Lore Of Tunes

Lore Of Tunes အနုပညာရပ်ဝန်း

26/12/2025

အနုပညာရှင်တစ်ယောက်ရဲ့ POV

by အယ်ရန်း

Presented by Lore of Tunes

ကမောက်ကမတွေ အများကြီးကို သည်းခံစိတ်ရှည်ပြီး ဖြေပေး၊ ပြောပြပေးခဲ့တဲ့ ကိုအယ်ရန်းကို ကျေးဇူးအများကြီးတင်ရသလို အားလဲအတော်နာမိပါတယ်။ Video/Audio Quality လိုအပ်တာတွေ ရှိနေဦးမှာဖြစ်တဲ့အတွက် ကိုအယ်ရန်းရဲ့ ဖြတ်သန်းမှုတစ်ချို့ကို မှတ်တမ်းတစ်ခုလို ရယူထားလိုက်နိုင်တာတောင် ဟုတ်နေပါပြီလေလို့ စိတ်ဖြေရတာပါပဲ။ “လရောင်ဆီသို့ လွမ်းဆွတ်ခြင်း” album ရဲ့ ဖန်တီးမှုပိုင်းဆိုင်ရာကို အဓိကဦးတည်ပြီး ပြန်လည်တူးဆွထားတာဖြစ်တဲ့အတွက် နောက်ထပ် ဘဝ ၉၉ album အကြောင်းကိုလဲ အခါအခွင့်သင့်ရင် မေးခွင့်ရမယ်ဆိုရင် မေးဦးမယ်လဲ စိတ်ကူးထားပါတယ်။ Lore of Tunes ဆိုတာကြီးကို ဝိုင်းဝန်း အကောင်အထည်ဖော်ကူ၊ ပံ့ပိုးကူပေးခဲ့ကြတဲ့ အယောက်စီတိုင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း...................။
(P.S - ထုတ်ထားတဲ့ မေးခွန်းကို တတောက်တောက်ထိုင်မေးပြီး အပိုဘာမှထပ်မပြောတဲ့ KyawKabar Koko
အိမ်စာများများလုပ်ပါလို့
အမေရိကန်သမ္မတကြီးထက် အလုပ်ပိုရှုပ်တဲ့ Khant Wai Hayne မအားမလပ်တဲ့ကြားထဲက edit ကိုင်ပေးတာ ကျေးဇူးပါလို့)

With Love,
Lore of Tunes

စိုင်းလေး (သို့မဟုတ်) တော်တော် နောက်ကျတဲ့လူByNyein Chan Kyaw  (Mi Chan)ကိုစိုင်းလေးအကြောင်း ရေးမယ်ဆိုတော့ သူပြောခဲ့ဖူးတာ...
24/12/2025

စိုင်းလေး (သို့မဟုတ်) တော်တော် နောက်ကျတဲ့လူ

By

Nyein Chan Kyaw (Mi Chan)

