28/09/2025
❝ အာဏာသိမ်းတဲ့ဗျူဟာ ❞
တစ်ခါက ရွာတစ်ရွာမှာ ဘာပြဿနာမှ သိပ်မရှိ၊ ဘယ်သူနဲ့မှ တိုက်ရိုက်ရန်မဖြစ်ဘဲ တစ်ရွာလုံးနဲ့ အဆင်ပြေအောင်နေတတ်တဲ့ သူတစ်ယောက်ရှိသတဲ့။
သူဟာ သူ့နားထဲကို ရောက်လာတဲ့ အသံတိုင်းအတွက် ခေါင်းတညိတ်ညိတ်နဲ့ အဖြေပေးတယ်။
မကျေမနပ် ဒေါသတွေဖြစ်ရင်တောင်သူ..
ခပ်ပြုံးပြုံးပဲ..။ သူ့နှုတ်ခမ်းတွေက သူ့အပြုံးတွေကိုသစ္စာမဖောက်ဘူး..
⸻
သူဟာ ပဋိပက္ခဖြစ်နေသူတွေကိုလည်း ညင်သာစွာ တရားဟောတတ်သေးတယ်။
"ကိုယ့်ကိုကြည့်ပါ-လူတိုင်းနဲ့သဟဇာတဖြစ်အောင် နေထိုင်တယ်။
လူအများစုက ကိုယ့်ကို သဘောကျကြတယ်။ ဘာကြောင့်လဲ? ဘာလို့လဲဆိုတော့ ကိုယ့်က ဘယ်တော့မှ သူတပါးကိုလက်ညှိုးမထိုးဘူး။”
ဒါပေမဲ့ သူက သူ့တရားတွေကို စကားတစ်ခွန်းနဲ့ အဆုံးသတ်လေ့ရှိတယ်။
“ အကယ်၍ ကိုယ်က တစုံတစ်ယောက်ကို လက်ညှိုးထိုးလိုက်ပြီဆိုရင်လည်း အဲဒီလူဟာ တကယ့် မိစ္ဆာပဲ” တဲ့..။
⸻
ရွာသားတွေက သူကိုအားကိုးကြတယ်။ ရင်ဖွင့်ကြတယ်၊ယုံကြည်ကြတယ်။
⸻
တစ်နေ့—
အမြဲပြုံးနေတဲ့ အဲ့ဒီလူဟာ ရွာသူကြီးကို
လက်ညှိုးထိုးလိုက်တယ်။ အဲ့ဒီ့မှာတင် ရွာသူကြီးကို ရွာသားတွေက ဒေါသတကြီး ဝေဖန်ကြတော့တာပဲ။
နောက်ဆုံး အဲ့ဒီလူဟာ ရွာသူကြီးဖြစ်သွားတယ်။
ဒါပေမဲ့..
အမြဲပြုံးနေတဲ့ အဲ့ဒီလူဟာ အဲဒီ့အချိန်က စ ဘယ်သူ့ကိုမှ ပြုံးမပြတော့ဘူး။ အမိန့်ပဲပေးတော့တယ်။
ရွာသားတွေရဲ့ ဘဝတွေဟာ တကိုယ်ကောင်းဆန်တဲ့ အာဏာရှင်ရဲ့လက်အောက်ကို ဘုမသိ ဘမသိ ဝင်မိရက်သား ဖြစ်သွားတယ်။
⸻
ရွာက ပညာရှိအဘိုးအိုက သူ့မြေးလေးကို ပြောပြတယ်။
❝ မြေး— လှိုင်းတွေ ရေစီးကြောင်းတွေနဲ့ တိုက်မိတိုင်း အသံလေးတောင်မထွက်၊ ဂယက်လေးတောင် မထတဲ့ ကျောက်တုံးဆိုတာ လောကကြီးမှာရှိလား ❞
❝ မရှိပါ အဘိုး ❞
❝ အေး အသံမထွက်ရင် ကျောက်တုံးကဟောင်းလောင်းပေါက် အခွံကြီးဖြစ်နေလို့ပဲ။ ရေစီးကြောင်းတိုင်းကို လိုက်ရွေ့ပေးနေတာ❞
❝ အမှန်တရားမှာ အစွန်းတွေရှိတယ်။
ရိုးသားမှန်ကန်တဲ့ စကားတွေဟာ
လူတကာနဲ့ အမြဲအဆင်ပြေမနေဘူး။ ❞
❝ ဒါကြောင့်မို့လို့ အားလုံးနဲ့ အဆင်ပြေပြီး ချစ်ခင်၊ လေးစားအောင် နေထိုင်ပြတဲ့သူတွေကို သတိထားပါ။ သူတို့က မှန်ကိုနေနဲ့ထိုးလို့ပေါ်လာတဲ့ အလင်းတန်းသာဖြစ်တယ်။ အလင်းတန်း အစစ်
မဟုတ်ဘူး။ ❞
⸻
ရန်သူကို အမှန်တကယ် အနိုင်ယူဖို့၊
ရုပ်ဖျက် ကျွမ်းကျင်တဲ့ အခေါင်းပေါက်ကျောက်တုံးတွေကို
မှန်ဆီက ချေးဌားထားတဲ့ အလင်းအတုတွေကို ကြိုမြင်တတ်ရမယ်။
ရန်သူထက် ပိုပြီး အကင်းပါးနေရမယ်..။
⸻
လှည့်ကွက်တွေနဲ့ ရောင်ရမ်း ဖျားနာနေတဲ့ ဒီကမ္ဘာကြီးမှာ ဘုရားစကား နားထောင်တဲ့သူရော၊ ဒေါသအမျက်ထွက်လွယ်တတ်တဲ့သူရော ရှုံးနိမ့်တာပဲ…။
⸻
မိုရီယာ (မရွှေမိုး- ကိုရီးယား)
September 20th,2025
▬▬▬▬