30/08/2026
-ရေဒီယို-
2026 Met Gala ပွဲမှာ အီရှားအမ်ဘာနီ ကိုင်ခဲ့တဲ့ သရက်သီးလေးဟာ နှစ် ၂၀ ကျော် သက်တမ်းရှိတဲ့ အနုပညာပစ္စည်းလေးတဲ့။ သူ ဝတ်ထားတဲ့ ဆာရီပေါ်မှာ စိန်နဲ့ မြ ကာရက်ပေါင်း ၁,၈၀၀ ကျော် ပါသတဲ့။ မြတ်စွာဘုရား။ အဲဒီ ကိန်းဂဏန်းတွေ၊ တန်ဖိုးသတ်မှတ်ချက်တွေကို အစ်မဖြင့် နားမလည်လိုက်တာ။
သူ အသက်ရှူနေချိန် တစ်ပြိုင်တည်း အဲဒီအချိန်မှာပဲ အစ်မလည်း အသက်ရှူနေတာပဲ။ ဒါပေမဲ့ သူ့မှာ ရနေတာတွေကို အစ်မ နားမလည်ဘူး။ ကြက်ဟင်းခါးပင်လေး အညွန့်တက်နေတာကြည့်ပြီး စိတ်ချမ်းသာ သွားတဲ့ အစ်မကိုလည်း သူ နားလည်မှာ မဟုတ်ဘူး။
လူတိုင်းမှာလေ ကိုယ်ပိုင် ဧရိယာလေးတစ်ခုစီ ရှိတယ် အချစ်ကလေး။ အဲဒီ ဧရိယာဟာ သူ့နားလည်မှု၊ သူ့ကျင်လည်မှု၊ သူ့ရဲ့ ရယူနိုင်မှုလည်း ဖြစ်တယ်။ အဲဒီဧရိယာကို ကျော်လွန်သွားတဲ့ ဘယ်အကြောင်းတရားမဆို သူ့ အတွက် သူစိမ်းတစ်ရံပဲ။ သူ့ အတွက်လည်း မဟုတ်တော့ဘူး။ သူနဲ့လည်း မဆိုင်တော့ဘူး။
ဒီအချိန်ပဲ၊ ဒီကမ္ဘာမြေမှာပဲ၊ ဒီနေ့၊ ဒီရက်မှာပဲ အတူတူ အသက်ရှင်နေကြတယ်ဆိုပေမဲ့ ဧရိယာ ကွဲတွေ ဖြစ်နေတယ်။ တစ်ပြိုင်တည်း ဖြစ်နေကြပေမဲ့ တကွဲတပြားစီ ရှင်သန်နေကြရတယ်။ ဒါဟာ ရက်စက်တာလား၊ ပကတိအရှိတရားလားဆိုတာ အစ်မ မတွေးတော့ပါဘူး။ အပြိုင်စကြဝဌာ ဆိုတာကို ကမ္ဘာ့အပြင်ထိ ထွက်ကြည့်စရာမလိုတော့ဘူး လို့ပဲ သတ်မှတ်ပစ်လိုက်တယ်။
အချစ်ကလေးရယ် သေချာလွန်းတဲ့ မရနိုင်တာတွေအတွက် အစ်မဧရိယာလေးကို ဘယ်တော့မှ အပြစ်မတင်ခဲ့ပါဘူး။ “ဒါပေမဲ့ ကျဉ်းတယ်၊ ဒါပေမဲ့ ကြိုက်တယ်” တဲ့။ ဝင်းမြင့် ကဗျာလေးလေ။ ခံစားနားလည်နိုင်ပါစေ အချစ်ကလေး။
-မြကျေး-