06/06/2024
ကိုယ့်ရဲ့ ဖျောက်ဖျက်မရတဲ့အကျင့်တွေ
ကိုယ့်ကို ခြောက်လှန့်နေတဲ့အခါ
ကိုယ့်ရဲ့ ပြင်မရတဲ့ အမှောင်ဘက်ခြမ်းတွေ
အမြဲ တွန်းကန်နေတဲ့အခါ
မင်းအပေါ် လျှံကျသွားမှာကို စိုးရိမ်မိတယ် ။
ကိုယ် ပြောဖူးတယ်မဟုတ်လား ။
ဆူးတွေနဲ့ကောင်ပါလို့
မင်းက တခုတ်တရ ထွေးပွေ့လိုက်တိုင်း
ကိုယ်က မင်းကို နာကျင်မှုတွေပဲ ပေးနေတော့ခက်တယ် ။
ဖြစ်တယ် ပျက်တယ်ဆိုတာ
လူတိုင်း ရင်ဆိုင်ရမယ့်တရားပဲဆိုတာ သိတယ် ။
ငြိတွယ်တတ်တာဟာ
သံယောဇဉ်ရဲ့ သဘာဝပဲ မဟုတ်လား ။
မကြာခဏ တွဲကာနေပြီး
မကြာခဏ ခွဲခွာရရင် အသဲနာရတယ် ။
အချိန်တန်ရင် ခွဲခွာကြရတာဟာ
လှည့်ဖြားတတ်တဲ့ ကံကြမ္မာရဲ့ နိယာမပဲမို့
သံသရာရှည်လည်း နေပါစေတော့…
အဓိက အကြောင်းတရားဟာ
ကိုယ် နှင့် မင်းပဲ
ကိုယ့်လက်ကို မင်း အတင်းမဖြုတ်သရွေ့
ဒီသံသရာ တစ်လျှောက်လုံး
မင်းလက်ကိုပဲ ကိုယ် တွဲထားပါ့မယ်....
#အားချန်း(၂၉.၀၅.၂၀၂၄)
သံသရာမကြောက်သော ကဗျာ