MK's Album

MK's Album Mya Kyay's Official Page

လက်ကလေးနဲ့ ဆွဲဖြတ်လိုက်ရင်တော့ ပျက်ပါတယ်။ ဒါပေမဲ့ ငြိသွားရင်တော့ မရတော့ဘူး။ ပါးပြီး နူးညံ့လွန်းပေမဲ့ ငြိသွားရင်တော့ သိပ်...
20/08/2026

လက်ကလေးနဲ့ ဆွဲဖြတ်လိုက်ရင်တော့ ပျက်ပါတယ်။ ဒါပေမဲ့ ငြိသွားရင်တော့ မရတော့ဘူး။ ပါးပြီး နူးညံ့လွန်းပေမဲ့ ငြိသွားရင်တော့ သိပ်သန်မာကြတယ် ... တဲ့။
.... ပင့်ကူအိမ် .....
အလင်းထဲမှာ လူတွေကို မမြင်ရဘူးဆိုပြီး ဂျွိုင်းဟာ မနက်လင်းတာနဲ့ ဝတ်ရုံကြီး ခြုံထားတော့တာပဲ။ လင်းတာနဲ့ ဆူတော့တာပဲဆိုပြီး ညည်းတွားသေးတယ်။ သူ့အခန်းကိုလည်း အနက်ရောင်ပဲ သုတ်ခိုင်းတယ်။ မမြင်ရတဲ့အခြမ်းတွေက သူ့ဆီ ရောက်လာကတည်းက ဂျွိုင်းက အလင်းရောင်ကို မယုံတော့တာ။ အချိန်ပြည့် တိတ်နေတော့တာ။

ဂျွိုင်းဟာ ခေါ်သံကြားလည်း အသံပေးချင်မှပေးတာ။ ဘယ်သူမှ မခေါ်ပေမဲ့လည်း ခေါ်သလားဟင် ... ခေါ်သလားဟင် ဆိုပြီး လိုက်မေးတတ်သေးတာ။ သူ့အကြားအာရုံထဲမှာ ပုံမှန်မဟုတ်တော့တဲ့ ကပ်ပါးကောင်တစ်ကောင် ရှိနေတယ်လို့ ဂျွိုင်းက ပြောတယ်။ သစ်ရွက်လှုပ်သံ၊ ပရွက်ဆိတ်လေး ရွေ့သံ ဒါတွေကို ကြားနိုင်တယ်။ လူတွေခေါ်သံကိုတော့ မကြားတစ်ချက်၊ ကြားတစ်ချက်မို့ သူ့မိသားစုဟာ သူတို့အသံကို ဂျွိုင်းက မေ့သွားမှာစိုးလို့ အိမ်မှာ သာလိကာတွေ မွေးထားပြီး အသံတုတွေ ထားထားရတယ်။

ဂျွိုင်းဟာ အနားမှာ ရှိနေရင်းနဲ့လည်း ပျောက် ပျောက် သွားတတ်တယ်။ ဘယ်ကနေ ဘယ်လို အနားရောက်လာမှန်း မသိအောင် လှည့်ကြည့်တော့မှ ခပ်တည်တည်နဲ့ ထိုင်နေသလိုမျိုးလည်း ရှိတတ်တယ်။ ဂျွိုင်းဟာ အတူရှိနေသော်လည်း မရှိသလိုပဲ။ အတူမရှိသော်လည်း ရှိနေသလိုပဲ။ ဒါကြောင့်မို့ ဂျွိုင်းကို ဖမ်းမိဖို့ဆိုပြီး ပင့်ကူတွေ အများကြီး မွေးထားလိုက်ကြတယ်။ သူတို့အိမ်ကို ရောက်လာတဲ့လူတွေတိုင်း ပင့်ကူအိမ်တွေ သတိထားပါဆိုတဲ့ ဆိုင်းဘုတ် အနက်ရောင်ကြီးကို မြင်ရလိမ့်မယ်။

