09/06/2024
မြန်မာ့ဘောလုံးရွှေခတ်က သူရဲကောင်းများ - ဆွတ်ဗဟာဒူး
-
မြန်မာဘောလုံးရွှေခေတ်ဆိုတာ တကယ်တော့ အတော်ကြီး ဝေးခဲ့ပါပြီ။ ၁၉၅၄ အာရှအားကစားပြိုင် ပွဲမှာ ဝင်ပြိုင်ပြီး ထိုင်ဝမ် နဲ့ ကိုရီးယားတို့နောက် ကြေးတံဆိပ် တတိယနေရာရရှိခဲ့ချိန်ကစပြီး မြန်မာ ဘောလုံးရွှေခေတ်ဆိုတာ စတင်ခဲ့ကာ ၁၉၆၆ အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်၊ ၁၉၆၈ မှာ ဒုတိ ယ စသဖြင့် အာရှအဆင့်မှာပါ ထိပ်တန်းအဆင့်ဝင်လာနိုင်ခဲ့တဲ့အချိန်တွေဖြစ်သလို ၁၉၇၂ မြူးနစ်အို လံပစ်မှာလည်း အာရှဇုန်ကနေ အီရန်၊ မလေးရှားတို့နဲ့အတူ အာရှခြေစစ်ပွဲအောင်မြင်ကာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ဖူးတဲ့ကာလတွေပါပဲ။ အဲဒီလို ရွှေခေတ်မှာ ပေါ်ထွက်လာခဲ့ဖူးတဲ့ မြန်မာဘောလုံးသူရဲ ကောင်းတစ်ယောက်အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။
သူကတော့ ကျွန်တော်တို့ မမြင်ဖူးခဲ့ပေမဲ့ လက်ဆင့်ကမ်းစကားတွေအရ ကြားဖူးခဲ့ရတဲ့ မြန်မာ့လက် ရွေးစင်ကစားသမား ဆွတ်ဗဟာဒူးပါပဲ။
၁၉၃၅ မေလ ၁၅ ရက်နေ့ မန္တလေး၊ ပျော်ဘွယ်မှာ မွေးဖွားခဲ့တဲ့ ဗဟာဒူးဟာ လက်ရွေးစင်ဘဝမှာ အရပ်အားဖြင့် ၅ ပေ ၆ လက်မသာရှိပေမဲ့ အသင်းအတွက်တော့ အရေးပါတဲ့ တိုက်စစ်မှူးနဲ့ ညာ တောင်ပံကစားသမားပါ။ ငယ်စဉ်ကတည်းက သူ့အရည်အသွေးကို အမြဲတိုးတက်အောင် လေ့ကျင့်နေခဲ့တဲ့ ကောင်းကျိုးတွေကြောင့် မြန်နှုန်း၊ ခြေအနှုတ်အသိမ်းသွက်လက်မှုနဲ့ ဂိုးရဖို့ အမြဲ စူးနှစ်ထားမှုတွေက သူ့ကို ထူးခြားစေခဲ့ပါတယ်။ အဲဒီခေတ်ကာလကတည်းက သာမန်ကစားသမား တွေလိုမဟုတ်ဘဲ လူအများရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ တောင်ပံကစားသမားဆန်ဆန် ကစားဟန်မျိုး ပိုင်ဆိုင်ထားတဲ့ ဗဟာဒူးဟာ အရည်အသွေးနဲ့လိုက်အောင်လည်း လူအများက တဖွဖွလက်ဆင့်ကမ်း ပြောပြတာမျိုး ခံခဲ့ရတဲ့ မြန်မာ့ဘောလုံး ဒဏ္ဍာရီပုံပြင်တစ်ပုဒ်လို ကစားသမားပါ။
ပြည်နယ်နဲ့တိုင်း ပြိုင်ပွဲတွေမှာ ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းကနေ ပါဝင်လာခဲ့ပြီး နိုင်ငံအသင်း အဆင့်ထိရောက်အောင် အရည်အသွေးကို အကောင်းဆုံးထုတ်ပြနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီနှစ် က ပြည်နယ်နဲ့တိုင်း တံခွန်စိုက်ပြိုင်ပွဲမှာ ဗဟာဒူးပါဝင်တဲ့ ရှမ်းပြည်နယ်အသင်းက ဗိုလ်စွဲခဲ့တာကို ကြည့်ရင် သူ့ရဲ့အရည်အသွေးကို သိသာစေပါတယ်။ အဲဒီအချိန်ကာလက မြန်မာဘောလုံးအတွက် မျိုးဆက်သစ်၊ မျက်နှာသစ်ကစားသမားတွေကို ပြည်နယ်နဲ့ တိုင်းပြိုင်ပွဲကနေ မွေးဖွားပေးခဲ့တဲ့ ကာ လတစ်ခုဆိုရင်လည်း မမှားပါဘူး။ အဲဒီကစားသမားတွေထဲကနေ ဗဟာဒူးဟာ အခြားသော ထူးချွန် တဲ့ မျက်နှာသစ်ကစားသမားတွေနဲ့အတူ လက်ရွေးစင်အသင်းဆီကို စတင်ရောက်ရှိလာခဲ့ပါတယ်။