ကိုစိုင်းလေးအကြောင်း ရေးမယ်ဆိုတော့ သူပြောခဲ့ဖူးတာကို ပြန်ပြီး သတိရတယ်။ "မင်းတို့ ငါ့အကြောင်းတွေ ရေးမယ်ဆိုရင် ငါသေပြီးမှတော့ မရေးနဲ့နော်"တဲ့။ ငါ အသက်ရှင်နေတုန်းမှာ ရေးကွ။ ငါလည်း ဖတ်ချင်တာပေါ့"တဲ့။ ဟုတ်ပါပြီ။ အခု၊ သူ အသက်ရှင်နေတုန်းမှာပဲ ရေးလိုက်ပါတယ်။
ရွာက ကမာကလုတ်ရွာ။ ကိုစိုင်းလေးက မွေးချင်း ငါးယောက်ထဲမှာ အငယ်ဆုံး။ သူတို့ရွာမှာက ဗီဒီယိုရုံတစ်ရုံ ရှိတယ်။ ဂစ်တာတစ်လက်လည်း ရှိတယ်။ ဒီတော့ ရွာသားတွေ အားရင် စုပြီး ဗီဒီယို ကြည့်ကြ။ ဂစ်တာ စုပြီး တီးကြမှာပေါ့လေ။ ကျွန်တော် မြင်ကြည့်တာပါ။
သူတို့ ခေတ်တုန်းက ကုန်စျေးနှုန်းကလည်း သိပ်မကြီးသေးဘူး။ အသုပ်တစ်ပွဲမှ ငါးမူး တစ်မတ်။ ကျောင်းသွားရင် မုန့်ဖိုး ငါးမူးရတယ်။ မုန့်တွေ ဝယ်စားပါလေ့၊ ကြိုက်သလောက်။
သူ ငယ်ငယ်က၊ အမေ့ရဲ့ အံဆွဲထဲက ပိုက်ဆံ ကိုးဆယ်တန်တစ်ရွက်ကို နှိုက်ယူခဲ့ဖူးတယ်။ အသုပ်တစ်ပွဲ၊ ကပ်စေးနှဲ၊ ဒါးလှီးမုန့်တစ်ခု။ ဝယ်စားပြီးတော့ ပြန်အမ်းငွေတွေက သူ့လွယ်အိတ်နဲ့အပြည့်။ ဒီပိုက်ဆံတွေကို ဘယ်နေရာမှာ သွားသုံးရမလဲ သူ မသိဘူး။ ရွာမှာလည်း ပိုက်ဆံ သုံးစရာနေရာက မရှိတော့ဘူး။
အဲဒီ ရွာမှာပဲ ဇော်ဝင်းထွဋ်ရဲ့ သီချင်းတွေ သူ စ,ကြားရတယ်။ ဇော်ဝင်းထွဋ်က သူ့ရဲ့ ငယ်ချစ်ဦး။ ဟယ်ရီလင်း၊ ဗဒင်။ နောက်တော့ လေးဖြူ။ လေးဖြူရဲ့ သီချင်းတွေ သူ နားထောင်ရတယ်။ ကြိုက်တယ်။ ဂီတကို ငြိသွားတယ်။ လူပျိုပေါက်အရွယ် လယ်ကွင်းထဲမှာ ဘဲဥတောင်းကိုထမ်းပြီး သီချင်းတွေကို အော်ဆိုခဲ့တယ်။ လေ့ကျင့်ခဲ့တယ်။ အဆိုတော်ဖြစ်ချင်တယ်။ သူ ဘာလုပ်ရမလဲ။
စာကြိုးစားတယ်။ ဆယ်တန်းကို နှစ်ချင်းပေါက် အောင်တယ်။ အမှတ်ကောင်းတယ်။ ရန်ကုန်ကို သွားချင်တယ်။ အဲဒီအချိန်မှာ အမေက စီးပွားရေးအခြေအနေ မကောင်းတော့ဘူး။ သူ့အဖေကလည်း သူတို့မိသားစုကို စွန့်ခွာသွားခဲ့တာ ကြာပြီ။
ဘယ်လိုပဲဖြစ်ဖြစ် ရန်ကုန်ကိုတော့ သူ ရောက်အောင် သွားရမယ်။ ရန်ကုန်ဟာ လက်ဝှေ့ကြိုးဝိုင်းလိုပဲ။ ရန်ကုန်မှာ မထိုးနိုင်ရင် ရှုံးပြီ။ ရန်ကုန်က သူ့ကို စိန်ခေါ်နေတယ်။
"ပင်လယ်ပြင်ကို ဖြတ်ကျော်ချင်တယ်
နှလုံးသားများလည်း လေးလံနေဆဲ အချစ်"
၁၉၉၈ ခုနှစ်လောက်မှာ ခြေဗလာလက်ဗလာနဲ့ ရန်ကုန်ကို သူ ရောက်လာတယ်။ ဖိနပ်စက်ရုံမှာ သူ အလုပ်ဝင်လုပ်တယ်။ နောက်တော့ စီးပွားရေးတက္ကသိုလ်မှာ သူ ကျောင်းတက်တယ်။ အစိုးရ အဆောင်ရတယ်။ အဆောင်လခက တစ်လ ၅၀၀ ကျပ်။
အဆောင်ရောက်မှ လက်ဖက်ရည်ဆိုင် ထိုင်တတ်တယ်။ ဆေးလိပ် သောက်တတ်တယ်။ အရက် သောက်တတ်တယ်။
သူငယ်ချင်းတွေ အများကြီးရတယ်။ သူငယ်ချင်းတွေက သူ့ကို အရက်တော့ တိုက်တယ်။ ထမင်းတော့ မကျွေးနိုင်ဘူး။ အိမ်ကလည်း ဘာမှ မထောက်ပံ့ပေးနိုင်ဘူး။ တစ်ခါတလေ ထမင်း ငတ်တယ်။ ဒီမှာလေ သူ လုပ်နိုင်တာ ရှိပါသေးတယ်။ သူလုပ်နိုင်တာ၊ သီချင်းတွေ အော်ဆိုနေဖို့ပဲ။ ဂစ်တာတီးတိုင်း သီချင်းတွေကို Original Key ထက် တစ်ဆင့်မြှင့်ပြီး သူ အော်ဆိုခဲ့တယ်။ အဲဒီခေတ်က Key မြင့်တဲ့သီချင်းကို ဆိုနိုင်မှ အဆိုတော်လို့ သတ်မှတ်ကြတဲ့ခေတ်ကိုး။
"တကယ်ဆိုရင် ငါဟာ သေချာပြောနိုင်တယ်၊
ငါဟာ ငြီးငွေ့ အထီးကျန်"
အဆောင်မှာ သူတို့အခန်းဟာ ကျွန်တော်မြင်ဖူးသမျှမှာ အစုတ်ပြတ်ဆုံး အခန်းပါ။ ပြတင်းပေါက်မှန်တွေ မရှိဘူး။ တံခါးဂျက်တွေတောင် မရှိဘူး။ သူခိုးလည်း လာခိုးစရာ ဘာမှကို မရှိတာပါ။ ဒါပေမဲ့ အရက်ဝိုင်း ရှိတယ်။ မလျှော်ရသေးတဲ့ အဝတ်တွေရှိတယ်။ အပြာစာအုပ် ရှိတယ်။ ဖဲဝိုင်း ရှိတယ်။ ဂစ်တာဝိုင်း ရှိတယ်။ အခန်းမှာ လူမပြတ်ဘူး။
"ကိုယ့်ရဲ့ အခန်းငယ်လေးထဲမှာ ပြန့်ကျဲ
စက္ကူအပိုင်းအစတွေ ဆေးလိပ်တိုတွေနဲ့"
အဲဒီမှာ ကိုဖိုးအီနဲ့ သူ တွေ့တယ်။ အဲဒီအချိန်ကတည်းက ကိုဖိုးအီဟာ ဂီတလောကထဲကို ရောက်နေပါပြီ။ ကိုဖိုးအီဟာ သူ့ရဲ့ကျေးဇူးရှင်ပါ။ ကိုဖိုးအီက မြို့ထဲမှာ သီချင်းတီးလို့ ပြီးရင် အဆောင်ကို ပြန်လာတယ်။ လက်ထဲမှာ ထမင်းထုပ်ရယ်၊ လွယ်အိတ်ထဲမှာ အရက်ပုလင်းရယ်နဲ့။ အဆောင်ရဲ့ ညနေခင်းတွေမှာ ကိုဖိုးအီကို သူ စောင့်နေတယ်။ အရက်သောက်မယ်။ သီချင်းဆိုမယ်။ ပြီးရင် ထမင်းစားမယ်။
"အလုပ်တွေ အိပ်ယာပေါ် သိပ်လိုက်
အေးရာအေးကြောင်း ထားပါ မိတ်ဆွေ"
ကိုဖိုးအီဆီက အများကြီး သူ သင်ယူခဲ့ရတယ်။ ဂီတတင် မကဘူး၊ အနုပညာအပေါ် ထားရှိရမယ့် စိတ်နေစိတ်ထား။ နှလုံးသားက အရေးကြီးတယ်။ ဂီတဟာ နှလုံးသားနဲ့ ဖန်တီးရတာ။ မောင်ထွန်းသူရဲ့ ရမ္မက်မီးကို သူ ဖတ်တယ်။ မြသန်းတင့်ရဲ့ သုခမြို့တော်ကို သူဖတ်တယ်။ စာအုပ်တွေက အားအင်တွေ ပေးနိုင်တယ်။ အထူးသဖြင့် စားစရာမရှိတဲ့ အချိန်တွေမှာပေါ့။
ကျောင်းတက်နေရင်းနဲ့ ရည်းစားတစ်ယောက်ရတယ်။ သူတို့ ညဘက်မှာ ဂစ်တာသွားသွားတီးနေတဲ့ ဒီဇင်ဘာ အဆောင်က အသားဖြူဖြူ ခပ်ချောချော အစ်မကြီးတစ်ယောက်နဲ့ပေါ့။ အဲဒီတုန်းက သူတို့နှစ်ယောက်ကို တွေ့လိုက်ရရင် ကျီးကန်းက ဘဲဥကို ချီလာသလိုပါပဲ။
နောက်တော့၊ သူ အသည်းကွဲတယ်။ အစ်မကြီးက သူ့ကို ဖြတ်လိုက်လို့တဲ့။ ကျွန်တော်တို့ယောက်ျားလေးတွေက သူ့အတွက် စိတ်မကောင်းဖြစ်ကြတယ်။ ဒီဇင်ဘာအဆောင်သူတွေကတော့ အစ်မကြီးအတွက် ဝမ်းသာကြတယ်။ ဟုတ်ပါတယ်။ သူ့မှာ အသံကလွဲရင် ဘာမှမရှိဘူး။ ရုပ်လည်း မချောဘူး။ ပိုက်ဆံလည်း မရှိဘူး။ စာလည်း မကြိုးစားဘူးလေ။
နောက်တော့၊ သမီးရည်းစား သဘာဝ ဒီလိုပါပဲ။ သူတို့နှစ်ယောက် ပြန်အဆင်ပြေသွားတယ်။ အဲဒီကတည်းက သူတို့နှစ်ယောက်ဟာ ဘယ်တော့မှ မခွဲတော့ဘူး။ အမြဲတမ်း အတူတူ ရှိနေကြတော့မယ်။
တစ်ခါမှာ၊ အဆောင်က အံဆွဲတစ်ခုထဲမှာ ရည်းစားစာတစ်စောင်ကို သူ တွေ့တယ်။ အဲဒါကို စိတ်ကူးယဥ်ကြည့်ပြီး သူ သီချင်းရေးတယ်။ "နင် သစ္စာမရှိဘူး သစ္စာရေ၊ ဒီလိုနဲ့ ဝေးခဲ့ရပြီ"။ ရေးဖြစ်ခဲ့တယ် သီချင်း ၃-၄-၅ ပုဒ်။ ဆက် မရေးဖြစ်တော့ဘူး။ အဆိုတော်ပဲ ဖြစ်ချင်နေတာကိုး။
ကိုဖိုးအီလည်း အဲဒီအခန်းမှာပဲ သီချင်းကောင်းတွေအများကြီး ရေးဖြစ်ခဲ့တယ်။ သူ့တို့အတွက် ကျန်စစ်သားအဆောင်ဟာ မောင်ထွန်းသူဘာသာပြန်တဲ့ တို့ဘဝ တို့ကမ္ဘာလို၊ ကိုရဲလွင်တို့ရဲ့ ခရမ်းပြာအဆောင်လို အရေးပါတဲ့ ဘဝရဲ့ အခိုက်အတန့်တွေပါပဲ။
ကျောင်းရဲ့ ပွဲတွေမှာ သူ သီချင်းတက်ဆိုတယ်။ အချိန်မရွေး နေရာမရွေး သီချင်းဆိုပြဖို့ သူ့မှာ အဆင်သင့်ဖြစ်နေတယ်။ ​ကိုဖိုးအီ စီစဥ်တဲ့ ကျောင်းသီချင်းခွေတစ်ခွေမှာလည်း တစ်ပုဒ်လား သူ ဝင်ဆိုသေးတယ်။ အခွေ Title က "ကောင်းကင် =ကျောင်းတော်" ထင်ပါတယ်။ ကိုဖိုးအီလည်း အကြွေးတွေ တင်သွားတယ်။ အဲဒီကတည်းက ကိုဖိုးအီလည်း ဘာသီချင်းခွေမှ မစီစဥ်တော့ဘူး။
ဒုတိယနှစ်လောက်မှာ တီဘီရောဂါ သူ စဖြစ်တယ်။ တီဘီဆေးတွေ သူသောက်ရတယ်။ အရမ်း ပူတယ်။ ရေချိုးခန်းထဲဝင်ပြီး ရေစိမ်နေရတယ်။ ဆံပင်တွေ ကျွတ်တယ်။ အသံ ပျက်သွားတယ်။ သူ ထိတ်လန့်သွားတယ်။ သူ ငိုတယ်။ ဒီ အသံသာ မရှိတော့ရင် သူ့မှာ ဘာမှမရှိတော့ဘူး။ ကံကောင်းစွာနဲ့ သူ့အသံကို သူပြန်ရခဲ့ပါတယ်။
"ကလေးလေးတစ်ယောက်လိုတော့ ဘယ်ဖြူစင်မှာလဲ လောကလမ်းမများ စမ်းတဝါးဝါး ဝဲလည်"
ကျောင်း ပြီးတော့မယ်။ အတန်းစာမေးပွဲတွေလည်း ကျခဲ့တာ များပြီ။ အဲဒီမှာ အခွင့်အလမ်းတစ်ခုက ပေါ်လာတယ်။ Wai Wai က လုပ်တဲ့ သီချင်းဆိုပြိုင်ပွဲ။ သူ သွားပြိုင်တယ်။
