24/12/2025
စိုင်းလေး (သို့မဟုတ်) တော်တော် နောက်ကျတဲ့လူ
By
Nyein Chan Kyaw (Mi Chan)
ကိုစိုင်းလေးအကြောင်း ရေးမယ်ဆိုတော့ သူပြောခဲ့ဖူးတာကို ပြန်ပြီး သတိရတယ်။ "မင်းတို့ ငါ့အကြောင်းတွေ ရေးမယ်ဆိုရင် ငါသေပြီးမှတော့ မရေးနဲ့နော်"တဲ့။ ငါ အသက်ရှင်နေတုန်းမှာ ရေးကွ။ ငါလည်း ဖတ်ချင်တာပေါ့"တဲ့။ ဟုတ်ပါပြီ။ အခု၊ သူ အသက်ရှင်နေတုန်းမှာပဲ ရေးလိုက်ပါတယ်။
ရွာက ကမာကလုတ်ရွာ။ ကိုစိုင်းလေးက မွေးချင်း ငါးယောက်ထဲမှာ အငယ်ဆုံး။ သူတို့ရွာမှာက ဗီဒီယိုရုံတစ်ရုံ ရှိတယ်။ ဂစ်တာတစ်လက်လည်း ရှိတယ်။ ဒီတော့ ရွာသားတွေ အားရင် စုပြီး ဗီဒီယို ကြည့်ကြ။ ဂစ်တာ စုပြီး တီးကြမှာပေါ့လေ။ ကျွန်တော် မြင်ကြည့်တာပါ။
သူတို့ ခေတ်တုန်းက ကုန်စျေးနှုန်းကလည်း သိပ်မကြီးသေးဘူး။ အသုပ်တစ်ပွဲမှ ငါးမူး တစ်မတ်။ ကျောင်းသွားရင် မုန့်ဖိုး ငါးမူးရတယ်။ မုန့်တွေ ဝယ်စားပါလေ့၊ ကြိုက်သလောက်။
သူ ငယ်ငယ်က၊ အမေ့ရဲ့ အံဆွဲထဲက ပိုက်ဆံ ကိုးဆယ်တန်တစ်ရွက်ကို နှိုက်ယူခဲ့ဖူးတယ်။ အသုပ်တစ်ပွဲ၊ ကပ်စေးနှဲ၊ ဒါးလှီးမုန့်တစ်ခု။ ဝယ်စားပြီးတော့ ပြန်အမ်းငွေတွေက သူ့လွယ်အိတ်နဲ့အပြည့်။ ဒီပိုက်ဆံတွေကို ဘယ်နေရာမှာ သွားသုံးရမလဲ သူ မသိဘူး။ ရွာမှာလည်း ပိုက်ဆံ သုံးစရာနေရာက မရှိတော့ဘူး။
အဲဒီ ရွာမှာပဲ ဇော်ဝင်းထွဋ်ရဲ့ သီချင်းတွေ သူ စ,ကြားရတယ်။ ဇော်ဝင်းထွဋ်က သူ့ရဲ့ ငယ်ချစ်ဦး။ ဟယ်ရီလင်း၊ ဗဒင်။ နောက်တော့ လေးဖြူ။ လေးဖြူရဲ့ သီချင်းတွေ သူ နားထောင်ရတယ်။ ကြိုက်တယ်။ ဂီတကို ငြိသွားတယ်။ လူပျိုပေါက်အရွယ် လယ်ကွင်းထဲမှာ ဘဲဥတောင်းကိုထမ်းပြီး သီချင်းတွေကို အော်ဆိုခဲ့တယ်။ လေ့ကျင့်ခဲ့တယ်။ အဆိုတော်ဖြစ်ချင်တယ်။ သူ ဘာလုပ်ရမလဲ။
စာကြိုးစားတယ်။ ဆယ်တန်းကို နှစ်ချင်းပေါက် အောင်တယ်။ အမှတ်ကောင်းတယ်။ ရန်ကုန်ကို သွားချင်တယ်။ အဲဒီအချိန်မှာ အမေက စီးပွားရေးအခြေအနေ မကောင်းတော့ဘူး။ သူ့အဖေကလည်း သူတို့မိသားစုကို စွန့်ခွာသွားခဲ့တာ ကြာပြီ။