လွယ်လွယ်ကူကူနဲ့ ဘောလုံးသမားဖြစ်လာဖို့ဆိုတာ အခုအချိန်ထိတောင် မြန်မာနိုင်ငံမှာ အိပ်မက် မက်လို့ မရသေးတာကြောင့် အဲဒီခေတ်ကာလလို အချိန်မှာ လက်ရွေးစင်ကစားသမားတစ်ယောက် ဖြစ်ဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲခဲ့မလဲဆိုတာ တွေးကြည့်လို့ရနိုင်ပါတယ်။ ဗဟာဒူးဟာ အ ခြားသော ကစားသမားတွေနည်းတူ မတူညီတဲ့ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီး သူရည်ရွယ်ထားတဲ့ အိပ်မက်ဆီကို လှမ်းလာခဲ့တဲ့ သူတစ်ယောက်ပါ။ သူတစ်ယောက်တည်း ဒီလို အခက်အခဲတွေကို ကျော်ဖြတ်ရတာမဟုတ်ဘဲ အကုန်လုံးဟာလည်း သူ့အခက်အခဲတွေ သူ ကျော် ဖြတ်ခဲ့သူတွေချည်းပါပဲ။ ဒါကြောင့်လည်း မာကျောကျစ်လစ်တဲ့ ရွှေခေတ်အသင်းမှာ စုစည်းမိခဲ့ပြီး အောင်မြင်မှုတွေကို ဖန်တီးနိုင်ခဲ့ကြတာပါ။
ဗဟာဒူးဟာ သူ့ရဲ့ စည်းကမ်းကောင်းမှု၊ ခိုင်ကြည်မှုနဲ့ ပြင်းပြထက်သန်မှုတို့ကြောင့် နာမည်ကျော်ပြီး အသင်းဖော်တွေအပေါ်ကိုလည်း အကောင်းဆုံးပုံစံတွေရအောင် တောင်းဆိုတတ်တဲ့သူပါ။ သူ့ အသင်းခေါင်းဆောင်အဖြစ် ဉီးဆောင်ခဲ့တဲ့ ကာလတွေမှာ မြန်မာအသင်းဟာ ၁၉၆၆ နဲ့ ၁၉၇၀ အာရှ ချန်ပီယံဖြစ်ခဲ့သလို၊ ၁၉၆၈ မှာ ဒုတိယနေရာရပ်တည်နိုင်ခဲ့ပါတယ်။ အရှေ့တောင်အာရှကျွန်းဆွယ် ပြိုင်ပွဲမှာလည်း ၁၉၆၅, ၁၉၆၇, ၁၉၆၉ သုံးကြိမ်ဆက် ဗိုလ်စွဲခဲ့ပြီး မာဒေးကားဖလားကို ၁၉၆၄ နဲ့ ၆၇ တို့ မှာ ၂ ကြိမ်ရယူထားနိုင်ခဲ့ပါတယ်။ တဖက်မှာ ဗဟာဒူးဟာ ဂေါ်ရခါး လက်နက်ကိုင်တပ်ရင်း အမှတ် ၄ မှာ တာဝန်ထမ်းဆောင်နေသူဖြစ် ပြီး သူ့ရဲ့ ကလပ်ကစားသမားဘဝကိုတော့ အာမီအသင်းမှာ ကုန်ဆုံးခဲ့သူပါ။ အာမီအသင်းမှာ သူနဲ့ အတူ လက်ရွေးစင်အသင်းဖော် လှမောင်၊ ဘကြူ နဲ့ မောင်သောင်းတို့လည်း အတူကစားခဲ့ကြပါ တယ်။
