28/09/2026
ရှိတဲ့အိမ်လေး ၁ လုံးရောင်းလိုက်တယ်။ ကလေး ၁ ယောက် နိုင်ငံခြားပို့တယ်။ သူ ဘွဲ့ ၁ ရွက်ရတယ်။
ဒါပေမဲ့ မိဘအသက်ကြီးချိန်မှာ နေစရာ၊ ဆေးကုစရိတ်၊ အိုစာမင်းစာ ဘာကျန်မလဲဆိုတာ ဘယ်သူမှ Facebook ပေါ်မှာ မတင်ကြဘူး။
နားဝင်မချိုစရာကြီးဗျာ။
ဒါပေမဲ့ အခုခေတ် မြန်မာမိဘတော်တော်များများ တိတ်တိတ်လေး ထိုင်တွက်နေရတဲ့ မေးခွန်းပါ။
—
သားသမီးကို နိုင်ငံခြားမှာ ကျောင်းထားချင်တာ မမှားပါဘူး။
မြန်မာနိုင်ငံလို မတည်ငြိမ်တဲ့အခြေအနေမှာ မိဘတွေက ကလေးကို ပိုကောင်းတဲ့ပညာရေး၊ ပိုကျယ်တဲ့အလုပ်အခွင့်အရေး၊ ကိုယ်ထက်ပိုသက်သာတဲ့ဘဝတစ်ခု ပေးချင်တာ နားလည်လို့ရပါတယ်။
ပြဿနာက နိုင်ငံခြားပို့တာမဟုတ်ဘူး။
ပြဿနာက ကိုယ့်မိသားစုဘဝ ဘယ်လောက်ထိခံနိုင်မလဲ မတွက်ဘဲ ပို့တာပါ။
—
ခြံရောင်းတယ်။ ရွှေထုတ်ရောင်းတယ်။ အိမ်ပေါင်တယ်။ လုပ်ငန်းထဲကငွေကို ထုတ်တယ်။ အသက် ၄၀၊ ၅၀ ကျော်မှ စုထားတဲ့ငွေကို တစ်ခါတည်းထုတ်သုံးတယ်။ ပြီးတော့ သားသမီးကို နိုင်ငံခြားမှာ ကျောင်းထားတယ်။
အပြင်ကကြည့်ရင် ဂုဏ်ရှိသလိုလိုပါ။ ကလေးက နိုင်ငံခြားကျောင်းတက်နေတယ်။ မိဘက ပေးနိုင်တယ်။ မိသားစုအနာဂတ် တစ်ဆင့်တက်တော့မယ်လို့ မြင်ရတယ်။
ဒါပေမဲ့ စာရင်းစာအုပ်ဖွင့်ကြည့်လိုက်ရင် အဲဒီဆုံးဖြတ်ချက်က မိသားစုဘဝကို ဘယ်လောက်ထိ လှုပ်သွားစေမလဲဆိုတာ ပိုရှင်းလာတယ်။
—
အိမ်တစ်လုံးဆိုတာ မြန်မာမိသားစုအများစုဘဝမှာ ရောင်းလိုက်ရင် ငွေအလွယ်ထွက်လာတဲ့အရာလေးတစ်ခုအဖြစ်လောက် မရိုးရှင်းဘူး။
အဲဒီအိမ်ထဲမှာ နှစ်ပေါင်းများစွာ ချွေတာစုဆောင်းထားတဲ့ဘဝရှိတယ်။ ငွေတန်ဖိုးကျတဲ့အချိန်မှာ မိသားစုစုထားတာလေးတွေ ပွန်းပါမသွားအောင် ကာထားပေးတဲ့တန်ဖိုးရှိတယ်။ အလုပ်မလုပ်နိုင်တော့တဲ့အချိန်မှာ “အနည်းဆုံး နေစရာတော့ရှိတယ်” လို့ စိတ်ချလို့ရတဲ့အားကိုးစရာရှိတယ်။
အရေးပေါ်အချိန်မှာ ရောင်းမလား၊ ပေါင်မလား၊ ငှားမလား လှည့်သုံးလို့ရတဲ့ နောက်ဆုံးခံတပ်လည်း ဖြစ်တယ်။