ဘယ်လိုပဲဖြစ်ဖြစ် ရန်ကုန်ကိုတော့ သူ ရောက်အောင် သွားရမယ်။ ရန်ကုန်ဟာ လက်ဝှေ့ကြိုးဝိုင်းလိုပဲ။ ရန်ကုန်မှာ မထိုးနိုင်ရင် ရှုံးပြီ။ ရန်ကုန်က သူ့ကို စိန်ခေါ်နေတယ်။
"ပင်လယ်ပြင်ကို ဖြတ်ကျော်ချင်တယ်
နှလုံးသားများလည်း လေးလံနေဆဲ အချစ်"
၁၉၉၈ ခုနှစ်လောက်မှာ ခြေဗလာလက်ဗလာနဲ့ ရန်ကုန်ကို သူ ရောက်လာတယ်။ ဖိနပ်စက်ရုံမှာ သူ အလုပ်ဝင်လုပ်တယ်။ နောက်တော့ စီးပွားရေးတက္ကသိုလ်မှာ သူ ကျောင်းတက်တယ်။ အစိုးရ အဆောင်ရတယ်။ အဆောင်လခက တစ်လ ၅၀၀ ကျပ်။
အဆောင်ရောက်မှ လက်ဖက်ရည်ဆိုင် ထိုင်တတ်တယ်။ ဆေးလိပ် သောက်တတ်တယ်။ အရက် သောက်တတ်တယ်။
သူငယ်ချင်းတွေ အများကြီးရတယ်။ သူငယ်ချင်းတွေက သူ့ကို အရက်တော့ တိုက်တယ်။ ထမင်းတော့ မကျွေးနိုင်ဘူး။ အိမ်ကလည်း ဘာမှ မထောက်ပံ့ပေးနိုင်ဘူး။ တစ်ခါတလေ ထမင်း ငတ်တယ်။ ဒီမှာလေ သူ လုပ်နိုင်တာ ရှိပါသေးတယ်။ သူလုပ်နိုင်တာ၊ သီချင်းတွေ အော်ဆိုနေဖို့ပဲ။ ဂစ်တာတီးတိုင်း သီချင်းတွေကို Original Key ထက် တစ်ဆင့်မြှင့်ပြီး သူ အော်ဆိုခဲ့တယ်။ အဲဒီခေတ်က Key မြင့်တဲ့သီချင်းကို ဆိုနိုင်မှ အဆိုတော်လို့ သတ်မှတ်ကြတဲ့ခေတ်ကိုး။
"တကယ်ဆိုရင် ငါဟာ သေချာပြောနိုင်တယ်၊
ငါဟာ ငြီးငွေ့ အထီးကျန်"
အဆောင်မှာ သူတို့အခန်းဟာ ကျွန်တော်မြင်ဖူးသမျှမှာ အစုတ်ပြတ်ဆုံး အခန်းပါ။ ပြတင်းပေါက်မှန်တွေ မရှိဘူး။ တံခါးဂျက်တွေတောင် မရှိဘူး။ သူခိုးလည်း လာခိုးစရာ ဘာမှကို မရှိတာပါ။ ဒါပေမဲ့ အရက်ဝိုင်း ရှိတယ်။ မလျှော်ရသေးတဲ့ အဝတ်တွေရှိတယ်။ အပြာစာအုပ် ရှိတယ်။ ဖဲဝိုင်း ရှိတယ်။ ဂစ်တာဝိုင်း ရှိတယ်။ အခန်းမှာ လူမပြတ်ဘူး။
"ကိုယ့်ရဲ့ အခန်းငယ်လေးထဲမှာ ပြန့်ကျဲ
စက္ကူအပိုင်းအစတွေ ဆေးလိပ်တိုတွေနဲ့"
အဲဒီမှာ ကိုဖိုးအီနဲ့ သူ တွေ့တယ်။ အဲဒီအချိန်ကတည်းက ကိုဖိုးအီဟာ ဂီတလောကထဲကို ရောက်နေပါပြီ။ ကိုဖိုးအီဟာ သူ့ရဲ့ကျေးဇူးရှင်ပါ။ ကိုဖိုးအီက မြို့ထဲမှာ သီချင်းတီးလို့ ပြီးရင် အဆောင်ကို ပြန်လာတယ်။ လက်ထဲမှာ ထမင်းထုပ်ရယ်၊ လွယ်အိတ်ထဲမှာ အရက်ပုလင်းရယ်နဲ့။ အဆောင်ရဲ့ ညနေခင်းတွေမှာ ကိုဖိုးအီကို သူ စောင့်နေတယ်။ အရက်သောက်မယ်။ သီချင်းဆိုမယ်။ ပြီးရင် ထမင်းစားမယ်။
