15/04/2026
💛
- ရေဒီယို -
သူ့ရဲ့ ကြောင်ကလေးတွေကို ချစ်တဲ့အကြောင်း အစ်မရဲ့ မိတ်ဆွေ အမျိုးသားတစ်ယောက်က စကားဆုံတိုင်း ပြောတတ်တယ်။ ဆုံးသွားတဲ့ ကြောင်ကလေးအကြောင်းကို စာတွေရေးပြီး Podcast လုပ်မယ့် အမျိုးသမီးလေး တစ်ယောက်နဲ့လည်း စကားတွေ ပြောဖြစ်တယ်။ သူတို့ ချစ်တဲ့ ကြောင်ကလေးတွေအကြောင်း ပြောနေချိန် သူတို့ မျက်ဝန်းထဲမှာ ဖြစ်သွားတဲ့ ကြည်လဲ့လဲ့အရောင်လေးကို အစ်မ သတိထားမိတယ်။
အဲဒီ ကြည်လဲ့လဲ့အရောင်လေးဟာ တစ်ခုခုကို မြတ်နိုးလွန်းတဲ့အခါ ဖြစ်လာတတ်တဲ့ ဓာတ်ပြုမှုလေး ထင်ပါရဲ့။ မြတ်နိုးလွန်းတဲ့ တစ်ခုခု ဆိုတာကလေ လူမှ အခြားသက်ရှိအကောင်လေးတွေမှ မဟုတ်ဘူး။ လုံးဝ တုန့်ပြန်မှုမရှိတဲ့ ခုံကလေးတစ်ခုံ၊ ဒါမှမဟုတ် စာရွက်အပိုင်းအစ လေးတွေတောင် ဖြစ်နိုင်တယ်။ အဲဒါ သိပ်ထူးဆန်းတယ်။ အဲဒါ အစ်မတို့ဆီမှာပဲ ဖြစ်တဲ့ သီးသန့်ဝေဒနာပဲ။
အစ်မတို့ စိတ်ဝိဉာဉ်ဟာ သိပ်ပါးလျတယ်။ ပြီးတော့ ငြိလွယ်တယ်။ တွယ်ငြိရာမှာ ဆုံးရှုံးရာ တဲ့။ အဲဒါကိုလည်း အစ်မတို့ သိတာပဲ။ ဒါပေမဲ့လေ အစ်မတို့ဟာ တစ်ခုခုကို ချစ်မက်ပစ်ဖို့ အမြဲအဆင်သင့်ဖြစ်နေကြတာပဲ။ အဲဒါကပဲ လူဖြစ်ရခြင်းရဲ့ အနှစ်အသား ထင်ပါတယ်။
ပေါ့ပါးနေတဲ့ လစ်ဟာမှု ထက် ပြည့်သိပ်နေတဲ့ လေးပင်မှုကို အစ်မတို့ ပိုအလိုရှိတယ် ထင်ပါရဲ့ အချစ်ကလေးရယ်။
-မြကျေး-