21/06/2025
ဘောပွဲကို လက်ဖက်ရည်ဆိုင်မှာ သွားကြည့်ရတာ လွယ်တယ်များထင်နေလားတော့မသိဘူး။ မနက် ၁း၁၅၊ ၂း၁၅ ကန်မယ့်ပွဲတွေကို ကြည့်ရဖို့ ညလုံးပေါက်မအိပ်ပဲထိုင်စောင့်နေရတာ။ အချိန်လေးများကပ်လာရင် လက်ဖက်ရည်ဆိုင်ကို ပြေးပေတော့ပဲ။ နောက်ကျလို့ကတော့ လက်ကလေးပိုက်၊ မတ်တပ်လေးရပ်ပြီး ကြည့်ပေတော့ပဲ။ ဒါတောင် ဒီတိုင်းကြည့်ရတာမဟုတ်ဘူး၊ ခြေသလုံးမှာ ကိုက်နေတဲ့ ခြင်ကို လှမ်းရိုက်ရသေးတာ။ ရိုးရိုးရိုက်ရတာမဟုတ်ဘူး၊ အဲဒီအချိန် မျက်လုံးက တီဗီမှာပဲ ရှိနေရမယ်။ အဲလောက်မှ စကေးလ်မရှိရင် ဂိုးသွင်းသွားတာတွေ မမီပဲနေလိမ့်မယ်။
အဲဒါက အကင်းပဲရှိသေးတယ်။ သရဲခြောက်တယ်ဆိုတဲ့ နေရာမျိုးကို ကျော်ပြီးမှ လက်ဖက်ရည်ဆိုင်သွားရမယ်ဆို ပိုဆိုး။ တယောက်တည်းဟေ့ဆို သုတ်ခြေသာတင်တော့။ ဘာသံကြားကြားလှည့်မကြည့်နဲ့။ ပြေးရင်းနဲ့ ရှေ့မှာ လက်ဖက်ရည်ဆိုင်က မီးရောင်လေးတွေ့မှ အရှိန်လေးလျှော့ပြီး ပုဆိုးနဲ့ချွေးလေးဘာလေးသုတ်ပြီး အားလုံးရှေ့ဟန်မပျက်ဘဲ လူစုံနေပြီလား ဘာလားဖောရသေးတာ။ ဘောပွဲကြည့်ရင်း ချဉ်စပ်ကြက်ဥနဲ့စားရတဲ့အရသာက အခုခေတ် မာလာရှမ်းကောတို့၊ မောက်ချိုင်တွေ၊ မောက်ထုံတွေ၊ မောက်ထိုင်းတွေ
ဘယ်မီလိမ့်မတုန်း။
မိုးတွင်းဆို ပိုဆိုး။ ခြင်ကကိုက်၊ ရေတွေက ကိုယ့်အောက်တင်။ ကိုယ့်အသင်းကန်တာမဝင်လို့ ဗွက်ရှိတာသတိမထားမိဘဲ ခြေထောက်ဆောင့်မိတာ ဗွက်တွေအကုန်စင်ကုန်လို့ တောင်းပန်ရတာမျိုးတွေကရှိသေးတယ်။ ဘောလုံးပွဲလက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုကို အထင်သေးလို့မရဘူး။ သူ့ဂုဏ်ဒြပ်နဲ့သူရှိတယ်။ တချို့ဆို၊ တချို့မဟုတ်ပါဘူး၊ တော်တော်များပါတယ်၊ အိမ်မှာကြည့်လို့ရတာတောင်မကြည့်ဘူး၊ လက်ဖက်ရည်ဆိုင်မှာကြည့်ရတာ ပိုမိုက်လို့ သွားကြည့်ကြတာ။ ဆိုင်ထဲ အငြင်းပွားရတဲ့အရသာ၊ ထိုင်ငြင်းနေတာကို တခွိခွိနဲ့ရယ်ပြီး ထိုင်ကြည့်နေရတဲ့အရသာတွေက ခံစားမိတဲ့သူတွေမှ သိတာ။ ဒီတိုင်းပြောပြလို့ နားလည်မှာမဟုတ်ဘူး။ နှလုံးသားချင်းနီးစပ်မှ သိတာ။
ဘောလုံးပွဲတွေကို လက်ဖက်ရည်ဆိုင်မှာ ကြည့်ခဲ့ရတဲ့အချိန်တွေက ကလပ်တွေ၊ ဘားတွေသွားပြီး ပျော်ရတာတွေထက် အများကြီးပိုပျော်ဖို့တောင် ကောင်းခဲ့တာ။ ကိုယ့်ဖီလင်နဲ့ကိုယ်ပေ့ါ။ အဲဒီလို ယဉ်ကျေးမှုပျောက်ဆုံးသွားလို့ အကုန်လုံးက အမှတ်တရတွေရှိလာတိုင်း သတိရနေကြတာ။ တော်တော်နဲ့ မေ့ပျောက်လို့မရဘူး။ လက်ဖက်ရည်ဆိုင်မှာ သွားကြည့်ရတယ်ဆိုတာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ငြင်းချင်ခုန်ချင်လို့၊ ကွင်းထဲမှာ အော်ဟစ်အားပေးနေရသလိုမျိုး ဖီလင်နဲ့ တူညီတာကို ခံစားချင်လို့ပဲ။ ဘောလုံးပွဲပရိသတ်တွေအတွက် ဒီယဉ်ကျေးမှုက မြင့်မြတ်တယ်၊ တန်ဖိုးရှိတယ်၊ တန်ဖိုးဖြတ်လို့မရဘူး။