"အလုပ်တွေ အိပ်ယာပေါ် သိပ်လိုက်
အေးရာအေးကြောင်း ထားပါ မိတ်ဆွေ"
ကိုဖိုးအီဆီက အများကြီး သူ သင်ယူခဲ့ရတယ်။ ဂီတတင် မကဘူး၊ အနုပညာအပေါ် ထားရှိရမယ့် စိတ်နေစိတ်ထား။ နှလုံးသားက အရေးကြီးတယ်။ ဂီတဟာ နှလုံးသားနဲ့ ဖန်တီးရတာ။ မောင်ထွန်းသူရဲ့ ရမ္မက်မီးကို သူ ဖတ်တယ်။ မြသန်းတင့်ရဲ့ သုခမြို့တော်ကို သူဖတ်တယ်။ စာအုပ်တွေက အားအင်တွေ ပေးနိုင်တယ်။ အထူးသဖြင့် စားစရာမရှိတဲ့ အချိန်တွေမှာပေါ့။
ကျောင်းတက်နေရင်းနဲ့ ရည်းစားတစ်ယောက်ရတယ်။ သူတို့ ညဘက်မှာ ဂစ်တာသွားသွားတီးနေတဲ့ ဒီဇင်ဘာ အဆောင်က အသားဖြူဖြူ ခပ်ချောချော အစ်မကြီးတစ်ယောက်နဲ့ပေါ့။ အဲဒီတုန်းက သူတို့နှစ်ယောက်ကို တွေ့လိုက်ရရင် ကျီးကန်းက ဘဲဥကို ချီလာသလိုပါပဲ။
နောက်တော့၊ သူ အသည်းကွဲတယ်။ အစ်မကြီးက သူ့ကို ဖြတ်လိုက်လို့တဲ့။ ကျွန်တော်တို့ယောက်ျားလေးတွေက သူ့အတွက် စိတ်မကောင်းဖြစ်ကြတယ်။ ဒီဇင်ဘာအဆောင်သူတွေကတော့ အစ်မကြီးအတွက် ဝမ်းသာကြတယ်။ ဟုတ်ပါတယ်။ သူ့မှာ အသံကလွဲရင် ဘာမှမရှိဘူး။ ရုပ်လည်း မချောဘူး။ ပိုက်ဆံလည်း မရှိဘူး။ စာလည်း မကြိုးစားဘူးလေ။
နောက်တော့၊ သမီးရည်းစား သဘာဝ ဒီလိုပါပဲ။ သူတို့နှစ်ယောက် ပြန်အဆင်ပြေသွားတယ်။ အဲဒီကတည်းက သူတို့နှစ်ယောက်ဟာ ဘယ်တော့မှ မခွဲတော့ဘူး။ အမြဲတမ်း အတူတူ ရှိနေကြတော့မယ်။
တစ်ခါမှာ၊ အဆောင်က အံဆွဲတစ်ခုထဲမှာ ရည်းစားစာတစ်စောင်ကို သူ တွေ့တယ်။ အဲဒါကို စိတ်ကူးယဥ်ကြည့်ပြီး သူ သီချင်းရေးတယ်။ "နင် သစ္စာမရှိဘူး သစ္စာရေ၊ ဒီလိုနဲ့ ဝေးခဲ့ရပြီ"။ ရေးဖြစ်ခဲ့တယ် သီချင်း ၃-၄-၅ ပုဒ်။ ဆက် မရေးဖြစ်တော့ဘူး။ အဆိုတော်ပဲ ဖြစ်ချင်နေတာကိုး။
ကိုဖိုးအီလည်း အဲဒီအခန်းမှာပဲ သီချင်းကောင်းတွေအများကြီး ရေးဖြစ်ခဲ့တယ်။ သူ့တို့အတွက် ကျန်စစ်သားအဆောင်ဟာ မောင်ထွန်းသူဘာသာပြန်တဲ့ တို့ဘဝ တို့ကမ္ဘာလို၊ ကိုရဲလွင်တို့ရဲ့ ခရမ်းပြာအဆောင်လို အရေးပါတဲ့ ဘဝရဲ့ အခိုက်အတန့်တွေပါပဲ။