မြန်မာလက်ရွေးစင်အသင်းအတွက်တော့ ၁၉၅၂ ကနေ ၁၉၇၀ အထိ ပွဲပေါင်း ၁၅၀ ကျော် ကစားပေး ခဲ့ကာ အသင်းအတွက် ဂိုး၈၀ ကျော်သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲဒီခေတ်က မှတ်တမ်းမှတ်ရာတွေ ကောင်းကောင်းမရှိတာကြောင့် ပွဲနဲ့ ဂိုးအရေအတွက်ကို အတိအကျ မှတ်တမ်းမတင်နိုင်ခဲ့တာက တော့ နစ်နာမှုတစ်ခုပါပဲ။ ၁၉၇၂ မြူးနစ် နွေရာသီအိုလံပစ်ကို ဉီးဆောင်သွားရောက်ခဲ့ပြီး ဆိုဗီယက်ယူနီယံ၊ မက္ကစီကို၊ ဆူဒန် အသင်းတို့နဲ့ အုပ်စု ဘီမှာ တစ်အုပ်စုတည်းကျရောက်ခဲ့တာပါ။ ဆိုဗီယက်ယူနီယံအသင်းနဲ့ကစားခဲ့ တဲ့ပွဲစဉ်မှာ ဒိုင်နမိုကိဗ်အသင်းရဲ့ ဂန္ထဝင်ကွင်းလယ်ကစားသမား ဗစ်တာ မီဟေးလိုဗစ် ကိုလိုတော့ဗ် ရဲ့ တလုံးတည်းသော ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို၊ မက္ကစီကိုအသင်းနဲ့ပွဲစဉ်မှာလည်း ကွင်းလယ်ကစားသမား မာနူရယ် မန်ဇိုရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဆူဒန်နဲ့ပွဲမှာတော့ စိုးသန်း နဲ့ အောင်မိုး သင်းတို့ရဲ့ ဂိုးတွေနဲ့ ၂-၀ အနိုင်ရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အုပ်စုအဆင့်ကနေတော့ နောက်တဆင့်ကို မတက်နိုင်ခဲ့ပါဘူး။
ဗဟာဒူးဟာ အာရှအောစတားအသင်းမှာ ၁၉၆၅, ၁၉၆၆,၁၉၆၇ နဲ့ ၁၉၆၈ ၄ ကြိမ် အရွေးခံခဲ့ရတဲ့သူ ဖြစ်ပြီး မြန်မာ့လက်ရွေးစင်သမိုင်းမှာ တစ်ဉီးတည်းသောသူအဖြစ် မှတ်တမ်းဝင်နေဆဲပါ။ သူဟာ တင်းနစ်နဲ့ မြက်ခင်းပြင်ဟော်ကီတို့ကိုလည်း ကောင်းမွန်စွာကစားတတ်သူတစ်ဉီးဖြစ်သလို မီတာ ၁၀၀ အပြေးမှာလည်း နိုင်ငံ့ချန်ပီယံတစ်ယောက်ဖြစ်ပြန်ပါတယ်။ ၂၀၀၁ ခုနှစ် ဩဂုတ်လ ၁၉ ရက် နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ အသက် ၆၈ နှစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး မြန်မာ့အားကစားသမိုင်းတစ်လျှောက် ယနေ့ခေတ်တိုင်ထိကို သူ့လောက်အောင်မြင်တဲ့ မြန်မာ့လက်ရွေးစင်ကစားသမားနောက်ထပ်တစ်ယောက် ထွက်ပေါ်လာခြင်းမရှိသေးတာဟာ မြန်မာ့အားကစားတိုးတက်ဆုတ်ယုတ်လာမှုအတွက် ခါးသီးတဲ့အမှန်တရားတစ်ခုပါပဲ။ နောက်ထပ်နောက်ထပ်သော မြန်မာ့အားကစားမျိုးဆက်တွေမှာ ဆွတ်ဗဟာဒူးလို ကစားသမားမျိုးတွေ အများကြီးပေါ်ထွန်းလာဖို့မျှော်လင့်ချက်ကို မြန်မာအားကစားဝါသနာရှင်တွေဟာ ဆုပ်ကိုင်ထားဆဲ မျှော်လင့်နေကြဆဲ အားပေးနေကြဆဲပါပဲ။
ဒီလိုအကြောင်းအရာတွေဟာ အတိတ်ကို ပြန်လည်တူးဆွလွမ်းဆွတ်သလိုမျိုးထင်ရပေမဲ့ အနာဂတ်မြန်မာ့အားကစားသမားမျိုးဆက်တွေမှာ နောက်ထပ် နောက်ထပ်သော ဗဟာဒူးတွေ အများကြီး ပေါ်ထွက်လာဖို့အတွက် မြန်မာ့ဘောလုံးသူရဲ ကောင်းတွေအကြောင်းကို ပြန်လည်ဖော်ထုတ်ရေးဟာ အရေးပါတဲ့ကိစ္စရပ်တစ်ခုဖြစ်တယ်လို့ ယူဆတဲ့အတွက် တင်ဆက်ပေးလိုက်ရပါကြောင်း။