သူ စီးမယ် လုပ်ထားတဲ့ ဘွတ်ဖိနပ်ကို သူ မေ့ကျန်ခဲ့တယ်။ ကျွန်တော်နဲ့ ဦးထွန်းတို့က ပြိုင်ပွဲကို ဖိနပ်လိုက်ပေးရတယ်။ နောက်ကျသွားတယ်။ သူက ညှပ်ဖိနပ်နဲ့ပဲ၊ စင်ပေါ်မှာ သီချင်းဆိုနေပြီ။ ဘွတ်ဖိနပ်ကို သူ မစီးလိုက်ရဘူး။ ဆုကိုလည်း သူ မရလိုက်ဘူး။
ဟုတ်ပြီ။ ဘာဆက်လုပ်မလဲ။ ရွာကိုတော့ မပြန်ချင်ဘူး။ အဆိုတော်ဖြစ်ချင်ရင် ရန်ကုန်မှာ ဆက်နေရဖို့ လိုတယ်။ ဒါနဲ့၊ Wai Wai မှာ သူ အလုပ်တောင်းတယ်။ နင် အောက်ခြေကနေ စလုပ်ရမှာနော်တဲ့။ ရတယ်၊ ကျွန်တော် လုပ်နိုင်ပါတယ်။ ဒီလိုနဲ့၊ ဓာတ်ပုံလောကထဲကို သူ စရောက်လာတယ်။ Wai Wai ရဲ့ Music Band မှာလည်း သီချင်းတွေ ကြိုကြားကြိုကြား သူ ဆိုခွင့်ရတယ်။
ဘွဲ့ ရပြီ။ 1998 Intake က 2003 Intake နဲ့မှ ဘွဲ့အတူတူယူရတယ်။ အချိန်တန်တော့ သူ အိမ်ထောင်ပြုချင်တယ်။ ပိုက်ဆံက မရှိဘူး။ သူငယ်ချင်း ကိုဘွန်းက ပိုက်ဆံငါးသိန်း ကူညီပေးတယ်။ မုံရွာမှာ မင်္ဂလာဆောင်တယ်။ သူ့အဖေက မင်္ဂလာဆောင်ကို ရောက်လာပြီး သူ့ကို အပြစ်တွေ ပြောနေခဲ့တယ်။ သူ သည်းခံခဲ့တယ်။ ယောက္ခထီးကြီးက သူ့ကို နားလည်ခဲ့တယ်။ သူတို့ သမီးနဲ့ သဘောတူခဲ့ပါတယ်။
ညားခါစ သူတို့လင်မယားနှစ်ယောက် လှည်းတန်းမှာ တိုက်ခန်းငှားပြီး နေကြတယ်။ သူတို့ အနီးအနားမှာပဲ တေးရေးဆရာ သော်ဒီဝေလည်း နေတယ်။ တစ်ခါတလေ ဆရာသော်ဒီဝေနဲ့အတူတူ သူ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တယ်။ သူတို့အခန်းမှာ တခြား မိသားစုတစ်စုလည်းနေတယ်။ တိုက်ခန်းတစ်ခန်းကို မိသားစုနှစ်စု ငှားနေကြသလိုပေါ့။ ဒီလိုပဲ နေရတယ်။ လှည်းတန်းကနေ ကျောက်မြောင်းကဓာတ်ပုံဆိုင်ကို သူ အလုပ်ဆင်းတယ်။
"ချွေးသံရဲရဲနဲ့ ရထား ... ခရီးဆက်နေ
ငိုကြွေးခြင်းတွေ အားလုံးကို မငိုကြွေးနိုင်သူ"
သူက ဓာတ်ပုံလုပ်ငန်းကို ဝါသနာ မပါဘူး။ ဒါပေမဲ့ သူ့ကို ထမင်းကျွေးတဲ့အလုပ်ဆိုပြီး သူ ကြိုးစားတယ်။ လေ့လာတယ်။ ဓာတ်ပုံဆိုင်မှာ ဆရာအဆင့်ဖြစ်လာတယ်။ ဒါပေမဲ့ သူ အရမ်းရောက်ချင်တဲ့ ဂီတလောကထဲကိုတော့ သူ မရောက်နိုင်သေးဘူး။
အဲဒီ သူအလုပ်လုပ်နေတဲ့ ကျောက်မြောင်းဓာတ်ပုံဆိုင်အရှေ့ကနေ ကျွန်တော် ဖြတ်အသွားမှာ သူနဲ့ကျွန်တော်နဲ့ ပြန်တွေ့ကြပါတယ်။ ကျွန်တော်က ကျွန်တော်ရေးထားတဲ့သီချင်းတွေ သူ့ကိုပြတယ်။ သူကလည်း ကြိုက်တာတွေ့တယ်။ လုပ်မယ်။ Wai Wai Band က ကိုဖိုးလမင်းနဲ့ သူ ချိတ်မိနေပြီ။ အတွဲခွေတစ်ခွေမှာ သူ ပါဝင်ခွင့်ရနိုင်တယ်။ အခွင့်အရေး ရပြီ။
Max Studio မှာ သီချင်းစလုပ်တယ်။ မီးမ၊ ငါချိတော့မယ်... Rock သီချင်းတွေပါပဲ။ Studio အသွား၊ ကျွန်တော်က မြောက်ဥက္ကလာပကနေ သူ့ကို ဝင်ခေါ်တယ်။ လှည်းတန်းမှာ သူ စောင့်နေတယ်။ ထမင်းချိုင့် ငါးဆင့်ချိုင့်နဲ့။ သူ့အမျိုးသမီး မပိုက ချက်ပေးလိုက်တဲ့ ထမင်းတွေ ဟင်းတွေပေါ့။ သီချင်းတွေ ဖန်တီးကြတယ်။ အားရတယ်။
ဒါပေမဲ့ ကံမကောင်း အကြောင်းမလှတော့၊ အဲဒီ သီချင်းအခွေက ပျက်သွားတယ်။ မဖြစ်တော့ဘူး။
သူ စိတ်ဓာတ်ကျသွားတယ်။ အချိန်တွေ ထပ်ကုန်သွားတယ်။ တစ်ရက်မှာ ဒီလိုပါပဲ၊ သူနဲ့ကျွန်တော် ဘီယာဆိုင်ထိုင်ကြရင်း အမှတ်မထင် စကားပြောဖြစ်တယ်။ သီချင်းတစ်ပုဒ်ကို ကိုယ့်ဟာကိုယ်လုပ်ရင် ဘယ်လောက်ကုန်မလဲဗျာ၊ တစ်သိန်း။ ဟုတ်ပြီ။ ဒါဆိုလည်း ကျွန်​တော်တို့ဟာ ကျွန်တော်တို့ လုပ်မယ်ဗျာ။ စ,လိုက်ဖို့ပဲ လိုတာ။
ကျွန်တော်က ဘားအံက အိမ်ကို ပြန်တယ်။ အဖေ့ဆီက ပိုက်ဆံတစ်သိန်းတောင်းတယ်။ နောက်နေ့ ရန်ကုန်ကို ပြန်လာတယ်။ ဒီမှာ တစ်သိန်းရပြီ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ချမယ်။ ကိုဖိုးအီက Band နာမည် ပေးတယ်၊ ဘယ်သူ ဘယ်သူ့ကိုခေါ်ပြီးတီးမယ် စဥ်းစားတယ်၊ သီချင်းတွေကို Arrangement လုပ်ပေးတယ်။ တေးရေးဆရာတွေကလည်း သူ့ဆီက ပိုက်ဆံ မယူကြပါဘူး။ ဟုတ်တယ်၊ စ,လိုက်ဖို့ပဲ လိုတယ်။
သူငယ်ချင်းတွေကလည်း သူ့အသံကို ယုံကြည်ကြတယ်။ အများကြီး ကူညီကြတယ်။ ဒီလိုနဲ့ သီချင်းတွေဟာ တစ်လတစ်ပုဒ်နှုန်းနဲ့ တဖြည်းဖြည်း စီးရီးစ် တစ်ခွေစာ ပြည့်လာခဲ့တယ်။
သူက CICADA BAND နာမည်နဲ့ပဲ သူ့ သီချင်းအခွေကို ထွက်ချင်တယ်။ သူ့ရဲ့ နာမည်ကို မထည့်ချင်ခဲ့ဘူး။ နိုင်ငံခြားက တီးဝိုင်းတွေကို အားကျတာပေါ့လေ။ ကိုဖိုးအီက မင်းနာမည်ထည့်လိုက်ပါလို့ ပြောမှ၊ စိုင်းလေးဆိုပြီး သူ ထည့်လိုက်တယ်။ နာမည်အရင်းက စိုင်းကျော်လတ်။ ရှမ်းလည်း မဟုတ်ဘူး။ သူ့အဖေက ဒီနာမည်ကို ပေးခဲ့တာ။ ဒီအတွက်တော့ အဖေ့ကို သူ ကျေးဇူးတင်မိတယ်။
အခွေ ထွက်လာပြီ။
"စိုင်းလေး" "ရထား ၃၃"။
အဲဒီအချိန်မှာ သူ့အသက် ၃၄ နှစ် ရှိနေပြီ။
ပထမဆုံး သူ့ သီချင်းအခွေ ထွက်လာပြီ။ Billboard နဲ့။ Wall sheet နဲ့။ စာနယ်ဇင်း ရှင်းလင်းပွဲနဲ့။ အဲဒီတုန်းက သီချင်းအခွေထွက်တယ်ဆိုတာ အဲဒီလို ထွက်ရတာကိုး။ မြန်မာပြည်မှာ Rock ဂီတ ရွှေခေတ်ရဲ့ ခေတ်နှောင်းပိုင်းမှာပေါ့။
"ရထား ၃၃"ဟာ အောင်မြင်မှုရပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဟုတ်ပေမယ့်။ တချို့ပရိသတ်တွေ ရလိုက်တယ်။ ဂီတသမားတွေကတော့ သူ့ကို သိသွားကြပြီ။ ကိုရွှေတို့ ဦးညီတို့က အစ။ သူ့ကို သိလိုက်ကြတယ်။ ကျွန်​တော်တို့ တေးရေးသူငယ်ချင်းတွေကလည်း သူ့အတွက် ဝမ်းသာပျော်ရွှင်ကြတယ်။ သူ ဂီတလမ်းကြောင်းပေါ်ကို ရောက်သွားပြီ။ တော်တော် နောက်ကျ​နေပေမယ့် သူ အရမ်းလျှောက်ချင်နေခဲ့တဲ့ လမ်း။
ဖြည်းဖြည်းနဲ့ မှန်မှန်။
ဒုတိယအခွေ ထွက်တယ်။
"ရင်ကွဲပုစဥ်း"
သူဆိုချင်တဲ့သီချင်းတွေပဲ သူဆိုပါတယ်။ အနုပညာမှာ အားနာနေလို့မရဘူး။ သူ ကျွန်တော့်ကို ပြောတယ်။
"အလွမ်းတွေ ရွာပြီ မိုးသားများလို
ရစ်ဖွဲ့မှောင်မဲ ငါ့ရင်မှာ ပြိုတော့မယ့် ဝမ်းနည်းမိုးတိမ်"
တစ်ခါတလေ သူ့ကိုယ်သူ အားမလိုအားမရဖြစ်တယ်။ တစ်ခါတလေ အရက်ဝိုင်းမှာ သူငယ်ချင်းတွေနဲ့ ရန်ဖြစ်တယ်။ တစ်ခါတလေ သူ အရမ်းတက်ကြွနေတတ်တယ်။ သူငယ်ချင်းတွေအပေါ်ကိုတော့ သံယောဇဥ်ကြီးတယ်။ သူ့ သီချင်းလိုပဲ။ ဘယ်သူ့ကိုမှ သံယောဇဥ် မပြတ်ခဲ့ဘူး။
ဒီလိုနဲ့၊ တတိယအခွေကို သူ စလုပ်တယ်။ ကိုဗစ် ဖြစ်တယ်။ တိုင်းပြည်က ပြဿနာတက်တယ်။ သူ အားနာတယ်။ သူ စောင့်နေတယ်။ ဘာကို စောင့်နေရမှန်းမသိဘူး။ ရှစ်နှစ်လောက် ကြာသွားတယ်။ အခွေ မထွက်ဖြစ်ခဲ့ဘူး။ အခုတော့ သူ အခွေထွက်တော့မယ်။ "နောက်နှစ်တော့ ငါ သီချင်းအခွေ ထွက်တော့​မယ်ကွာ"တဲ့။
နောက် နှစ်ထဲ။ သူ့ သီချင်းခွေ ထွက်လာပါလိမ့်မယ်။
Title က "တိမ်သင်္ဘော"။
သူက သီချင်းချိုချိုလေးတွေ ဆိုချင်သေးတယ်။ ဒါပေမဲ့ သူ့ သူငယ်ချင်း တေးရေးဆရာတွေက သီချင်းအချိုလေးတွေ မရေးပေးကြဘူး။ ဘယ်တတ်နိုင်မလဲ။ သူ ဆိုရတာပဲ။ အော်ဆိုရတဲ့ သီချင်းတွေနဲ့ တိမ်သင်္ဘော,ပေါ့။
သန်လျင် ​ကျောက်တန်း၊ ကမာကလုတ်ရွာက သီချင်းအရမ်းဆိုချင်တဲ့ လူတစ်ယောက်။ ရန်ကုန်မှာ ရအောင်နေခဲ့တယ်။ မိသားစုဘဝကို ရအောင်တည်ဆောက်ခဲ့တယ်။ ဂီတကနေ လွင့်စင်မသွားခဲ့ဘူး။ ဖက်တွယ်ထားခဲ့တယ်။ အခုဆို တတိယအခွေတောင် ထွက်တော့မယ်။ ဟား... အနုပညာဟာ ဒါပဲ။ ဘဝဆိုတာ ဒါပဲ။ သူ လုပ်နိုင်ခဲ့တာပဲ။ ​ဒါဟာ သူ့အတွက် ဝမ်းသာတဲ့အကြောင်း ကျွန်တော့်ရဲ့ စာပါ။