ကျောင်းရဲ့ ပွဲတွေမှာ သူ သီချင်းတက်ဆိုတယ်။ အချိန်မရွေး နေရာမရွေး သီချင်းဆိုပြဖို့ သူ့မှာ အဆင်သင့်ဖြစ်နေတယ်။ ကိုဖိုးအီ စီစဥ်တဲ့ ကျောင်းသီချင်းခွေတစ်ခွေမှာလည်း တစ်ပုဒ်လား သူ ဝင်ဆိုသေးတယ်။ အခွေ Title က "ကောင်းကင် =ကျောင်းတော်" ထင်ပါတယ်။ ကိုဖိုးအီလည်း အကြွေးတွေ တင်သွားတယ်။ အဲဒီကတည်းက ကိုဖိုးအီလည်း ဘာသီချင်းခွေမှ မစီစဥ်တော့ဘူး။
ဒုတိယနှစ်လောက်မှာ တီဘီရောဂါ သူ စဖြစ်တယ်။ တီဘီဆေးတွေ သူသောက်ရတယ်။ အရမ်း ပူတယ်။ ရေချိုးခန်းထဲဝင်ပြီး ရေစိမ်နေရတယ်။ ဆံပင်တွေ ကျွတ်တယ်။ အသံ ပျက်သွားတယ်။ သူ ထိတ်လန့်သွားတယ်။ သူ ငိုတယ်။ ဒီ အသံသာ မရှိတော့ရင် သူ့မှာ ဘာမှမရှိတော့ဘူး။ ကံကောင်းစွာနဲ့ သူ့အသံကို သူပြန်ရခဲ့ပါတယ်။
"ကလေးလေးတစ်ယောက်လိုတော့ ဘယ်ဖြူစင်မှာလဲ လောကလမ်းမများ စမ်းတဝါးဝါး ဝဲလည်"
ကျောင်း ပြီးတော့မယ်။ အတန်းစာမေးပွဲတွေလည်း ကျခဲ့တာ များပြီ။ အဲဒီမှာ အခွင့်အလမ်းတစ်ခုက ပေါ်လာတယ်။ Wai Wai က လုပ်တဲ့ သီချင်းဆိုပြိုင်ပွဲ။ သူ သွားပြိုင်တယ်။
သူ စီးမယ် လုပ်ထားတဲ့ ဘွတ်ဖိနပ်ကို သူ မေ့ကျန်ခဲ့တယ်။ ကျွန်တော်နဲ့ ဦးထွန်းတို့က ပြိုင်ပွဲကို ဖိနပ်လိုက်ပေးရတယ်။ နောက်ကျသွားတယ်။ သူက ညှပ်ဖိနပ်နဲ့ပဲ၊ စင်ပေါ်မှာ သီချင်းဆိုနေပြီ။ ဘွတ်ဖိနပ်ကို သူ မစီးလိုက်ရဘူး။ ဆုကိုလည်း သူ မရလိုက်ဘူး။
ဟုတ်ပြီ။ ဘာဆက်လုပ်မလဲ။ ရွာကိုတော့ မပြန်ချင်ဘူး။ အဆိုတော်ဖြစ်ချင်ရင် ရန်ကုန်မှာ ဆက်နေရဖို့ လိုတယ်။ ဒါနဲ့၊ Wai Wai မှာ သူ အလုပ်တောင်းတယ်။ နင် အောက်ခြေကနေ စလုပ်ရမှာနော်တဲ့။ ရတယ်၊ ကျွန်တော် လုပ်နိုင်ပါတယ်။ ဒီလိုနဲ့၊ ဓာတ်ပုံလောကထဲကို သူ စရောက်လာတယ်။ Wai Wai ရဲ့ Music Band မှာလည်း သီချင်းတွေ ကြိုကြားကြိုကြား သူ ဆိုခွင့်ရတယ်။
ဘွဲ့ ရပြီ။ 1998 Intake က 2003 Intake နဲ့မှ ဘွဲ့အတူတူယူရတယ်။ အချိန်တန်တော့ သူ အိမ်ထောင်ပြုချင်တယ်။ ပိုက်ဆံက မရှိဘူး။ သူငယ်ချင်း ကိုဘွန်းက ပိုက်ဆံငါးသိန်း ကူညီပေးတယ်။ မုံရွာမှာ မင်္ဂလာဆောင်တယ်။ သူ့အဖေက မင်္ဂလာဆောင်ကို ရောက်လာပြီး သူ့ကို အပြစ်တွေ ပြောနေခဲ့တယ်။ သူ သည်းခံခဲ့တယ်။ ယောက္ခထီးကြီးက သူ့ကို နားလည်ခဲ့တယ်။ သူတို့ သမီးနဲ့ သဘောတူခဲ့ပါတယ်။