အဲဒီအရာကို ရောင်းပြီး ပညာရေးစရိတ်ပေးမယ်ဆိုရင် အဲဒါ ကျောင်းလခပေးတာတစ်ခုတည်း မဟုတ်တော့ဘူး။ မိသားစုနောင်ရေးအတွက် ကြိုတင်ကာထားတဲ့အရာတစ်ခုကို ကလေးအနာဂတ်နဲ့ လဲလိုက်တာ ဖြစ်သွားနိုင်တယ်။
—
ဒါကြောင့် အိမ်ရောင်းမယ်ဆိုရင် မေးရမှာက ရိုးရိုးရှင်းရှင်းပါ။
အဲဒီအိမ်ရောင်းပြီး တကယ်ပြန်ရမှာက ဘာလဲ။
ဘွဲ့တစ်ရွက်တည်းလား။ နိုင်ငံခြားအတွေ့အကြုံလား။ အလုပ်အခွင့်အရေးလား။ နေထိုင်ခွင့်မျှော်လင့်ချက်လား။ ဒါမှမဟုတ် မိဘအသက်ကြီးချိန်မှာ တစ်နေ့ပြန်လာမယ့်ငွေလား။
ဒီအရာတွေထဲမှာ ဘယ်ဟာက သေချာပြီး ဘယ်ဟာက မျှော်လင့်ချက်ပဲရှိသေးတာလဲဆိုတာ မခွဲဘဲ အိမ်မရောင်းသင့်ဘူး။
—
မိဘတွေ အများဆုံးလွဲတတ်တာက ပထမနှစ်စရိတ်နဲ့ စိတ်ချသွားတာပါ။
ပထမနှစ်ကျောင်းလခပေးနိုင်တယ်။ ဗီဇာရတယ်။ လေယာဉ်တင်လိုက်တယ်။ Facebook မှာ လေဆိပ်ပုံတက်တယ်။ အဲဒီနေ့မှာ မိသားစုအတွက် တစ်ခုခုကြီးအောင်မြင်သွားပြီလို ခံစားရတယ်။
တကယ်တော့ အဲဒါ စလုံးရေစပဲရှိသေးတယ်။
နိုင်ငံခြားပညာရေးစရိတ်ဆိုတာ ကျောင်းလခတစ်ခုတည်းမဟုတ်ဘူး။ နေစရိတ်၊ စားစရိတ်၊ ဗီဇာ၊ အာမခံ၊ အိမ်ငှားကြိုငွေ၊ လေယာဉ်လက်မှတ်၊ ကွန်ပျူတာ၊ သွားလာစရိတ်၊ ဘာသာရပ်မကိုက်လို့ ပြောင်းရတဲ့စရိတ်၊ နောက်ထပ်တစ်နှစ်ဝက် ထပ်တက်ရတဲ့စရိတ်တွေ ပါလာတတ်တယ်။ ဘွဲ့ရပြီး အလုပ်မရသေးတဲ့ ၆ လ၊ ၁ နှစ်စာ စားရိတ်ပါ ထည့်စဉ်းစားရတယ်။
ပိုဆိုးတာက မိဘဝင်ငွေက ကျပ်နဲ့၊ ကျောင်းစရိတ်က ဒေါ်လာနဲ့ ဖြစ်နေတာပါ။
ကျောင်းလခမတက်သေးဘူးဆိုရင်တောင် ဒေါ်လာဈေးတက်တာနဲ့ မိဘအတွက် စားရိတ်တက်ပြီးသား။ ကလေးဘက်မှာ ကျောင်းလခမတက်ဘူး။ မိဘဘက်မှာ အသက်ရှူကြပ်လာတယ်။
ဒီနှစ်ပေးနိုင်တဲ့ ဒေါ်လာ ၃၀,၀၀၀ က နောက်နှစ်မှာ တူညီတဲ့ဝန်မဟုတ်တော့ဘူး။ လုပ်ငန်းအမြတ်ကျနိုင်တယ်။ အိမ်တွင်းအသုံးစရိတ်တက်နိုင်တယ်။ မိဘကျန်းမာရေးပြဿနာပေါ်နိုင်တယ်။ နိုင်ငံအခြေအနေပြောင်းနိုင်တယ်။
—
အဲဒီအခါ မိဘတွေက ရွှေထုတ်ရောင်းတယ်။ နောက်တော့ ခြံရောင်းတယ်။ နောက်တော့ အိမ်ပေါင်တယ်။