Post credit - တေးရေး မိချမ်း

https://www.facebook.com/mynck

Photo - https://www.facebook.com/sai.lay.7186

With Love,

Lore of tunes

Rhythm Guitar ကနေ ရောက်တတ်ရာရာ by April MinnBand တီးဝိုင်းမှာ ဟိုးအရင်အစပိုင်းတုန်းက organ မပါသေးခင်မယ် lead guitar ရယ် ...
10/12/2025

Rhythm Guitar ကနေ ရောက်တတ်ရာရာ

by April Minn

Band တီးဝိုင်းမှာ ဟိုးအရင်အစပိုင်းတုန်းက organ မပါသေးခင်မယ် lead guitar ရယ် ၊ rhythm guitar ရယ် ၊ bass guitar ရယ် ၊ drums ရယ် ၊ player လေးယောက်နဲ့ ဖွဲ့စည်းခဲ့ကြတယ် ။

နောက် organ ကို ထည့်လာတဲ့အခါမှာ player ၅ ယောက် ဖြစ်လာတယ် ။ ဒီဖွဲ့စည်းပုံမှာ rhythm guitar ကို မဖြုတ်ပစ်သေးဘူး ။

အဲဒီကာလမှာတုန်းက recording studio မှာ အသံသွင်းနေတဲ့ channel လိုင်းတွေက နည်းသေးတယ် ။ ဒါကြောင့် သီချင်းတစ်ပုဒ်ကို အသံသွင်းပြီဆိုရင် အဆိုရော အတီးရော ပြိုင်တူ သွင်းခဲ့ကြရတယ် ။ အဆို မှားသွားရင် ပြန်သွင်း ၊ player တွေထဲက တစ်ယောက်ယောက် မှားသွားရင် အားလုံး အစကနေ ပြန် စ ပဲ ။ ရတဲ့အချိန်တစ်ခုအတွင်းမှာ အမှားမခံနိုင်ဘူးဆိုတော့ အဲဒီကာလတုန်းက ဆိုခဲ့ တီးခဲ့ကြတဲ့ သီချင်းတွေမှာ taste တစ်မျိုး ရှိတတ်တယ် ။ တချို့သော နားဆင်သူတွေက အဲဒီ taste ကို ရသွားတာကြောင့် ဘယ်သူက ဘယ်လိုပဲ ပြန်ဆိုဆို ၊ ဘယ်လောက်ပဲ new version ရှင်း ၊ ဟိုးဂွမ်တီးက ပထမသီချင်းကိုပဲ နားလည် ခွင့်လွှတ်စိတ်တွေနဲ့ နားထောင်နေတတ်ကြတယ် ။

အဲဒီနောက် organ နဲ့ ဆက်နွယ် တွဲဘက်ပြီး synthesizer ဆိုတာ ပေါ်လာတယ် ။ ဒီ တူရိယာပစ္စည်းကို organ တီးသူကပဲ ကိုင်တွယ် အသုံးပြုတာပါ ။ ဒီကာလမှာလဲ rhythm guitar က ပျောက်မသွားသေးဘူး ။

နောက်တော့ keyboard ဆိုပြီး ဖြစ်လာတယ် ။ Show performance တွေမှာ မြင်ဖူးကြပါလိမ့်မယ် ၊ စန္ဒယားလို အဖြူအနက် key ခလုတ်တွေနဲ့ တူရိယာပစ္စည်းတွေကို player ရဲ့ရှေ့မှာ ၂ ထပ် ၃ ထပ် ဆင့်ပြီး ဆင်ထားတာ ၊ player ရဲ့ရှေ့တင် မကတော့ဘဲ ဘယ်ဘက်မှာရော ညာဘက်မှာရော အနောက်မှာပါ ပတ်ပတ်လည် ဆင်ထားတာကို ။ Show performance မှာကျတော့ player က သူ လိုချင်တဲ့အသံအတွက် ဘယ် keyboard မှာ ဘယ်လိုဆိုတာကို ကြိုပြီး setting လုပ်ထားတယ် ။ Organ သံ လိုချင်ရင် ဘယ် KB ကို တီးမယ် ၊ electric piano သံ ဆိုရင် ဘယ် KB ၊ accoustis piano သံ ဆိုရင် ဘယ် KB အဲဒီလို setting လုပ်ထားတယ် ။

ဒီ Keyboard ခေတ်ကာလမှာ player က guitar သံတွေကိုပါ တီးပေးနိုင်လာသလို သူ့ရဲ့ ဘယ်ဘက်လက် လက်ချောင်းတွေက chords တွေကိုပါ တီးခတ်ပေးလာနိုင်တယ် ။ ဘယ်ဘက်က chords တွေ နှိပ်ပြီး ဖိလိုက် ကြွလိုက် လုပ်ပေးတာ ၊ ညာဘက်က melody notes တွေကို တီးပေးတာမျိုး ဖြစ်လာတယ် ။ တခါတခါ မြင်ဖူးမယ်ထင်တယ် player က သူ့ရဲ့ ဘယ်ဘက်လက်ကို ဒီအတိုင်းထားပြီး ညာဘက်လက်ကပဲ melody notes တွေကို တီးနေတာမျိုးပေါ့ ။

ဒီလို keyboard ခေတ်ကာလရောက်လာတဲ့အချိန်မှာပဲ recording studio ဘက်မှာလဲ ပြောင်းလဲ တိုးတက်မှုတွေ ဖြစ်ပေါ်လာတယ် ။ သိသာတာကတော့ အသံသွင်း channel လိုင်းတွေ အများကြီး ရှိလာတာပါပဲ ။ အဲဒီတော့ ဟိုးအရင်တုန်းကလို အဆိုနဲ့ အတီး ပြိုင်တူ ဆို၊ တီးဖို့ မလိုတော့ဘူး ။ Band က တီးပေးထားတာကို vocal က ဆို ၊ မှားသွားရင် ဖြစ်ဖြစ် မကျေနပ်သေးရင်ဖြစ်ဖြစ် အစကနေ ပြန်ဆိုချင် ဆို ၊ ဒါမှမဟုတ် ပြင်ချင်တဲ့နေရာလေးတင် ဖြတ်ပြီး ပြင် ၊ duty ယူနိုင်ရင် ယူနိုင်သလောက် စိတ်တိုင်းမကျမချင်း ပြင်နေလို့ ရတယ် ။ Player တွေလဲ ဟိုးရှေးတုန်းကလို အကုန် လာစုတီးနေစရာ မလိုတော့ဘူး ။ Bassist က သူတစ်ယောက်ထဲ လာပြီး drummer တီးထားတာကို နားထောင် ၊ notes စာရွက် ထောင်ထားတာကို ကြည့်ပြီး သူ့အတွက် ပေးထားတဲ့ လိုင်းကနေ သူ့ bass အလုံးတွေကို ထည့်ပေးလိုက်တယ် ။

Lead guitarist ကလဲ rhythm chords တွေ ခတ်ပြီး လိုင်းထဲကနေ ထည့် ၊ သူ့ lead guitar အပိုင်းတွေကို notes စာရွက်ကြည့်ပြီး intro တို့ ၊ fill တို့ ၊ solo တို့ ၊ ending တို့ကို တခြားလိုင်းကနေ ထည့် ၊ vamp ရိုက်ချက်မျိုးတွေ ခတ်ထည့် ၊ အဲ့လို လုပ်ကြတယ် ။ ဒီနေရာမယ် ဆိုလိုချင်တာက studio မှာ ကိုယ့်အတွက် channel လိုင်းတွေ များများ ရှိလာတဲ့အခါမယ် lead guitarist က rhythm guitarist ရဲ့ အပိုင်းတွေမှာပါ နေရာယူလိုက်တယ်ဆိုတာပါ ။

