19/08/2026
ကျွန်တော်တို့ မျက်စိထဲမှာ ဟောင်ကောင်ဆိုတာနဲ့ မိုးမျှော်တိုက်ကြီးတွေ၊ တောက်ပတဲ့ မီးရောင်တွေ၊ ဇိမ်ခံကားကြီးတွေနဲ့ ကမ္ဘာ့အချမ်းသာဆုံး မြို့ကြီးတစ်မြို့လို့ပဲ မြင်ယောင်တတ်ကြပါတယ်။
ဒါပေမဲ့ အဲဒီလို ရွှေရောင်လွှမ်းနေတဲ့ မြို့ပြကြီးရဲ့ ကွယ်ရာမှာ အလင်းရောင်နဲ့ လေကောင်းလေသန့်ကိုတောင် ငတ်မွတ်နေရတဲ့ လူပေါင်း နှစ်သိန်းလောက် ရှိနေတယ်ဆိုတာကတော့ ရင်နာစရာပါပဲ။ ဒေသခံတွေကတော့ သူတို့နေထိုင်ရတဲ့ နေရာလေးတွေကို "ခေါင်းတလားအိမ်များ" လို့ ခေါ်ကြတယ်။
ခေါင်းတလားအိမ်ဆိုတာ တိုက်ခန်းကျယ်ကြီးတစ်ခုကို အထပ်သားတွေနဲ့ အလျားလိုက်၊ ဒေါင်လိုက် အကန့်ပေါင်း သုံးဆယ်လောက် ခွဲထုတ်လိုက်ပြီး တစ်ယောက်အိပ် ကုတင်တစ်လုံးစာလောက်ပဲရှိတဲ့ အခန်းကျဉ်းလေးတွေကို ပြောတာပါ။
ဧရိယာအားဖြင့် စတုရန်းပေ ၁၆ ပေလောက်ပဲ ရှိတဲ့ ဒီနေရာလေးဟာ သူတို့အတွက် အိပ်ခန်းလည်း ဟုတ်တယ်၊ ဧည့်ခန်းလည်း ဟုတ်တယ်၊ မီးဖိုချောင်လည်း ဟုတ်တယ်။
အဲဒီအခန်းတွေမှာ ပြတင်းပေါက်မရှိတဲ့အတွက် အသက်ရှူရ ကျပ်ပါတယ်။ လူအများစုကတော့ ပူအိုက်လွန်းလို့ ဆံပင်တွေကို တိုတိုညှပ်ထားရတယ်။
လေဝင်လေထွက်မရှိတဲ့အပြင် ကြမ်းပိုးတွေကလည်း သောင်းကျန်းလှတယ်။ ညဘက်ဆိုရင် ကြမ်းပိုး အစုပ်ခံရလွန်းလို့ သွေးအားနည်းရောဂါပါ ရနိုင်တဲ့အထိ ဆိုးရွားပါတယ်။ ဒါပေမဲ့ စာနာစိတ်ကင်းမဲ့လှတဲ့ ခေတ်ကြီးထဲမှာ ဒီလူတွေဟာ ကြမ်းပိုးတွေနဲ့အတူ ဘဝကို အံကြိတ် ရှင်သန်နေကြရတာပဲ။
ဒီခေါင်းတလားအိမ်တွေမှာ နေထိုင်သူအများစုကတော့ အလုပ်ကြမ်းသမားတွေ၊ သန့်ရှင်းရေးလုပ်သားတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ကြတယ်။
ဥပမာတစ်ခု ပြောရရင် တစ်လကို ဝင်ငွေ ၆၅၀ ဒေါ်လာလောက်ပဲရတဲ့ သန့်ရှင်းရေးအမျိုးသမီးတစ်ဦးဟာ ဒီ ၁၆ ပေပတ်လည် အခန်းကျဉ်းလေးအတွက် လစဉ် ငှားရမ်းခ ၃၂၀ ဒေါ်လာကို ပေးသွင်းနေရတယ်။ ကိုယ့်ဝင်ငွေရဲ့ ထက်ဝက်လောက်ကို ဒီခေါင်းတလားလေးအတွက် စတေးနေရတာပါ။