နောက်ဆုံးမှာ ကလေးက နိုင်ငံခြားမှာ ဘွဲ့ရဖို့ ကြိုးစားနေချိန် မိဘက မြန်မာပြည်မှာ ကိုယ့်ဘဝနောင်ရေးအတွက် ကြိုကာထားတဲ့အရာတွေကို တစ်စစီဖြုတ်ပြီး ပို့နေရတဲ့အခြေအနေ ဖြစ်သွားတတ်တယ်။
ဒါကို အောင်မြင်မှုလို့ ခေါ်မယ်ဆိုရင်တောင် တစ်ဝက်အောင်မြင်မှုလို့ပဲ ခေါ်ရလိမ့်မယ်။
ကလေးဘက်မှာ ဘွဲ့တစ်ရွက်၊ နိုင်ငံခြားအတွေ့အကြုံ၊ အလုပ်ရှာဖို့အခွင့်အရေးတွေ ရလာနိုင်တယ်။ ဒါပေမဲ့ မိဘဘက်မှာ အိမ်မရှိတော့တာ၊ ဆေးကုစရိတ်မကျန်တော့တာ၊ အိုစာမင်းစာပါ ပျက်သွားတာမျိုး ဖြစ်နေပြီဆိုရင် အဲဒီပညာရေးရဲ့ဈေးနှုန်းက အရမ်းကြီးသွားပြီ။
—
အခုကမ္ဘာ့အခြေအနေကလည်း မိဘတွေထင်သလို မရိုးတော့ဘူး။
အရင်က “နိုင်ငံခြားဘွဲ့ရရင် အလုပ်ရမယ်၊ အလုပ်ရရင် နေခွင့်ရမယ်၊ နေခွင့်ရရင် အနာဂတ်အဆင်ပြေမယ်” ဆိုတာ ပိုလွယ်ခဲ့နိုင်တယ်။ အခုတော့ နိုင်ငံကြီးတွေမှာ နိုင်ငံခြားသားဝင်ရောက်မှုကို ပိုတင်းကြပ်လာတဲ့လေသံတွေ များလာတယ်။ “လာပါ၊ တက်ပါ၊ အလုပ်လုပ်ပါ” ဆိုတဲ့လေသံထက် “ကိုယ့်နိုင်ငံသားအလုပ်အကိုင်ကို အရင်ကာမယ်” ဆိုတဲ့လေသံတွေ ပိုများလာတယ်။
ဘွဲ့တစ်ခုတည်းနဲ့ မလုံလောက်တော့ဘူး။ ကျွမ်းကျင်မှု၊ အလုပ်သင်အတွေ့အကြုံ၊ ဘာသာစကား၊ လူချိတ်ဆက်မှု၊ အချိန်ကောင်းနဲ့တွေ့ဖို့ပါ လိုလာတယ်။
နိုင်ငံခြားရောက်တာက တံခါးပေါက်ရောက်တာပဲရှိသေးတယ်။ တံခါးအတွင်းမှာ ဘယ်လိုရပ်တည်မလဲဆိုတာ နောက်တစ်ပွဲပါ။
အလုပ်စဝင်တဲ့လစာဆိုတာလည်း မိဘတွေထင်သလို မဟုတ်ဘူး။ နိုင်ငံခြားမှာ လစာကောင်းသလိုကြားရပေမဲ့ အခွန်၊ အိမ်ငှားခ၊ စားစရိတ်၊ သွားလာစရိတ်၊ အာမခံ၊ ဗီဇာ၊ ကိုယ်ပိုင်ဘဝစရိတ်တွေ နုတ်ပြီးမှ မိဘကို ပြန်ပို့နိုင်တာ။
မိဘအိမ်တစ်လုံးကို နှစ်နှစ်၊ သုံးနှစ်နဲ့ ပြန်ဝယ်ပေးနိုင်မယ်လို့ တွက်တာက အလွန်အကောင်းမြင်လွန်းတယ်။
—
ကလေးက မိဘကို ကြည့်ချင်မှာပါ။ ဒါပေမဲ့ ကြည့်ချင်တာနဲ့ ကြည့်နိုင်တာ မတူဘူး။