ဂျွိုင်း တစ်ယောက် တစ်နေရာမဟုတ် တစ်နေရာမှာတော့ ငြိနေမှာမို့လို့ ... တဲ့။

-မြကျေး-
-ဂျွိုင်း .... မှ-

ကျွန်မမှာ အကယ်၍ ဆိုပြီး ပြန်လည်ပြင်ဆင်လိုတဲ့ အကြောင်းတရားတွေ မရှိပါဘူး။ မရှိသလောက် ဖြစ်အောင်လည်း ကျွန်မ အားထုတ်ထားခဲ့တယ်...
18/08/2026

ကျွန်မမှာ အကယ်၍ ဆိုပြီး ပြန်လည်ပြင်ဆင်လိုတဲ့ အကြောင်းတရားတွေ မရှိပါဘူး။ မရှိသလောက် ဖြစ်အောင်လည်း ကျွန်မ အားထုတ်ထားခဲ့တယ်။ ဒီအတွက် ဘေးလူတွေ ကြည့်ရင် ပင်ပန်းကောင်း ပင်ပန်းနိုင်ပေမဲ့ ကျွန်မအတွက်တော့ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေခဲ့တာပါ။ ကျွန်မကို တင်းနေအောင် ချည်ထားတဲ့ ကြိုးတွေက ကျွန်မကို နာကျင်မှုမဖြစ်ပါဘူးလို့ ဆိုပြီးလည်း မငြင်းချင်ပါဘူး။ နာကျင်ပါတယ်။ တစ်ခါတစ်ရံ ရုန်းထွက်ပစ်ချင်ပါတယ်။ ဒါပေမဲ့ ဒီကြိုးတွေ မရှိခဲ့ရင် ကျွန်မဆိုတာ ဖျော့ကျသွားတဲ့ ရေစိုစက္ကူစလေးတစ်စ ဖြစ်သွားမှာပါ။ အသုံးပြုလို့လည်း မရတော့ဘဲ စုတ်ပြဲလွယ်တဲ့ အခြေအနေ ဖြစ်သွားမှာပါ။ ဒီအတွက် ဒီဘဝကို ကျေးဇူးတင်ရုံကလွဲပြီး ကျန်တာ ရွေးချယ်ချင်စိတ် မရှိတော့ပါ။

-မြကျေး-
-လေလွင့်မြစ် .... မှ-

-ချောကလက် နတ်သူငယ်များ- မင်းပြေးတယ်မင်း ငိုယိုမယ်မင်း တွန်းကန်မယ်မင်း လိုအပ်မယ်မင်း ပစ်ထားမယ်သို့သော် သူတို့ ရှိနေဆဲ သူတ...
14/08/2026

-ချောကလက် နတ်သူငယ်များ-

မင်းပြေးတယ်
မင်း ငိုယိုမယ်
မင်း တွန်းကန်မယ်
မင်း လိုအပ်မယ်
မင်း ပစ်ထားမယ်
သို့သော် သူတို့ ရှိနေဆဲ

သူတို့က သစ်ပင်လို
သူတို့ က မြေကြီးလို
သူတို့က အမေတစ်ယောက်ရဲ့ လက်လို

သူတို့ မရှိဘူးလို့ မင်းထင်နေတာတောင်
သူတို့ က ရှိတယ်
ကောင်းကင်က ကြယ်လို
မင်း ရှူသွင်းနေတဲ့ လေလို

မင်း ယုံကြည်လို့
မင်း ဆိုးနေတာ
မင်း စိတ်ချလို့
မင်း ပြေးနေတာ
ထားမသွားတဲ့လူတွေဟာ
ဘဝထဲကို သီးသန့်ရထားနဲ့ လာတာ
မင်း သိပါတယ် ။ ။

-မြကျေး-

ပြတင်းပေါက်က ကျမအရိပ် ... မှ

-ယာဉ်အမှတ် ၉၇- ဒီနေ့ ကားသမားက အသည်းကွဲလာပုံရတယ် လမ်းတွေချော်တယ်မှတ်တိုင်တွေ မှားရပ်တယ် ကြေကွဲသံကြီးနဲ့ တောင်းပန်ပါတယ် တေ...
11/08/2026

