09/06/2026
အိမ်နီးချင်းနိုင်ငံတွေထဲမှာ Entertainment ဘက်မှာအားကျရတာကတော့ ထိုင်းနိုင်ငံပဲ။ သူတို့နိုင်ငံမှာ အနုပညာရှင်ဖြစ်လာတဲ့သူတွေကသိပ်ကံကောင်းကြတာပဲ။ လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက သူတို့အနုပညာကိုအာရှတစ်ခွင်မှာဖြန့်ကျက်ထားနိုင်ခဲ့ကြတယ်။ မြန်မာအဆိုတော်တွေတောင် နာမည်ကြီးထိုင်းအဆိုတော် Bird Tongchai ရဲ့ Sabai Sabai, Sek Losoရဲ့သီချင်းတွေ, Katreeya English အဖွဲ့တို့ရဲ့ Ok NaKa သီချင်းတွေကိုပြန်ဆိုနေရတာ။ မြန်မာတွေထိုင်းသီချင်းတွေ copy ပြန်ဆိုတဲ့အချိန် Bird Tongchai တို့က MTV Asia ဆုတွေပတ်ယူနေပြီ။
သူတို့နိုင်ငံမှာ Artist တွေကိုအနုပညာအရရော စီးပွားရေး အရ ရော ပံ့ပိုးပေးနိုင်တဲ့ GMM music လို record label တွေ,Media တွေရှိတယ်။ ရုပ်ရှင်ဘက်မှာကြည့်ရင်လည်း ဇာတ်လမ်းဇာတ်အိမ်အခိုင်အမာနဲ့ Budget ကောင်းကောင်းလည်းသုံးနိုင်ကြတယ်။ အနုပညာရှင်တွေကလည်း အနုပညာဝမ်းစာတွေပြည့်သလို ရုပ်ရည် အနေအထိုင်ဂရုစိုက်ထိန်းသိမ်းကြတယ်။ ကြည့်ရှုသူတွေဆီကို ဖျော်ဖြေရေးရသ အပြည့်အဝပေးလို့ရတဲ့ အနုပညာလွတ်လပ်ခွင့်လည်းသူတို့မှာရှိကြတယ်။ ဒါတွေကြောင့်လည်းသူတို့နိုင်ငံက ရှေ့ကိုရောက်နေတာ။
လက်ရှိ သူတို့ဆီမှာ Lisa လို ကမ္ဘာကျော်တွေ, YaYa, Kimmy, Davikah တို့လို Luxury Brand ambassador လုပ်ရတဲ့သူတွေလည်းရှိတယ်။ Chompoo တို့လို Cane Film Fesitval ကိုနှစ်တိုင်းတက်ရတဲ့ မင်းသမီးတွေ, Emmy award ထိရတဲ့ Chutimon တို့လိုမင်းသမီးတွေလည်းရှိတယ်။
သူတို့နိုင်ငံကအနုပညာရှင်တွေ Grammy, Oscar, Met Gala, Global Fashion Week တွေတက်နိုင်ကြတဲ့အချိန်မှာ မြန်မာ့ အနုပညာရှင်ဆိုသူတွေက စိန်ဆိုင်ရွှေဆိုင်ဖွင့်ပွဲတွေမှာ ဂိမ်းဆော့လို့ကောင်းနေကြတုန်း။ မြန်မာပြည်က အနုပညာရှင်တွေက ထိုင်း Art Project တစ်ခုခု မှာ တစ်နေရာလောက်ပဲ
ပါရရင်ကို ပြည်တွင်းကပရိသတ်တွေက အတော်ဂုဏ်ယူကြရတာ။
ခုလည်း The Last Duel တို့လို historical, political drama တွေမှာ လူသား နှစ်ယောက်ကြားက ဖြူစင်တဲ့ချစ်ခြင်းမေတ္တာ၊ ဘုရင့်နောင်လို ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အုပ်ချုပ်ပုံ, နိုင်ငံနှစ်နိုင်ငံကြားက Diplomacy မြှင့်တင်ရေး တွေကိုထိထိမိမိနဲ့ပုံဖော်ပေးနိုင်ခဲ့ကြတယ်။ ကြည့်ရှုသူတွေကိုအတွေးတစ်ခု Reflection တစ်ခုရစေတယ်။ The Last Duel မှမဟုတ်ဘူး တခြားဇာတ်လမ်းတွဲတွေမှာလည်း Film message တစ်ခုခုကိုအမြဲထည့်သွင်းလေ့ရှိတယ်။ သူတို့ဇာတ်ကားတွေက ပြည်ပ ပရိသတ်တွေကို ထိုင်းအနုပညာရှင်တွေကို ပိုပြီးအားပေးဖို့ ဆွဲဆောင်နိုင်ကြတယ်။