ဒီလိုနဲ့ band တွေမှာ rhythm guitarist ရဲ့နေရာ ပျောက်သွားဟန်တူတယ် ။ ကျွန်တော် keyboard one man တီးနေတဲ့ player နှစ်ယောက်နဲ့ ဆုံဖူးတယ် ။ အဲဒီထဲကတစ်ယောက်နဲ့လဲ တွဲပြီး တီးဖူးတယ် ။ သူတို့နှစ်ယောက်စလုံး အခုလို keyboard one man အလုပ် မလုပ်ခင်မှာ lead guitarist တွေ ဖြစ်ခဲ့ကြတယ် ။ ဒီက ဂီတလောကရဲ့အခြေအနေတွေကြောင့် band အနေနဲ့ရော guitarist အနေနဲ့ပါ ရပ်တည်ဖို့ရာ ခက်ခဲလာတာမို့ တစ်ကိုယ်တော်ပုံစံ keyboard one man player အဖြစ် ပြောင်းလဲ ရပ်တည်လာကြရတာပါပဲ ။

ကျွန်တော် သူတို့နဲ့ ဆုံတုန်း မေးကြည့်ဖူးတယ် ၊ ' band တွေမှာ ဘာဖြစ်လို့ ရစ်သမ်ဂစ်တာသမား မပါတော့တာလဲ ' လို့ ။ သူတို့ရဲ့ အဖြေတစ်ခုမှာ ' ရစ်သမ်ဂစ်တာသမား မပါတော့ ကျန်တဲ့ player တွေ ပိုက်ဆံ ပို ရ တာပေါ့ ' တဲ့ ။ သူတို့ ဆိုလိုတာက band အတွက် ရတဲ့အခကြေးငွေကို ၅ ယောက် ခွဲဝေ ယူရမယ့်အစား ၄ ယောက် ခွဲယူရတော့ ပို ရတယ်လို့ ပြောချင်တာပါပဲ ။
ဒီမှာ ထင်ရှားတဲ့ band တွေ ဖြစ်တဲ့ IC တို့ Emperor တို့ကို ကြည့်ရအောင် ။ IC မှာဆို လေးယောက်နဲ့ ဖွဲ့စည်းထားတယ် ။ ညီထွဋ်တို့ Emperor မှာကျတော့ ငါးယောက်နဲ့ ဖွဲ့စည်းထားတယ် ။ သူတို့ band ရဲ့ accoustis guitar နေရာမှာ ကိုဂျွန်ကြီး ( ဂျွန် အိုဟားရား )ကို ထား ထားတယ် ။ ညီထွဋ်ရဲ့အစ်ကို ကိုဇော်မျိုးထွဋ်က electric guitarist / lead guitarist နေရာမှာ ပင်တိုင် နေတယ် ။ စည်သူလွင်ရဲ့ ' ငြိမ်းသတ်လိုက် ' သီချင်းရဲ့ အစမှာ ကိုဂျွန်ကြီးရဲ့ ရစ်သမ်နဲ့ lead notes အလုံးတွေ ရောစပ် တီးထားတဲ့ accoustis ဂစ်တာသံ ပါတယ် ။ သူ့အပိုင်း အပြီးမှာမှ timing ခေါ်ပြီး band တစ်ခုလုံးရဲ့ music အုံနဲ့ ကျင်းနဲ့ ဝေါကနဲ ဝင်ချလာခဲ့တယ် ။ ကြုံတုန်း ထည့်ပြောရရင် Emperor မှာ bassist အဖြစ် ဘိုကျင် ( ကျင်ခမ်းပုံး )မရောက်လာခင်တုန်းက ကိုဂျွန်က bassist ဖြစ်ခဲ့ဖူးတယ် ။ Emperor မှာ ဘေ့စ်ဂစ်တာသမား အပြောင်းအလဲ နည်းနည်း များတယ် ။

Pop လိုင်းအကြောင်းပြောရင် ချန်ထားခဲ့လို့ မရတဲ့ band တစ်ခု ရှိတယ် ။ အဲဒါက ဥက္ကာဦးသာတို့ နိုင်ဇော်တို့ရဲ့ Lazy Club ပါ ။ အဲဒီ band မှာလဲ လေးယောက်နဲ့ ဖွဲ့စည်းခဲ့ကြတယ် ။ အခု နိုင်ဇော်တို့ လှုပ်ရှားနေကြတဲ့ Art Robots မှာဆိုရင်လဲ လေးယောက်ပဲ ။

ဒီ band တွေရဲ့ ရှေ့မှာ ဖွဲ့စည်းခဲ့ဖူးတဲ့ band တွေထဲမှာ ' ဟယ်ရီလင်းရဲ့ ဟယ်ရီလင်း ' တေးစုကို တီးပေးခဲ့တဲ့ ကိုဇော်ဝင်းရှိန်တို့ရဲ့ T Four ( Top 4 ) တို့ ၊ Odyssey တို့မှာလဲ player လေးယောက်စီပဲ ပါတယ် ။

ဟိုး ၁၉၈၀ ဝန်းကျင်တဝိုက်မှာတုန်းကတော့ band တွေမှာ ရစ်သမ်ဂစ်တာသမား သတ်သတ်မှတ်မှတ် ပါရှိခဲ့တယ် ။ ကိုသန်းနိုင်နဲ့ ကိုသိန်းတန်တို့ လက်တွဲစဥ်ကာလ ' အတ္တသမား ကျွန်တော် '၊ ' လမ်းဆက်လျှောက်မယ် ' စတဲ့တေးစုတွေခေတ်မှာ Pl***oy ရဲ့ရစ်သမ်ဂစ်တာသမားက ကိုကျော်နိုင် ဖြစ်တယ် ။

Pl***oy ကနေ ကိုသိန်းတန်နဲ့ ကိုတော်မီ လမ်းခွဲ ထွက်ခွာသွားတဲ့နောက် ၊ ပြန်လည်ဖွဲ့စည်းတဲ့ Pl***oy မှာ ရစ်သမ်ဂစ်တာသမားက ကိုကျော်မင်း ဖြစ်လာတယ် ။ ကိုကျော်နိုင်က bassist ဖြစ်သွားပြီး အဲဒီက စ လို့ Pl***oy ရဲ့ colour ဟာ ပြောင်းလဲသွားခဲ့တယ် ။

Pl***oy ကနေ ထွက်လာခဲ့တဲ့ ကိုသိန်းတန်တို့ဟာ LPJ လို့ လူအများက အတိုကောက် ခေါ်တဲ့ Love , Peace and Joy ဆိုတဲ့ band ကို ဖွဲ့စည်းလိုက်ကြတယ် ။ အဲဒီ LPJ မှာ ရစ်သမ်ဂစ်တာသမားက ကိုဗစ်တာ ( ဗစ်တာ ခင်ညို) ဖြစ်တယ် ။ တကယ်က ကိုဗစ်တာက lead guitarist ဖြစ်ခဲ့ပေမယ့် ၊ LPJ မှာတော့ ရစ်သမ်ဂစ်တာသမားနေရာမှာပဲ နေသွားခဲ့တယ် ။ သူတို့ LPJ ရဲ့အစပိုင်းမှာ ကိုဇော်ဇော်ဝင်းက second lead guitarist ဆိုတဲ့ နေရာမှာ ရှိနေခဲ့ဖူးတယ် ။ အဲဒီ LPJ မှာ Aurora က ကိုပက်ထရစ်က ပါဝင် ဖြည့်ဆည်း တီးခတ်ပေးခဲ့တာတွေ ရှိတယ် ။ ကိုပက်ထရစ်က Aces တို့ Aurora တို့မှာ lead guitarist ဖြစ်တယ် ။

ကိုပီတာဘသိန်းတို့ရဲ့ Superstar မှာ ကိုချိုးတီက ရစ်သမ်ဂစ်တာသမားနေရာမှာ နေခဲ့တယ် ။ Superstar ကနေ ကိုဟန်ငွေထွန်းတို့ ကိုချိုးတီတို့ ခွဲထွက်သွားပြီးတဲ့နောက် ၊ ကိုဇော်မျိုးထွဋ် lead guitarist အဖြစ် ပါဝင်တဲ့အချိန်မှာ ရစ်သမ်ဂစ်တာသမားက ကိုဌေးဦး ဖြစ်ပါတယ် ။

ကျွန်တော်တို့ဆီက ကိုယ်ပိုင်သံစဥ် ကိုယ်ပိုင်စာသားတွေနဲ့ ရပ်တည်ခဲ့ကြတဲ့ band တွေထဲမှာ The Wild Ones နဲ့ The Medium Wave မဇ္စျိမလှိုင်း တို့က ထင်ရှားတယ် ။ အဲဒီ band တွေမှာ အဓိက သီချင်းဆိုသူတွေဖြစ်တဲ့ စိုင်းထီးဆိုင်နဲ့ ကိုခင်မောင်တိုးတို့ဟာ ရစ်သမ်ဂစ်တာ တီးခတ်သူတွေ ဖြစ်ကြတယ် ။ သူတို့မတီးတဲ့အခါမှာ အခြား ရစ်သမ်ဂစ်တာသမားတွေက ဝင်တီးပေးသွားတာမျိုးတွေ ရှိတယ် ။

' တေးမြုံငှက် ' ၊ ' သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ် ' ၊ ' အဉ္ဇလီ ' အဲဒီ တေးစုတွေကို တီးခတ်ခဲ့တဲ့ Phoenix မှာ ခိုင်ထူးဟာ ရစ်သမ်ဂစ်တာသမား ဖြစ်တယ် ။

ကျွန်တော် မွှေနှောက် ရှာဖွေထားလို့ သိလာရတဲ့ ရစ်သမ်ဂစ်တာသမားတွေကတော့
မင်းမင်းလတ် The King
စိန်စိန်း The Aces
ဇေယျာ ချန်ထွန်း ELF
လှသိန်း E Machine
သန်းအုန်း Superstar
နေထွန်း The Wild Ones
မင်းအောင်သူ Success
တီးကော့ Shells
စန်းအောင် Leo
ကိုကိုဦး Sweet Heart
ကျော်ရွှေထူး ABC
ဆလိုင်း ဂျွန်သင်ဇမ်း Kiss Me Quick ၊ Crossroad Station ၊ Christ Stone Family ၊ တို့ ဖြစ်ကြပါတယ် ။ အခြားသော band တွေရဲ့ ရစ်သမ်ဂစ်တာသမားတွေ ရှိပါသေးတယ် ။