-ယာဉ်အမှတ် ၉၇-

ဒီနေ့ ကားသမားက
အသည်းကွဲလာပုံရတယ်

လမ်းတွေချော်တယ်
မှတ်တိုင်တွေ မှားရပ်တယ်

ကြေကွဲသံကြီးနဲ့
တောင်းပန်ပါတယ် တောင်းပန်ပါတယ်
ခဏခဏ ပြောနေရတယ်

ဘယ်သူမှလည်း အပြစ်မပြောကြပါဘူး
ကြည့်ရတာ
တစ်ကားလုံးလည်း အသည်းကွဲလာပုံရတယ် ။

-မြကျေး-

-ရောက်တဲ့နေရာကနေ ခဏလောက်စောင့်ပါ .... ကဗျာစာအုပ် မှ-

- အဲဒီအချိန်သို့ စာတစ်စောင်ရေးပို့ခြင်းအိပ်မက်- ဒါကြီးပြီးသွားတဲ့အခါ ကျမ ပြည်ကိုသွားမယ် ။ အချိန်က ဆောင်း ၊ ဒါမှမဟုတ် နွေ...
10/08/2026

- အဲဒီအချိန်သို့ စာတစ်စောင်ရေးပို့ခြင်းအိပ်မက်-

ဒါကြီးပြီးသွားတဲ့အခါ ကျမ ပြည်ကိုသွားမယ် ။ အချိန်က ဆောင်း ၊ ဒါမှမဟုတ် နွေ ၊ ဒါမှမဟုတ် မိုး တစ်ခုခုတော့ ဖြစ်နေနိုင်တယ် ။ ဒါပေမဲ့ ကျမ ပြည်ကိုသွားဖြစ်အောင်သွားမယ် ။ နဝဒေးတံတားကိုကျော်ပြီး မြစ်တစ်ဖက်ကမ်းကိုကူးမယ် ။ မြစ်ကမ်းနားကအသုပ်ဆိုင်လေးမှာထိုင်မယ် ။ မြစ်ကိုငေးမယ် ။ ဆံပင်တွေကလည်း ကျောလယ်လောက်ထိရှည်လာနိုင်လို့ မြစ်ကိုဖြတ်တိုက်လာတဲ့လေတွေထဲ ဝဲပျံနေမှာပေါ့ ။ ဒီလိုငေးရင်း ဖြစ်ပျက်ခဲ့သမျှ အပိုင်းအစတွေကို တစ်ခုချင်းပြန်စီကြည့်ချင်ကြည့်မယ် ။ ဒါမှမဟုတ်လည်း တစ်ခုချင်းကို delete လုပ်ချင်လုပ်ပစ်မယ် ။

ကျမထိုင်မယ့် အသုပ်ဆိုင်လေးရဲ့ ရှေ့ကိုဆက်သွားလိုက်ရင် သစ်သားတံတားလေးရှိတယ် ( အဲဒီအချိန်ထိ ရှိနေအုံးမယ်လို့ ထင်တာပဲ ) ။ တံတားကိုကျော်လိုက်ရင် ရွှေဘုံသာမုနိဘုရားရှိတယ် ။ ဘုရားကိုသွားပြီး ကြွေပြားနဲ့ညလျှပ်စစ်မီးဖိုး အလှူခံပုံးထဲ ငွေလှူမယ် ။ စံပယ်ပန်းကပ်မယ် ။ ဒါတွေက ကျမသိခဲ့ ၊ မသိခဲ့တဲ့ ကြယ်တွေအတွက်ပေါ့ ။ သူတို့က ကြမ်းခင်းတွေလို နေပေးခဲ့ပြီး ကွယ်လွန်တော့ ကြယ်တွေဖြစ်သွားကြသူတွေလေ ။ စံပယ်ပန်းကတော့ ရောက်တဲ့နေရာတိုင်းမှာ အခုလိုပဲ ရနံ့မွှေးနေဖို့ ။