ညားခါစ သူတို့လင်မယားနှစ်ယောက် လှည်းတန်းမှာ တိုက်ခန်းငှားပြီး နေကြတယ်။ သူတို့ အနီးအနားမှာပဲ တေးရေးဆရာ သော်ဒီဝေလည်း နေတယ်။ တစ်ခါတလေ ဆရာသော်ဒီဝေနဲ့အတူတူ သူ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တယ်။ သူတို့အခန်းမှာ တခြား မိသားစုတစ်စုလည်းနေတယ်။ တိုက်ခန်းတစ်ခန်းကို မိသားစုနှစ်စု ငှားနေကြသလိုပေါ့။ ဒီလိုပဲ နေရတယ်။ လှည်းတန်းကနေ ကျောက်မြောင်းကဓာတ်ပုံဆိုင်ကို သူ အလုပ်ဆင်းတယ်။
"ချွေးသံရဲရဲနဲ့ ရထား ... ခရီးဆက်နေ
ငိုကြွေးခြင်းတွေ အားလုံးကို မငိုကြွေးနိုင်သူ"
သူက ဓာတ်ပုံလုပ်ငန်းကို ဝါသနာ မပါဘူး။ ဒါပေမဲ့ သူ့ကို ထမင်းကျွေးတဲ့အလုပ်ဆိုပြီး သူ ကြိုးစားတယ်။ လေ့လာတယ်။ ဓာတ်ပုံဆိုင်မှာ ဆရာအဆင့်ဖြစ်လာတယ်။ ဒါပေမဲ့ သူ အရမ်းရောက်ချင်တဲ့ ဂီတလောကထဲကိုတော့ သူ မရောက်နိုင်သေးဘူး။
အဲဒီ သူအလုပ်လုပ်နေတဲ့ ကျောက်မြောင်းဓာတ်ပုံဆိုင်အရှေ့ကနေ ကျွန်တော် ဖြတ်အသွားမှာ သူနဲ့ကျွန်တော်နဲ့ ပြန်တွေ့ကြပါတယ်။ ကျွန်တော်က ကျွန်တော်ရေးထားတဲ့သီချင်းတွေ သူ့ကိုပြတယ်။ သူကလည်း ကြိုက်တာတွေ့တယ်။ လုပ်မယ်။ Wai Wai Band က ကိုဖိုးလမင်းနဲ့ သူ ချိတ်မိနေပြီ။ အတွဲခွေတစ်ခွေမှာ သူ ပါဝင်ခွင့်ရနိုင်တယ်။ အခွင့်အရေး ရပြီ။
Max Studio မှာ သီချင်းစလုပ်တယ်။ မီးမ၊ ငါချိတော့မယ်... Rock သီချင်းတွေပါပဲ။ Studio အသွား၊ ကျွန်တော်က မြောက်ဥက္ကလာပကနေ သူ့ကို ဝင်ခေါ်တယ်။ လှည်းတန်းမှာ သူ စောင့်နေတယ်။ ထမင်းချိုင့် ငါးဆင့်ချိုင့်နဲ့။ သူ့အမျိုးသမီး မပိုက ချက်ပေးလိုက်တဲ့ ထမင်းတွေ ဟင်းတွေပေါ့။ သီချင်းတွေ ဖန်တီးကြတယ်။ အားရတယ်။
ဒါပေမဲ့ ကံမကောင်း အကြောင်းမလှတော့၊ အဲဒီ သီချင်းအခွေက ပျက်သွားတယ်။ မဖြစ်တော့ဘူး။