ကျွန်တော်တို့ရဲ့ ညီထွဋ် ဇော်ဝင်းထွဋ်ဟာ Emperor မတိုင်ခင် မဖွဲ့စည်းခင် Oasis band မှာ ရစ်သမ်ဂစ်တာသမား ဖြစ်ခဲ့ဖူးပါတယ် ။

ဒါကတော့ အခုမျက်မှောက်ခေတ်ကာလ band တွေ အတော်များများမှာ ရစ်သမ်ဂစ်တာသမားရယ်လို့ သတ်သတ်မှတ်မှတ် မထားရှိတော့တာရယ် ၊ ရှေးက ရစ်သမ်ဂစ်တာသမားတွေက ဘယ်သူဘယ်ဝါဆိုတာရယ်ကို ရောက်တတ်ရာရာ ရေးထားတာပါပဲ ။

ကျွန်တော့်တစ်ဦးထဲရဲ့အမြင်အနေနဲ ့ကေတာ့ ရစ်သမ်ဂစ်တာသံ ပါနေတာကို ကြိုက်တယ် ။ ဒါပေတဲ့ အဲဒီဂစ်တာသံဟာ သိပ်ကျယ်လွန်းနေပြီး ရှေ့ထွက်လွန်းနေရင်တော့ မဟုတ်တော့ဘူး ။ Balance ရှိတဲ့အနေအထားလေးတစ်ခုမှာ ရှိနေစေချင်တာပါပဲ ။

april minn
october 23 2025

ဒီစာကို ရေးရာမှာ စာလုံးဆင့်ရိုက်တဲ့အခါ တခါတလေ အဆင်မပြေတာကြောင့် အသံထွက်အတိုင်း ရိုက်လိုက်ရတာ ၊ အင်္ဂလိပ်စာ စာလုံးပေါင်းနဲ့ ရိုက်လိုက်ရတာတွေ ရှိပါတယ် ။ နားလည်မှုပေးပြီး ခွင့်လွှတ်ပေးပါဦး ။
(၇၀၊၈၀၊၉၀ ခုနှစ် သီချင်းသည်များ Facebook Group မှ April Minn ၏ စာအား ပြန်လည်ကူးယူဖော်ပြအပ်ပါသည်။)
Photo Credit - Art Nation Entertainment

07/12/2025

ဂီတနဲ့ စကားလုံးတွေ ပြေပြေပြစ်ပြစ် အစပ်အဟပ်တည့်တဲ့ Melodrama အသည်းကွဲသီချင်းတစ်ပုဒ်

(သို့)

"တေး by မှူးထင်ခက်"

ခြောက်ကပ်ကပ် အားလပ်ရက်မှာ melancholy ဆန်တဲ့ စန္ဒရားသံတစ်ခု နောက်ခံထားပြီး အသည်းကွဲကဗျာတစ်ပုဒ် ရွတ်ဆိုသံကို ကြားလိုက်ရတာ အရာရာဟာ ပိုပြီး ဆွေးမြ့ ညိုမှိုင်းသွားစေသလိုပါပဲ။ "တေး" ဟာ ကဗျာကနေ သီချင်းတစ်ပုဒ်အဖြစ် လှလှပပ ကူး‌ပြောင်းထားတဲ့ Performance art တစ်ခုအနေနဲ့ ပြန်လည်မျှဝေပါတယ်။

"ဆုတောင်းတွေ အလုပ်မလုပ်တဲ့အရပ်မှာ ဆက်လက်ကြယ်ကြွေ" ဆိုတာမျိုး

"အနွမ်းလက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံလိုက်ရတဲ့ပန်းပဲ ဝမ်းနည်းတယ်ဟေး" အစရှိတဲ့ စာသားတွေက "တေး" ဆိုတဲ့ နာမ်စားတစ်ခုက မွေးဖွားပေးလိုက်တဲ့ စိတ်ခံစားချက် အလှဆင်စကားလုံးတွေပေါ့ လို့ နားထောင်ရင်း ကိုယ့်အတွေးနဲ့ကိုယ် လွင့်မြော.....
"ရွေးချယ်မှုတွေမှာ အကုန်လုံးကောင်းဖို့ထက် အဆုံးအရှုံးနည်းဖို့ကိုပဲ လက်ခံရတော့မယ် လို့ ဆိုတယ်။ အဲဒီလို အလားသဏ္ဌာန်တူ ကဗျာ၊ စကားလုံးအုံကြွမှုတွေ "မှူးထင်ခက်" ဆီမှာ ပြည့်သိပ်ကြပ်ညပ်နေတာကို သူ့ရဲ့ wall မှာ ဝင်ကြည့်ရင်တွေ့ရပါလိမ့်မယ်။

(by the way music video က Sisyphus ကို ကုလားထိုင်ကြီးနဲ့ ထိုင်ခိုင်းထားတာကြီးကလဲ စားတယ်)

နားဆင်စီးမြောကြည့်ပါဦးလို့ တိုက်တွန်းပါတယ်။

With Love,

Lore of Tunes

Send a message to learn more

26/11/2025

အနုပညာရှင်ရယ်လို့ သတ်မှတ်လို့ရတဲ့ လူတစ်ချို့ရဲ့ Ideology တစ်ပိုင်းတစ်စ၊ ပေါက်ဖွားလာခဲ့တဲ့ အနုပညာတွေရဲ့ နောက်ကွယ်က အတွင်းအဇ္စတ္တျ၊ အများနည်းတူ ဖြတ်သန်းနေရတဲ့ အချိန်ကာလတွေအပေါ် သူတို့ရဲ့ အတွေးအမြင် ခံယူချက်တစ်ချို့၊
ရှောင်လွှဲမရတဲ့ ဘဝရဲ့ အစိတ်အပိုင်းတွေမှာ စကားလုံးတွေနဲ့ အညွှန်းတွေကို ဘယ်လိုချိတ်ဆက်ယူခဲ့သလဲဆိုတာ.... တွေအတွက်
Stay Tuned For More……………………………………………………….

25/11/2025

ကဗျာတစ်ပုဒ်၊ ပန်းချီကားတစ်ချပ်နဲ့ အလားသဏ္ဌာန်တူတဲ့ သီချင်းတစ်ပုဒ်

(သို့)

အစိုင်း(Blackhole) ရဲ့ သစ္စာ

မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေကြောင့် ဂီတဟာ ဒီဘက်ခေတ်မှာ ဒဲ့ဒိုးဆန်တဲ့ စကားလုံးတွေနဲ့ ပေါ်ပေါ်ထင်ထင် ဆဲဆိုပေါက်ကွဲကြ ၊ performance art တစ်ခုအဖြစ် အသွင်ပြောင်းကြနဲ့ ခေတ်သစ် culture တစ်ခု အဖြစ် အသွင်ပြောင်းလာခဲ့ပါတယ်။ တစ်ဖက်က ပြန်ဆုံးရှုံးရတာက စာသားဖန်တီးမှုအားတွေ ကျဆင်းလာတာပါပဲ။ ကျွန်တော်တို့တွေ ဖြတ်သန်းခဲ့ရတာကြ melody ကို ခဏဖယ်ထုတ်ထားပြီး စာသားချည်းပဲ သီးသန့်အလွတ်ရွတ်ဖတ်ခံစားကြည့်မယ်ဆိုရင်တောင် စာသားတွေက ကဗျာတစ်ပုဒ်လိုပဲ လူးလူးလွန့်လွန့် စီးမြောချင်စရာကောင်းတာမျိုးတွေပဲ မဟုတ်လား။ ကွယ်ဝှက်ထားတဲ့ စကားလုံးတွေရဲ့နောက်မှာ တေးရေးရဲ့ ဖြတ်သန်းမှုတစ်ချို့ရှိမယ်၊ စိတ်ခံစားချက်တွေ၊ အမြင်တွေ ရှိမယ်ပေါ့။ ရုတ်တရက် ပေါ်လာတာ စဉ်းစားမိသလောက် “စဉ့်ပန်းအိုးများလဲကျ အမှောင်ဝင်လာပြီ သန်းခေါင်ယံနောက် ကောင်းကင်အောက်”တို့ “မုန်းသူများရဲ့ အဖြစ်ကို ယုံမိတာ ရှုံးသူမှားတဲ့ စနစ်လေလား” တို့ ခိုက်ရတဲ့ စာသားတွေ ဆွဲထုတ်ပြရရင် A4 တစ်ထုပ်တော့ အသာလေးပဲ ထင်ပါတယ်။ အဲဒီလို deep ဖြစ်တဲ့ စာသားတွေ ရေးဖွဲ့ခဲ့ကြတဲ့ တေးရေးတွေအများကြီးထဲက အယ်ဖြူ၊ မောင်မောင်ဇော်လတ်အစပြု ခေတ်တစ်ခေတ်ရဲ့နှောင်းပိုင်းမှာ ကျွန်တော်တို့ ရလိုက်တဲ့ Alternative တေးရေးဆရာ နောက်တစ်ယောက်က အစိုင်း (Blackhole) ပေါ့။ ပထမ album ဖန်သားနန်းတော် တုန်းက Youth vibe အပြည့်နဲ့ အချစ်သီချင်းတွေ၊ အဆင်မပြေမှုတွေ၊ ကိုယ့်ကိုယ်သုံးသပ်ထားတဲ့ ခပ်ရွပ်ရွပ်စာသားတွေနဲ့ အော်ဟစ်ဖေါက်ခွဲခဲ့တဲ့ အစိုင်းဟာ သစ္စာမှာတော့ အတော်လေး ပြောင်းလဲငြိမ်သက်သွားတာကို သတိထားမိပါတယ်။ falsetto လှလှလေးတွေ ကြားညှပ်ညှပ် ဆိုတတ်တဲ့ အစိုင်းရဲ့ ဆိုပုံဆိုပေါက်နဲ့ သူ့ရဲ့ ထူးခြားပြီး သီးသန့်ဆန်တဲ့ vocal tone က သူကိုယ်တိုင်ရေးတဲ့ သီချင်းတွေမှာ သူမှ လွဲရင် အခြားသူဆိုရင် အဆင်မပြေတော့တာမျိုး ( Legend ကြီး ကိုဟန်ထွန်းရဲ့ “ခေါင်းနဲ့ပန်း” “မြင်နိုင်မလား” တို့မှာ အစိုင်းနဲ့ဆို ပိုပြီးလိုက်ဖက်မှာပဲလို့ တွေးမိတယ်၊ သူရေးထားတဲ့ သီချင်းကိုးဗျ)
ဆိုလွယ်တေးတွေနဲ့ အသားကျနေတဲ့ အချို့သောသူတွေအတွက်တော့ ခု အစိုင်းရဲ့ သစ္စာသီချင်းဟာ နားထဲမှာ ကိုးလို့ကန့်လန့် ဖြစ်ကောင်းဖြစ်နေမယ်။ ကျွန်တော်ကတော့ ဒီသီချင်းကို နားထောင်ရင်း
အဆုံးသတ်နှစ်ပိုဒ်ရဲ့ စာသားကို ထပ်ပြန်တလဲလဲ စီးမြောအဖြေရှာရင်း ပေါ့။
“အသိစိတ်တွေနဲ့ မသိစိတ်က လွန်ဆွဲဆဲ၊
အတ္တမဲ့အလင်းရဲ့ စကားရယ် ရှိပေမယ့် အရှိမဲ့
ငြင်းဖို့ခက်ခဲ လူ့ဘဝဟာ တိုတောင်းသတဲ့။
ဝေးကြဖို့ တဖြည်းဖြည်းနီးခဲ့
အဆုံးမှာ မှုံဝါးပျောက်ကွယ် ရေသေမှာ ကူးခတ်ရင်းနဲ့ “ တဲ့။
တာရာမင်းဝေ၊ ခရမ်းပြာထက်လူတို့ရဲ့ ကဗျာတစ်ပုဒ်ကို သံစဉ်ထည့်ပြီး နားထောင်နေရတဲ့ အရသာမျိုး၊ ( အစိုင်းဟာ ကဗျာတွေလဲ အရေးကောင်းပါတယ်)

