှုတစ်ရပ်ပင်ဖြစ်ပေသည်။
ရာဇဝင်၌ ပါရှိသော မွန်မြန်မာတို့သည် ရှေးလွန်လေပြီးခဲ့သော အတိတ်ဘဝကလူများဖြစ်ကြ၍ ယခုပစ္စုပ္ပန် မွန်မြန်မာတို့သည် ပြည်ထောင်စုသားချင်းဖြစ်ကြပေပြီ။ ပြည်ထောင်စုကြီး တည်မြဲရေး၊ ကြီးပွားရေး၊ ပြည်တော်သာရေးအတွက် ပြည်ထောင်စုသားအချင်းချင်း ညီရင်းအစ်ကိုကဲ့သို့ ချစ်ကြည်လေးစားကြပြီး စည်းလုံးညီညွတ် အောင်ကြောင်းဖြာ ဆိုသကဲ့သို့ အချင်းချင်း စည်းလုံးညီညွတ်ရန် အထူးအရေးကြီးပေသည်။ နှုတ်ချိုလျှိုတစ်ပါးဟုဆိုသလို မွန်များနားဝင်ချိုလှသော မွန်ဟုသာ ရေးသားသုံးနှုန်းခေါ်ဝေါ်သင့်လှ၏။
၁၉၃၀ ခုနှစ်တွင် မွန်အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဆာဂျေအေဦးမောင်ကြီးသည် မြန်မာပြည်၏ ခေတ္တဘုရင်အဖြစ် ဆောင်ရွက်စဉ် မွန်လူမျိုးကို (တလိုင်း) အစား (မွန်) ဟူ၍သာလျှင် စာပေဘာသာရပ်များတွင် အသိမှတ်ပြု ရေးသားသုံးနှုန်းခေါ်ဝေါ်ကြရန်နှင့် (မွန်) အမည်သည် (တလိုင်း) အမည်ထက် ပိုမိုသင့်လျော်မှန်ကန်သည့် အမည်ဖြစ်သဖြင့် နောက်နောင် (မွန်) ဟူ၍သာ ရေးသားသုံးနှုန်းခေါ်ဝေါ်ကြစေရန် ဘုရင်ခံ၏ ကောင်စီအစည်းအဝေး၌ ဘုရင်ခံကြီး ဆာဂျေအေဦးမောင်ကြီး၏ ညွှန်ကြားချက်အရ ပြည်ထဲရေးဌာန အတွင်းဝန်ထံက ၁၉၃၀ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့စွဲပါ ဆာကျူလာမင်မိန့်နံပါတ် ၁၇၄ ဝီ ၃၁ အရ အစိုးရဌာနကြီးအကဲများ အားလုံးသို့ ညွှန်ကြားခဲ့ပြီး ပြန်တမ်းထုတ်ပြန်ခဲ့ဖူးလေသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း တိုင်းရင်းသားများ စည်းလုံးမှုချစ်ကြည်မှုကို ဖန်တီးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီကလေးကပင် မွန်လူမျိုးများ မကြိုက်မနှစ်သက်သည့် တလိုင်းဝေါဟာရ ပျောက်လေအောင် အထက်ပါ ဆာကျူလာကိုပင် ဗိုလ်ချုပ်၏ ညွှန်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန်ချုပ်က ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နေ့စွဲပါ မင်မိုအမှတ် ၅၉ အိပ် အက်ဖ် ၄၇ (၁၇၁၃) အရ ဒုတိယအကြိမ် ဆက်လက်ညွှန်ကြား ထုတ်ပြန်ခဲ့ပြန်လေသည်။ ဗိုလ်ချုပ်၏ သွေးစည်းမှုဝါဒ တစ်ရပ်ပင် ဖြစ်၏။