ကျမအတွက်ကျမတော့ ဘုရားရှေ့က ပန်းသည်လေးတွေဆီမှာ ပန်းဝယ်ပြီး ပန်မယ် ။ ဒါလောက်ပဲ ။ ကျမ ရောက်တဲ့အချိန် ဩဇာသီးတွေနဲ့ကြုံရင်တော့ ကျမ သိပ်ကံထူးလို့ပဲပေါ့ ။ အသက်ရှင်ခဲ့ပြီး ဒီကိုရောက်အောင်လာနိုင်ခဲ့ပြီး သိပ်ကြိုက်တဲ့ဩဇာသီးတွေပါ စားခွင့်ရဖို့ကတော့ မလွယ်ဘူးပေါ့လေ ။ မလွယ်ကူတာတွေအကြောင်းက ဖြစ်မလာနိုင်သေးတဲ့ အတွေးထဲထိ ရောက်လာတာမျိုးတွေ ကျမ မကြိုက်ဘူး ။ ဒါကြောင့် ကျမအတွေးထဲ မလွယ်ကူတာတွေ မထည့်ချင်ဘူး ။

ဆက်ပြောရရင် အဲဒီဘက်ခြမ်းက ရပ်ကွက်လမ်းလေးတွေထဲထိ လမ်းလျှောက်ထွက်မယ် ။ တစ်ဖက်မှာ လူနေအိမ်တွေနဲ့ တစ်ဖက်မှာတောင်နံရံတွေ ရှိနေတဲ့ ရပ်ကွက်မြေနီလမ်းလေးတွေမှာ တစ်ယောက်တည်း လမ်းလျှောက်မယ် ။ မျက်နှာချင်းဆိုင်ကနေ ဩဇာသီးတောင်းကြီးရွက်လာတဲ့ ဦးလေးကြီးကို သိသိမသိသိ ပြုံးပြလိုက်မယ် ။ အဲဒီအချိန်မှာ ကျမက ဘယ်သူ့ကိုကြည့်ကြည့် ဆုံးရှုံးလိုက်ရတဲ့လူတွေချည်းလို့ မြင်နေလိမ့်မယ် ။ ဒါကြောင့် ဘုရားမှာစံပယ်ပန်းတွေလှူခဲ့တာ ဦးလေးရဲ့အဆုံးအရှုံးအတွက်ပါ ပါတယ်လို့ ပြောဖြစ်လိမ့်မယ်ထင်တယ် ။ ဘယ်သူသိနိုင်မှာလဲ ။ “ကျေးဇူးတင်ပါတယ် ၊ သူက စံပယ်ပန်းတွေ သိပ်ကြိုက်တာ” လို့ ကျမကို ပြန်ပြောချင် ပြောမှာပေါ့ ။ အဲဒီအချိန်မှာ လူတွေက တစ်ဦးနဲ့တစ်ဦး အလိုအလျောက် ချိတ်ဆက်မိနေချင် မိနေမှာပေါ့ ။

လမ်းလျှောက်လို့အားရသွားတဲ့အခါ မြစ်ဆီ ကျမ ပြန်လာမယ် ။ အောင်ချိမ့်ရဲ့ ကက်သလောက်ထဲမှာပါတယ် ။ ခင်ဝမ်းဟာ တစ်ချို့ညနေတွေမှာ မိသားစုကိုခေါ်ပြီး မြစ်ကမ်းနားမှာ လမ်းလျှောက်ထွက်တယ်တဲ့ ။ တစ်ခါတလေ တယောတီးတယ်တဲ့ ။ အဲဒီလို မိသားစုလေးတွေများ ရှိမလားလို့ ကျမ မျှော်မယ် ။ ဒါမှမဟုတ် မြစ်ဘေးမှာ ဂီတာလာတီးတဲ့ လူငယ်အုပ်စုတစ်ခုခုပေါ့ ။ ဒါမှမဟုတ် ချစ်သူသမီးရည်းစားတစ်ချို့ပေါ့ ။ အဲဒီလိုမျှော်ရင်း မြစ်ကိုငေးရတာနဲ့ ပင်လယ်ကိုငေးရတာ မတူတဲ့အကြောင်း ကဗျာတစ်ပုဒ်လောက် ရေးဖြစ်မယ်ထင်တယ် ။ လွတ်လပ်ပျော်ရွှင်လိုတဲ့အခါ ပင်လယ်ကိုသွားသင့်ပြီး ၊ အလွမ်းဖြေချင်တဲ့အခါတော့ မြစ်ကိုသာ လာသင့်တယ် ။