မိဘအိုစာမင်းစာကို သားသမီးရဲ့ မရသေးတဲ့အနာဂတ်လစာပေါ် မတင်သင့်ဘူး။
ဒီနေရာမှာ ကလေးကိုလည်း အမှန်အတိုင်းပြောဖို့ လိုတယ်။ “ဒီငွေက အပိုငွေမဟုတ်ဘူး။ မိသားစုရဲ့ နောက်ဆုံးခံတပ်ထဲက ထုတ်ထားတာ။ သတ်မှတ်ထားတဲ့ငွေထက် ကျော်မယ်ဆိုရင် အရင်တိုင်ပင်ရမယ်” ဆိုတာ ကလေးနားလည်ထားမှ တာဝန်ယူစိတ် ပိုရှိလာမယ်။
မိဘက အကုန်ဖုံးထားပြီး ကလေးကို စိတ်ဖိအားမဖြစ်စေချင်တာ နားလည်တယ်။ ဒါပေမဲ့ အချက်အလက်မသိတဲ့သူက တာဝန်ယူစိတ် အပြည့်မရှိနိုင်ဘူး။
—
အိမ်ရောင်းပြီး ပညာရေးပေးတာ တချို့အခြေအနေမှာ တန်နိုင်တယ်။
အပိုအိမ်ဖြစ်တယ်၊ မိသားစုနေစရာမထိဘူး၊ အရေးပေါ်သုံးဖို့ငွေကျန်တယ်၊ တက်မယ့်ဘာသာရပ်က အလုပ်အကိုင်နဲ့ ဆက်စပ်မှုရှိတယ်၊ ကလေးက ပြင်ဆင်ထားတယ်၊ ဘွဲ့ရတဲ့အထိ စုစုပေါင်းကုန်ကျစရိတ်တွက်ထားတယ်ဆိုရင် အိမ်တစ်လုံးကို ကလေးအနာဂတ်အတွက် ပြောင်းသုံးတာ ဖြစ်နိုင်တယ်။
ဒါပေမဲ့ တစ်လုံးတည်းသောနေအိမ်ကို ရောင်းရမယ်၊ မိဘအိုစာမင်းစာ ပျက်မယ်၊ ဆေးကုစရိတ်မကျန်ဘူး၊ နောက်နှစ်စရိတ်အတွက် နောက်ထပ်ပိုင်ဆိုင်မှု ထပ်ရောင်းရမယ်၊ ဘာသာရပ်မသေချာသေးဘူး၊ ဘွဲ့ပြီးအလုပ်လမ်းမရှင်းဘူး၊ အေးဂျင့်ပြောတာပဲ အားကိုးထားတယ်ဆိုရင် အရင်ခဏရပ်သင့်တယ်။
ကလေးကို မချစ်လို့မဟုတ်ဘူး။ မေတ္တာကို စာရင်းနဲ့ကာကွယ်တာပါ။
—
အိမ်ရောင်းမယ်ဆိုရင် အရင်ဆုံး စာရွက်တစ်ရွက်ပေါ်မှာ ရေးကြည့်ပါ။
ဘွဲ့ရတဲ့အထိ စုစုပေါင်းဘယ်လောက်ကုန်မလဲ။ အဲဒီငွေထဲက ဘယ်လောက်က ရှိပြီးသားလဲ။ ငွေလဲနှုန်းတက်ရင် ဘယ်လောက်ထပ်လိုမလဲ။ နောက်ထပ်တစ်နှစ်ဝက် ထပ်တက်ရင် ဘယ်သူခံမလဲ။ ဘွဲ့ပြီး အလုပ်မရသေးတဲ့ ၆ လ၊ ၁ နှစ်ကို တွက်ထားလား။ အိမ်ရောင်းပြီးနောက် မိဘနေစရာ၊ ဆေးကုစရိတ်၊ အိုစာမင်းစာ ဘာကျန်မလဲ။
ဒီမေးခွန်းတွေကို မဖြေနိုင်သေးရင် နိုင်ငံခြားမပို့ရဘူးလို့ မဆိုလိုဘူး။ လမ်းကြောင်းပြောင်းပါ။ စရိတ်သက်သာတဲ့နိုင်ငံရွေးပါ။ စရိတ်သက်သာတဲ့မြို့ရွေးပါ။ အရင်နှစ်တွေကို စရိတ်သက်သာတဲ့ကျောင်းမှာတက်ပြီး နောက်မှပြောင်းတက်ပါ။ ပြည်တွင်းမှာ ဘွဲ့တက်ပြီး ဘွဲ့လွန်ကို နိုင်ငံခြားသွားပါ။ ပညာသင်ထောက်ပံ့ကြေးစောင့်ပါ။ ကျောင်းတက်မယ့်အချိန် နောက်ရွှေ့ပါ။ ဘာသာရပ်ကို ပြန်ရွေးပါ။