သူ စိတ်ဓာတ်ကျသွားတယ်။ အချိန်တွေ ထပ်ကုန်သွားတယ်။ တစ်ရက်မှာ ဒီလိုပါပဲ၊ သူနဲ့ကျွန်တော် ဘီယာဆိုင်ထိုင်ကြရင်း အမှတ်မထင် စကားပြောဖြစ်တယ်။ သီချင်းတစ်ပုဒ်ကို ကိုယ့်ဟာကိုယ်လုပ်ရင် ဘယ်လောက်ကုန်မလဲဗျာ၊ တစ်သိန်း။ ဟုတ်ပြီ။ ဒါဆိုလည်း ကျွန်တော်တို့ဟာ ကျွန်တော်တို့ လုပ်မယ်ဗျာ။ စ,လိုက်ဖို့ပဲ လိုတာ။
ကျွန်တော်က ဘားအံက အိမ်ကို ပြန်တယ်။ အဖေ့ဆီက ပိုက်ဆံတစ်သိန်းတောင်းတယ်။ နောက်နေ့ ရန်ကုန်ကို ပြန်လာတယ်။ ဒီမှာ တစ်သိန်းရပြီ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ချမယ်။ ကိုဖိုးအီက Band နာမည် ပေးတယ်၊ ဘယ်သူ ဘယ်သူ့ကိုခေါ်ပြီးတီးမယ် စဥ်းစားတယ်၊ သီချင်းတွေကို Arrangement လုပ်ပေးတယ်။ တေးရေးဆရာတွေကလည်း သူ့ဆီက ပိုက်ဆံ မယူကြပါဘူး။ ဟုတ်တယ်၊ စ,လိုက်ဖို့ပဲ လိုတယ်။
သူငယ်ချင်းတွေကလည်း သူ့အသံကို ယုံကြည်ကြတယ်။ အများကြီး ကူညီကြတယ်။ ဒီလိုနဲ့ သီချင်းတွေဟာ တစ်လတစ်ပုဒ်နှုန်းနဲ့ တဖြည်းဖြည်း စီးရီးစ် တစ်ခွေစာ ပြည့်လာခဲ့တယ်။
သူက CICADA BAND နာမည်နဲ့ပဲ သူ့ သီချင်းအခွေကို ထွက်ချင်တယ်။ သူ့ရဲ့ နာမည်ကို မထည့်ချင်ခဲ့ဘူး။ နိုင်ငံခြားက တီးဝိုင်းတွေကို အားကျတာပေါ့လေ။ ကိုဖိုးအီက မင်းနာမည်ထည့်လိုက်ပါလို့ ပြောမှ၊ စိုင်းလေးဆိုပြီး သူ ထည့်လိုက်တယ်။ နာမည်အရင်းက စိုင်းကျော်လတ်။ ရှမ်းလည်း မဟုတ်ဘူး။ သူ့အဖေက ဒီနာမည်ကို ပေးခဲ့တာ။ ဒီအတွက်တော့ အဖေ့ကို သူ ကျေးဇူးတင်မိတယ်။
အခွေ ထွက်လာပြီ။
"စိုင်းလေး" "ရထား ၃၃"။
အဲဒီအချိန်မှာ သူ့အသက် ၃၄ နှစ် ရှိနေပြီ။
ပထမဆုံး သူ့ သီချင်းအခွေ ထွက်လာပြီ။ Billboard နဲ့။ Wall sheet နဲ့။ စာနယ်ဇင်း ရှင်းလင်းပွဲနဲ့။ အဲဒီတုန်းက သီချင်းအခွေထွက်တယ်ဆိုတာ အဲဒီလို ထွက်ရတာကိုး။ မြန်မာပြည်မှာ Rock ဂီတ ရွှေခေတ်ရဲ့ ခေတ်နှောင်းပိုင်းမှာပေါ့။
"ရထား ၃၃"ဟာ အောင်မြင်မှုရပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဟုတ်ပေမယ့်။ တချို့ပရိသတ်တွေ ရလိုက်တယ်။ ဂီတသမားတွေကတော့ သူ့ကို သိသွားကြပြီ။ ကိုရွှေတို့ ဦးညီတို့က အစ။ သူ့ကို သိလိုက်ကြတယ်။ ကျွန်တော်တို့ တေးရေးသူငယ်ချင်းတွေကလည်း သူ့အတွက် ဝမ်းသာပျော်ရွှင်ကြတယ်။ သူ ဂီတလမ်းကြောင်းပေါ်ကို ရောက်သွားပြီ။ တော်တော် နောက်ကျနေပေမယ့် သူ အရမ်းလျှောက်ချင်နေခဲ့တဲ့ လမ်း။
