04/10/2026
မလေးရှားမှ ပြန်ပို့သည့် မြန်မာ ၁,၄၀၀ ကျော် ရန်ကုန်သို့ ရောက်
ဧရာဝတီ၊ အောက်တိုဘာ ၄၊ ၂၀၂၆
မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများမှ ပြန်လည် ပို့ဆောင်လိုက်သည့် မြန်မာနိုင်ငံသား ၁,၄၇၆ ဦး တင်ဆောင်လာသော စစ် သင်္ဘော ၃ စီးသည် ယနေ့ နံနက် ၇ နာရီခွဲမတိုင်မီ ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ အမှတ် (၃) ဆိပ်ခံတံတား (သီလဝါ) သို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများကို မလေးရှားနိုင်ငံမှ စက်တင်ဘာ ၂၉ ရက်တွင် စတင်၍ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုအသုတ်သည် ပြန်လက်ခံရန် သဘောတူထားသည့် လူဦးရေ ၅,၀၀၀ အနက် ပထမဆုံး အသုတ်ဖြစ်သည်။
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီးနောက် စစ်မှုထမ်းရန် စုဆောင်းခံရနိုင်ခြေ အပါအဝင် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လုံခြုံရေးအတွက် စိုးရိမ်မှုများ ရှိနေကြောင်း ပြန်လည် ရောက်ရှိလာသူများနှင့် မိသားစုဝင်များက ပြောကြားထားသည်ဟု Channel NewsAsia (CNA) သတင်းတွင် ဖော်ပြထားသည်။
သင်္ဘောများဖြင့် ပြန်လည်ခေါ်ဆောင်လာသူများမှာ မလေးရှားနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်မှုကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းရေးစခန်းများအတွင်း ထိန်းသိမ်းခံထားရသူများ ဖြစ်ကြောင်း သိရသည်။
သို့သော် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေသည့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ရာတွင် ပြန်လည်ရောက်ရှိသူများ၏ ဘေးကင်းလုံခြုံရေးကို အာမခံနိုင်မည် မဟုတ်ကြောင်း ကုလသမဂ္ဂ (UN) ကလည်း သတိပေးထားသည်။မျှဝယ်ရခြင်းဖြစ်ပါတယ်
#မလေးရှား
#အော်ပရာစီ
#မလေးရောက်မြန်မာ