28/09/2026
ခန်းဂျီးလေ့လာတဲ့အခါ လုံးတွဲတွေကိုပဲ လိုက်ကျက်သင့်လား၊ တစ်လုံးချင်းရဲ့ အဓိပ္ပါယ်ကို သေချာသိသင့်လား?
🌸🌸🌸🌸🌸
ဂျပန်စာလေ့လာသူအများစု ကြုံတွေ့ရတတ်တဲ့ မေးခွန်းတစ်ခုကတော့ ခန်းဂျီးတွေကို လုံးတွဲချည်း သက်သက်ကျက်သင့်သလား၊ ဒါမှမဟုတ် တစ်လုံးချင်းရဲ့ အဓိပ္ပါယ်ကို သေချာသိအောင် လုပ်သင့်သလား ဆိုတာပါပဲ။
တကယ်လို့ ခန်းဂျီးတစ်လုံးချင်းစီရဲ့ အဓိပ္ပါယ်ကို သေချာမသိဘဲ လုံးတွဲတွေကို ပလုံးပထွေးနဲ့ "ဒီလိုအဓိပ္ပါယ်ရတယ်" ဆိုပြီး ကြက်တူရွေးနှုတ်တိုက် အလွတ်ကျက်လိုက်တဲ့အခါ လူလည်းပင်ပန်းသလို၊ အတန်းငယ်တွေမှာက သိပ်မသိသာပေမဲ့ အဆင့်မြင့်လာ၊ လေ့လာရမယ့်စာတွေ များလာတဲ့အခါ မှတ်ရတာတွေများပြီး ရှုပ်ထွေးလာကာ အလွယ်တကူ မေ့ပျောက်ကုန်တတ်ပါတယ်။
ဒါကြောင့် လုံးတွဲတွေကို ရောနှောပြီး အလွတ်ကျက်မယ့်အစား "ခန်းဂျီးတစ်လုံးချင်းရဲ့ အဓိပ္ပါယ်ကို သေချာနားလည်ပြီးမှ လုံးတွဲတွေကို ဆက်လက်ကျက်မှတ်သင့်ကြောင်း" အကြံပြုလိုပါတယ်။
📌 ခန်းဂျီးတစ်လုံးချင်းရဲ့ အဓိပ္ပါယ်ကို အသေအချာ သိထားခြင်းအားဖြင့်...
• အသစ်တွေ့ရတဲ့ လုံးတွဲတွေရဲ့ အဓိပ္ပါယ်ကို ကိုယ်တိုင်မှန်းဆတတ်ခြင်း
• အဓိပ္ပါယ်ဆင်တူတဲ့ စကားလုံးတွေကို ဘယ်လိုနေရာမှာ ဘယ်လိုကွာခြားသုံးရမလဲဆိုတာကို ကွဲကွဲပြားပြား သိရှိခြင်း
စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
ဥပမာ (၁) - စကားလုံး တည်ဆောက်ပုံကို နားလည်ခြင်း
• 元 - မူလ
• 病 - ရောဂါ
• 気 - စိတ်
ဒီလို တစ်လုံးချင်းရဲ့ အဓိပ္ပါယ်တွေကို သီးသန့်သိထားပြီဆိုရင်...
• 病気 (びょうき) = ရောဂါ + စိတ် = နေလို့မကောင်းတဲ့စိတ် = နာမကျန်းဖြစ်ခြင်း
• 元気 (げんき) = မူလ + စိတ် = စိတ်က မူလအခြေအနေကို ပြန်ရောက်ခြင်း = ကျန်းမာခြင်း
ဥပမာ (၂) - ဆင်တူယိုးမှား အသုံးအနှုန်းများကို ကွဲပြားအောင် သုံးနိုင်ခြင်း
• 駐 - တစ်နေရာမှာ ရပ်တန့်နေခြင်း 🅿️
• 停 - လှုပ်ရှားနေတဲ့အရာတစ်ခုကို ရပ်တန့်စေခြင်း 🛑
ဒီလို တစ်လုံးချင်းရဲ့ အနှစ်သာရကို သိထားပြီဆိုရင်...
• 駐車 (ちゅうしゃ) = ကားကို ကားပါကင် (သို့) တစ်နေရာမှာ ရပ်ထားခြင်း 🚗
• 停車 (ていしゃ) = ကား သို့မဟုတ် ရထားစတာတွေ မှတ်တိုင်မှာ ခဏရပ်တန့်ခြင်း 🚆
စသဖြင့် ဘယ်နေရာမှာ ဘယ်လိုသုံးရမလဲဆိုတာကို ကွဲကွဲပြားပြားနဲ့ မှန်မှန်ကန်ကန် သုံးတတ်လာပါလိမ့်မယ်။
ဂျပန်စကားက တော်တော်လေး တိကျသပ်ရပ်တဲ့ ဘာသာစကားတစ်ခု ဖြစ်တဲ့အတွက် ခန်းဂျီးတစ်လုံးချင်းရဲ့ အဓိပ္ပါယ်ကို အရင်သိအောင်လုပ်ထားတာက အသုံးလည်းမှန်၊ မှတ်မိရတာလည်း ပိုလွယ်ပြီး ကြာလေမေ့ဖို့ ခက်လေလေ ဖြစ်စေပါတယ်။
ခန်းဂျီးကိုကြောက်တယ် သို့မဟုတ် လေ့လာရတာ ခက်တယ်ဆိုတဲ့ ကျောင်းသားများအတွက် ဒီနည်းလမ်းလေးက ပိုမိုစိတ်ဝင်စားဖို့ကောင်းပြီး၊ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ ခန်းဂျီးလေ့လာရေး ခရီးလမ်းမှာ အားလုံးပဲ အဆင်ပြေပျော်ရွှင်ကြပါစေ။ ✨