ဒါဆို ကျမက အလွမ်းလာဖြေသူပေါ့ ။ အဲဒီအချိန်ဆို ကျမမှာလည်း လွမ်းစရာတွေ တော်တော်များများစုနေလောက်ပြီမို့ ကျမ လွမ်းကောင်းလွမ်းနေမိမှာပေါ့ ။ တယုတယစိုက်ခဲ့ပြီးမှ သေဆုံးသွားတဲ့ ပန်းပင်လေးကိုပဲဖြစ်ဖြစ် ၊ ဂရုစိုက်ပါ ၊ ကျန်းမာအောင်နေပါလို့ပြောပြီး ကျမဆီ ပြန်ရောက်မလာတော့တဲ့ စကားလုံးပိုင်ရှင်တွေကိုပဲ ဖြစ်ဖြစ်ပေါ့ ။ ပြီးတဲ့အခါ လေကိုရှူသွင်းရှူထုတ်လုပ်ပြီး ကျမရှိ‌နေကြောင်းကို ကျမကိုယ်ကျမ အသိပေးမယ် ။ တစ်ကိုယ်စာဒရာမာတွေကိုလည်း မြိုသိပ်ထားခဲ့ရတာ ကြာပြီမို့ အတိုးချပြီး နာကျင်ပစ်မယ် ။ နည်းနည်းပါးပါးငိုမယ် ။ မျက်ရည်ကျတာတွေက လုပ်ခဲ့ရပြီးပြီမို့ အဲဒီအချိန်မှာတော့ ကျမ ငိုနိုင်လိမ့်မယ်ထင်တယ် ။

ဘဝအပေါ်ခင်တွယ်မှုကိုတော့ နည်းသထက်နည်းအောင် ကျင့်ကြံတော့မယ် ။ တစ်ချို့အဓိပ္ပါယ်မဲ့မှုတွေ ။ လိုတာထက်ပိုပြီး ပေးဆပ်ခဲ့ရတဲ့ မညီမျှမှုတွေ ။ လူတစ်ယောက်ရဲ့ တတ်နိုင်ခြင်း ၊ မတတ်နိုင်ခြင်း ဆိုတဲ့ စည်းကိစ္စတွေ ။ ရက်စက်ပြီး လက်တွေ့ကျတဲ့ ပကတိအရှိတရား အကြောင်းတွေကို အဲဒီအချိန်မှာ ကျမအနေနဲ့ တော်တော်များများ သိခဲ့ပြီးနိုင်ပြီမို့ပဲ ။ ဒီတော့ အဲဒီအချိန်မှာရှိနေမယ့်ကျမက အခုကျမထက်စာရင် အများကြီးပိုပြီး ပါးလျပ်သွားစေဖို့ မျှော်လင့်တယ် ။ ထူးထဲလေးပင်တဲ့ဝတ်ရုံတွေကို ခွာချပြီးနိုင်စေဖို့ မျှော်လင့်တယ် ။ ရှိခဲ့ခြင်းတွေ ၊ မရှိတော့ခြင်းတွေ ကတော့ ဘယ်အချိန်မှာမဆို ရှိနေကြအုံးမှာပဲ ။ အဲဒီကြားကွက်လပ်တွေကိုလည်း အဲဒီအချိန်မှာတော့ ကျမ ကောင်းကောင်းစီမံနိုင်ဖို့ မျှော်လင့်တယ် ။