ဒီသီချင်းမှာ သူဘာကိုဆိုလိုသလဲ၊ ရည်ရွယ်ခဲ့သလဲ၊ ဘာတွေကို သံဝေဂရနေခဲ့တာလဲ ဆိုတာတော့ ဖန်တီးသူကိုယ်တိုင် ပြောပြတာမျိုး ကို အခါအခွင့်သင့်ရင်တော့ နားထောင်ကြည့်ချင်မိသေးတယ်။

ဒါက မကြာသေးမီကမှ Digital Platform ပေါ်မှာ ပြန်ရောက်လာတဲ့ အစိုင်းရဲ့ official youtube channel link ဖြစ်ပါတယ်။

https://www.youtube.com/

သစ္စာ သီချင််းရဲ့ youtube link

https://www.youtube.com/watch?v=HoqVRQPV0Vg

23/11/2025

အမေ၊ အိမ်၊ စီးကရက်တစ်လိပ်၊ ညနေခင်းတွေ နဲ့ ပြန်မရောက်နိုင်သေးတဲ့ နေ့ရက်တွေ

(သို့)

Geddy Lynn ရဲ့ “လမ်း”

ဒီသီချင်းကို နားထောင်ပြီးတော့ စာရေးမယ်စိတ်ကူးတဲ့အခါ အချိန်အတော်ကြာထိ ဦးနှောက်ထဲက ဘာမှထွက်ကျမလာဘူး။ ဗလာဖြစ်နေတယ်၊ ထုံထုံထိုင်းထိုင်း ဖြစ်သွားတယ်လို့ ကိုယ့်ကိုယ် သတိထားမိတယ်။ သာမန်လိုပဲ နားထောင်ရင်တော့ သာမန် သီချင်းတစ်ပုဒ်ပဲပေါ့၊ ဒါပေမယ့် ကျွန်တော်တို့တွေအားလုံး မဆုံးရှုံးသင့်တာတွေ ဆုံးရှုံးခဲ့ရ၊ မထားခဲ့ချင်တာတွေ ထားခဲ့ရတဲ့ အချိန်ကာလတစ်ခုက အထိုက်အလျောက် ကြာလာနေခဲ့ပြီးပြီမဟုတ်လား။ အကြောင်းကြောင်းကြောင့် ပြန်မရောက်ဖြစ်တော့တဲ့ အမေရှိနေတဲ့ “အိမ်”၊ အဲဒီအိမ်ကို ကျောခိုင်းထားတဲ့ “လမ်း”၊ အဲဒီ “လမ်း” ပေါ်မှာ လူငယ်တွေဟာ တရွေ့ရွေ့လျှောက်ရင်း လွမ်းလို့ပေါ့။ အချို့က Geddy ရဲ့ ဆိုပုံဆိုပေါက်က Raymond (Idiots) နဲ့ ဆင်တယ်လို့ ဆိုကြပေမယ့် ကျွန်တော့်အမြင်တော့ သူ့ပုံစံနဲ့သူ ကွဲထွက်နေပြီးသား၊ သူ့ကိုယ်ပိုင်ဟန် ရှိတဲ့ သူတစ်ယောက်လို့ မြင်ရတယ်။ “လမ်း” သီချင်းရဲ့ စာသားက ရိုးရှင်းပေမယ့် relate လုပ်လို့ရတာတွေချည်း ပြည့်နှက်လို့နေတာပါ။ သီချင်းရဲ့အစမှာ အိပ်တန်းပြန်ငှက်တွေနည်းတူ အိမ်ပြန်ချင်နေပြီဖြစ်တဲ့ အကြောင်းကို ညနေခင်းနောက်ခံနဲ့ ဖွင့်ထားတယ်၊ ယုံကြည်ချက်တစ်ခုအတွက် အိမ်ကထွက်ခဲ့တဲ့နောက်မှာ ပန်းတိုင်မရောက်ခင်စပ်ကြားမှာ အချိန်အတော်ကြာသွားခဲ့ပြီဖြစ်ကြောင်း ကို
“နေဝင်ချိန် အိပ်တန်းပြန် ငှက်ကလေးတွေ အားကျလို့ ငေးမောကာ လွမ်းမျက်ရည်ဝဲ
ဘယ်ချိန်အိမ်ပြန်ရမလဲ ဆိုတာ ငါမသိခဲ့”
“ယုံကြည်ရာ ကိုင်စွဲကာ လွန်ခဲ့ပြီ၊ ငါ့ ပြက္ခဒိန်ဟောင်းများ တစ်ရွက်ချင်းကျကြွေဆင်း
ရှည်ကြာတဲ့ အိပ်မက်ခရီး၊ ရည်ရွယ်ရာ မရောက်ခင်အထိ” (Timing ပါတယ်ဆိုရုံလေး ထည့်ထားတဲ့ 2nd verse Drum )
( Intro မှာ Picking only၊ warm ဖြစ်တဲ့ vocal colo၊ ambient ဆန်ဆန် reverb ပါးပါးလေး ထည့်ထားတဲ့ Producer ရဲ့လက်ရာကြောင့် Geddy ရဲ့ လူငယ်ဆန်တဲ့ လတ်ဆတ်မှု၊ သီချင်းအပေါ် စီးမြောသက်ဝင်မှု က ပိုကြွတက်လာတယ်) ဒီလိုသီချင်းတွေက ဒီလို minimal ပုံစံထားထားတာက ပိုလိုက်ဖက်တာပဲမဟုတ်လား။
Chorus အကူးမှာ စိတ်လျှော့ချလိုက်သလို fade in ဖြစ်သွားပြီးမှ String သံနဲ့အတူ ပြန်ဆွဲတင်လိုက်တဲ့ idea လေး သဘောကျမိတယ်။ စိတ်ကိုလျှော့ပြီး expression ဆွဲတင်ပေးဖို့ရာပေါ့။
အိမ်မှာ အမေ စောင့်နေတယ်ဆိုတဲ့ အသိနဲ့ ခက်ခဲနေရတဲ့အချိန်တွေမှာတောင် ပင်ပန်းတယ်၊ နာကျင်တယ်လို့ မတွေးခဲ့ဘူး၊ မတွေးလဲမတွေးရဲခဲ့ဘူးဆိုတဲ့ ဖွင့်ဆိုချက်က အမေချစ်တတ်တဲ့ သားတွေအဖို့တော့ ဒီ Chorus က ဆို့နင့်စရာ ဖြစ်နေမှာအမှန်ပဲ။
“ငါ ငြိမ်းသက်ခဲ့တဲ့ ဆေးလိပ်တိုတစ်စ၊ ကံစီမံရာ
အိမ်ပြန်နိုင်ဖို့ တစ်ခုတည်း လမ်း ပေါ် က......
ခလုတ်တိုက်လဲကျ ဖိနပ်ပေါက်ချိန်များ မနာကျင်နိုင်ပါ
အမေမျှော်နေမယ့် အသိစိတ်များကြောင့်လား......”
တူတူလျှောက်လာခဲ့ကြတဲ့ လမ်းတွေပေါ်မှာ အချို့လဲ လဲပြိုကျန်ရစ်ခဲ့ကြ၊ အချို့ မဆုံနိုင်တော့တဲ့ဆီ ထွက်သွားကြ၊ ကိုယ်ကရော ဘယ်ချိန်ထိ ဆက်သွားနိုင်မှာလဲ၊ ဘယ်လောက်ထိ တောင့်ခံထားနိုင်ဦးမလဲ
ဒါတွေကို 3rd verse မှာ လှလှပပ ညည်းပြထားပါတယ်။ Produced ထားတဲ့ Sithu Minn က ဒီ သီချင်းအပေါ်မှာ အတော်လေး စိတ်နှစ်ပြီး စေတနာထားလုပ်ထားတာကို solo ကနေ ပြန်အကူး ကို fine ending နဲ့ ရပ်ချလိုက်တဲ့အထိ မြောနေအောင် ဆွဲခေါ်သွားနိုင်ချက်ပဲ။
Lyrics video ရဲ့ အဆုံးမှာ
“လွမ်းနေမှာ သိပေမယ့်
ပြန်မလာနိုင်သေးတဲ့အခါ
ခွင့်လွှတ်ပါမေမေ.... “ တဲ့။
ဆရာဓီရာမိုရ် ရဲ့ အိမ်သီချင်းတွေက လူတန်းစားအချို့ကို ကိုယ်စားပြုတဲ့ အိမ်၊ မောင်မောင်ဇော်လတ်ရဲ့ “အိမ်”က မြို့ပြလူတန်းစားအချို့ရဲ့ အိမ်၊ အဆိုတော် တာရာ/စိုးသီဟ ရေးပြီး ဆရာငှက် ဆိုခဲ့တဲ့ “အိမ်” ဆိုရင် ချစ်သူနှစ်ယောက်ရဲ့အိမ်၊ အဲဒီလိုဆိုရင် Geddy ရဲ့ “လမ်း”က အဝေးရောက် သားငယ်တွေအားလုံးရဲ့ “လမ်း” ပဲဖြစ်နေတော့မှာပါ။ Geddy ကတော့
“သီချင်းက နားထောင်သူတိုင်းသိမှာပါ
ကျွန်တော်ဘာရည်ညွှန်းတယ်ဆိုတာ” တဲ့။
(စကားချပ် အနေနဲ့ lyrics video ထဲက မြန်မာစာလုံး‌ပေါင်းအချို့ကိုတော့ အမှန်အတိုင်းရေးစေချင်မိတာပါပဲ၊ ဒါပေမယ့် သတ်ပုံမမှန်သော်လဲ ကောင်း၏ ပေါ့ဗျာ)
Geddy Lynn ရဲ့ facebook Page ( မူရင်း Link မှာ နားဆင်ပါ)