အစီအစဉ်ပြောင်းတာ ရှုံးတာမဟုတ်ဘူး။ မိသားစုမပြိုအောင် ပညာရေးလမ်းကြောင်းကို ပြန်တည်ဆောက်တာပါ။
—
နောက်ဆုံးတော့ အိမ်ရောင်းပြီး သားသမီးကို နိုင်ငံခြားမှာ ကျောင်းထားတာ ဘာတွေပြန်ရမှာလဲ။
ဘွဲ့တစ်ရွက်ပဲဆိုရင် မလုံလောက်ဘူး။ ပြန်ရမှာက ကျွမ်းကျင်မှုဖြစ်ရမယ်။ အလုပ်အခွင့်အရေးဖြစ်ရမယ်။ ကလေးရဲ့ ကိုယ့်ခြေထောက်ပေါ်ရပ်နိုင်စွမ်းဖြစ်ရမယ်။ မိဘအတွက် အကြွေးမဟုတ်တဲ့ စိတ်ချမ်းသာမှုဖြစ်ရမယ်။
အကောင်းဆုံးကတော့ ကလေးဘွဲ့ရတဲ့နေ့မှာ မိဘအိမ်လည်းမပျောက်ဘူး။ အိုစာမင်းစာလည်းမပြိုဘူး။ မိသားစုဆက်ဆံရေးလည်းမပျက်ဘူး။ ကလေးလည်း ကိုယ့်ဘဝကို ကိုယ်ထမ်းနိုင်လာတယ်။
အဲဒါဆို နိုင်ငံခြားပညာရေးက တကယ်တန်တယ်။
မဟုတ်ရင်တော့ အိမ်တစ်လုံးရောင်းပြီး ဘွဲ့တစ်ရွက်ဝယ်လိုက်တာ ဖြစ်နိုင်တယ်။ ဘွဲ့က နံရံပေါ်မှာချိတ်လို့ရတယ်။ ဒါပေမဲ့ မိဘအိုချိန်မှာ နေစရာ၊ ဆေးကုစရိတ်၊ စိတ်ချမ်းသာမှု မကျန်တော့ရင် အဲဒီဘွဲ့ရဲ့ဈေးနှုန်းက အရမ်းကြီးသွားပြီ။
သားသမီးအတွက် ပေးဆပ်ပါ။
ဒါပေမဲ့ ကိုယ့်ဘဝကို မီးရှို့ပြီး မပေးဆပ်ပါနဲ့။
ပညာရေးကောင်းဖို့လိုတယ်။
ဒါပေမဲ့ မိသားစုမပြိုတဲ့ ပညာရေးက ပိုလိုတယ်။
—
ဒီအကြောင်းကို အိမ်ရောင်းပြီးပို့ဖူးတဲ့မိဘတွေ၊ ပို့ဖို့စဉ်းစားနေတဲ့မိဘတွေ၊ နိုင်ငံခြားမှာ ကျောင်းတက်ဖူးတဲ့သားသမီးတွေ၊ ဘွဲ့ပြီးမှ တကယ့်ဘဝစရိတ်ကို ကြုံဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။
အတွေ့အကြုံရှိရင် မျှဝေပေးပါ။
ဘယ်နိုင်ငံမှာ ဘာတွေမတွက်မိခဲ့လဲ။
ဘွဲ့ရပြီး ဘယ်လောက်ကြာမှ ကိုယ့်ခြေထောက်ပေါ် ရပ်နိုင်ခဲ့လဲ။
မိဘဘက်က ဘာတွေခံခဲ့ရလဲ။
နောက်လူတွေ မိသားစုမပြိုဘဲ ဆုံးဖြတ်နိုင်အောင် ပြောပြပေးခဲ့ပါဦး။
WunnaBeWealthy
KoWunna