ထိုနှစ်မှစပြီး မွန်ဟူသော အခေါ်အဝေါ် အရေးအသားသည် တမဟုတ်ခြင်းပေါ်လွင် ထင်ရှားသုံးနှုန်းခေါ်ဝေါ်ခဲ့ကြပါသည်။ တလိုင်းဝေါဟာရကို သုံးနှုန်းသူ အလွန်နည်းပါးလာ၏။ သို့ရာတွင် သတိမမူ ဂူမမြင် ပညာရှိ သတိဖြစ်ခဲ ဆိုသကဲ့သို့ သတိမထားသူ ပေါင်းများစွာပင် နှုတ်ကျိုး၊ ကလောင်ကျိုး ဖြစ်နေသော တလိုင်းဝေါဟာရကို တစ်ခါတစ်ရံ ခေါ်ဝေါ်ရေးသား သုံးနှုန်းကြသည်ကို မြင်တွေ့ရသေးသည်။
မကြာမြင့်မီက အစည်းအဝေးကြီးတစ်ခုတွင် မွန်လူမျိုးကို အထူးအားပေးချီးမြှင့်သော ခေါင်းဆောင်ကြီးတစ်ဦးက မိန့်ခွန်းပြောရင်း ရာဇဝင်ကို နှိုင်းယှဉ်ကိုးကားပြောဆိုရာတွင် (ကျန်စစ်သားက စောလူးမင်းကို ငရမန်ကန်း၏ အချုပ်ခန်းထဲက တိတ်တဆိတ်ဝင်ရောက်ခိုးယူစဉ် စောလူးမင်းက ကျန်စစ်သားအား မယုံကြည်သဖြင့် အော်ဟစ်လိုက်သောအခါ ကျန်စစ်သားမင်းက "ဟယ်မင်းဆိုးမင်းညစ် 'တလိုင်း' တို့လက်တွင် သေရစ်ပေတော့") အစရှိသည်ဖြင့် ရာဇဝင်စာအုပ်၌ ရေးသားပုံနှိပ်ထားသည့်အတိုင်း ပြန်လှန်ပြောခြင်း ဖြစ်ပေသည်။
ယင်းသို့ (တလိုင်း) ဝေါဟာရကို အမှတ်မထင် သုံးနှုန်းမိသော ပုဂ္ဂိုလ်ကြီးသည် မွန်ကို နှိမ့်ချလိုစိတ်လုံးဝမရှိဘဲ မွန်ကိုအလွန်ချစ်၍ အားပေးနေသောသူဖြစ်ကြောင်းကို မွန်ပညာရှိများက သိကြသော်လည်း မွန်လူငယ်အများက မသိသဖြင့် အထင်လွဲမိပေလိမ့်မည်။ အထက်ပါစကားတွင် ("ဟယ်မင်းဆိုးမင်းညစ် 'မွန်' တို့လက်တွင် သေရစ်ပေတော့") ဟူ၍ တလိုင်းအစား မွန်ဟု ပြင်ဆင်သုံးနှုန်းလိုက်ပါက ပို၍သင့်လျော်ပေမည်မဟုတ်ပါလော။
တက္ကသိုလ်ကျောင်းများ၊ တက္ကသိုလ်ကျောင်းများတွင် အသုံးပြုလျက်ရှိသော ဖတ်စာအုပ်ဟောင်းများ၊ ရာဇဝင်စာအုပ်ဟောင်းများတွင် မွန်လူမျိုးကို တလိုင်းဟု ပုံနှိပ်ထားသဖြင့် ဆရာများနှင့် ကျောင်းသားများက စာအုပ်အတိုင်း တလိုင်းဟု ဟောပြောသုံးနှုန်းဖတ်ကြားကြသည်များကို ကြားရသည့် မွန်ကလေးများအတွက် မခံချင်ကြ၊ မကြားချင်၊ မကျေနပ်ချင်ဖွယ်ရာဖြစ်ကြောင်းကို သိရပေမည်။
မွန်တက်လူငယ်များ သွေးစည်းမှုကို ရှေးရှု၍ ပြင်ဆင်သင့်ပေသည်။ ပုံနှိပ်စာအုပ်ရှိ တလိုင်းဝေါဟာရကို စာဖတ်ရင်းပင် မွန်ဟု လက်ရေးဖြင့် ပြင်ဆင်၍ ဖတ်ကြားသင့်လှပေသည်။ ကျောင်းဆရာများ အထူးသတိပြု၍ ပြင်ဆင်သင့်ပေသည်။
၎င်းပြင် အသံလွှင့်ရုံမှ လွှင့်ရန်စကားများ၊ သတင်းစာများ၊ မဂ္ဂဇင်းများ၊ ရုပ်ရှင်ပြဇာတ်နှင့် ဇာတ်သဘင်များတွင်လည်း တလိုင်းဝေါဟာရအစား မွန်ဟု သတိပြု၍ ပြင်ဆင်သုံးနှုန်းသင့်ပေသည်။
