21/06/2026
■ ကွာရှင်းပြီးနောက် BJ ဘဝကို စတင်ခဲ့တဲ့ Yulhee
- - -LABOUM အဖွဲ့ဝင်ဟောင်း Yulhee ဟာ ကွာရှင်းပြီးနောက်ပိုင်း စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ရုန်းကန်ခဲ့ရပုံတွေကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။
သူဟာ Live Streaming လောကထဲကို မဝင်ခင်မှာ (၂) နှစ်လောက်အထိ အချိန်ယူ စဉ်းစားခဲ့ရတယ်လို့ ဆိုပါတယ်။ “ENA” YouTube channel မှာ “အလုပ်အကိုင် ခေတ္တရပ်နားပြီးနောက် BJ လုပ်တာလား။ Yulhee ရဲ့ ပထမဆုံး ရိုးသားတဲ့ ဝန်ခံချက်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗီဒီယိုတစ်ခု တင်ခဲ့ပါတယ်။
အဲဒီမှာ Yulhee ဟာ အွန်လိုင်းမှာ အမျိုးသမီး Live streamer တွေကို ခေါ်လေ့ရှိတဲ့ "female cam streamer" ဆိုတဲ့ အခေါ်အဝေါ်အကြောင်း ပြောပြသွားတာပါ။ “ကျွန်မ live stream လုပ်တဲ့အခါ ပရိသတ်တွေက ‘ဒီလိုမျိုး broadcast လုပ်တဲ့သူတွေကို female streamer လို့ မခေါ်ဘူးလား’ ဆိုပြီး မေးကြပါတယ်။ ကျွန်မကလည်း ‘ကျွန်မက အမျိုးသမီးတစ်ယောက်ဆိုတော့ female streamer ဖြစ်မှာပေါ့’ လို့ ရိုးရိုးလေးပဲ ပြန်ဖြေလိုက်မိတယ်။
အဲဒီမှာတင် ‘Yulhee က အလုပ်ပြောင်းပြီး female cam streamer ဖြစ်သွားပြီ’ ဆိုပြီး ခေါင်းစဉ်တွေ ထွက်လာတော့တာပဲ။ အဲဒီစကားလုံးမှာ အမြင်စောင်းစရာတွေ အများကြီးပါနေတော့ လူတွေက ကျွန်မကို အဲဒီမျက်လုံးနဲ့ပဲ ကြည့်လာကြတယ်”လို့ သူက ရှင်းပြပါတယ်။
သူ့ရဲ့ live content တွေကတော့ ပရိသတ်တွေနဲ့ စကားပြောဖို့ပဲ အဓိကထားတာပါ။ “ကျွန်မရဲ့ content ကတော့ ဆက်သွယ်ပြောဆိုတာပါပဲ။ ပရိသတ်တွေနဲ့ စကားပြောမယ်၊ နောက်ပိုင်းဆိုရင်တော့ ပရိသတ်တွေနဲ့အတူ ဂိမ်းဟောင်းလေးတွေ ဆော့ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
Yulhee ဟာ တစ်ခါ live လွှင့်ရင် အချိန်အကြာကြီး လွှင့်တတ်သူပါ။ “ပုံမှန်ဆိုရင် (၇) နာရီ၊ (၈) နာရီလောက် လွှင့်ပါတယ်။ အကြာဆုံးလွှင့်ခဲ့တာကတော့ (၃၀) နာရီအထိပါပဲ။ ကင်မရာရှေ့မှာ ထိုင်ပြီး မုန့်စားမယ်၊ ထမင်းစားမယ်၊ သွားတိုက်မယ်၊ တစ်ခါတလေဆိုရင် (၅) မိနစ်လောက် ငိုက်မြည်းသွားတာမျိုးတောင် ရှိပါတယ်” လို့ သူက ဆိုပါတယ်။
သူ့စိတ်ထဲမှာတော့ ဝေဖန်တာတွေ အများကြီး ခံရမယ်လို့ ကြိုတွေးထားပေမဲ့ တကယ်တမ်းကျတော့လည်း မဟုတ်ခဲ့ပါဘူး။ “တကယ်တော့ ကြိုတွေးပြီး ပူပန်နေခဲ့တာက ကျွန်မပါပဲ။ မစခင်ကတည်းက (၂) နှစ်လောက် အချိန်ယူ စဉ်းစားခဲ့ရတာပါ။ တကယ်တမ်းကျတော့ အားပေးတဲ့သူတွေ အများကြီး ရှိခဲ့သလို ကျွန်မကို မတွေ့ရတာ ကြာပြီဖြစ်တဲ့ ပရိသတ်တွေကလည်း ပြန်တွေ့ရလို့ ပျော်နေကြပါတယ်။ သတင်းတွေ ထွက်လာမှပဲ အဲဒီလို အမြင်စောင်းတာတွေကို ခံစားမိလာတာပါ”လို့ ဝန်ခံပါတယ်။
ဒါ့အပြင် F.T. Island အဖွဲ့ဝင် Choi Min-hwan နဲ့ ကွာရှင်းပြီးနောက်ပိုင်း ကြုံတွေ့ခဲ့ရတဲ့ ခက်ခဲတဲ့ကာလအကြောင်းကိုလည်း ရင်ဖွင့်ပါတယ်။
“ကွာရှင်းပြီးနောက်ပိုင်းမှာတော့ ကျွန်မရဲ့ အလုပ်အကိုင်တွေ အားလုံး ရပ်တန့်သွားခဲ့ပါတယ်။ အမြဲတမ်း အိမ်ထဲမှာပဲ ကပ်နေတဲ့သူ ဖြစ်သွားတာပေါ့။ အရင်ကတည်းက အပြင်သိပ်မထွက်တဲ့သူဆိုပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ လုံးဝကို အဆက်အသွယ် ဖြတ်လိုက်မိတာပါ။ Message တွေတောင် မကြည့်ဖြစ်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် ပိုပြီး အထီးကျန်အောင် လုပ်မိခဲ့တယ်”လို့ ပြောဆိုခဲ့ပါတယ်။
Sources: Daum