10/12/2025
ကျွန်တော့်ကြောင့် မပျော်ခဲ့ရဖူးဘူးလား ...
ထားခဲ့တော့မလို့လား ...နေခဲ့မယ်နော် ဒါပေမယ့် တစ်ခုပဲ ဖြေခဲ့ပေးပါ ကျေးဇူးပြုပြီးတော့ ငါ့ကို လွတ်လပ်ခွင့်ပေးပါတော့ဆိုတဲ့စကားတွေကြားမှာ ကျွန်တော် ပြိုလဲခဲ့ရတယ် မျက်ရည်တွေကျပြီး ကျွန်တော့်ကို မောင်းထုတ်နေတာတွေ့တော့ ရင်နာရတယ် ခဏလေး မျက်လုံးမှိတ်ပြီး တွေးကြည့်ပေးပါ ကျွန်တော့်ကြောင့် မပျော်ခဲ့ရဖူးဘူးလား ။
ကျွန်တော်ရပ်နေသမျှ တစ်လျှောက်လုံး အတတ်နိုင်ဆုံးတော့ မင်း အတွက်တွေးပေးခဲ့ပါတယ် ။ အများကြီး မဖြည့်ဆည်းပေးနိုင်ခဲ့ဘူးဆိုရင်တောင် အတတ်နိုင်ဆုံးတော့ ကိုယ်ခက်ခဲနေလဲ မင်းအတွက်ဆိုပြီး ရှေ့တန်းတင်ခဲ့တာပါ ။ အဆင်ပြေပါတယ်ဆိုတဲ့ စကားတွေ တဖွဖွ ပြောခဲ့တဲ့ ကျွန်တော်ဟာ လက်တွေ့တွေမှာကျတော့ ဘာတစ်ခုမှ အဆင်ပြေနေတာတော့ မဟုတ်ဘူးပေါ့ ။ ဒါပေမယ့် နှစ်ယောက်အတူ စကားပြောနေခွင့်ရှိတဲ့အချိန်မှာ အနည်းဆုံးတော့ ပျော်စရာတွေချည်း ပေးချင်ခဲ့တာပါ ။
မင်းဖုန်းလေးလာရင် .. ဘယ်လောက်မအားနေပါစေ ...အားပါတယ်ဆိုတဲ့ စကားလေးပဲ သုံးခဲ့တယ် ။ မင်းစိတ်လိုလက်ရဆက်တဲ့ဖုန်းတွေကို အလွတ်မပေးချင်ခဲ့တာလေ ။ ထမင်းစားနေရင် ထမင်းစားတာ ရပ်ထားတတ်တယ် မီးအားသွင်းထားရင် အားသွင်းကြိုးတန်းလန်းနဲ့ စကားပြောနေတတ်တာ ။ အများကြီးပေါ့ ... နေရာတကာမှာ မင်းပြီးမှပဲ ကိုယ့်ကိုယ်ကိုယ် အတွက်တွေးဖြစ်ခဲ့တာပါ ။
ဘယ်အရာမှာမဆို ဂရုတစိုက်ရှိပေးခဲ့သလို ဘယ်အရာကိုမဆို အလေးအနက်ထားခဲ့တာတော့ ယုံပါ ။ အများကြီး မဖြည့်ဆည်းပေးနိုင်ခဲ့ပေမယ့် ကိုယ်တတ်နိုင်တာထက် ပိုပြီးတော့ မင်းအတွက်ဆိုပြီး လုပ်ပေးခဲ့ဖူးတာကိုတော့ ယုံပါ ။ ထားပါတော့ အတိတ်ကို ပြန်ပြောလို့လဲ မင်းရဲ့ဆုံးဖြတ်ချက်တွေကို ပြန်ပြင်တော့မှာမှ မဟုတ်ပဲလေ ကျွန်တော် ဘယ်လောက်ပဲတားတား နောက်ဆုံး ကျွန်တော့်ကိုထားပြီး ထွက်သွားတော့မှာပဲ မဟုတ်လား ။
နောက်ဆုံးတစ်ခုပဲဖြေပါ ... ကျွန်တော့်ကြောင့် ပျော်ခဲ့ဖူးလား ....
မပျော်ခဲ့ရဖူးဘူးဆိုရင်တော့ ကျွန်တော် မချစ်တတ်ခဲ့တာလို့ပဲထားပါ တကယ်တမ်းကျတော့ သိပ်ချစ်ပါတယ် ။ ပျော်ခဲ့ဖူးတယ်ဆိုရင်တော့ ကျွန်တော် လုပ်ပေးခဲ့တာတွေ အလဟသမဖြစ်တော့ဘူးပေါ့ ။ ကိုယ်မျိုသိပ်ခဲ့ရတာတွေ ကိုယ်ထိန်းချုပ်ခဲ့ရတာတွေ နောက်ဆုံး ကိုယ် ငိုခဲ့ရတာတွေ အလကား မဖြစ်တော့ဘူးပေါ့ ။ ဟုတ်တယ်မလား ။
တကယ်ပဲ အနားမှာ တစ်သက်လုံး ပျော်အောင် ထားချင်ခဲ့တာပါ ။ ဒါပေမယ့် ချန်ခဲ့လဲ ရပါတယ် ။