တစ်နေ့တာလုံး မြစ်ကိုငေးရင်း နေဝင်သွားတဲ့အထိ ကျမ ထိုင်နေမယ် ။ နေလုံးကြီးက မြစ်ထဲပြုတ်ကျသွားတာကို သိပ်ကြိုက်တဲ့ရုပ်ရှင်ကားကို ကြည့်နေရသလို ကြည့်မယ် ။ ကြယ်တွေထွက်လာကာမှ ကျမ ပြန်လာမယ် ။ နဝဒေးတံတားကြီးပေါ်ရောက်ချိန် လေးဖြူရဲ့ လေလွင့်သူသီချင်းကိုဖွင့်ပြီး နားထောင်မယ် ။

ဘယ်လို ဖြေရမလဲ
ပေါ့ပါးခြင်းနဲ့ဘဝ
ဘယ်ကိုသွားမလဲ အတိအကျမသိတဲ့
ခရီးသည်တစ်ဦးရဲ့ ညနေများ
တစ်ညလုံး ငါ့ရဲ့အနား
သက်ပြင်းများ ကြွေကျ
ညတိုင်း အိပ်မက်ထဲမှာ
တစ်စုံတစ်ယောက် ငါ့ကို ရပ်စောင့်နေတယ် ...... ။ အဲဒီစာသားနေရာကိုရောက်ရင် အတူလိုက်ဆိုမယ် ။

တကယ်ပါ ။ ဒီအကြောင်းတွေကို စာတစ်စောင်ဖြစ်အောင်ရေးမယ် ။ အီမဲ ရုပ်ရှပ်ထဲကလို အချိန်နှစ်ခုကြား ချိတ်ဆက်ပေးနိုင်တဲ့ စာတိုက်ပုံးလေးဆီ စာသွားထည့်မယ် ။ အဲဒီအချိန်မှာ ရှိနေမယ့်ကျမကို အခုအချိန်ကကျမက ကြိုတင်ပေးပို့ထားတဲ့ စာတစ်စောင်ပေါ့ ။ စာထဲ အထူးမှတ်ချက်တော့ ထည့်ရေးရမယ် ။

ဒါကြီးပြီးသွားတဲ့အခါ မြင့်သန်းဝတ္ထုထဲကလို လူတိုင်းဟာ သီးခြားဖြစ်တည်နေကြတာ ဆိုတဲ့ မှတ်တိုင်ထိရောက်ဖို့ ရယ် ၊ အဲဒီ စကားကို လက်ဝယ်ပိုင်ပိုင်ရဖို့ရယ်ကိုပဲ ကျမ အားထုတ်တော့မယ် ဆိုတဲ့အကြောင်းပေါ့ ။

-မြကျေး-

-သို့... ဖေဖော်ဝါရီ၊ မှ... ဩဂုတ်- နောက်ဆုံး ရခဲ့တဲ့ ပျော်စရာ ပြန်ဆုံချင်တဲ့ တစ်စုံတစ်ခုသို့မဟုတ် တစ်စုံတစ်ဦးဒီနှစ်ခုဟာ ဝ...
07/08/2026

-သို့... ဖေဖော်ဝါရီ၊ မှ... ဩဂုတ်-

နောက်ဆုံး ရခဲ့တဲ့ ပျော်စရာ
ပြန်ဆုံချင်တဲ့ တစ်စုံတစ်ခု
သို့မဟုတ် တစ်စုံတစ်ဦး

ဒီနှစ်ခုဟာ ဝေးတယ်
ဝေးနိုင်တယ်

ပျော်စရာဟာ ကျန်ခဲ့ပြီး
ပြန်ဆုံချင်တာဆီ
အခုထိ ဖြတ်လျှောက်နေရဆဲ ။ ။

-မြကျေး-

သစ်ရွက်လို ကြွေကြည့်ချင်တယ်။ မြေကပ်မြက်ပင်လေးတွေလို အခြေကနေ အဖျားထိပ်လေးတွေအထိ တယိမ်းယိမ်းနဲ့ လေမှာနွဲ့ကြည့်ချင်တယ်။ ကလေ...
06/08/2026