ဖြည်းဖြည်းနဲ့ မှန်မှန်။
ဒုတိယအခွေ ထွက်တယ်။
"ရင်ကွဲပုစဥ်း"
သူဆိုချင်တဲ့သီချင်းတွေပဲ သူဆိုပါတယ်။ အနုပညာမှာ အားနာနေလို့မရဘူး။ သူ ကျွန်တော့်ကို ပြောတယ်။
"အလွမ်းတွေ ရွာပြီ မိုးသားများလို
ရစ်ဖွဲ့မှောင်မဲ ငါ့ရင်မှာ ပြိုတော့မယ့် ဝမ်းနည်းမိုးတိမ်"
တစ်ခါတလေ သူ့ကိုယ်သူ အားမလိုအားမရဖြစ်တယ်။ တစ်ခါတလေ အရက်ဝိုင်းမှာ သူငယ်ချင်းတွေနဲ့ ရန်ဖြစ်တယ်။ တစ်ခါတလေ သူ အရမ်းတက်ကြွနေတတ်တယ်။ သူငယ်ချင်းတွေအပေါ်ကိုတော့ သံယောဇဥ်ကြီးတယ်။ သူ့ သီချင်းလိုပဲ။ ဘယ်သူ့ကိုမှ သံယောဇဥ် မပြတ်ခဲ့ဘူး။
ဒီလိုနဲ့၊ တတိယအခွေကို သူ စလုပ်တယ်။ ကိုဗစ် ဖြစ်တယ်။ တိုင်းပြည်က ပြဿနာတက်တယ်။ သူ အားနာတယ်။ သူ စောင့်နေတယ်။ ဘာကို စောင့်နေရမှန်းမသိဘူး။ ရှစ်နှစ်လောက် ကြာသွားတယ်။ အခွေ မထွက်ဖြစ်ခဲ့ဘူး။ အခုတော့ သူ အခွေထွက်တော့မယ်။ "နောက်နှစ်တော့ ငါ သီချင်းအခွေ ထွက်တော့မယ်ကွာ"တဲ့။
နောက် နှစ်ထဲ။ သူ့ သီချင်းခွေ ထွက်လာပါလိမ့်မယ်။
Title က "တိမ်သင်္ဘော"။
သူက သီချင်းချိုချိုလေးတွေ ဆိုချင်သေးတယ်။ ဒါပေမဲ့ သူ့ သူငယ်ချင်း တေးရေးဆရာတွေက သီချင်းအချိုလေးတွေ မရေးပေးကြဘူး။ ဘယ်တတ်နိုင်မလဲ။ သူ ဆိုရတာပဲ။ အော်ဆိုရတဲ့ သီချင်းတွေနဲ့ တိမ်သင်္ဘော,ပေါ့။
သန်လျင် ကျောက်တန်း၊ ကမာကလုတ်ရွာက သီချင်းအရမ်းဆိုချင်တဲ့ လူတစ်ယောက်။ ရန်ကုန်မှာ ရအောင်နေခဲ့တယ်။ မိသားစုဘဝကို ရအောင်တည်ဆောက်ခဲ့တယ်။ ဂီတကနေ လွင့်စင်မသွားခဲ့ဘူး။ ဖက်တွယ်ထားခဲ့တယ်။ အခုဆို တတိယအခွေတောင် ထွက်တော့မယ်။ ဟား... အနုပညာဟာ ဒါပဲ။ ဘဝဆိုတာ ဒါပဲ။ သူ လုပ်နိုင်ခဲ့တာပဲ။ ဒါဟာ သူ့အတွက် ဝမ်းသာတဲ့အကြောင်း ကျွန်တော့်ရဲ့ စာပါ။
Post credit - တေးရေး မိချမ်း
https://www.facebook.com/mynck
Photo - https://www.facebook.com/sai.lay.7186
With Love,
Lore of tunes