https://www.facebook.com/profile.php?id=100090164807561&mibextid=ZbWKwL

သူ့ရဲ့ Youtube Channel (အခြားသီချင်းတွေလဲ ရှင်ဘုရင်ပုဆိုး၊ ပိုးချည်းပါပဲ)

https://www.youtube.com/

Mixing & Mastering Sithu Minn ရဲ့ page

https://www.facebook.com/sithuminn.1990?mibextid=ZbWKwL

With Love,
Lore of Tunes

22/11/2025

နေဝင်ချိန်တိုင်း by Phantazm

မီးခိုးရောင်ဖျော့ဖျော့ နဲ့ ဆောင်းဆန်တဲ့ Piano Intro သံနဲ့အတူ ရှတတ လူငယ်လေးတစ်ယောက်ရဲ့အသံက ဖြည်းဖြည်းငြိမ့်ငြိမ့်လေး နားထဲကို စီးဝင်လာတယ်။ သီချင်းရဲ့ပုံစံက ပေါ်လာတဲ့ အတွေးစလေးက ခဏတဖြုတ် ဒါပေမယ့် သီချင်းတစ်ပုဒ် ဖြစ်တည်သွားရတယ်ဆိုတဲ့ ပုံစံမျိုး။ ပြောစရာစကားလုံးတွေ ရင်ထဲ ပြည့်သိပ်မွန်းကြပ်လွန်းလာတဲ့ အခါမှာ ခပ်တိုးတိုး အသံထွက် ညည်းတွားမိလိုက်တဲ့ ဆိုဟန်မျိုးနဲ့ “ နင် မှတ်မိသေးလား.. လို့ ရှတနာကျင်နေတဲ့ အသံtone နဲ့ စဖွင့်လိုက်ပါတယ်။
“ နင် မှတ်မိသေးလား တောင်တန်းတွေရဲ့ကြား နေဝင်ဆည်းဆာ လ ကို တို့ အတူ ခံစားရင်း”
စာသားက တိုတိုလေးဆိုပေမယ့် ကြည်နူးစရာအချိန်ကာလတစ်ခုကို မြင်ယောင်မိစေတာမျိုးပေါ့။ ပျော်စရာအတိတ်ဆိုတာ ရှိခဲ့ဖူးမှ လွမ်းစရာပစ္စပ္ပုန် ဆိုတာ ဖြစ်တည်လာရတာမဟုတ်လား၊ တချို့သော နေဝင်ဆည်းဆာချိန်တွေမှာ ဘာစကားမှ မဆိုဖြစ်ကြဘဲ သဘာဝရဲ့ အလှကို တူတူငြိမ်ငြိမ်သက်သက် ခံစားခဲ့ကြဖူးတာတွေ၊ ချစ်ရသူကောင်မလေးကို မြတ်မြတ်နိုးနိုး ပြုံးပြီး ငေးကြည့်ခဲ့ရဖူးတဲ့အချိန်တွေ၊ တောင်တန်းတွေကြားထဲ တိုးဝင်နေတဲ့ လရိပ်တွေ၊ အရာရာဟာ သူ့အတွက် ကဗျာဆန်နေခဲ့ဖူးပေလိမ့်မယ်။
“မင်း ဆံနွယ်လေး လေနှင်ရာလွင့်ကာလေ ပြုံးရိပ်လေးနဲ့ငေးတဲ့ မင်းကိုကြည့်ရင်းနဲ့သာ ပြုံးမိတယ်”
“ မင်း ဆံနွယ်လေး” ဆိုတဲ့နေရာအရောက်မှာ အဆိုရော Piano ပါ တိခနဲ စက္ကန့်ပိုင်းလောက် ရပ်တန့်လိုက်ပါတယ်။ အတိတ်ကနေ ပစ္စပ္ပုန်ကာလကို တဖြည်းဖြည်းကူးပြောင်းလာတဲ့ storytelling ပုံစံမျိုး ခြေတစ်လှမ်းရဲ့ အစပေါ့။
“ခု နေဝင်ချိန်တိုင်း အတူထိုင်ကာငေးဖူးတဲ့ အလွမ်းပင်အိုရိပ်မှာ ငါတစ်ယောက်တည်း အိုး အို” ခပ်တိုးတိုးညည်းတွားနေရာကနေ ဖြည်းဖြည်းချင်း expression ကို လှလှပပလေး မြှင့်တင်လာလိုက်တာ “ငါ့...တစ်ယောက်တည်း အိုး အို” ဆိုတဲ့နေရာမှာ ပစ္စပ္ပုန်တည့်တည့်ကို ရောက်လာခဲ့ပြီ။ အဲဒီကနေမှ လက်ရှိ တစ်ယောက်တည်း နာကျင်လွမ်းဆွတ်နေရတဲ့ အချိန်မှာ ဘယ်အရာဝတ္ထုမဆို ကိုယ့်ကို လှောင်နေတယ်လို့ သိမ်ငယ်စိတ်ဝင်နေတတ်တာမျိုး ဆက်ပြီး ရေးဖွဲ့သွားပါတယ်။
“ည လေပြေညှင်းတွေ လှောင်ရယ်ကာ ဟားတိုက်လို့ မျက်နှာပူရစမြဲ ပဲ ကွယ် အိုး အို”
“မင်း ဘယ်မလဲ အချစ်ရယ်”
“မင်း ဘယ်မလဲ အချစ်ရယ်”
“မင်း ဘယ်မလဲကွယ်”လို့ ထပ်ခါထပ်ခါ ဟစ်ခေါ်မိသလိုမျိုး Vibrato လှလှလေးနဲ့ First verse ကို ပိတ်ထားပါတယ်။
( နောက်တစ်ပိုဒ်ကို ဆက်ပြီးမကူးခင်မှာ တစ်ခု ကြားဖြတ်တွေးမိတာက ဘာကြောင့် ဆိုဖို့ နှုတ်ခမ်းပြင်တဲ့အသံကို မဖြတ်ဘဲ ဒီတိုင်းထည့်ထားတာလဲလို့ စဉ်းစားမိပါတယ်။ သီချင်းရဲ့ ပုံစံနဲ့ လိုက်ဖက်တဲ့ RAW mood ရချင်လို့ပဲ တမင်ထည့်ထားတာလား၊ Indie Folk ဆန်တာလားပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သီချင်းက အဆင်ပြေပါတယ်)
ဒီသီချင်းကို နားထောင်ရင်းနဲ့က ပြောင်းပြန်လည်ပါတ်နေတဲ့ ကျွန်တော်တို့အရပ်မှာ လူငယ်လေးတွေ ဘယ်လောက်တောင် လိုတာထက် ပိုရင့်ကျက်သွားခဲ့သလဲ၊ အချို့တွေကတော့ လိုတာထက်ပိုပြီး ပေါ့တန်သွားကြမလဲ လို့ စဉ်းစားမိပါတယ်။ ထားပါတော့ဗျာ.... စကားလုံးကျစ်လစ်တာတွေ၊ အဆိုသပ်ရပ်တာတွေ ခဏထားဦး၊ ကိုယ့်ဂီတ ကိုယ့်သီချင်းအပေါ်မှာ ဘာမာယာမှ မပါဘဲ ရိုးရိုးရှင်းရှင်း ဖန်တီးပြထားတာနဲ့တင် Phantazm band ကို ကျွန်တော်ကတော့ 10 out of 10 ပေးချင်ပါတယ်။ Shout out to Phantazm ပါ။

သီချင်းတစ်ပုဒ်လုံး အစအဆုံးကို Phantasm band ရဲ့ Official streaming Link တွေမှာ ဝင်ရောက်နားဆင်နိုင်ပါတယ်။ ပြည်တွင်းဖြစ် Indie Rock song စစ်စစ်တွေ ခံစားရဖို့ အာမခံပါတယ်ဗျာ။
Streaming

https://fanlink.tv/phantazm_orbit

page

https://www.facebook.com/phantasmbandmmr

YouTube

www.youtube.com/Phantazmbandmmr

Photo Credit to
Tagu Jam

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when Lore Of Tunes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category