သစ်ရွက်လို ကြွေကြည့်ချင်တယ်။ မြေကပ်မြက်ပင်လေးတွေလို အခြေကနေ အဖျားထိပ်လေးတွေအထိ တယိမ်းယိမ်းနဲ့ လေမှာနွဲ့ကြည့်ချင်တယ်။ ကလေးတစ်ယောက်ရဲ့ ရယ်သံသေးသေးလေး ဖြစ်ကြည့်ချင်တယ်။ ဒါမှမဟုတ် နွေဦး နွေ ဆောင်းဦး ဆောင်း အဲဒီ ရာသီစက်ဝန်း လေးခုထဲက တစ်ခုခု ဖြစ်ကြည့်ချင်တယ်။

မိုးရွာသလို ၊ တိမ်တွေ တောင်တွေလို၊ နှင်းဆီအနီရဲရဲလို၊ ကားဘရိတ်အုပ်သံလို၊ မွန်ရိုးနှုတ်ခမ်းလို၊ ပင်လယ်လှိုင်းသံလို အရှိန်ပြင်းတဲ့ တုန်ခါမှု တစ်ခုခုလည်း ဖြစ်ကြည့်ချင်တယ်။

ဘယ်အရာက ကျွန်မနဲ့ ပိုပြီး လိုက်ဖက်မလဲ။

-မြကျေး-
-အလွမ်းစာ .... မှ

-‎​ဩဂတ်စ် သုံးခု-‎‎ပထမဩဂတ်စ်မှာ ‎မိန်းကလေးက ‎မိန်းကလေးပဲ ဖြစ်နေသေးတယ်‎ရေတံခွန်ရဲ့ စီးဆင်းမှုကို ‎သူ့ဆီရောက်အောင် ‎လက်လွှ...
03/08/2026

-‎​ဩဂတ်စ် သုံးခု-

‎ပထမဩဂတ်စ်မှာ
‎မိန်းကလေးက
‎မိန်းကလေးပဲ ဖြစ်နေသေးတယ်
‎ရေတံခွန်ရဲ့ စီးဆင်းမှုကို
‎သူ့ဆီရောက်အောင်
‎လက်လွှဲယူဖို့ ကြိုးစားတယ်

‎ဒုတိယဩဂတ်စ်မှာ
‎မိန်းကလေးက
‎အမျိုးသမီးဖြစ်လာတယ်
‎ဆံပင်ရှည်တွေ ဖြတ်ချပြီး
‎လူတိုင်းစားသုံးလို့ရတဲ့
‎အဆိပ် ကို ဖော်ဖို့ ကြိုးစားတယ်

‎နောက်ဆုံး ဩဂတ်စ်မှာ
‎မိန်းကလေးက
‎မိန်းကလေးလည်း မဟုတ်
‎အမျိုးသမီးလည်း မဟုတ်တော့ဘူး
‎ဘာကိုမှလည်း မကြိုးစားတော့ဘူး
‎ကြိုတင်ပြင်ဆင်ထားသလို
‎ဒါမှမဟုတ်
‎မသိမှုတစ်ခုခုဆီကနေ
‎အလိုအလျောက်ပေါ်ပေါက်လာသလို
‎စက္ကူပန်းကလေး ဖြစ်သွားတယ်
‎ရနံ့ပါမလာဘဲ
‎အရောင်ချည်းသီးသန့် ရှင်နေရတာကို
‎ပျော်နေတယ်
‎နေခြစ်ခြစ်တောက် ပူလာဖို့ကိုလည်း
‎အမြဲမျှော်နေတယ်။