စာရေးဆရာများ၊ သတင်းထောက်များ၊ အယ်ဒီတာများ၊ ကျောင်းဆရာများ၊ ကျောင်းသုံးစာအုပ်ကော်မတီနှင့် ပညာရေးဌာနအရာရှိများက စာအုပ်သစ်များတွင် တလိုင်းဝေါဟာရမပါစေရန် အထူးသတိပြုသင့်ပေသည်။ စာရေးသူက သတိလစ်၍ တလိုင်းဟု သုံးမိပါက တည်းဖြတ်သူ ပုံနှိပ်သူ တာဝန်ရှိသူက မွန်ဟု ပြင်ဆင်သင့်ပေသည်။
အရပ်ဒေသများတွင်လည်း တလိုင်းအိမ်၊ တလိုင်းလမ်း၊ တလိုင်းချောင်း၊ တလိုင်းရပ်၊ တလိုင်းနယ်၊ တလိုင်းပိန္နဲသီး၊ တလိုင်းမင်းသမီးနှင့် တလိုင်းမင်းသား၊ တလိုင်းသံ၊ တလိုင်းသီချင်းများ၏ အမည်များကိုလည်း မွန်အိမ်၊ မွန်လမ်း၊ မွန်ချောင်း၊ မွန်ရပ်၊ မွန်နယ်၊ မွန်ပိန္နဲသီး၊ မွန်မင်းသမီး၊ မွန်မင်းသား၊ မွန်သံ မွန်သီချင်းဟူ၍ ပြင်ဆင်ခေါ်ဝေါ်သုံးနှုန်းသင့်ပေသည်။
စာရေးသူ ငယ်စဉ်က နာမည်ကျော် မွန်မင်းသား တလိုင်းအောင်စိန် ဇာတ်ကိုကြည့်သူတိုင်း၊ ၎င်းသည် ပငရွာသားဖြစ်၍ သီချင်းဆိုရာတွင် (ငပိထောင်းနှင့် ထမင်းမိန် တလိုင်းအောင်စိန်တို့ ပငရွာကြီး) ဟူ၍ ကြားဖူးသည်။
၎င်းမင်းသားသည် တလိုင်းဝေါဟာရ၏ အဓိပ္ပာယ်ကို မွန်အသင်းမှ ဆရာဘုန်းတော်ကြီးများက ပြောပြပြီးသောအခါ ၎င်း၏နာမည်ကို မွန်အောင်စိန်ဟု ပြောင်း၍ သီချင်းကိုလည်း (မွန်အောင်စိန်တို့ ပငရွာကြီး) ဟု ပြောင်းလဲသီချင်းဆိုခဲ့သဖြင့် မွန်အသင်းကြီးက ၎င်းအား ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ဖူးပေသည်။
လွတ်လပ်သောပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးများစွာရှိသည့် ပြည်ထောင်စုတည်တံ့ရေးနှင့် ပြည်တော်သာရေး လုပ်ငန်းများ အကောင်အထည်ဖော်ရန် ဗလငါးတန်အနက် စိတ္တဗလမဏ္ဍိုင်တည်ဆောက်ရေးသည် အထူးအရေးကြီးလှ၏။ တိုင်းပြည်တွင် လူမျိုးရေးပဋိပက္ခမဖြစ်စေဘဲ အချင်းချင်း ညီအစ်ကိုကဲ့သို့ ချစ်ကြည်လေးစားကြရန် အလွန်အရေးကြီးလှသည်။
တိုင်းရင်းသားတစ်မျိုးက မကြိုက်မနှစ်သက်သော မနှစ်မြို့သောအခေါ်အဝေါ် အပြုအမူများကို အခြားညီနောင်တိုင်းရင်းသားများက အထူးလေးစားစွာ သတိပြုရှောင်ရှားရန်သင့်ပေသည်။
ပျက်အစဉ် ပြင်ခဏဆိုသလို တလိုင်းမှ မွန်ဟု ပြင်ဆင်ခေါ်ဝေါ်သုံးနှုန်းရန် မည်သူမျှ ဝန်လေးဖွယ်မရှိပါ၍ ပြည်ထောင်စုသားချင်း ချစ်ကြည်မှုကို ရှေးရှုလျက် တလိုင်းဝေါဟာရကို ပင်လယ်မျှောချကာ တိလိင်္ဂနတိုင်းသို့ ပြန်ပို့ရင်း မွန်နာမည်ရင်းကိုသာ အားလုံးက လက်ခံသုံးနှုန်း ခေါ်ဝေါ်သမုတ်နိုင်ကြပါစေသတည်း။
နိုင်ပန်းလှ