မြန်မာမှာတော့ ကိုယ့်အိမ်နီးချင်းတစ်နိုင်ငံက Soft power ကို ဘယ်လို Promote လဲ အတုယူရမယ့် ကိစ္စကို ထိုင်းက ဒီလို historical ဇာတ်မျိုးရိုက်လို့ မြန်မာတွေလည်း မခံချင်စိတ်နဲ့ ဒီလိုဇာတ်ကားမျိုးကိုပြန်ရိုက်မတဲ့။ ဘယ်လောက်တောင်သေးသိမ်လိုက်တဲ့ ခံယူချက်လဲ။
ဒါတွေအားလုံးက ရေမြင့်မှကြာတင့်မယ်ဆိုတဲ့စကားအတိုင်း နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်မှု, ပညာရေးစနစ် နဲ့လည်း အင်မတန်ဆက်စပ်နေတယ်။ တကယ်တော့ မြန်မာပြည်မှာ အနုပညာအရည်အသွေးပြည့်ဝတဲ့ သူတွေများစွာရှိပါလျက်နဲ့ အနုပညာလွတ်လပ်ခွင့်တွေပိတ်ပင်ထားခံရတဲ့အပြင်အဆိပ်အတောက်ဖြစ်စေတဲ့ ကဏ္ဍတွေမှာ သူတို့အနုပညာတွေကို အလဟသဖြုန်းတီးခဲ့ကြရတယ်။ Artistic freedom ကိုပိုတန်ဖိုးထားတဲ့သူတွေက ရုန်းထွက်ကြတယ်။ မတတ်သာတဲ့သူအချို့ကတော့ အနုပညာတွေကိုအနိုင်နဲ့ပိုင်းလိုက်ကြရတယ်။ အများစုကတော့ ဒီ Industry ကျဥ်းကျဥ်းလေးမှာပဲနေပြီး ဝါးလုံးခေါင်းထဲလသာနေကြတယ်။
ခုလက်ရှိ ထိုင်းဇာတ်ကားတွေ Netflix မှာTop 1 ချိတ်နေချိန် မြန်မာဟာသကားတွေ မင်္ဂလာဝဇီရာရုပ်ရှင်ရုံမှာ ၂ ပတ်ပြရရင်ကို အောင်မြင်တယ်ခံယူ
ကြတာ။ ဒီတော့ မြန်မာ့အနုပညာတွေ ကမ္ဘာထိရောက်ဖို့မပြောနဲ့ ထိုင်းကိုမှီဖို့ဆိုရင်တောင် အချိန်အများကြီးယူပြီးကြိုးစားရဦးမှာ။
Soft power လို့ခေါ်တဲ့အနုပညာစွမ်းအားက နိုင်ငံတစ်နိုင်ငံရဲ့ ပုံရိပ်ကိုကိုယ်စားပြုတာမို့ အနုပညာရှင်တွေဘက်ကလည်း ငွေရရေးမဟုတ်ပဲ သူတို့အနုပညာအပေါ်ထားတဲ့ခံယူချက်တွေ၊ စိတ်ဓာတ်တွေကိုပြန်လည်သုံးသပ်ဖို့၊ ကိုယ့်ရဲ့အနုပညာအရည်အသွေးတွေကိုအကျိုးရှိတဲ့နေရာတွေမှာအသုံးချဖို့၊ အနုပညာရှင်နဲ့ ပရိသတ်တွေကြားကပေါင်းကူးတံတားလို့ခေါ်တဲ့ မီဒီယာတွေစာနယ်ဇင်းတွေကလည်း အနုပညာရည်ပြည့်ဝတာတွေကိုပဲ မြှင့်တင်ဖို့နဲ့ ပရိသတ်တွေဘက်ကလည်း ဘယ်လ်ိုအနုပညာမျိုးကိုတန်ဖိုးထားသင့်လဲဆိုတာ စဥ်းစားရွေးချယ်တတ်ဖို့အရေးကြီးပါတယ်။ ခေတ်ပျက်ကာလမှာ မလွယ်ကူပေမယ့် အားလုံးရဲ့ပူးပေါင်းပါဝင်မှုကပဲ အရွေ့တစ်ခုကိုဖြစ်စေမှာပါ။