တချို့အခန်းတွေဆိုရင် အိမ်သာနဲ့ မီးဖိုချောင်ကို ပူးတွဲသုံးနေရတယ်။ အိမ်သာခွက်ရဲ့ အပေါ်တည့်တည့်မှာ အဝတ်အစားတွေ လှန်းထားရသလို၊ အဲဒီအိမ်သာဘေးက ဘေစင်ငယ်လေးမှာပဲ ဟင်းသီးဟင်းရွက်တွေကို ဆေးကြော ချက်ပြုတ်နေရတယ်။ ဒီတော့ ကျန်းမာရေးနဲ့ ညီညွတ်မှုဆိုတာ သူတို့အတွက် စဉ်းစားခွင့်တောင်မရှိတဲ့ ဇိမ်ခံစကားလုံး တစ်ခုဖြစ်နေပါပြီ။
ကျွန်တော် ကြားခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုဆိုရင် ကိုယ်လုံးကိုယ်ထည် ကြီးမားတဲ့ အမျိုးသားကြီးတစ်ဦးဟာ အခန်းတံခါးကိုတောင် ပိတ်လို့မရဘူး။
သူ့ရဲ့ ပခုံးတစ်ဖက်က အခန်းအပြင်ဘက်ကို အမြဲထွက်နေရတယ်။ သူ့ကို “နောက်ဆယ်နှစ်နေရင် ခင်ဗျားဘဝ ဘယ်လိုဖြစ်နေမလဲ” လို့ မေးတဲ့အခါ၊ "သင်္ချိုင်းထဲ ရောက်နေလောက်ပြီ" လို့ ဖြေပါတယ်။ သူ့ မျက်လုံးထဲမှာ မျှော်လင့်ချက်ဆိုတာ လုံးဝ မတွေ့ရတော့ဘူး။
တကယ်တော့ ဟောင်ကောင်မှာ ပုံမှန်အိမ်ခန်းကျဉ်းလေး တစ်ခန်း ဝယ်နိုင်ဖို့ဆိုတာ အမေရိကန်ဒေါ်လာ တစ်သန်းကျော် ကုန်ကျမှာဖြစ်ပါတယ်။ အစိုးရက စီစဉ်ပေးတဲ့ တန်ဖိုးနည်းအိမ်ရာတွေ ရဖို့အတွက်လည်း ဆယ်နှစ်ကျော်ကြာအောင် စောင့်ဆိုင်းကြရတယ်။
အဲဒီထက် ပိုဆို့နင့်စရာကောင်းတာက ဒီမြို့ကြီးမှာ သေလွန်သွားရင်တောင် ကိုယ်ပိုင်မြေကျင်းလေး တစ်ကျင်း ရဖို့ ခဲယဉ်းတာပါပဲ။ မြေနေရာ ရှားပါးလွန်းတဲ့အတွက် အများပြည်သူ သင်္ချိုင်းတွေမှာ ခြောက်နှစ်ပဲ မြှုပ်နှံခွင့်ပြုတယ်။
အဲဒီအချိန်စေ့တာနဲ့ အရိုးကို ပြန်တူးဖော်ပြီး မီးသင်္ဂြိုဟ်ရတယ်။ ပြီးရင် ဖိနပ်ဘူးခွံလောက်သာရှိတဲ့ အံဆွဲငယ်လေးတွေထဲမှာ ပြာအဖြစ်နဲ့ပဲ အနားယူကြရတယ်။
ဒီအဖြစ်အပျက်တွေကို ကြည့်ရင် လူတစ်စုရဲ့ လက်ထဲမှာ စည်းစိမ်ဥစ္စာတွေ ပုံအောနေချိန်မှာ၊ တခြားတစ်ဖက်က လူပေါင်းများစွာဟာ အသက်ရှူဖို့ လေတောင် ဝဝလင်လင် မရနိုင်တဲ့ ဘဝတွေနဲ့ ရှင်သန်နေကြရတယ်ဆိုတာ တွေ့ရပါမယ်။
ဟောင်ကောင်မြို့ကြီးရဲ့ ဒီခေါင်းတလားအိမ်တွေဟာ ခေတ်သစ် အရင်းရှင်စနစ်ရဲ့ ရက်စက်မှုနဲ့ လူ့လောကရဲ့ မညီမျှမှုတွေကို အထင်ရှားဆုံး ပြသနေတဲ့ မှန်တစ်ချပ်ပါပဲ။