-မြကျေး-

ဘဝကို ညှစ်ထုတ်လိုက်လို့ ရလာတဲ့ သကာရည် ဆိုတာ တစ်ဦးအပေါ် တစ်ဦး ထားတဲ့ ချစ်မေတ္တာပါပဲ။ -မြကျေး-
03/08/2026

ဘဝကို ညှစ်ထုတ်လိုက်လို့ ရလာတဲ့ သကာရည် ဆိုတာ တစ်ဦးအပေါ် တစ်ဦး ထားတဲ့ ချစ်မေတ္တာပါပဲ။

-မြကျေး-

‎-ရေဒီယို-‎‎မနေ့ညက လယ်တောအိမ်က ခူးလာတဲ့ ပုန်းညက်ပန်းတွေကို အလှပန်းအိုး ထိုးဖြစ်တယ်။ သန်မာတောင့်တင်းတဲ့ အရွက်ဖားဖားတွေနဲ့...
29/07/2026

‎-ရေဒီယို-

‎မနေ့ညက လယ်တောအိမ်က ခူးလာတဲ့ ပုန်းညက်ပန်းတွေကို အလှပန်းအိုး ထိုးဖြစ်တယ်။ သန်မာတောင့်တင်းတဲ့ အရွက်ဖားဖားတွေနဲ့အတူ ပွင့်နေတဲ့ ပုန်းညက်တွေပေါ့။ သိပ်လှတာပဲ။ ပြီးတော့ သိပ်မွှေးတယ်။ နှာသီးဝဆီ တိုးဝင်လာတဲ့ သူ့အနံ့တွေနဲ့ အတူတူ အစ်မ အိပ်ရာဝင်ခဲ့ရတယ်။

‎ညတိုင်း အိပ်ပျော်နိုင်တယ်ဆိုတာ အစ်မအတွက်တော့ ကျေးဇူးတင်စရာကောင်းတဲ့ ဆုထူးတစ်ခုပဲ။ အဲဒီမှာ ပန်းရနံ့တွေ ပါခဲ့ရင်တော့ အစ်မက ဘဝကို တစ်ရက်တိုးပြီး ချစ်ပစ်လိုက်မှာပေါ့။

‎အစ်မ က ပန်းတွေကို သိပ်ချစ်တာ သိပြီးသား မဟုတ်လား။ အိပ်မပျော်တွင်းကြီးထဲ ကြာကြာ နေထိုင်ခဲ့ဖူးတော့ မြေကမ္ဘာမှာ ပွင့်နေတဲ့ ပန်းတိုင်းလိုလိုကို မြတ်နိုးနေမိတာ။ သိလား အချစ်ကလေးရဲ့ အိပ်မပျော်တွင်းကြီးထဲမှာလည်း ပန်းတွေရှိကြတယ်။ အဲဒီက ပန်းတွေက စိတ်ညစ်ညူးဖို့ကောင်းအောင် အမြဲတမ်း ပွင့်နေကြတာ။ ခဏလေးတောင် ညိုးရော်သွားတာမျိုး မရှိကြဘူး။ သူတို့ရဲ့ ရနံ့တွေကလည်း အစ်မ မျက်လုံးတွေကို လုံးလုံး ပိတ်ချလိုက်လို့ မရအောင် ဆွဲဖွင့်ထားနိုင်စွမ်း ရှိတယ်။ အိပ်ပျော်သွားမိတယ်ဆိုရင်တောင် အိပ်မက်ထဲထိ လာပြီး သူတို့ရဲ့ ကြမ်းရှတဲ့ပွင့်ဖတ်တွေနဲ့ ပွတ်သပ်ပြီး နှိုးတယ်။ သူတို့ဟာ အစ်မ မချစ်မနှစ်သက်တဲ့ ပန်းတွေပေါ့။

‎ဒါကြောင့်လေ မင်းကတော့ အိပ်ပျော်ပါ အချစ်ကလေး။ ကမ္ဘာမြေက ပန်းတွေနဲ့အတူတူပေါ့။

-မြကျေး-

Address

Yangon

Website

Alerts

Be the first to know and let us send you an email when MK's Album posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category